ကျောက်အုတ်တို့ ပြိုလေရာ (၄) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

(ခ) အင်္ဂလိပ် – မြန်မာနှစ်ဘာသာသင် ပညာရေး

အင်္ဂလိပ် – မြန်မာ နှစ်ဘာသာသင်ကျောင်းများ တဖြည်းဖြည်းအားကောင်းလာသည်မှာ အချက်တစ်ချက်၊ နှစ်ချက်ကြောင့်မဟုတ်။ အချက်အလက်မြောက်မြားစွာကြောင့်ဖြစ်သည်။ ဤအချက်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြပါမည်။

၁။ အင်္ဂလိပ်အစိုးရတက်လာပြီးသည့်နောက် ပညာရေးအပါအဝင် တိုင်းပြည်၏အရပ်ရပ်အခြေအနေမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ‘နိုင်ငံကို သိမ်းပိုက်ခံထားရသည်ဆိုသောအချက်’ ကို အစိုးရနှင့် ထိတွေ့ဆက်ဆံရသူအားလုံးက လက်ခံကြရသည်သာ ဖြစ်သည်။

၂။ မည်သည့်ပညာအမျိုးအစားက ‘ဘ၀အောင်မြင်ရေး’ ကို မည်မျှအကျိုးပြုနိုင်သည်ကို မြို့နေလူတန်းစားတို့က ပို၍သိမြင်လာကြသည်။

၃။ ‘မြို့ပြများ ဖြစ်ထွန်းလာခြင်း’ မှာလည်း အရေးကြီးသောအကြောင်းတစ်ခုပင်ဖြစ်သည်။ (မော်လမြိုင်သည် တံငါရွာလေးတစ်ရွာဘ၀မှ ၁၈၂၉ မှ ၁၈၅၇ အတွင်း လူဦးရေ ၃၉,၀၀၀ ခန့်ရှိ မြို့ကြီးတစ်မြို့ ဖြစ်လာခြင်း။ စစ်တွေမြို့သည်လည်း ၁၈၂၆ ခုနှစ်က တံငါတဲအနည်းငယ်သာရှိသော ရွာလေးတစ်ရွာမှ လူဦးရေ ၁၅,၀၀၀ ခန့်ရှိသော မြို့တစ်မြို့ ဖြစ်လာခြင်း။) အဆိုပါ မြို့ကြီးများတွင် နေထိုင်သူများမှာ မိမိတို့သားသမီးများကို လူ့ဘောင်သစ်တွင် နေရာကောင်းတစ်ခုရစေရန် ပညာသင်ကြားပေးလိုကြသည်။

၎။ အထူးသဖြင့် အောက်မြန်မာနိုင်ငံမြို့များမှ လူများသည် အထက်မြန်မာနိုင်ငံထက် ခေတ်သစ်ကို ပိုသဘောပေါက်လာပြဟန် ရှိသည်။ ဆန်းသစ်သောပညာရေးကို ရနိုင်ရေးအတွက် အစဉ်အလာပညာရေးကို ပစ်ပယ်ရန် ဝန်မလေးသူများဖြစ်လာကြသည်။

၅။ ‘ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြခြင်း’ ဓလေ့မှာလည်း အရေးကြီးသော အကြောင်းတစ်ခုဖြစ်ဖွယ်ရှိသည်။ ဗြိတိသျှတို့ မသိမ်းပိုက်မီကာလက အောက်မြန်မာနိုင်ငံသည် စွန့်စားသွားလာလုပ်ကိုင်လိုသူများအတွက် ဆွဲဆောင်မှုမရှိလှပေ။ သို့ရာတွင် ၁၈၃၀ ပြည့်နှစ်လောက်မှစ၍ ဆန်စပါးအရောင်းအဝယ်ကောင်းလာသောအခါ ပထမဦးစွာ ရခိုင်နှင့် တနင်္သာရီ၊ ထို့နောက် ၁၈၅၂ ခုနှစ် နောက်ပိုင်းတွင် ပဲခူးတိုင်းတို့မှာ အထက်ဗမာပြည်သား တက်လူများအတွက် အားကျမက်မောစရာ ဖြစ်လာခဲ့သည်။

၆။ ဆိုခဲ့ပါ အပြောင်းအလဲများကြောင့် မိမိတို့သားသမီးများကို အင်္ဂလိပ်ဘာသာသင်ကြားသည့်ကျောင်းသို့ စေလွှတ်လိုသော မိဘများ ရှိလာသည်။ အထူးသဖြင့် မြို့ပြဒေသများတွင် ဖြစ်သည်။ ‘အင်္ဂလိပ်စာ သင်ယူလိုပါက ခရစ်ယာန်ဘာသာကိုပါ သင်ယူရမည်’ ဟု တောင်းဆိုသော မစ်ရှင်ကျောင်းများသို့ပင် သားသမီးတွေကိုစေလွှတ်ရန် ဝန်မလေးသောမိဘများပင် ရှိလာသည်။

၇။ ပညာရေးကို အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ခံယူလာကြသော မြို့နေလူတန်းစားတွေ ပိုများလာသည်။ သူတို့က ‘ပညာတတ်မှ လခကောင်းကောင်း ရနိုင်သည်’ ဟု တွက်ဆလာကြသည်။

ဤအကြောင်းများကြောင့် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာသင်ကျောင်းများမှာ ပညာရေးလောက၏ အဓိကကျသော အစိတ်အပိုင်း ဖြစ်လာရတော့သည်။ (စည်သူ ဦးကောင်း၊ ၁၉၂၉)

(ဂ) အသက်မွေးဝမ်းကျောင်း ပညာရေး

ဗြိတိသျှတို့ သိမ်းပိုက်ပြီး ကာလအတန်ကြာမှပင် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

၁။ ၁၉၀၇ ဇန်နဝါရီလအတွင်းတွင် ဆေးကျောင်းတစ်ကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ (ယခုခေတ် လက်ထောက်ကျန်းမာရေးမှူးကျောင်းနှင့် အဆင့်တူဖြစ်ပါသည်။) ဤကျောင်းမဖွင့်မီက ဆေးပညာသင်ကြားလိုလျှင် အိန္ဒိယသို့ သွားရောက်ပညာသင်ကြရသည်။

၂။ ၁၉၁၁-၁၂ ခုနှစ်တွင် အမရပူရမြို့ ဆောင်းဒါးယက်ကန်းကျောင်းကို စတင်ဖွင့်လှစ်သည်။ အတော်အတန်အောင်မြင်မှုရှိခဲ့သည်ဟုလည်း သိရသည်။

၃။ ၁၈၉၉ ခုနှစ်တွင် သာယာဝတီ၌ သစ်တောပညာအတတ်သင်ကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် ဤကျောင်းကို ပျဉ်းမနားသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပါသည်။

၎။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် စီးပွားရေးအတွက် မြေလွတ်မြေရိုင်းများကို တိုးချဲ့ဖော်ထုတ်ခဲ့ကြသည်။ ဤတွင် ‘မြေတိုင်းပညာ’ မှာ အရေးပါလာရသည်။ ၁၈၈၄ မှ ၈၅ ခုနှစ်အတွင်း မြေတိုင်းကျောင်း ငါးကျောင်းရှိရာမှ ၁၈၈၅-၈၆ တွင် ခုနစ်ကျောင်းဖြစ်လာသည်။ ၁၉၀၇ ခုနှစ်သို့ ရောက်သောအခါ ၁၈ ကျောင်းအထိ ရှိလာသည်။

၅။ ၁၈၉၅ ခုနှစ်တွင် အင်းစိန်အစိုးရစက်မှုလက်မှုသင်တန်းကျောင်းကို စတင်ဖွင့်လှစ်ပါသည်။ သို့တိုင် ၁၉၁၂ ခုနှစ်အထိ ကျောင်းသား ၃၅ ယောက်သာ ရှိခဲ့သည်။ (PIB – ၁၉၀၂-၀၇)

၆။ ဗြိတိသျှအစိုးရအနေနှင့် ပညာရေးစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ကျောင်းဆရာမမလုံလောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤကိစ္စကို ဖြေရှင်းနိုင်ရန် ‘ဆရာအတတ်သင်ကျောင်းများ’ ကို ဖွင့်လှစ်ခဲ့သည်။ ၁၈၈၅ – ၈၆ ခုနှစ်အတွင်း အောက်မြန်မာနိုင်ငံ၌ ဆရာအတတ်သင် အစိုးရနော်မံကျောင်းငါးကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၁၂ ခုနစ်အရောက်တွင် ၁၂ ကျောင်းထိ ရှိလာသည်။ (အထက်ပါ – စာ)

(ဃ) ကောလိပ်ပညာရေး

– ရန်ကုန်ကောလိပ်

၁၈၇၈ ခုနှစ်တွင် ရန်ကုန်အစိုးရအထက်တန်းကျောင်းကို အခြေခံ၍ ကောလိပ်ပညာရေး စတင်ခဲ့သည်။ ဤနှစ်မှာပင် ကာလကတ္တားတက္ကသိုလ်ကကျင်းပသည့် ဥပစာတန်းစာမေးပွဲဝင်မည့် ကျောင်းသားများကို သင်ကြားပေးရန် ဆရာများ စတင်ခန့်ထားခဲ့သည်။ ဤသည်မှာ ရန်ကုန်ကောလိပ်၏ အစပင်ဖြစ်သည်။

၁၈၈၃ ခုနှစ်တွင် အဆိုပါကောလိပ်ကို ၁၈၅၇ ခုနှစ် အက်ဥပဒေ အမှတ် ၂ အရ ကာလကတ္တားတက္ကသိုလ်အောက်၌ ဆက်သွယ်ထားရှိခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးဆင်ဒီကိတ်၏ ကြီးကြပ်မှုအောက် ထားရှိရာမှ ‘ရန်ကုန်ကောလိပ်’ တွင် သွားသည်။ ယင်းနှစ်မှာပင် ဘီအေဒီဂရီကောလိပ်အဖြစ် ကာလကတ္တားတက္ကသိုလ်မှ အသိအမှတ်ပြုလိုက်ရာ ‘ရန်ကုန်ကောလိပ်’ ဟု တရားဝင်ဖြစ်သွားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို အစိုးရ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်သို့ ပြောင်းလိုက်ပါသည်။ (Thacker, 1913)

– ဂျပ်ဆင်ကောလိပ်

အမေရိကန်သာသနာပြုအဖွဲ့သည် ၁၈၇၂ ခုနှစ် ရန်ကုန်မြို့၌ ‘ကူရှင်အထက်တန်းကျောင်း’ ဟု အမည်တွင်လာမည့် ‘ရန်ကုန် ဘက်ပတစ် ကောလိပ်ကျောင်း’ ကို တည်ထောင်ခဲ့သည်။ ဤကျောင်းတွင် ၁၈၉၄ မေလ၌ ကာလကတ္တားတက္ကသိုလ်၏ ဥပစာတန်း စာမေးပွဲအတွက် ကောလိပ်ဌာနကို စတင်ဖွင့်လှစ်သည်။ ၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြုဆရာကြီး ဂျပ်ဆင်ကို ဂုဏ်ပြုသောအားဖြင့် ‘ဂျပ်ဆင်ကောလိပ်’ ဟု အမည်ပြောင်းလိုက်သည်။ (University of Rangon Calendar 1922-23) 

ကျော်ဝင်း
၁၈ ဇူလိုင်၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *