ငွေကြေးစစ်ပွဲသို့

ကမ္ဘာမှာ အတိုးနှုန်းတွေကျနေတာရယ်၊ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေတာရယ်က ငွေကြေးစစ်ပွဲ (Currency Wars) တစ်နည်းအားဖြင့် ငွေစက္ကူစစ်ပွဲကို ဦးတည်စေမယ့် အခြေအနေတွေ ဖြစ်နေတာ  တွေ့ရပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက ယူရိုဇုန်မှာ နိုင်ငံတွေရဲ့ အကြွေးအကျပ်အတည်းနဲ့ ကြုံတွေ့ရချိန်မှာ ယူရိုငွေရဲ့ ဈေးနှုန်းဟာ ၁ ဒသမ ၄၅ ဒေါ်လာ ကနေ ၁ ဒသမ ၁၉ ဒေါ်လာအထိ ကျသွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ   အမေရိကန်ဘဏ်က ဒုတိယအကျော့ဈေးကွက်ထဲကို ငွေတွေထည့်မယ်လို့ လုပ်ပြန်ပါတယ်။ ဒီလိုလုပ်တာကို လူအတော်များများက တိုက်ဆိုင်မှုလို့ မမြင်ကြပါဘူး။ ဒေါ်လာငွေ ထပ်ပြီးဈေးကျအောင်လုပ်တာလို့ပဲ မြင်ကြ တယ်။ မကျေမနပ်ဖြစ်တာတွေကလည်း ဥရောပမှာပဲ မဟုတ်ဘူး။  ဘရာဇီးဘဏ္ဍာရေးဝန်ကြီးက သူ့နိုင်ငံဟာ ငွေကြေးစစ်ပွဲထဲမှာ အပစ်ခံနေရပြီလို့ ဆိုတယ်။

ဒီတစ်ခါတော့ အမေရိကန်က စတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ  ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌက ပေါ်တူဂီမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ယူရိုဇုန်ရဲ့ စီးပွားရေးအခြေအနေကောင်းမလာဘူးဆိုရင် ငွေကြေးမူဝါဒကို  လျှော့ချပေးမယ်လို့ ဆိုလာတယ်။ ချက်ချင်းပဲ အမေရိကန်သမ္မတက အခုလိုလုပ်ရင် မတရားဘူးဆိုပြီး ချက်ချင်း အပြစ်တင်ရှုတ်ချတော့တယ်။  ဒီလအစောပိုင်းတုန်းကလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက တရုတ် နိုင်ငံကို ငွေကြေးမူဝါဒနဲ့ပတ်သက်လို့ သတိပေးစကားပြောကြားခဲ့သေးတယ်။ တကယ်လို့ တရုတ်နိုင်ငံက တရုတ်ငွေကြေးယွမ်ကို ကျားကန်ဖို့  ကြိုးစားတာမရပ်ဘူးဆိုရင် ယွမ်ငွေကို အားနည်းအောင် ကြိုးစားတာလို့  နားလည်မယ်တဲ့။

တရုတ်နဲ့ အမေရိကန်ခေါင်းဆောင်တွေ ဂျပန်မှာတွေ့ကြရင် အနည်းဆုံးတော့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်မလာလောက်ဘူးလို့ တွက်ဆကြတယ်။ ကုန်သွယ်ရေးစစ်ပွဲ အပစ်အခတ်ရပ်ရင် ငွေလဲနှုန်းနဲ့ ပတ်သက်လို့ စကားစစ်ထိုးနေကြတာတွေ၊ ကြာရှည်ကြာများ မဖြစ်လောက်ဘူးလို့ တွက်ဆနေကြပါတယ်။ အတိုးနှုန်းတွေက ကျနေတယ်။  ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးဖို့ဆိုတာက နိုင်ငံရေးအခြေအနေအရကြောင့်သော်လည်းကောင်း၊ ကြွေးမြီဝန်ထုပ်ဝန်ပိုးကြောင့်သော်လည်းကောင်း သုံးဖို့ အခက်အခဲရှိနေတယ်။

စီးပွားရေးအဆောက်အဦကို ပြန်ပြီးဦးမော့အောင် လုပ်တဲ့နည်းက ကိုယ့်ငွေတန်ဖိုးကျအောင် လုပ်တဲ့နည်း တစ်နည်းရှိနေသေးတယ်။ တိုင်းပြည်ဝင်ငွေ တိုးတက်မှုနှုန်း နှေးကွေးနေတယ်ဆိုတဲ့ အကြောင်း တရားတစ်ခုကလည်း ငွေကြေးစစ်ပွဲဆင်နွှဲဖို့ အကြောင်းဖန်လာတယ်။

တကယ်တမ်း စောင့်ကြည့်ရမယ့် ငွေဖလှယ်နှုန်းက ယူရိုနဲ့ဒေါ်လာလဲတဲ့ နှုန်းမဟုတ်ဘဲ ယွမ်ငွေနဲ့ ဒေါ်လာလဲလှယ်တဲ့ နှုန်း ဖြစ်ပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်နဲ့၊ ဘဏ္ဍာရေးဈေးကွက်မှာ ယွမ်ငွေကပဲ  ဦးဆောင်နေတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဩဂုတ်လကတည်းက တရုတ်ဟာ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲခွင့်ကို အတိုင်းအတာတစ်ခုအထိ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်လာနဲ့ လဲလှယ်တဲ့နှုန်းကိုတော့ အတော်လေး တင်းတင်းကျပ်ကျပ်ထားခဲ့ပါတယ်။ ဒီလိုအပြောင်းအလဲ သေးသေးလေးတွေဟာ အရေးပါပါတယ်။ တရုတ်နဲ့ အဓိကကုန်သွယ်ဖက်ရဲ့ငွေကြေး (ယူရို) လို ငွေကြေးတွေဟာ ယွမ်ရဲ့တန်ဖိုးနောက်ကိုလိုက်ပြီး တက်ရကျရပါတော့တယ်။ ဒါကြောင့် ယွမ်နဲ့ ဒေါ်လာလဲတဲ့ နှုန်းဟာ အခြေခံကျတယ်လို့ မြင်ကြတာပါ။ ယွမ်နဲ့ ဒေါ်လာလဲလှယ်တဲ့ နှုန်းကျဆင်းရင် အခြားငွေကြေးတွေရဲ့ တန်ဖိုးကိုပါ ဆွဲချသွားလို့ပါ။  အခုက တစ်ဒေါ်လာကို ခုနစ်ယွမ်ဆိုတဲ့နှုန်းဟာ အရေးကြီးပါတယ်။  ခုနစ်ယွမ်နှုန်းထက် တန်ဖိုးကျသွားရင် တခြားငွေကြေးတွေလည်း လိုက်ပြီး တန်ဖိုးကျနိုင်ပါတယ်။ ဒါကြောင့် တစ်ဒေါ်လာကို ခုနစ်ယွမ်နှုန်းထက် ကျခွင့်ပြုမယ့် အရိပ်အယောင်တွေပေါ်လာရင် ဒါဟာ အရေးကြီးပါတယ်။

တချို့ပညာရှင်တွေက အမေရိကန်နဲ့ တရုတ်ဆွေးနွေးကြရာမှာ ခက်ခဲနေတဲ့ကိစ္စက ယွမ်ငွေရဲ့တန်ဖိုးပါတဲ့။ တရုတ်က ယွမ်ငွေကို လုပ်သာကိုင်သာ တိုးသာဆုတ်သာ (Flexibility) ရှိစေချင်တာဟာ ပို့ကုန်တွေ  အရောင်းသွက်ချင်လို့ မဟုတ်ဘူး။ တည်ငြိမ်မှုရချင်တာ ဒါကို အမေရိကန်က မညှာတာဘူး။ ဇွန်လ ၇ ရက်နေ့မှာ တရုတ်ဗဟိုဘဏ်ဥက္ကဋ္ဌက တိုးသာဆုတ်သာရှိတဲ့ငွေကြေးဟာ နိုင်ငံရဲ့ စီးပွားရေးအဆောက်အဦကို အလိုအလျောက် တည်ငြိမ်အောင်လုပ်ပေးတဲ့အတွက် လိုလားအပ်တယ်လို့  ပြောတယ်။ ခုနစ်ယွမ်နဲ့ပဲ လဲရမယ်လို့ ပုံသေမသတ်မှတ်ထားဘူးတဲ့။

ငွေကြေးစစ်ပွဲတွေမှာ တန်ဖိုးကျတဲ့ ငွေကြေးတွေဟာ အောင်ပွဲခံသူတွေပါ။ အောက်ခြေရောက်အောင် ဆင်းဖို့ ကြိုးစားရာမှာ ရင်းနှီးမြှုပ်နှံသူတွေကလည်း ပါဝင်ကူညီလေ့ရှိကြတယ်။ အကျပ်အတည်းတွေ့ပြီဆိုရင် ယန်းငွေ၊ ဆွစ်ဖရန့်တို့၊ ရွှေတို့ နောက်ကို အပြေးလိုက်လေ့ရှိကြတယ်။  အခက်အခဲတွေ့ပြီဆိုရင် သူတို့ရဲ့ ဈေးတွေက ထောင်တက်ရော။

ချမ်းသာတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က အတိုးနှုန်းမြင့်နေတာရယ်၊ နိုင်ငံစီးပွားရေး အားကောင်းနေတာရယ်ကြောင့် ဒေါ်လာက ခိုင်မာတယ်။ ဒါပေမဲ့ စီးပွားရေးတိုးတက်မှုနှုန်းရယ်၊ အတိုးနှုန်းရယ်ကျဆင်းလာပြီဆိုရင် တခြားအကြောင်းတရားတွေက အရေးပါလာပါလေရော။  အဲဒီထဲမှာ ကုန်သွယ်ရေးလိုငွေတို့ တန်ဖိုးဖြတ်မှု (Valuation) တွေလည်း ပါတယ်။

အဲသလို ကြည့်လိုက်တော့ ထူးထူးခြားခြား ဂျပန်ယန်းငွေကို တွေ့ရတယ်။ ဂျပန်က သာမန်စာရင်း (ပြည်ပပေးငွေယူရှင်းတမ်း) မှာ ပိုငွေပြနေတယ်။ ဝယ်နိုင်စွမ်းအားကို အခြေခံပြီးတွက်ရင် ဂျပန်ယန်းငွေက  ဈေးပေါနေတယ်။ ဆွစ်ဖရန့်က ပြည်ပငွေပေးငွေယူရှင်းတမ်း ပိုငွေပြနေပေမယ့် ဈေးကြီးနေတယ်။ ဒေါ်လာကလွဲရင် တခြားရွေးချယ်စရာ သိပ်မရှိတာရယ်ကြောင့် ရွှေကို မျက်စိကျကြတယ်။

၂၀၁၀ တုန်းက အမေရိကန်ရဲ့ အပြင်ဘက်မှာ လူတိုင်းက ဒေါ်လာကို သဘောကျကြတယ်။ အခုတော့ ဈေးကြီးတဲ့ ဒေါ်လာက အမေရိကန်ကိုရော၊ အမေရိကန်သမ္မတကိုရော ဒုက္ခပေးနေပြီ ငွေကြေးစစ်ပွဲ တဖြည်းဖြည်း အရှိန်ရလာချိန်မှာ အမေရိကန်ဟာ သားကောင်လည်းဟုတ်၊  မုဆိုးလည်း ဟုတ် ဖြစ်နေလေရဲ့။ ကိုယ့်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နဲ့ ကုန်သွယ်ရေးစစ်ပွဲ စမယ်ဆိုရင် သူတို့ဘက်က ငွေကြေးက အားနည်း၊ တန်ဖိုးကျပြီး ကိုယ့်ငွေက အားကောင်း (တန်ဖိုးမြင့်) နေတတ်တယ်။

တကယ်လို့ အမေရိကန်သမ္မတက သူ့ငွေကို တန်ဖိုးကျစေချင်တယ် ဆိုရင် ကုန်သွယ်ရေးစစ်ပွဲ အပစ်အခတ်ရပ်ခဲ့လို့ ငြိမ်းချမ်းရေးယူလိုက်တာ ဟာ အကောင်းဆုံးနည်းဖြစ်တယ်။ မဟုတ်ရင်တော့ အမေရိကန်ဟာ ငွေကြေးစစ်ပွဲနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်ရှိတယ်လို့ The Economist  က ဆိုထားပါတယ်။

ခင်မောင်ညို(ဘောဂဗေဒ)

၂၆.၀၆.၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *