အံ့မခန်း ပေါက်မြောက်သူများ

တစ်ခေတ်တစ်ယောက် ပေါက်မြောက်တဲ့ လူကျော် လူဇော်တွေဟာ လူအများအပြားရဲ့ သူရဲကောင်းတွေ ဖြစ်တယ်။ သူတို့ကို အားကျကြ၊ သူတို့လိုအောင်မြင်ချင်ကြတဲ့အတွက် သူတို့ ဘာ့ကြောင့်အောင်မြင်သလဲကို လိုက်ရှာကြတယ်။ အဲဒီအခါမှာ သူတို့ရဲ့ တစ်ချောင်းတည်းသော စိတ်ဓာတ်၊  ကြိုးစားအားထုတ်မှု၊ ဉာဏ်ရည်၊ စွန့်စားရဲတာ စတဲ့ တစ်ကိုယ်ရေအရည်အသွေးတွေကိုပဲ self-help တက်ကျမ်းတွေမှာ   ဦးစားပေး ဖော်ပြကြတယ်။ non-fiction လို့ခေါ်တဲ့ သုတ စာပေမှာ ကနေ့ကမ္ဘာမှာ ဘုရင်လို့ ဆိုရလောက်အောင် အောင်မြင်တဲ့ Malcolm Gladwell ကတော့ အံ့မခန်း ပေါက်မြောက်ဖို့ တစ်ကိုယ်ရေအရည်အသွေးတွေနဲ့ မလုံလောက်ပါဘူးတဲ့။

အံ့မခန်းပေါက်မြောက်သူ Outliers တွေဆိုတာက သူတို့ရဲ့ နယ်ပယ်အသီးသီးမှာ ဘယ်သူမှ လိုက်မမီအောင်  အောင်မြင်သူတွေပါ။ တခြားသူတွေနဲ့ ယှဉ်ပြောလို့တောင် မရသူတွေ။ အောင်မြင်လွန်းအားကြီးလို့ သူတို့နယ်ပယ်မှာ  နတ်တွေ၊ သိကြားတွေလို ကြည်ညိုခံရသူတွေပါ။ Microsoft  တည်ထောင်သူ Bill Gates တို့၊ Apple တည်ထောင်သူ  Steve Jobs တို့ဟာ outliers တွေပေါ့။

တကယ်တော့ စာရေးသူ Malcolm Gladwell ကိုယ်တိုင်က အံ့မခန်းပေါက်မြောက်သူပါ။ သူ့ရဲ့ စာအုပ်တွေ ဟာ ကမ္ဘာပေါ်မှာ ရောင်းအကောင်းဆုံးစာအုပ်တွေဖြစ်တယ်။  သူ့ကို ကမ္ဘာ့ဩဇာအကြီးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ Time မဂ္ဂဇင်းက ထည့်သွင်းရွေးချယ်ခဲ့တယ်။ သူ ဟောပြောရင်  ဒေါ်လာသောင်းချီ ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Gladwell ရဲ့ စာအုပ်နှစ်အုပ်ကို ညွှန်းဖူးပါတယ်။ ဒီတော့  Outliers ဟာ အံ့မခန်းပေါက်မြောက်သူတွေရဲ့ လျှို့ဝှက်ချက်တွေကို အံ့မခန်းပေါက်မြောက်သူက လိုက်ဖော်ထုတ်ထားတဲ့ စာအုပ်ပေါ့။

မနက်အစောကြီးထ အလုပ်လုပ်သူတွေ၊ ဉာဏ်ရည်မြင့်သူတွေ၊ ဇွဲကောင်းသူတွေ အများကြီးဖြစ်ပေမယ့် အဲဒီလို လူတွေတိုင်း တစ်ခေတ်တစ်ယောက် ပေါက်မြောက်တာ မဟုတ်ပါဘူး။ ထူးချွန်ဖို့ ဇွဲကောင်းဖို့လိုပေမယ့် ရှားရှားပါးပါးအခွင့်အရေးတွေရဖို့ ပိုလိုအပ်တယ်။ ရှားပါးတဲ့ အခွင့်အရေးတွေကို ရယူအသုံးချနိုင်တဲ့ သူတွေသာ ထိပ်ဆုံးကို ရောက်သွားတယ်။ ဥပမာ – Bill Gates / Bill Gates က နဂိုကတည်းက ထက်မြက်သူပါ။ ဉာဏ်ကောင်းတယ်၊ အရမ်းကြိုးစားတယ်။ ဒါပေမဲ့  သူ့လို ကြိုးစားပြီး ဉာဏ်ကောင်းသူတွေ မရလိုက်တဲ့ အခွင့်အရေး သူ ရလိုက်တယ်။ အမေရိကန်က တခြားအထက်တန်းကျောင်းတွေ အားလုံးနီးနီးမှာ ကွန်ပျူတာခန်းမရှိသေးချိန်မှာ Bill Gates ရဲ့ အထက်တန်းကျောင်းမှာ ကွန်ပျူတာခန်းရှိတယ်။ နောက်ကျ ဝါရှင်တန်တက္ကသိုလ်က ကွန်ပျူတာကို သုံးခွင့်လည်းရအောင် ယူခဲ့တယ်။ အသက် ၁၃ နှစ်မှာ ကွန်ပျူတာတွေနဲ့ စထိတွေ့ခဲ့ပြီး အသက်၂၀ အရောက်မှာ Bill Gates ဟာ computer programmer အနေနဲ့ နာရီတစ်သောင်း  အလေ့အကျင့် ရနေပြီ။ ၁၉၇၀ ကျော်နှစ်တွေမှာ အဲဒီလိုကွန်ပျူတာ အတွေ့အကြုံရှိတဲ့ လူငယ်ဘယ်နှယောက်ရှိမလဲလို့ Bill Gates ကိုယ်တိုင်ကို Gladwell က မေးပါတယ်။ ‘ရှိလှ အယောက် ၅၀ ပေါ့’ တဲ့။ Bill Gates ဟာ သိပ်ဇွဲကောင်းတဲ့၊  မဆုတ်မနစ် အလုပ်လုပ်တဲ့သူပါ။ ဒါပေမဲ့ သူရခဲ့တဲ့ အခွင့် အရေးတွေက သူ့ဇွဲတွေ စိတ်ဓာတ်တွေထက် ပိုတာသွားပုံရတယ်။

ဒီလိုပဲ ဂန္ထဝင်တီးဝိုင်းဖြစ်တဲ့ Beatles ဆိုလည်း  Beatles ဖြစ်မလာခင် ကလပ်တွေ အများကြီးမှာ တစ်ပတ် ၇ ရက်တီးခဲ့တယ်။ လိုက်တီးခဲ့ရာက သူတို့ရဲ့ တီးကွက်တွေကို  ကျင့်ခွင့်ရခဲ့တယ်၊ စမ်းခွင့်ရခဲ့တယ်။ သူတို့အချင်းချင်း ပရိသတ်ရှေ့မှာ စုစည်းလေ့ကျင့်ခွင့်ရခဲ့တယ်။ Beatles တွေဟာ ဒီလိုနဲ့ နာရီတစ်သောင်းကြာသွားပြီးမှ ပေါက်သွားတယ်။

မွေးတဲ့ လကလည်း အရေးကြီးတယ်။ မူလတန်းကျောင်းကို စဝင်တာချင်းတူရင် အသက်လပိုင်းလောက် ပိုကြီးတဲ့ ကလေးတွေက စာမှာရော အားကစားမှာရော ခေါင်းတစ်လုံးသာလေ့ရှိတယ်။ Gladwell ကတော့ ဟော်ကီလက်ရွေးစင်တွေကို ဥပမာပြပါတယ်။ ၄၊  ၅ လ ပိုကြီးတဲ့ကလေးတွေဟာ တစ်တန်းတည်းပေမယ့် အကောင်ပိုကြီးတဲ့အတွက် ပိုထူးချွန်တယ်။ ဒီတော့ သူတို့ပဲ အဆင့်ဆင့်တက်သွားတယ်။ လပိုင်းလောက်စောမွေးပြီး ကျောင်းကို တူတူရောက်ကြသူတွေဟာ သူ့နှစ်အလိုက် ကျောင်းမှာ ပိုတော်ပြီး အားကစားလက်ရွေးစင်တွေဖြစ်ကြ၊ အမှတ်တွေ ကောင်းကြနဲ့ သူ့မွေးလက သူ့တစ်ဘ၀လုံးကို ဆုံးဖြတ် သွားတယ်။ 

အမေရိကရောက်နေတဲ့ အာရှသားတွေ ဘာလို့ သင်္ချာတော်တာလဲ၊ ၂၀ ရာစုအစောပိုင်းမှာမွေးတဲ့ ဂျူးတွေ ဘာလို့အောင်မြင်တာလဲ စတဲ့ အံ့မခန်းပေါက်မြောက်သူတွေရဲ့ လျှို့ဝှက်ချက်တွေကို Outliers တစ်အုပ်လုံးမှာ ဖတ်ရပါ လိမ့်မယ်။

ဒီစာအုပ်ထဲမှာ ကျွန်တော်စွဲမိတာကတော့ ‘နာရီ တစ်သောင်းစည်းမျဉ်း’ ပါ။ ကမ္ဘာမှာလည်း ဒီစည်းမျဉ်းက  Ten Thousand Hour Rule ဆိုပြီး ပေါက်သွားတယ်။  ဒီစည်းမျဉ်းက ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထူးချွန်အောင်မြင်ချင်သူတွေ လက်စွဲဖြစ်လာတယ်။ ထိပ်တန်းရောက်ချင်ရင် နာရီတစ်သောင်း စနစ်တကျ လေ့ကျင့်ထားရမယ်။ တယောပဲ ထိုးထိုး၊ ကွန်ပျူတာပရိုဂရမ်ပဲ ရေးရေး၊ ဂစ်တာပဲ တီးတီး။

တစ်နေ့ဘယ်လောက်ကျင့်ရင် နာရီတစ်သောင်းပြည့်မလဲ တွက်ကြည့်ပေါ့။ ဒါဆိုရင် ပေါက်မြောက်ပါလိမ့်မယ်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *