YP စက်သုံးဆီဆိုင်အတွက် မြေတစ်စတုရန်းပေ ကျပ် ၂၀၀၀ ဖြင့် တိုင်းအစိုးရ မြေငှားဂရန်ထုတ်ပေး

ရန်ကုန်၊ ဩဂုတ် ၁၅

Yangon Petrol (YP) စက်သုံးဆီဆိုင် ဖွင့်လှစ်ရန်အတွက် မြေတစ်စတုရန်းပေလျှင် ကျပ်နှစ်ထောင်မှ ကျပ်လေးထောင်အထိ နယ်မြေဒေသကွဲပြားမှုအလိုက် ဈေးသတ်မှတ်ကာ မြေငှားဂရန်ထုတ်ပေးခဲ့ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက The Voice Journal သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက YP စက်သုံးဆီဆိုင်အတွက် မြေနေရာငှားရမ်းခနှုန်း၊ စည်ကမ်း သတ်မှတ်ချက်များနှင့် စက်သုံးဆီဈေး တည်ငြိမ်မှန်ကန်စေရန် တိုင်းအစိုးရအဖွဲ့ ထိန်းကျောင်းမည့် အစီအစဉ်များကို ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

ထိုမေးခွန်းသည် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခွင့်မရှိဘဲ လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင်  ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊  သစ်တောနှင့် စွမ်းအင် ဝန်ကြီးဦးဟံထွန်း က စာဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း  ဦးရန်ရှင်းကဆိုသည်။

တိုင်းအစိုးရကြီးကြပ်ကွပ်ကဲမှုဖြင့်  Yangon Petrol ကုမ္ပဏီတည်ထောင်၍ ကုမ္ပဏီအား စက်သုံးဆီအရောင်းဆိုင် တည်ဆောက်ဖွင့်လှစ်သင့်သည့် မြေနေရာရှာဖွေတင်ပြစေခဲ့ကြောင်း ဝန်ကြီးဦးဟံ ထွန်းစာဖြင့် ဖြေကြားချက်အရသိရသည်။

“တစ်စတုရန်းပေကို နှစ်ထောင်ကနေ လေးထောင်အထိနဲ့ပါ” ဟု ဦးရန်ရှင်းက ဆိုသည်။

ထို့ပြင် တိုင်းအစိုးရသည် YP စက်သုံးဆီဆိုင်မှရရှိသည့် အမြတ်၏ ၂၀  ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်း လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ပြီး လူမှုအထောက်အကူပြုလုပ်ငန်းများ (CSR) အတွက်လျာထားကြောင်း ဝန်ကြီးဦးဟံထွန်း စာဖြင့်ဖြေ ကြားချက်များကိုကိုးကား၍ တိုင်းဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျကဆိုသည်။

YP စက်သုံးဆီဆိုင်လုပ်ငန်း အမြတ်အစွန်းရရှိမှု ခန့်မှန်းနှုန်းထား (Marginal) အလွန်နည်းပါးသည့် အခြေအနေမျိုးဖြစ်ပေါ်လာပါက တိုင်းအစိုးရက CSR အတွက် လျာထားသည့်အမြတ်ငွေ ၂၀ ရာခိုင်နှုန်းမှ ကျခံဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အသားတင်အမြတ်ရဲ့ ၂၀ ရာခိုင် နှုန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးရမှာ။ ရှုံးခဲ့လို့ဆိုရင် လည်းပဲ ရန်ကုန်တိုင်းဒေသကြီးရဲ့လုပ်ငန်းတွေ ပြန်လည်ပြီးတော့ ဖြည့်ပေးရမယ့်သဘောရှိတယ်” ဟု ဦးကျော်ဇေယျကဆိုသည်။

မေလ ၅ ရက်နေ့အထိ Yangon Petrol ကုမ္ပဏီသို့ တိုင်းအစိုးရအဖွဲ့ စီမံခန့်ခွဲခွင့်ရှိသော မြေရှစ်နေရာ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေလေးနေရာတွင် YP စက်သုံးဆီဆိုင်  ၁၂ ဆိုင်အတွက် မြေနေရာငှားပေးခဲ့ကြောင်း ဝန်ကြီးဦးဟံထွန်းစာဖြင့် ဖြေကြားချက်အရ သိရှိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *