ဆင်တုပ်ကွေးပေးသည့် နှစ်ထပ်ကွမ်းဒုက္ခ

မြန်မာနိုင်ငံတွင် ဆင်တို့ဝင်ရောက်သောင်းကျန်းနေသည်။ ကိုယ်လုံးကိုယ်ထည် ကြီးကြီးမားမားမြင်ရသည့် သတ္တဝါဆင်တော့ မဟုတ်ပါ။

တုပ်ကွေးရောဂါတစ်မျိုးကို အရပ်ခေါ် ခေါ်ကြရာမှ အမည်ဆိုးဖြင့် ကျော်ကြားလာသည့် ဆင်တုပ်ကွေးရောဂါပင် ဖြစ်သည်။ ဖျားပြီးနောက် ဆင်နင်းခံရသလို  အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲမှုဝေဒနာများကို ဆက်လက် ခံစားနေရသောကြောင့် ထိုသို့ အမည်တပ်ခြင်းလည်းဖြစ်သည်။

“အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာက ဆင်းနင်းသလိုမျိုး ပြင်းထန်လွန်းလို့ ဆင်တုပ်ကွေးလို့ အမည်တွင်တာ”  ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောဆိုသည်။

ယခု မြန်မာပြည်ရှိ ရန်ကုန်မြို့အပါအဝင် မြို့အသီးသီးတွင် ထိုဗိုင်းရပ်စ်က  ပျံ့နှံ့၍ လူအမြောက်အမြား ဆင်တုပ်ကွေးကပေးသော ဝေဒနာကို ခံစားကြရသည်။

ဆင်တုပ်ကွေး၏ အကျိုးဆက်အဖြစ် နာကျင်မှုဝေဒနာမှာ လမ်းထလျှောက်ရန်ပင် ခက်ခဲစေသည့်အပြင် ယင်းနာကျင်မှုကြောင့် အလုပ်အကိုင်ပျက်ကာ မိသားစုစားဝတ်နေရေးကိုပါ အခက်တွေ့စေသည်။

ဆင်တုပ်ကွေး ရောဂါဖြစ်ပွားသူများ အလွန်များပြားသော်လည်း တိကျသည့် စာရင်းအချက်အလက် မရှိသေးပေ။ သို့သော် ဆေးခန်းများသို့ ကြိတ်ကြိတ်တိုး ရောက်ချလာကြသည့် ဝေဒနာရှင်များကို ကြည့်လျှင် အလွန်များပြားကြောင်းကို မြင်တွေ့နိုင်ပေသည်။

“တစ်နေ့ကို လူနာ ၁၅၀ လောက် ကုရတဲ့အထဲမှာ ဆင်တုပ်ကွေးနဲ့လာတာက ၁၀၀ ပါတယ်” ဟု ဒေါက်တာ ဝင်းဇော်သန်းက ပြောကြားသည်။ ဒေါက်တာဝင်းဇော်သန်းသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ် (၁၆) ရပ်ကွက်တွင် လရိပ်ပြာအထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ထားသူဖြစ်သည်။

တစ်နည်းအားဖြင့် ယင်းဆေးခန်းတွင် လာရောက်ဆေးကုသမှုခံယူသူ၏  ၇၀ ရာခိုင်နှုန်းမှာ ဆင်တုပ်ကွေးဝေဒနာ ခံစားနေရခြင်းဖြစ်သည်။

ဆင်တုပ်ကွေးဖြစ်ပွားမှုနှုန်းကို အတိအကျ မသိရသော်လည်း နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော ဗိုင်းရပ်စ် ကြောင့်ဖြစ်ပြီး မိုးညှင်းမြို့တွင် ဇူလိုင်လအတွင်းက လူဦးရေရာနှင့်ချီကာ ဆင်တုပ်ကွေးရောဂါ ခံစားခဲ့ရကာ အဆိုပါမြို့နယ် နားခါးရပ်ကွက် ဓမ္မာရုံတွင် ဆေးခန်းဖွင့်၍ ကုသပေးရသည်အထိပင် ဖြစ်ခဲ့သည်။

ထို့ပြင် နေပြည်တော် ဥတ္တရသီရိ မြို့နယ်ရှိ ပိုးဇာတောကျေးရွာတွင်လည်း လူ ၉၀ ခန့် ဖျားနာသောကြောင့် ဆင်တုပ်ကွေးသံသယရှိလူနာ ခြောက်ဦးခန့်ကို စစ်ဆေးရာ ယင်းရောဂါ ဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ရောဂါနှိမ်နှင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က  ပြောကြားသည်။

“ရောဂါခံစားရသူတွေက ပုဂ္ဂလိက ဆေးခန်းတွေမှာ ကုသကြတဲ့အတွက် ဆရာတို့ဆီကိုတော့ ဖြစ်ပွားမှုနှုန်းတွေ  မရောက်ဘူး” ဟု ၎င်းက ပြောဆိုသည်။

မိုးရာသီအတွင်း ရာသီဥတုကြောင့် ပုံမှန်ဖျားနာနေကျဖြစ်သော မြန်မာပြည်သူများအတွက် ဆင်တုပ်ကွေးသည် အမျိုးအစားတစ်ခုအဖြစ် ထပ်မံဝင်ရောက် နှောင့်ယှက်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ၏ ဖော်ပြထားချက်အရ ဆင်တုပ်ကွေးရောဂါမှာ Chikungunya ချီကန်ဂန်ညာ ဗိုင်းရပ်စ်ဟု အမည်ရှိပြီး ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသော ခြင်ကိုက်ရာမှ ကူးစက်ခြင်းဖြစ်သည်။

ခြင်မှဖြစ်ပေါ်သော ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး ပထမဆုံး Outbreak (ကူးစက်ပျံ့ပွားမှု) မှာ ၁၉၅၂ခုနှစ်တွင် Tanzania တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အာဖရိက၊ အာရှနှင့် အိန္ဒိယတိုက် တို့တွင် အများဆုံးဖြစ်ပွားပြီး ၂၀၁၅ ခုနှစ်တွင် အမေရိကတိုက်၏ နိုင်ငံ အများအပြားတွင် Outbreak ဖြစ်ပွားခဲ့သည်။ အာရှ၊ အာဖရိက၊ ဥရောပနှင့်  အမေရိကတိုက်တို့ရှိ နိုင်ငံပေါင်း ၆၀ ကျော်တွင် ဖြစ်ပွားမှုရှိသည်။

နံနက်မှ နေမဝင်ခင်အချိန်အထိ  ကိုက်တတ်သော Aedes aegypti နှင့်  Aedes albopictus ဆိုသည့် သွေးလွန်တုပ်ကွေးဖြစ်ပွားသော အေးဒီစ်ခြင်ကျား မျိုးစိတ်နှစ်ခုက ယင်းဗိုင်းရပ်စ်ကို သယ်ဆောင်လာခြင်းဖြစ်သည်။ ထိုဗိုင်းရပ်စ်  သယ်ဆောင်ထားသောခြင်က လူကို ကိုက်ခြင်းဖြင့် လူတစ်ယောက်မှ တစ်ယောက်ထံသို့ ကူးစက်ခြင်းဖြစ်သည်။

များသောအားဖြင့် ခြင်ကိုက်ပြီး နောက်လေးရက်မှ ရှစ်ရက်အတွင်း အဖျား ၁၀၃ ဒီဂရီမှ ၁၀၄ ဒီဂရီအထိ ရှိတတ်ပြီး အဆစ်အမြစ်များ နာကျင်ခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊  မောပန်း နွမ်းနယ်ခြင်းတို့ဖြစ်ပွားသည်။  မျက်စိ၊ အာရုံကြော၊ နှလုံး၊ အစာအိမ်နှင့် အူလမ်းကြောင်းကိုလည်း ထိခိုက်နိုင်သည်ဟု WHO ကဖော်ပြထားသည်။

ယင်းရောဂါမှာ ပုံမှန်အားဖြင့် အသက်အန္တရာယ်မရှိသော်လည်း အသက်အရွယ်ကြီးရင့်သူများတွင် ဖြစ်ပွားလျှင် သေဆုံးနိုင်ခြေရှိသည်ဟုလည်း WHO က ဖော်ပြထားသည်။ ယင်းဖော်ပြချက်အတိုင်းပင် မြန်မာနိုင်ငံတွင်လည်း အသက်ဆုံးပါးသည့် ဖြစ်ရပ်တစ်ခု ရှိသည်။

မြောက်ဒဂုံမြို့နယ် (၄၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၇၆နှစ်အရွယ် အမျိုးသမီးတစ်ဦး ဩဂုတ်လ ၁၄ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူ ဒေါ်ချိုချိုမြင့်က ပြောကြားသည်။

“ဆင်တုပ်ကွေးဖြစ်ပြီးတဲ့နောက်မှာ ဆုံးသွားတာ။ အသက်ကြီးတော့ နှလုံးက မခံနိုင်လို့ ဆုံးသွားတာလို့ အဲဒီအဘွားရဲ့မိသားစုဝင်တစ်ဦးက ပြောပြတယ်” ဟု ၎င်းက ပြန်လည်ပြောဆိုသည်။

ဆင်တုပ်ကွေးရောဂါသည် အသက်ဆုံးပါးနိုင်ခြေမရှိသည့် ရောဂါဟုဆိုသော်လည်း ကိုယ်ခံအားနည်းသော အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးငယ်များမှာ သတိပြု၍ နေထိုင်စားသောက်ကြရန်လည်း ဆရာဝန်များက သတိပေးထားသည်။

ဆင်တုပ်ကွေးရောဂါလက္ခဏာတွင်  အခြားတုပ်ကွေးများနှင့် မတူသည်က အနီစက်များထွက်ခြင်းကို အထင်အရှားမြင်ရခြင်းဖြစ်သည်။ အဖျားကျပါက အနီစက်များထွက်၍ ယားယံခြင်းဖြစ်ပွားနိုင်ပြီး လူတစ်ဦးနှင့် တစ်ဦးဖြစ်ပွားမှု ပုံစံကွဲပြားသည်။

“တချို့က အဖုတွေထွက်တယ်။ အဆစ်အမြစ်တွေ ကိုက်တယ်။ တချို့ကျတော့ ရောင်ပါရောင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး” ဟု ဒေါက်တာဝင်းဇော်သန်းက ဆိုသည်။

သွေးလွန်တုပ်ကွေးကဲ့သို့ အသက်အန္တရာယ် မရှိသော်လည်း ဆင်တုပ်ကွေး၏  အဆိုးဝါးဆုံးရောဂါလက္ခဏာမှာ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းဖြစ်ပြီး ထိုလက္ခဏာမှာ တစ်လ၊ နှစ်လ ကြာရှည်တတ်သကဲ့သို့ နှစ်နှင့်ချီ၍ပင် ကြာတတ်ကြောင်း WHO ကဖော်ပြထားသည်။

အဆစ်အမြစ်ကိုက်ခဲခြင်းမှာ ဆင်တုပ်ကွေး၏ ထူးခြားသော လက္ခဏာပင်ဖြစ်သည်။

“သူ့ရဲ့ ဗိုင်းရပ်စ်သဘာဝကိုက အဆစ်အမြစ်ကိုက်ခဲတတ်တာမျိုးဆိုတော့ အဲဒါကိုခံစားကြရတာပေါ့” ဟု  ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

လနှင့်ချီ၍ ကိုက်ခဲနာကျင်သောကြောင့် စက်ရုံအလုပ်သမားများ၊ လက်လုပ်လက်စား လူတန်းစားများနှင့် အချို့သော  ဝန်ထမ်းများအတွက် နာကျင်မှုဒဏ်ကို ကိုယ်ခန္ဓာက ခံစားရသည့်အပြင် ဝင်ငွေလည်း ဆုံးရှုံးရပြန်သေးသည်။

စက်ရုံအလုပ်သမားများဆိုလျှင် တစ်ရက်အလုပ်ပျက်လျှင် ထိုနေ့အတွက်  သောင်းဂဏန်း ဖြတ်တောက်ခံရသည်။ ဆေးကုသရ၍ ကုန်ကျစရိတ်အပြင် ဝင်ငွေပင် လျော့ကျစေသည့် ဆင်တုပ်ကွေးဖြစ် သည်။

ဆင်တုပ်ကွေးကြောင့် ဇူလိုင်လအတွင်း တစ်ပတ်ခန့် အလုပ်ပျက်၍ ဝင်ငွေလျော့သည့်အထဲ ကုမ္ပဏီဝန်ထမ်း မချိုချိုလည်း ပါဝင်သည်။

“တစ်ပတ်လောက်ခံရတော့ ရုံးမသွားနိုင်ဘူး။ ခွင့်မရှိတော့လို့ လစာထဲက  တစ်ပတ်စာ တစ်သိန်းနှစ်သောင်းလောက် ဖြတ်ခံလိုက်ရတယ်။ ခါတိုင်းတော့ ပိုလျှံတယ်။ ဒီလတော့ နည်းနည်းသုံးစွဲရတာ  ကျပ်သွားတာပေါ့။ အရင်လတွေလို ပေါပေါများများ မသုံးရတော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

မချိုချိုကဲ့သို့ပင် ဆင်တုပ်ကွေးဖြစ်ပွားမှုကြောင့် အလုပ်သို့မသွားနိုင်ဘဲ အိမ်တွင်အနားယူခဲ့ရသော ဆောက်လုပ်ရေးလုပ်သားဖြစ်သူ ကိုအောင်ခန့်ကလည်း နေ့စားခ ဖြတ်တောက်ခံထားရသူပင်ဖြစ်သည်။ ဆင်တုပ်ကွေးခံစားခဲ့ရသည့် လေးရက်အတွက် ဝင်ငွေနှစ်သောင်းခန့် လျော့နည်းခဲ့ရသည်။

ထို့ကြောင့် လူနာများသည် အလုပ်ဖျက်၍ အနားယူရန် ပြောဆိုသည့် ဆရာဝန်၏ စကားကိုလည်း ငြင်းပယ်ကြရပြန်သည်။

ရွှေပေါက်ကံမြို့သစ်တွင် စက်ရုံအလုပ်ရုံများ၍ စက်ရုံအလုပ်သမား များပြားပြီး အဆောင်နေသူများရှိရာ လာရောက်ပြသ၍ အနားယူခိုင်းပါက ညည်းညူလေ့ရှိကြသည်ဟု ဒေါက်တာဝင်းဇော်သန်းက  ဆိုသည်။

“အလုပ်တစ်ရက်ပျက်ရင် ဘယ်လောက်ဖြတ်တာဆိုပြီး ပြောကြတယ်။ ကိုယ်ကတော့ အဆင်ပြေအောင်  ဆေးခွင့်ရေးပေးလိုက်ပေမယ့် မရတာတွေလည်းရှိတာပေါ့။ တကယ်တော့ မိုးမိပြီး  ကိုက်ခဲတာတွေက တော်တော်နဲ့မပျောက်ဘဲ ခံရတယ်။ တစ်ရက်လောက်တော့ ကောင်းကောင်းအနားယူသင့်တယ်”  ဟု ၎င်းကဆိုသည်။

ဆင်တုပ်ကွေးရောဂါ မဖြစ်စေရန်အတွက် ကိုယ်ခံအားကောင်းမွန်ရန် နေထိုင်စားသောက်ရမည်ဖြစ်ပြီး ကောင်း မွန်စွာအိပ်စက်ရန်၊ စားသောက်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ရန် လိုအပ်ကြောင်း ဒေါက်တာဝင်းဇော်သန်းက တိုက်တွန်းသည်။

 

 

ထို့အပြင် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းများကို လျော့ကျရန် ပဲပင်ပေါက်၊ ကလီစာ၊ ငပိ၊ ပုဇွန်၊ မြေကြီးထဲမှ  ရရှိသော သစ်ဥသစ်ဖုများကို ရှောင်ကြဉ်၍ ရေများများသောက်ရန် လိုအပ်သည်။

ထို့ပြင် ဖျားနာသည်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသခြင်းက အကောင်းဆုံးဖြစ် သည်။ အစားအသောက်၊ အနေအထိုင် ဂရုပြုရမည်ဖြစ်သည်။

“မျက်နှာတွေ ရောင်ရမ်းတယ်။  ဖြစ်ဖြစ်ချင်း ကိုက်ခဲပြီးတော့ လမ်းဝေးဝေးတောင် မလျှောက်နိုင်ဘူး။ အကောင်းဆုံးကတော့ ဖြစ်တာနဲ့ ဆေးခန်းကိုသွားတာ အကောင်းဆုံးပဲ” ဟု လက်ရှိရောဂါခံစားနေရသူ ပုံနှိပ်မီဒီယာတစ်ခုမှ အုပ်ချုပ်မှုအယ်ဒီတာ ဦးကျော်နိုင်က ပြောကြားသည်။

အဆိုပါဗိုင်းရပ်စ်ရောဂါကို ကာကွယ်ကုသရန် ဆေးမရှိဘဲ ဖြစ်ပွားသည့် ရောဂါလက္ခဏာအပေါ်မူတည်၍  ကုသမှုပြုလုပ်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

သွေးလွန်တုပ်ကွေးကဲ့သို့ အသေအပျောက် မရှိသော်လည်း ခြင်ကြောင့်ဖြစ်ပေါ်သည့် ရောဂါဖြစ်သောကြောင့်

ခြင်နှိမ်နှင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်းလည်း ဒေါက်တာစည်သူအောင်က ပြောကြားသည်။

“အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး။ ခြင်ကဖြစ်တာကြောင့် ခြင်ပေါက်ဖွားမှုထိန်းချုပ်ရေးကို တစ်ဦး  တစ်ယောက်ချင်းစီက လုပ်ဖို့လိုတယ်။  ပိုးလောက်လန်းက ရေကြည်ရေသန့်မှာ ပေါက်တာဖြစ်လို့ ရေတင်ကျန်မယ့်အရာ တွေကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ပေးဖို့လိုပါတယ်” ဟု ဒေါက်တာစည်သူအောင်က အကြံပြုသည်။

ဖုံး၊ သွန်၊ လဲ၊ စစ်ဆိုသည်မှာ ရေတိုင်ကီ၊ ရေအိုးများကို ဖုံးခြင်း၊  တင်ကျနေသည့် ရေများကို သွန်ခြင်း၊ ဘုရားပန်းအိုးကဲ့သို့ အရာများကို ရက်ကြာရှည်စွာမထားဘဲ ရေလဲပေးခြင်း၊ ရေများကို ရေစစ်ဖြင့်ထည့်ခြင်း စသည်တို့ကို ဆိုလိုသည်။

လတ်တလောတွင် မြန်မာပြည်သူများအကြား ဆင်တုပ်ကွေးက ချဉ်းနင်းဝင်ရောက်နေလေပြီ။ ခြင်အန္တရာယ်ကြောင့် ဖြစ်ပေါ်၍ ခြင်ပေါက်ဖွားမှုအတွက် ထိန်းချုပ်နေသော်လည်း ထိရောက်ပါမည်လော။ ဆင်တုပ်ကွေးကပေးသော ဝေဒနာများကိုရော တားဆီးနိုင်ပါမည်လော။

“ခြင်ကလည်း မြန်မာပြည်မှာ ဘယ်လိုမှ နှိမ်နင်းလို့ရမှာမဟုတ်ဘူး။  ခြင်ကိုက်တာကလည်း ကိုက်နေမှာပဲ။  အဲဒီတော့ ကိုယ်ခံအားကောင်းအောင်သာ နေထိုင်စားသောက်မှပဲ ရောဂါကို တိုက်နိုင်မှာ”ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာဝင်းဇော်သန်းက ပြောကြားသည်။

H1N1 ဟု လူသိများသည့် ရာသီတုပ်ကွေးရောဂါမှာ နှစ်လကျော်အတွင်း လူတစ်ရာနီးပါး သေဆုံးသဖြင့် ကြောက်လန့်ကြသည်။ ဆင်တုပ်ကွေးမှာမူ အသက်အန္တရာယ် ယင်းသို့မစိုးရိမ်ရသော်လည်း  နာကျင်မှုဒဏ်အပြင် အလုပ်ပျက်အကိုင်ပျက်ကာ ဝင်ငွေဆုံးရှုံးရသဖြင့် မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေပြီ ဖြစ်သည်။

ဆင်တုပ်ကွေးက ပေးသောဒုက္ခကို  ယခုရာသီတွင်ခံခဲ့ရသူ မချိုချိုက “တစ်ခါမှ ဒီလောက်အထိ မဖြစ်ဖူးဘူး။ မခံစားရဖူးဘူး။ ရာသီစာလို ပေါ်ပြူလာလိုဖြစ်နေတဲ့ တုပ်ကွေးက ကိုယ့်ကျမှလာဖြစ်တာ။ ရုံးတွေဘာတွေပျက်ပြီးတော့ တော်တော်ခံလိုက်ရတာဆိုတော့ အမှတ်တရပဲ” ဟု ပြောဆိုသည်။

မေသက်ဇင်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *