ဆင်းရဲသောတိုင်းပြည်များက သဘာဝပတ်ဝန်းကျင် ပိုထိန်းရန်လိုသည်

တစ်ခါတစ်ခါ အမှတ်တမဲ့ အရိုးစွဲထင်မြင်နေတတ်သည့် အရာတစ်ခုမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ချမ်းသာသော နိုင်ငံများနှင့်သာ ဆိုင်သကဲ့သို့ဖြစ်သည်။ စွမ်းအင်ချွေတာရေးနည်းလမ်းများ၊  သဘာဝဝန်းကျင်ကို မထိခိုက်စေသော နေထိုင်စားသောက်ပုံစံများ၊ စီမံအုပ်ချုပ်ရေးပုံစံများကို ငွေကြေး ကြွယ်ဝချမ်းသာသော နိုင်ငံများတွင် ကျင့်သုံးကြပုံကို  မီဒီယာများမှတစ်ဆင့် အမြဲမပြတ်တွေ့ရလေ့ရှိသည်။

ချမ်းသာသောနိုင်ငံများသည်  ငွေကြေးတတ်နိုင်သဖြင့် ထိုသို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းလမ်းများ လုပ်ဆောင်နိုင်ကြသည်။  ဆင်းရဲသော နိုင်ငံများမှာ သူ့ပြဿနာများနှင့် သူ လုံးပန်းနေရတတ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းရေးဘက်ကို ဦးစားမပေးနိုင်ရှာလှပေ။  ထို့ကြောင့်ပင်လျှင်  သာမန်လူတို့၏ အမြင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည်မှာ ချမ်းသာသူများ၊ ချမ်းသာသောနိုင်ငံများနှင့်သာ ပိုဆိုင်သည်ဟု ပိုထင်သွားတတ်သည်။

ယင်းအယူသည် တက်တက်စင်အောင် လွဲသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကမ္ဘာတစ်ဝန်းလုံးအတွက် အရေးကြီးသည်မှာ မှန်သည်။ သို့သော် ဆင်းရဲသောနိုင်ငံများက ၎င်းတို့၏ နိုင်ငံသူ၊  နိုင်ငံသား နိုင်ငံအကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းရန်လိုပါသည်။

အကြောင်းအချက်များစွာအနက် နှစ်ချက်ကို အလေးပေးဖော်ပြလိုပါသည်။

ပထမအကြောင်းရင်းမှာ ငွေကြေးဆင်းရဲသောနိုင်ငံများသည် မိမိတို့ နေ့စဉ်နေထိုင်စားသောက် လုပ်ကိုင်မှုအတွက်  သဘာဝပတ်ဝန်းကျင်ကို အဓိကမှီခိုနေရသောကြောင့် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့်  ဆင်းရဲခြင်းမှာ များစွာအပြန်အလှန်ဆက်စပ်နေသည်။ ဆင်းရဲသောနိုင်ငံများတွင် များစွာသော မိသားစုများမှာ ၎င်းတို့၏ နေ့စဉ်စားဝတ်နေရေးအတွက် သဘာဝပတ်ဝန်းကျင်ကို များစွာ မှီခိုနေရခြင်းကြောင့် ဖြစ်သည်။

ဆင်းရဲသောနိုင်ငံများတွင် အဓိကစီးပွားရေးပုံစံမှာ စိုက်ပျိုးရေး၊  မွေးမြူရေး၊ ငါးဖမ်းခြင်း စသည့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် များစွာမှီခိုရသော စီးပွားရေးပုံစံဖြစ်သည်။ ရာသီဥတုပျက်၍   မိုးခေါင်ရေကြီးပါက စိုက်ပျိုးသီးနှံများ ထုတ်နှုန်းကျမည်၊ ပိုမိုပူနွေးလာပါက မွေးမြူရေးလုပ်ငန်းများလည်း ပျက်လာမည်၊ ငါးအရအမိ ကျလာမည်။  ထိုသို့ဖြင့် လူအများ ငတ်မွတ်ကာ ဆင်းရဲတွင်း ပိုနက်လာမည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ သစ်တော၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းတို့အပေါ် အမှီပြုထားခြင်း ဖြစ်သည်။ လူဦးရေ သုံးပုံ နှစ်ပုံမှာ ယင်းကဏ္ဍများတွင် လုပ်ကိုင်နေသည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုခု ပျက်စီးယိုယွင်းပါက လူအများစု မှီခိုနေသော လုပ်ငန်းများကို ထိခိုက်တော့သည်။ ယခုနောက်ပိုင်းတွင် ရေကြီးခြင်း၊ နွေတွင် ရေရှားခြင်း၊ မိုးခေါင်ခြင်းတို့ နှစ်စဉ်နီးပါး ဖြစ်ပေါ်နေပြီး  မြန်မာနိုင်ငံရှိ လူအများစု၏ စီးပွားရေး၊  လူမှုရေးအခြေအနေအရပ်ရပ်ကို ယိုယွင်းစေလျက်ရှိသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် သဘာဝဝန်းကျင်ပျက်ယွင်းမှုကြောင့် လုပ်ကိုင်စားသောက်ရ ခက်လာသဖြင့် လယ်သမားများ အကြွေးတင်လာကြသည်။ နောက်ဆုံး အကြွေးလည်းမဆပ်နိုင်၊  ရွေးစရာလည်း လမ်းမရှိသောအခါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြသည်။ ၂၀၁၆  တစ်နှစ်တည်းတွင် အိန္ဒိယ၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သော လယ်သမားဦးရေ  ၆၀၀၀ ကျော်ရှိသည်။ ဆယ်နှစ်အတွင်း လယ်သမား  ခြောက်သောင်းကျော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြသည်။

ထမင်းငတ်၍ သေသော ‘မသာ’ မရှိဟု ခေတ်အဆက်ဆက်ကြွေးကြော်ခဲ့သော မြန်မာနိုင်ငံတွင်ပင် ထိုသို့သော အဖြစ်မျိုး ရှိလာသည်။  အသေအချာသုတေသနပြုထားခြင်း မရှိသဖြင့် ကိန်းဂဏန်းအရေအတွက် အတိအကျ မသိရသော်လည်း ယခုနှစ်ပိုင်းတွင် မီဒီယာအချို့၏ ဖော်ပြချက်အရ လယ်သမားအချို့  ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သော အမှုတချို့ ရှိလာသည်ကို တွေ့ရသည်။

ယင်းအပြင် စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မဖြစ်နိုင်တော့သဖြင့်  မြို့ကြီးများသို့ သွားရောက်လာ အလုပ်အကိုင်အခွင့်အလမ်းရှာပြီး ရရာ လုပ်ကိုင်စားသောက်လာကြသည်။ အချို့အရွယ်ကောင်းများ နိုင်ငံခြားသို့ ထွက် စီးပွားရှာကြပြီး အမျိုးသမီးငယ်အများစုမှာလည်း  မြို့ပြရှိ  လိင်ဖျော်ဖြေရေးလုပ်ငန်းများသို့ ရောက်လာကြသည်။

အရှေ့တီမောတွင် လူဦးရေစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးအပေါ် မှီခိုနေရသည်။ သဘာဝဝန်းကျင် ပျက်လာသဖြင့်  ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်ချက်အရ  အရှေ့တီမောတွင် အစားအသောက် အာဟာရပြည့်စွာမစားနိုင်သော လူဦးရေ ၃၆ ရာခိုင်နှုန်းအထိ ရှိလာသည်။ ယင်းမှာ အာရှတွင် အဆိုးဝါးဆုံးရာနှုန်း ဖြစ်သည်။  ပိုဆိုးသည်မှာ အရှေ့တီမောတွင် နှစ်စဉ်ငါးလခန့်မှာ အစားအသောက်ရှားပါးပြီး ၀လင်စွာမစားရသော ရာသီ (Hungry  Season) ဟုပင် ရှိလာသည်။

ချမ်းသာသောနိုင်ငံများရှိ စီးပွားရေးပုံစံမှာ ပညာရေး၊ နည်းပညာ၊  ဝန်ဆောင်မှု  စသည့်ကဏ္ဍများအပေါ် အခြေခံထားပြီး  သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်မှီခိုအသက်မွေးရသော လုပ်ငန်းများ မဟုတ်ပေ။ ထို့ကြောင့် သဘာဝဝန်းကျင်ပျက်သည့်တိုင် ၎င်းတို့၏ စီးပွားရေးပုံစံ၊ အသက်မွေးမှုတို့ ပျက်မသွားပါ။

ဆင်းရဲသောနိုင်ငံများမှာ သဘာဝဝန်းကျင်ပျက်ပါက အသက်မွေးမှုပါ ပျက်သည်။ ထိုကြောင့် ဆင်းရဲသော နိုင်ငံများမှာ သဘာဝပတ်ဝန်းကျင် ပိုထိန်းဖို့လိုသည်။

ဒုတိယအချက်မှာ ဆင်းရဲသောနိုင်ငံများမှာ ခုခံအားနည်းသည်။

မည်သည့်ကိစ္စတွင်မဆို ခုခံအားနည်းသဖြင့် ရာသီဥတုပျက်ချိန်၊   မိုးကြီး၊ ရေကြီး၊ မိုးခေါင်၊ အပူဒဏ် မည်သို့သော သဘာဝဘေးဒဏ်ကိုမဆို တွန်းလှန်ခုခံအားနည်းပါးသည်။ ခံရလျှင်လည်း ချမ်းသာသော သူများထက် ပိုခံရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ချမ်းသာသောနိုင်ငံများရှိ  နေအိမ်၊ အဆောက်အအုံ၊  လမ်းတံတား၊ လူမှုဘ၀တည်ဆောက်ပုံမှာ ရာသီဥတုဒဏ်ခံနိုင်အောင် အကုန်အကျခံ  တည်ဆောက်ထားနိုင်သောကြောင့် ဖြစ်သည်။

ဆင်းရဲသောနိုင်ငံများမှာ ငွေကြေးချို့တဲ့ရာ အခြေခံအဆောက်အဦများကို ရာသီဥတုဒဏ်ခံနိုင်အောင်ထက် အခြေခံအားဖြင့် အသုံးပြုနိုင်ရေးကို ဦးစားပေးရရာ သဘာဝဘေးတစ်ခုခုဖြစ်ပါက ပျက်စီးလွယ်ပြီး အဆုံးအရှုံးများသည်။

အစိုးရများအနေနှင့်လည်း မူလကပင် အခြေခံအဆောက်အဦပြည့်မီအောင် များစွာအားထုတ်နေရရာ သဘာဝဘေးဒဏ်ခံနိုင်သော အဆောက်အအုံ၊ နည်းပညာတို့ ရင်းနှီးစိုက်ထုတ်လုပ်ကိုင်ရန် ဝန်လေးကြသည်။ လာမည့်ဘေး ပြေးတွေ့သည်ပေါ့ဟူသော အယူအဆက ပိုများသည်။  ထို့ကြောင့်ပင် သဘာဝဘေး ကာကွယ်ခြင်းထက် ဖြစ်မှ ကူကြ၊  ကယ်ကြသည်က ပိုများသည်၊ ဖြစ်မှ အရပ်ကူပါ လူဝိုင်းပါ  ဖြစ်ကြသည်က  ပိုများသည်။

ပို၍ ကံဆိုးသောအချက်မှာ ဆင်းရဲသောနိုင်ငံများမှာ ကမ္ဘာကြီး၏  အပူနွေးဆုံးဒေသများတွင် တည်ရှိရာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုခံရသည်။ ပိုလွယ်အောင်ဆိုရပါက ဆင်းရဲသောတိုင်းပြည်များမှာ  အီကွေတာမျဉ်းတစ်လျှောက် ပိုများရာ ကမ္ဘာကြီး ပိုနွေး၊ ပိုပူလာပါက ထိုအပူဒဏ်ကို ဆင်းရဲသော တိုင်းပြည်များက ပိုခံရမည်ဖြစ်သည်။

အပူဒဏ်သည် အပူဒဏ်သက်သက်မဟုတ်ဘဲ ရာသီဥတု ပျက်ခြင်း၊ သဘာဝဝန်းကျင်ပျက်သဖြင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲလာခြင်းတို့ ဖြစ်လာမည်။

ထိုအချိန်တွင် အခြားရွေးစရာ လုပ်ကိုင်စားသောက်စရာလည်း မရှိရာ လူထုကို ပိုဆိုးသော အခြေအနေသို့ တွန်းပို့ရာ ရောက်သွားတော့သည်။

ထိုကြောင့် အချုပ်ဆိုရသော် သဘာဝပတ်ဝန်းကျင်ပျက်စီးသဖြင့်  သဘာဝဘေးဒဏ်ဖြစ်လာပါက ဆင်းရဲသူများမှာ ချမ်းသာသူများထက် ပိုခံရသည်။ ပို၍ခုခံအား နည်းပါးသည်။ သဘာဝဘေးဒဏ်ကို ကာကွယ် ပေးနိုင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဆင်းရဲသူများအတွက်  ပိုအရေးကြီးသည်။ ဆင်းရဲသော နိုင်ငံများအတွက် ပိုအရေးကြီးသည်။

ပို၍ ပွင့်လင်းလာသော မြန်မာနိုင်ငံတွင် မူဝါဒအသီးသီးချမှတ်ရာ၍  မတူကွဲပြားသော လိင်ပိုင်းဆိုင်ရာမူဝါဒ Gender Policy များကို နယ်ပယ်အသီးသီးတွင် မဖြစ်မနေပါရမည့် Cross Cutting အဖြစ်  ထည့်သွင်းရေး၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊  စီမံခန့်ခွဲရေးယန္တရားကို  ဖျက်ဆီးနေသော  အဂတိလိုက်စားမှုဆိုင်ရာမူဝါဒကို နယ်ပယ်အသီးသီးတွင် မဖြစ် မနေပါရမည့် Cross  Cutting မူဝါဒအဖြစ် ထည့်သွင်းရေး  စသည်တို့ လုပ်ဆောင်လာကြသည်။

ထိုနည်းတူ အရေးကြီးလာသည်မှာ သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒကို နယ်ပယ်အသီးသီးတွင် ကျင့်သုံးရေး အရေးကြီးလာသည်။ တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက်၊ အဖွဲ့အစည်းအလိုက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာရှိရန်၊ စွမ်းအင်ချွေတာရန်  မူဝါဒများထားရှိရန် အရေးကြီးလာသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးလာခြင်းနှင့် သဘာဝဘေးဒဏ်မှာ  ယနေ့အချိန်တွင် အရာရာတိုင်းကို အတွင်းမှလှိုက်စားမည့် ပြဿနာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် နယ်ပယ်အသီးသီးအစိုးရ ပုဂ္ဂလိကမရွေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (စွမ်းအင်ချွေတာရေး) တို့ကို  ကျောရိုးကိစ္စတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရန် လိုလာသည်။

တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းတွင်  လိုသည်။ မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲသောနိုင်ငံတွင် ပိုလိုသည်။ မြန်မာနိုင်ငံမှာ ရှင်သန်ရပ်တည်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ပိုမိုမှီခိုနေရရာ နယ်ပယ်အလိုက်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊  အဖွဲ့အစည်းအလိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိရှိရန် ပိုအရေးကြီးသည်။

ရှင်းရှင်းဆိုရသော် ဆင်းရဲလေလေ သဘာဝပတ်ဝန်းကျင်ကို မှီခိုရလေလေဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဆင်းရဲလေလေ သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းသိမ်းရန် လိုလေလေဖြစ်သည်။

ဆင်းရဲသောနိုင်ငံများကို စီမံအုပ်ချုပ်သော အစိုးရများအနေ နှင့်လည်း သဘာဝပတ်ဝန်းကျင် မပျက်ယွင်းရေး၊  ထိန်းသိမ်းရေးနည်းလမ်းများ ပိုသုံးရန် လိုလေလေဖြစ်သည်။           

ခွန်းသု

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *