ဆူဆူညံညံ မီတာခအသံ

ရက် ၃၀ တိတိ ခြိုးခြံချွေတာခဲ့သည်။ ချွေတာရေးလမ်းစဉ် ထိရောက်၏၊ မထိရောက်၏ အဖြေလွှာ ရောက်ရှိလာချေပြီ။

ယင်းက အခြားမဟုတ်။ လက်တစ်ဝါးသာသာ စာရွက်ဖြူတစ်ရွက် သို့မဟုတ် လျှပ်စစ်မီတာ သုံးစွဲခပေးချေရန် တောင်းခံသည့် မီတာစာရွက်ပင်။

မီတာခများ ဇူလိုင် ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုကြောင့် ယခုလ ဩဂုတ်လဆန်းမှစ၍ နှုန်းထားအသစ်ဖြင့် မီတာပေးဆောင်ရမည်ဖြစ်သည်။

ကျပ်ငွေ ထောင်ဂဏန်းမှသည် ကျပ်သိန်းတစ်ရာကျော်အထိ မီတာ သုံးစွဲခများ ပေးဆောင်ကြရသည်။ ကျေနပ်သူများရှိသကဲ့သို့ မကျေနပ်သည့် အသံများလည်း ဆူဆူညံညံထွက်ပေါ်လာသည်။

ယူနစ်အလွဲများ

သာကေတမြို့နယ်တွင်နေထိုင်သည့် ဦးစစ်ငြိမ်းကမူ မီတာခနှင့်ပတ်သက်၍ မကျေနပ်သူ ဖြစ်သည်။ အကြောင်းက မီတာစာရွက်တွင်ရေးထားသည့် ယူနစ်နှင့် မီတာဘောက်တွင် ပြနေသည့် ယူနစ်ကွာဟ နေသည်ဟု ယူဆသည့်အတွက်ဖြစ်သည်။

“အရင်ကတည်းက သူတို့က ခန့်မှန်းခြေနဲ့ အမြဲကောက်နေကြတာလေ။ ကျွန်တော် (မြို့နယ်လျှပ်စစ်ရုံး) သွားမေးမယ်လေ။ ကျွန်တော်တို့က ကိုယ့်အိမ်က မီတာကို ဘယ်လောက်သုံးထားလဲ ဆိုတာ ကိုယ်တိုင်သိဖို့ လိုတယ်လေ” ဟု ၎င်းက ဆိုသည်။

မိသားစု ခုနစ်ဦးနေထိုင်သည့် ဦးစစ်ငြိမ်းတို့ နေအိမ်တွင် ယခင်က လစဉ် မီတာခ ကျပ်တစ်သောင်းဝန်းကျင်သာ ပေးဆောင်ရသော်လည်း ယခုလတွင်မူ ကျပ်လေးသောင်းခွဲခန့် ပေးဆောင်ရမည်ဖြစ်ခြင်းကြောင့် စောဒတက်ရန် စီစဉ်နေခြင်းဖြစ်သည်။

နှုန်းထားသစ်ကြောင့် လျှပ်စစ်မီတာခမှာ နှစ်ဆကျော်မြင့်တက်သည့် အပြင် ခန့်မှန်းမီတာဖတ်ခြင်းတို့ကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါသလောဆိုသည့် ဝေဖန်ချက်များလည်းရှိသည်။

ထို့အပြင် ရှမ်းပြည်နယ်ကျောက်မဲ မြို့တွင် မီတာလျှောက်ထားဆဲ အိမ်သို့ ကျပ်တစ်သောင်းခွဲကျော် ပေးဆောင်ရမည့် မီတာစာရွက်ရောက်ရှိနေသည်။

“ကျောက်မဲ မီတာစာရေးတွေ မီတာဖတ်တာ တော်ချက်။ နတ်မျက်စိများလား။ မီတာအတွက် ပိုက်ဆံတစ်သိန်း ခြောက်သောင်းလည်း သွင်းပြီးတာ လေးလရှိပြီ အခုထိလည်း မလာသေးပါ” ဟူသည့်စာနှင့်အတူ မီတာတပ်ဆင်ထားခြင်း မရှိသည့် မီတာဘောက်အိမ်နှင့် မီတာစာရွက်တို့ကို ဩဂုတ်လ ၁၄ ရက် တွင် Sai HanSlca Facebook အကောင့်က ရေးသားထားခြင်းဖြစ်သည်။ သို့သော် အဆိုပါ အကောင့်သုံးစွဲသူကို မေးမြန်းရန်ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသဖြင့် ဩဂုတ်လ ၁၅ ရက်နေ့အထိ အဆက်အသွယ်မရခဲ့ပေ။

သို့သော် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း (YESC) မှ အထွေထွေမန်နေဂျာ ဦးတင်အောင်ထွန်းကမူ ယင်းသို့ဖြစ်ရပ်မျိုး မဖြစ်နိုင်ကြောင်း ပြောဆိုပြီး အကယ်၍ ဖြစ်ပွားသည်ဆိုလျှင်လည်း တိုင်ကြားနိုင်ကြောင်း ပြောဆိုသည်။

“မီတာ မတပ်ရသေးဘဲနဲ့ မီတာခစာရွက်ကတော့ ဘယ်လိုမှ ရောက်စရာ မရှိဘူး”

သိန်းတစ်ရာကျော် မီတာခ

ဩဂုတ်လ ၁၄ ရက်နေ့တွင် လူ အများစု ပြောစမှတ်ပြုနေသည်မှာ ကျပ် သိန်းရာချီကျသည့် မီတာခပင်။

မန္တလေးမြို့ရှိ ဂုဏ်သတင်းကြီးသည့် ဘုန်းကြီးကျောင်း၏ ဇူလိုင်လ တစ်လသုံးစွဲသည့် မီတာခသည် ကျပ်သိန်း တစ်ရာကျော်ပေးသွင်းရမည့် ကိစ္စကြောင့် ဖြစ်သည်။

အဆိုပါကျောင်းတိုက်သည် လျှပ်စစ်မီတာနှုန်းထား မတက်မီကပင် မီတာခ ကျပ်သိန်းလေးဆယ်မှ ခြောက်ဆယ်အထိ ကျကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော်တစ်ပါးက The Voice Journal သို့ မိန့်ကြားသည်။

ကျောင်းတိုက်တွင် သီတင်းသုံးသည့် သံဃာတော်များပြားသည့်အပြင် အဲကွန်းအသုံးပြုမှုများခြင်းကြောင့် မီတာခကျပ် ၁၀၆ သိန်းကျော်ရခြင်းဖြစ်ကြောင်း၊ ကျပ်သိန်းတစ်ရာကျော်သည့် မီတာခကို ကျောင်းတိုက်၏ သံဃိကဖြင့် ပေးဆောင်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

မန္တလေးတိုင်း ညောင်ဦးမြို့ရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင်လည်း ဇူလိုင်လအတွက် မီတာခကျပ် ၂၃ သိန်း ကျော် ပေးဆောင်ရမည်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများတွင်သာမက လူနေအိမ်အချို့တွင်လည်း မီတာခ ကျပ် သိန်းချီပေးသွင်းကြရမည်ဖြစ်သည်။ 

ထိုကြောင့် ကျပ်နှစ်သိန်းနှင့်အထက် မီတာကျသင့်ငွေများကို ဘဏ်တွင် ပေးဆောင်ရပြီး ကျပ်နှစ်သိန်းအောက် မီတာကျသင့်ငွေကိုမူ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွင် ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ထံမှ သိရှိရသည်။

ထိုသို့ဆိုလျှင် မီတာခ မည်မျှ ခုန်တက်ခဲ့ပါသနည်း။ မီတာခနှုန်းထားသစ်များကို စေ့ငုကြည့်ကြပါစို့။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က မီတာခနှုန်းထားသစ်များကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ အိမ်သုံးအတွက် သုံးစွဲသည့် ယူနစ်ပေါ်မူတည်၍ ယခင်နှုန်းထားထက် နှစ်ဆခွဲခန့်နှင့် လုပ်ငန်းသုံး မီတာခနှုန်းထားမှာ သုံးစွဲသည့် ယူနစ်ပေါ်မူ၍ ယခင်နှုန်းထားထက် တစ်ဆခွဲခန့် တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်သည်။

သူတက်ကိုယ်တက်

မီတာနှုန်းထားခတက်ခြင်းနှင့်အတူ လိုက်ပါမြင့်တက်လာသူက အထွေထွေကုန်ဈေးနှုန်း ဖြစ်သည်။

မီတာနှုန်းထားတက်ခြင်းကြောင့် သုံးရေဈေးတက်ရခြင်းဖြစ်ကြောင်း ပြောကြားသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်နေထိုင်သည့် ဒေါ်ချိုချိုမာ ဖြစ်သည်။

အဝီစိတွင်းရေသည် လျှပ်စစ်မီးသုံးကာ တင်ရသည့်အတွက် ရေတစ်တိုင်ကီလျှင် သုံးရာကျပ်ဖြင့် ရောင်းချရာမှ ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ လေးရာကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဝယ်တဲ့သူကလည်း ကြည်ကြည်သာသာနဲ့ ဝယ်ပါတယ်”ဟု ဒေါ်ချိုချိုမာက ပြောဆိုသည်။

ရပ်ကွက်တွင် ရောင်းချသည့် ရေ ဈေးများ မြင့်တက်သကဲ့သို့ အထပ်မြင့် ကန်ထရိုက်တိုက်များတွင် ရေဖိုးထက် ဝက်ခန့် မြင့်တက်ခဲ့ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်တွင်နေထိုင် သည့် ဒေါ်ပပက ဆိုသည်။

ယခင်က တစ်လလျှင် ရေဖိုး ကျပ်ခြောက်ထောင် ပေးရပြီး လာမည့် စက်တင်ဘာလမှစ၍ ကျပ်တစ်သောင်း ပေးရတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သုံးရေအပြင် သောက်ရေသန့်များလည်း လိုက်ပါဈေးမြင့်တက်လျက် ရှိသည်။ ၂၀ လီတာ ရေသန့်ဘူးများသည် ကျပ် ၅၀ မှ ၁၀၀ ခန့်အထိ ဈေးတက်သွားကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေထိုင်သည့် ဒေါ်အမာက ပြောဆိုသည်။ ထို့အပြင် ဘက်ထရီ (ဈေးသည်များ အသုံးပြုသည့် အားသွင်း ဘက်ထရီ) အားသွင်းခမှာ ယခင် ဘက်ထရီတစ်ခုလျှင် အားသွင်းခ ကျပ် ၁၀၀ မှ ယခု ၁၅၀ သို့ တက်သွားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မီတာတက်ခြင်းကြောင့် လျှပ်စစ်မီး အသုံးပြုရသည့် ကုန်ပစ္စည်းများ ဈေးတက်သွားကြောင်း အိမ်ရှင်မတစ်ဦး ဖြစ်သည့် ဒေါ်မို့မို့က ညည်းညူသည်။ ဥပမာဆိုရလျှင် ယခင်က လူကြီးဝတ် အင်္ကျီတစ်ထည် မီးပူတိုက်ခ ကျပ်ငါးဆယ်ပေးရရာမှ ယခု ကျပ်ခုနှစ်ဆယ်သို့ ရောက်ရှိကာ ကလေးဝတ်အင်္ကျီကမူ ၂၅ ကျပ်မှ ၃၀ အထိ ဈေးတက်သွားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စာသုံးကုန်များဖြစ်သည့် ဆန်၊ ငါးနှင့် ကြက်ဥ၊ ငုံးဥများပါ ဈေး အနည်းငယ်စီမြင့်တက်နေကြောင်း ဒေါ်မို့မို့က ဆိုသည်။

အိမ်ငှားနေထိုင်ရသူများက မီတာခတိုးသည့် ဒဏ်ကို ပိုခံစားရကြောင်း ညည်းညူသူက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် ဒေါ်ခင်မြတ်နိုး (အမည်လွဲ) ပင် ဖြစ်သည်။

ယခင်က ကျပ်တစ်သောင်းဝန်းကျင်သာ လျှပ်စစ်အသုံးပြုခပေးဆောင်ရသော်လည်း ဇူလိုင်အတွက် ကျပ်သုံးသောင်းခန့်ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီတာခ တိုးကောက်မည်ဟု ကြေညာထားသည့်အတွက် လျှပ်စစ်အသုံးပြုခြင်းကို ချွေတာခဲ့သော်လည်း မီတာစာရွက်ရောက်ရှိချိန်တွင် ခန့်မှန်းထားသည့် နှုန်းထားထက် ကျပ်တစ်သောင်းခန့်ပိုများ ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မီတာတက်မယ်ဆိုတာ ကြိုကြေညာထားပြီးသားလေ။ ကိုယ်က တွေးလိုက်တာ မှန်းခြေ နှစ်သောင်းလောက်ပေါ့” ဟု ဒေါ်ခင်မြတ်နိုးက ဆိုသည်။

မီတာရာဇဝင်

မီတာခများ တိုးကောက်ခြင်းသည် နိုင်ငံတော်က နှစ်စဉ်ရှုံးနေသောကြောင့် ဖြစ်သည်။ လျှပ်စစ်တစ်ယူနစ်အတွက် ၉၇ ကျပ် အရှုံးပေါ်လျက်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၄၂၂ ဘီလီယံ အရှုံးပေါ်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၆၀၀ အရှုံးပေါ်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် နှစ်စဉ် ပျမ်းမျှအရှုံးသည် ကျပ်ဘီလီယံ ၅၀၀ နီးပါးဖြစ်လာသည်။

ထို့ပြင် နှစ်အလိုက် လျှပ်စစ်ထုတ်လုပ်မှုမှာလည်း တိုးတက်လျက်ရှိပြီး သုံးစွဲမှုမှာလည်း ထုတ်လုပ်မှုထက် ပိုတိုးလျက်ရှိသည်။ သို့သော်လည်း လျှပ်စစ်တစ်ယူနစ် တိုးထုတ်တိုင်း အရှုံးပိုကြီးလာကာ ဆက်လက်၍ အရှုံးမခံနိုင်တော့သဖြင့် မီတာခတိုးကောက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ယခုတစ်ကြိမ် မတိုင်ခင်အထိ မီတာခ သုံးကြိမ်တိုးမြှင့် ကောက်ခံခဲ့ပြီး ယခုတစ်ကြိမ်မှာ စတုတ္ထအကြိမ်မြောက်ဖြစ်သည်။

စတုတ္ထအကြိမ် တိုးမြှင့်လိုက်သည့် မီတာခများသည် လျှပ်စစ်မီးသုံးစွဲသူများထံ ဩဂုတ်လ ၁၀ ရက်နေ့ နောက်ပိုင်းမှစ၍ တဖွဲဖွဲရောက်ချေပြီ။

ကျပ်ထောင်ဂဏန်းမှသည် ကျပ်သိန်းရာချီအထိ သုံးစွဲသည့် လျှပ်စစ်ယူနစ်ပေါ်လိုက်၍ ကွဲပြားကြသည်။ ထို့အတူ ကျေနပ်သူများရှိသကဲ့သို့ မကျေလည် ဒွိဟဖြစ်နေသူများလည်း ရှိပြန်သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ YESC မှ အထွေထွေမန်နေဂျာ ဦးတင်အောင်ထွန်းက သုံးစွဲယူနစ်ထက် ပိုကျသည်ဟု သံသယရှိခြင်း၊ မသင်္ကာခြင်းနှင့် မီတာနှင့်ပတ်သက်၍ သိရှိလိုသူများကို သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အချိန်မရွေးမေးမြန်းနိုင်သည်ဟု ပြောဆိုသည်။

မီတာနှင့်ပတ်သက်၍ မကျေလည် ဒွိဟအသံများအပေါ် လျှပ်စစ်သုံးစွဲသူများ ကို အထွေထွေမန်နေဂျာ ဦးတင်အောင်ထွန်းက အောက်ပါအတိုင်း သတင်းစကားပါးလိုက်သည်။

“မသမာတဲ့နည်းနဲ့ မှားယွင်းတယ်ဆိုရင် သက်ဆိုင်ရာဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမှာပါ”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *