မလွှဲတောင်မြေပြိုမှုကြောင့် ကော့သောင်းလေကြောင်းခရီးစဉ် MNA ခေတ္တရပ်နား

ထားဝယ်၊ သြဂုတ် ၁၄

ရန်ကုန်- ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်တွင် မြေပြိုမှုများကြောင့် ကော့သောင်းသို့ ပျံသန်းနေသည့် လေကြောင်းခရီးစဉ်ကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ထားဝယ်ဌာနခွဲတာဝန်ခံ ဦးခိုင်ဇာနည်အောင်က ပြောကြားသည်။
မြေပြိုပြီး ကားလမ်း အသုံးမပြုနိုင်တော့သဖြင့် လေယာဉ်ဆီသယ်ယူ၍ မရတော့သည့်အတွက် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတွင် လေယာဉ်ဆီလက်ကျန်နည်းနေပြီဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
ထိုကြောင့် ကော့သောင်းခရီးစဉ်ပြေးဆွဲမှုကို သြဂုတ်လ ၁၅ ရက်နေ့မှ ၁၈ ရက် အထိ ယာယီရပ်နားထား မည်ဖြစ်ကြောင်း ဦးခိုင်ဇာနည်အောင်က ပြောဆိုသည်။
သြဂုတ်လ ၁၈ ရက်နောက်ပိုင်း မလွှဲတောင်လမ်း အသုံးပြုနိုင်သည့် အခြေအနေအပေါ်မူတည်ကာ ပြန်လည် ပြေးဆွဲမည်ဖြစ်ပြီး ယာယီရပ်နားမှုမှာ သြဂုတ်လ ၂၀ ရက်နေ့အထိလည်း ဖြစ်သွားနိုင်ကြောင်း ဦးခိုင်ဇာနည်အောင်က ပြောဆိုသည်။
“၁၈ ရက်နေ့ဆိုပေမယ့် နောက်ပိုင်း လိုအပ်ရင်လည်း လိုအပ်သလို ဆက်နားရပါလိမ့်မယ်ခင်ဗျာ” ဟု ၎င်းက ဆိုသည်။
ကော့သောင်းခရီးစဉ် ယာယီရပ်နားထားသော်လည်း ရန်ကုန်-ထားဝယ် ခရီးစဉ်ကို ပုံမှန်အတိုင်း ပြေးဆွဲနေမည်ဖြစ်ကြောင်း ဦးခိုင်ဇာနည်အောင်က ပြောဆိုသည်။
KBZ လေကြောင်းလိုင်းကမူ ကော့သောင်းခရီးစဉ်ကို ဆက်လက်ပြေးဆွဲမည်ဟု သိရကြောင်း ဦးခိုင်ဇာနည်အောင်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ကော့သောင်းခရီးစဉ်ရပ်နားမည့်အကြောင်းကို လေယာဉ်လက်မှတ်ရောင်းသည့် အေးဂျင့်များကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
MNA လေကြောင်းလိုင်းက ကော့သောင်းခရီးစဉ်ယာယီရပ်နားမည့်အကြောင်းကို အကြောင်းကြားလာခြင်း မရှိသေးကြောင်း ထားဝယ်မြို့အခြေစိုက် လေယာဉ်လက်မှတ်ရောင်းချသည့် အေးဂျင့်တစ်ဦးက သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
“အဲဒီရက်တွေအတွက် လက်မှတ်ကြိုရောင်းထားတာမျိုးလည်း မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
ထားဝယ်- ကော့သောင်းခရီးစဉ်မှာ တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းကျော် ကျသင့်ကြောင်း အထက်ပါ အေးဂျင့်ထံမှ သိရသည်။
မြေပြို၍ ပျက်စီးပြတ်တောက်နေသော တနင်္သာရီတိုင်း- ရန်ကုန် အမှတ် ၈ လမ်းမကြီး၏ ထားဝယ်-ရေး လမ်းပိုင်းကို ခြောက်ရက်ခန့်အတွင်း သွားလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က သြဂုတ်လ ၁၂ ရက်တွင် ပြောဆိုထားသည်။
Dawei Watch

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *