လိင်အမြတ်ထုတ်သူဟု ဆိုသူကို Victoria ထုတ်ပြောသည့် ရုပ်သံမှတ်တမ်း တရားရုံးလက်ခံ

ရန်ကုန်၊ သြဂုတ် ၁၄

လိင်အမြတ်ထုတ်သူဟုဆိုသူကို Victoria ထုတ်ဖော်ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းကို တရားရုံးက သက်သေ အဖြစ် ယနေ့ရုံးချိန်းတွင် လက်ခံလိုက်ကြောင်း စွပ်စွဲခံရသူ အောင်ကြီးဘက်က အမှုကိုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်စုဒါလီအောင်က မီဒီယာများကို ပြောဆိုသည်။

နေပြည်တော်Victoria အမှု ယနေ့ (သြဂုတ် ၁၄) ရုံးချိန်တွင် Victoria ၏ ဖခင်ဖြစ်သူက သက်သေခံအဖြစ် တင်သွင်းခဲ့သည့် ရုပ်သံမှတ်တမ်းတွင် Victoria လေးသည် စွပ်စွဲခံရသူ အောင်ကြီးကို မသိဟု ပြောဆိုကြောင်း အောင်ကြီးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောဆိုသည်။

သက်သေခံအဖြစ်တင်သွင်းသည့် ရုပ်သံမှတ်တမ်းတွင် ကိုကို၊ ညီညီ၊ ဆရာမနှင်းနု၊ အောင်ကြီးနှင့် ကိုကိုနှင့် ညီညီတွဲကာ ရိုက်ထားသည့် ဓာတ်ပုံငါးပုံအားVictoria ကို ပြသရာတွင် အောင်ကြီးကို မသိကြောင်း ဟု ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အောင်ကြီးသိလားဆိုတော့ မသိဘူးပြောတယ်။ ကိုကို၊ ညီညီပုံကို ပြတော့ အဲဒါသမီးကို လုပ်တဲ့သူ တွေဆိုပြီး ဓာတ်ပုံကို ကလေးက ရိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

အောင်ကြီးကိုစွပ်စွဲတရားစွဲဆိုရခြင်း အကြောင်းအရင်းများတွင် လုံခြံရေးကင်မရာ (CCTV) မှတ်တမ်းတွင် တွေ့ရသည့် အောင်ကြီးကို Victoria က ၎င်းကို ပြစ်မှုကျူးလုပ်သူဟု လက်ညိုးထိုးကာ ပြောဆိုထားသည့် အချက်လည်း ပါဝင်ကြောင်း ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက ပြောဆိုထားသည်။

ရှေ့နေ ဒေါ်စုဒါလီအောင်က CCTV မှတ်တမ်းတွင် အောင်ကြီးကို မှုန်ဝါးဝါးသာတွေ့ရပြီး ၎င်းကိုယ်တိုင် အောင်ကြီးနှင့် ငါးကြိမ်ခန့် တွေ့ဆုံပြီးသည့်တိုင် CCTV မှတ်တမ်းကို ကြည့်လျှင် အောင်ကြီးဟုတ်မဟုတ် သေသေချာချာ မခွဲခြားနိုင်ကြောင်း ယနေ့ရုံးချိန်းအပြီးတွင် ပြောဆိုသည်။

အောင်ကြီးသည်Wisdom Hill ပုဂ္ဂလိက ကိုယ် ပိုင်အထက်တန်းကျောင်း ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ကားဒရိုင်ဘာအဖြစ် အလုပ်စ၀င်သည့် မေလ ၁၆ ရက်နေ့တွင် Victoria လေးသည် လိင်အမြတ်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *