ပြင်လွယ် ပြောင်းလွယ်လာသော လှတစ်မျက်နှာ

လှတစ်မျက်နှာဖြစ်ရေး စိတ်ကြိုက်ပြုပြင်နိုင်သည့်ဈေးကွက်မှာ အရှိန်ပိုမိုရလာပြီ။ ငွေကျပ်တစ်သိန်းခွဲမှစ၍ ၁၅ သိန်း၊ သိန်း၂၀ သုံးနိုင်လျှင် မိမိမျက်နှာတစ်ခုလုံးကို ပြင်ဆင်ဖြည့်ဖြုတ် အမျိုးစုံလုပ်နိုင်လေသည်။

အရေးအကြောင်းဖျောက်လိုသလား၊ အသားအရေကြည်လိုသလား၊ ငယ်ရွယ်နုပျိုလိုသလား၊ နှာခေါင်းချွန် လိုသလား၊ ပါးမို့လိုသလား လိုချင်သည့်ပုံစံ အမျိုးမျိုးအတွက် လက်တစ်ကမ်းတွင်သာ။

ထိုပြုပြင်မှုလုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် သုံးလေးနှစ်အတွင်း မှိုလိုပေါက်၍ လာသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့  ထိုင်းနိုင်ငံမှ မျက်နှာအလှအပပြုပြင်ပေးသည့် ဆေးခန်းများစတင်ရောက်ရှိ  လာပြီးနောက်ပိုင်းတွင် လူသိများကာ ပြုလုပ်လာခဲ့ကြသည်။

“ယိုးဒယားဆေးခန်းတွေ ရောက် လာတော့ လူတွေက ပိုလုပ်လာတယ်။  ပိုသိလာတယ်” ဟု အရေပြားနှင့် အလှအပရေးရာ ဆရာဝန် ဒေါက်တာမျိုးထက်ပိုင် က ပြောကြားသည်။

လက်ရှိတွင်ပင် ရန်ကုန်မြို့အတွင်း  ပြည်တွင်းနှင့် ပြည်ပမှ ဖွင့်လှစ်ထားသည့်  အလှအပပြုပြင်ပေးသည့် ဆေးခန်းပေါင်း  ၅၀ ကျော်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင်  ၁၀၀ နီးပါး ရှိနေပြီဖြစ်သည်။

အကြီးစားနှင့် အသေးစားပြုပြင်မှု

မျက်နှာပြုပြင်ရာတွင် အမျိုးအစား နှစ်ခုရှိသည်။ ခန္ဓာကိုယ်မှ မိမိပြုပြင်လိုသည့်နေရာကို အကြီးစားခွဲစိတ်ပြုပြင်  သည့် Aesthetic Surgery (Plastic  Surgery)နှင့် ခွဲစိတ်စရာမလိုဘဲ မျက်နှာအလှပြုပြင်သည့် Aesthetic Dermatology ဆိုသည့် အမျိုးအစားနှစ်ခု ဖြစ်သည်။

ယခင်က သာမန်လူတန်းစားများနှင့် အလှမ်းကွာဝေးသလို မြန်မာနိုင်ငံမှ  အထက်တန်းလွှာလူတန်းစားသာ ပြည်ပတွင် ပြုလုပ်နိုင်ခဲ့သည့် Plastic Sergury ကို ယခုမူပြည်တွင်းတွင်ပင် ပြုလုပ်နိုင်ပြီ ဖြစ်သည်။ ထို့အတူ ခွဲစရာမလိုဘဲ အလှပြုပြင်သည့် Aesthetic ဆေးခန်းများနှင့်  အလှပြုပြင်ရေးဆိုင်များကလည်း အများအပြားပင် ဖြစ်လာသည်။

Plastic Sergury မှာ ငွေကုန်ကြေးကျများသလို ခွဲစိတ်ခန်းဝင်၍ အချိန်ပိုပေးရသည်။ ခွဲစိတ်စရာမလိုသည့် နည်းလမ်းမှာ ကြာရှည်မခံသော်လည်း ပို၍လွယ်ကူသောကြောင့် အလွယ်တကူဖြင့် လှပသည့် နည်းလမ်းကိုသာ နောက်ပိုင်းတွင် ရွေးချယ်လာကြသည်။

နိုင်ငံ၏စီးပွားရေး တောင့်တင်းခိုင်မာလာလျှင် ပြည်သူများ၏ လူမှုစီးပွားတိုးတက်မှုနောက်ဆက်တွဲများအဖြစ် ထိုအရာများက ရထားတွဲအလား  ပါဝင်၍လာသည်။

“စီးပွားရေးကောင်းလာပြီဆိုရင်ပေါ့။ စီးပွားရေးမကောင်းလည်း လှချင်တဲ့သူက လုပ်မှာပဲ ပိုက်ဆံစုပြီးတော့။ (မျက်နှာပြုပြင်ရေး) ဒီဟာက ဒီထက်ပိုပြီးတော့ ဈေးကွက်ကြီးက ကြီးမားကျယ်ပြန့်လာဖို့ပဲရှိတယ်” ဟု American Academy of Aesthetic Medicine, USA မှ Board Certified &  Member ရရှိထားသည့် ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ဆိုသည်။

မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးနိုင်ငံများဖြစ်သော ကိုရီးယားနှင့် ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံများတွင် မည်သည့်နေရာမဆို ထိုဆေးခန်းများက နေရာယူထားခဲ့သည်။

ဥရောပ၊ အမေရိကတို့တွင်လည်း  ထိုအလှအပပြုပြင်ခြင်းများက ရှေးပဝေသဏီကပင် လူကြိုက်များသုံးစွဲကြသည့် အရာများလည်း ဖြစ်သည်။

“ကိုရီးယားက ဂန်နမ်းဆိုရင် တရုတ်တွေ အများဆုံးသိတယ်။ အလှအပ ခွဲစိတ်ဆေးခန်းတွေက ဆိုင်ခန်းတွေလိုပဲ  သပ်ရပ်သန့်ရှင်းတယ်။ အများကြီးပဲ  ကြိုက်တဲ့ဆေးခန်းတွေမှာ လုပ်ကြတယ်။  ဒီနေ့လုပ်ပြီး မနက်ဖြန်ပြန်သွားတယ်။  အဲဒီလိုမျိုးထိ လုပ်ကြတယ်။ တရုတ်က လူတွေလည်း သွားလုပ်တယ်” ဟု  ဒေါက်တာမျိုးထက်ပိုင်က ဆိုသည်။

Plastic Sergury  (အကြီးစားခွဲစိတ်ပြုပြင်မှုများ)

ယခင်က Plastic Sergury သာ အဓိကပြုလုပ်မှုများခဲ့သည်။ ငွေကြေးအမြောက်အမြား သုံးစွဲနိုင်ပြီး မျက်နှာ အလှနှင့် အလုပ်လုပ်ရသည့် အနုပညာရှင်များသာမက သာမန်လူလတ်တန်းစားများကလည်း ထိုပြုပြင်မှုများကို အလေးသာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း မျက်နှာပြုပြင်လိုသည့် ငွေကြေးတတ်နိုင်သူများက  ပြည်ပသို့ သွားရောက်ပြုပြင်ကြသည်။ ဥရောပနိုင်ငံများသာမက စင်ကာပူ၊  ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ဆီသို့လည်း  သွားရောက်ပြုပြင်ခဲ့ကြသည်။

အများဆုံးသွားရောက်ကြသူများမှာ အနုပညာအသိုင်းအဝိုင်းနှင့် အထက်တန်းလွှာများဖြစ်သည်။ ယနေ့ထိတိုင်  ပြည်ပသို့ သွားရောက်ခွဲစိတ်နေသည့်  အနုပညာရှင်များလည်း ရှိသည်။

ထိုခွဲစိတ်ပြုပြင်မှုများတွင် အရည်အသွေးကောင်းသည့် ပစ္စည်းများဖြစ်ပါက  တစ်သက်တာ ထပ်မံခွဲစိတ်ရန် မလိုဘဲ  အသုံးပြုနိုင်သလို အချို့မှာ ၁၅ နှစ်အတွင်း ပြန်လည်ထုတ်ရသည့်ပစ္စည်းများလည်း ရှိသည်။

ယခုအခါ ပြည်တွင်းတွင်လည်း  အကြီးစားခွဲစိတ်ပြုပြင်သည့် ဈေးကွက်မှာ  ကျယ်ပြန့်မှုရှိလာပြီး ယခင်ကလို ပြည်ပသို့  သွားရောက်ခွဲစိတ်မှု နည်းပါးလာကြောင်း  ပန်းလှိုင်စီလုံဆေးရုံမှ အီတလီနိုင်ငံသား ခန္ဓာကိုယ် အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီးပါမောက္ခဒေါက်တာ R.Roddi  က ပြောကြားသည်။

“နောက်ဆက်တွဲ ရှုပ်ထွေးမှုဖြစ်လာတဲ့အချိန်မှာ နေရာဒေသ ဝေးလံမှုကြောင့် အဆင်မပြေဖြစ်ပြီး ပိုပြီးနှောင့်နှေး  ကြန့်ကြာစေတဲ့အတွက် ခန့်မှန်းမရနိုင်တဲ့  ကိစ္စတွေဖြစ်လာပြီး လက်တွေ့မကျပါဘူး”   ဟု ပါမောက္ခဒေါက်တာ R.Roddi က  ဆိုသည်။

ဆိုလိုရင်းမှာ ပြည်ပတွင်  သွားရောက်ခွဲစိတ်ပြီးနောက် တစ်စုံတစ်ရာ ပြန်လည်ပြုပြင်ရန်အတွက် ထပ်မံသွား ရောက်ရန် ဝေးလံသဖြင့် မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်နိုင်သည်ဟု  ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ နှာခေါင်းအတွင်း ဆီလီကွန်ထည့်ခြင်း၊ ရင်သားတွင် ဆီလီကွန်ထည့်ခြင်း၊ FDA (အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) အသိအမှတ်ပြုထားသော ရင်သားအစားထိုးပစ္စည်း Motiva ဖြင့်  ရင်သားကြီးအောင် ပြုပြင်ခြင်း၊ မိမိအဆီဖြင့် တင်ပါးပြုပြင်ခြင်း၊ ကလေးမွေးပြီးနောက် လျော့ရဲလာသည့် ရင်သားနှင့် ဗိုက်အရေပြား ပြန်လည်တင်းရင်းစေရန် ပြုပြင်ပေးခြင်း စသဖြင့် အကြီးစားပြုပြင် ခွဲစိတ်မှုများ ပြုလုပ်နိုင်သည်။

အဆိုပါ ပြုပြင်မှုများအတွက် ငွေကျပ် ၁၀ သိန်းမှစ၍ သိန်း ၁၀၀ အထိ  ရှိနိုင်သည်။

FDA က  ခွင့်ပြုထားသည့် အမေရိကန်နိုင်ငံထုတ် ပစ္စည်းများကိုသာ အသုံးပြုခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါအကြီးစား ခွဲစိတ်ပြုပြင်ခြင်းများကို ပန်းလှိုင်စီလုံနှင့် ဆာကူရာဆေးရုံကြီးတို့တွင်သာ ရရှိနိုင်ပြီး ဆေးခန်းငယ်များတွင်မူ အကြီးစားခွဲစိတ်ခြင်းများကို ပြုလုပ်ခွင့်မရှိပေ။

“အသေးစားခွဲစိတ်မှုတွေတော့  ဆေးခန်းတွေမှာ လုပ်လို့ရတယ်။ မျက်ရစ်တို့ မျက်အိတ်တို့၊ ပါးအဆီထုတ်တာတို့  အသေးစားခွဲစိတ်မှုလေးတွေ လုပ်လို့ရတယ်။ အကြီးစားတွေကတော့ အစိုးရက  အသိအမှတ်ပြုတဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာပဲ လုပ်လို့ရတယ်” ဟု ဒေါက်တာ မျိုးထက်ပိုင်က ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းမှ အလှအပပိုင်းဆိုင်ရာ အကြီးစားခွဲစိတ်မှုပြုလုပ်သူ  မြန်မာနိုင်ငံသားဆရာဝန်မှာ ငါးဦးခန့် သာရှိပြီး ကျန်သည့်ဆရာဝန်များမှာ  ပြည်ပမှလာရောက်သည့် ဆရာဝန်များဖြစ်သည်။

ထိုခွဲစိတ်မှုထက် ပို၍လွယ်ကူသော  အသေးစားပြုပြင်မှုများကို ပို၍ နှစ်သက်လာကြသည်။

Aesthetic Medicine (အသေးစားပြုပြင်မှုများ)

အလှအပကို လူတိုင်းနှစ်သက်ကြသည်သာ။ ငွေကြေးသုံးနိုင်သူက ပို၍လှပစေရန် ကြိုးပမ်းအားထုတ်ကြသည်။  သို့သော် အလွယ်တကူနှင့် လတ်တလော လှပသွားရန်အတွက် ခြောက်လ၊ တစ်နှစ် အထိ ခံသည့်နည်းလမ်းများကို သုံးလာကြသည်များလည်း ရှိသည်။

“ဟိုးအရင်ကတော့ Celebrity  တွေပဲလုပ်ကြတယ်။ အခုကတော့ မိန်းကလေးရော၊ ယောက်ျားလေးရော  လာလုပ်ကြတယ် (မျက်နှာပြုပြင်ကြတယ်)။ အသက်အရွယ်မရွေး၊ လူတန်းစားမရွေးဘဲ လုပ်ကြတယ်” ဟု လက်ရှိ မျက်နှာပြုပြင်မှုများ ဆောင်ရွက်ပေးနေသည့်  အလှအပဆိုင်ရာဆရာဝန် ဒေါက်တာငွေဇင်ကျော်က ဆိုသည်။

မြန်မာနိုင်ငံတွင် အများဆုံးပြုလုပ်ကြသည်မှာ မျက်နှာတင်းရင်းစေရန် ကြိုးထိုးခြင်း၊ မျက်ရစ်ဖော်ခြင်း၊ မျက်အိတ်ထုတ်ခြင်း၊ Botox ထိုးခြင်း၊ Filler ထိုးခြင်း၊ သွေးရည်ကြည်ထိုးခြင်း၊ အဆီဖြည့်ခြင်း၊ ထုတ်ခြင်း၊ တင်းတိပ်၊ ဝက်ခြံများကို လေဆာပစ်ခြင်းတို့ဖြစ်သည်။

ထိုပြုပြင်မှုများအတွက် ငွေကျပ် တစ်သိန်းခွဲမှစ၍ သိန်း ၃၀ အထိ ကုန်ကျနိုင်သည်။

ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်သည့် FDA အသိအမှတ်ပြု ပစ္စည်းများကို အများဆုံး အသုံးပြုကြ သည်။

ကြိုးထိုးခြင်းမှာ အသားထဲတွင်  Collagen ထွက်လာစေရန်အတွက် အားပေးသော အရေပြားတွင် ပျော်ဝင်နိုင် သည့် ကြိုးမျှင်လေးများဖြင့် အရေပြားတွဲကျခြင်းနှင့် တင်းရင်းစေရန် လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ အပ်ချည်ကြိုးအရွယ် ပလတ်စတစ်ကြိုးကဲ့သို့ ပုံစံဖြစ်သည်။

“အထဲက ကလီစာတွေကို ချုပ်ရင် သုံးတဲ့ကြိုးနဲ့ အာနိသင်အတူတူပဲ။  ဟိုးအရင်ကဆို ဆိတ်အူနဲ့လုပ်တယ်လို့  ပြောကြတယ်။ အဲဒီဟာနဲ့ပဲ အာနိသင်တူတယ်။ အရေပြားထဲ ပျော်ဝင်သွားတယ်။  ပျော်ဝင်ရင်တော့ သူ့ရဲ့ အကျိုးသက်ရောက် မှုမရှိတော့ဘူး။ ရှိရင်းစွဲအတိုင်း ပြန်ဖြစ်တယ်” ဟု ဒေါက်တာငွေဇင်ကျော်က  ပြောကြားသည်။

ကြိုးကို အပ်မျှင်မျှင်လေးတွင်ပတ်၍ အရေပြားအဆီအောက်နှင့် ကြွက်သား၏အကြားသို့  ထိုးသွင်းပြီး အပ်ကိုပြန်ဆွဲထုတ်ချိန်တွင် ကြိုးတွင်ပါသော ချိတ်လေးများက အရေပြားအတွင်း ကျန်ရှိခဲ့ခြင်းဖြစ်သည်။ ထိုကြိုးကို တုံ့ပြန်ချိန်တွင် အရေပြားကို တင်းရင်းစေသည့် Collagen ထွက်လာစေခြင်းဖြစ်သည်။

ထို့အပြင် နှာခေါင်းရိုးပြားသူများ၊  ပွသူများကလည်း ဆီလီကွန်အစား ကြိုးထိုးခြင်းကို ပြုလုပ်ကြသည်။

ထို့အတူ Botox ထိုးခြင်းသည်လည်း ငယ်ရွယ်နုပျိုပြီး အရေးအကြောင်းများ ပျောက်ကွယ်စေရန် ထိုးခြင်းဖြစ် သလို Filler ကမူ မိမိမျက်နှာတွင် ဖောင်းအစ်အစ်ဖြစ်လိုသည့်နေရာကို ထိုးသည့်  Gel အမျိုးအစားတစ်ခုဖြစ်သည်။

သွေးရည်ကြည်ထိုးခြင်းမှာမူ မိမိခန္ဓာကိုယ်မှ သွေးကိုထုတ်ယူကာ သွေးလှည့်သည့် စက်တစ်မျိုးဖြင့် လှည့်ပြီးနောက် အပေါ်ယံသွေးရည်ကြည်ကို ယူ၍ မျက်နှာအရေပြားလှပနုပျိုရန် မျက်နှာအရေပြား အောက်အတွင်းသို့ ထိုးခြင်းဖြစ်သည်။

အဆီဖြည့်ခြင်း၊ ထုတ်ခြင်းသည်လည်း ထိုနည်းတူစွာပင် မိမိအဆီကိုပင်ယူ၍ လိုသည့်နေရာသို့ ထိုးနှံခြင်းဖြစ် သည်။ မျက်နှာချိုင့်သူများက လိုအပ်သည့်နေရာသို့ ထိုးနှံခြင်းလည်းဖြစ်သည်။

ယခင်က ယင်းကဲ့သို့ အသေးစားအလှပြုပြင်မှုများကိုပင် မြန်မာနိုင်ငံတွင်  လုပ်ဆောင်၍မရရှိခဲ့ဘဲ ထိုင်းသို့ အများစု သွားရောက်ပြုလုပ်ခဲ့ကြရသည်။ ထို့ပြင် မိမိတို့ ပြုပြင်ခွဲစိတ်ထားသည်ကို မသိစေလို၍ ခိုးဝှက်လုပ်ရသည့် အခြေအနေဖြစ်ခဲ့သည်။

“ဒီအလှအပပြုပြင်တဲ့ ဆေးခန်းတွေများလာတော့ ဈေးနှုန်းရော အရည်အသွေးရော ရွေးချယ်ပိုင်ခွင့်ရှိတယ်။  တစ်ခုခုဆိုလည်း ဆရာဝန်နဲ့ပြန်ပြီး ဆွေးနွေးလို့ရတယ်။ ဘာလိုလို ပြန်လုပ်လို့ရတယ်။  ပိုပွင့်လင်းလာတယ်” ဟု ဒေါက်တာမျိုးထက်ပိုင်က လက်ရှိအခြေအနေကိုဆိုသည်။

အလှအပကို ခုံမင်နှစ်သက်သည့် အမျိုးသမီးများအတွက် ထိုကုသမှုများက  ခေတ္တခဏပြည့်စုံသည့် စိတ်ခံစားချက်ကို ရစေသည်။

“အစ်မက နှာခေါင်းကြိုးထိုးတာကို စလုပ်ဖြစ်တယ်။ Cosmetic တွေ အများကြီးသုံးတာထက်စာရင် ဒီလိုမျိုးလုပ် တာက တစ်နှစ်လောက်ခံတယ်။ ခွဲစိတ်သလို နာတာမဟုတ်လို့လည်း လုပ်ဖြစ်တာပေါ့” ဟု နှာခေါင်းနှင့် မျက်နှာကို ကြိုးထိုးထားပြီး နှုတ်ခမ်းနှင့် မေးစိကို Filler ထိုးထားသူ မဆိုဖီယာက ပြောကြားသည်။

သို့သော် မိမိလိုချင်သည့် မျက်နှာပုံစံရရှိလျှင် ပျော်ရွှင်ကြသလို ထိုပျော်ရွှင်မှုနှင့်အတူ စိုးရိမ်ကြောင့်ကြမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကလည်း  အဆင်သင့်ရှိနေလေသည်။

ဓာတ်ပုံ – မြင့်မိုးညို

နောက်ဆက်တွဲ ဆိုးကျိုးများ

ဒေါက်တာငွေဇင်ကျော်ထံသို့ မျက်နှာပြန်ပြင်ရန် လာရောက်သူမှာ တစ်လလျှင် သုံးဦးခန့်ရှိသည်။

အခြားသူတစ်ဦး ကိုင်တွယ်ပြုပြင်ပေးလိုက်သည့် မျက်နှာတွင် တစ်စုံတစ်ရာပြဿနာကြောင့် ပြန်ပြင်ပေးရ၍ ဒေါက်တာ ငွေဇင်ကျော်မှာ ကရုဏာဒေါသနှင့် စိတ်ညစ်ရမြဲပင်။

မျက်နှာပုံစံမကျ၍ သို့မဟုတ်  မိမိလိုချင်သည့် မျက်နှာပုံစံမဖြစ်၍ မျက်နှာပြုပြင်လိုက်ပြီးနောက် ထိုနေရာတွင် ပြဿနာပေါ်၍ စသဖြင့် အကြောင်းပေါင်းစုံဖြင့် လာရောက်ကြခြင်းဖြစ်သည်။

မိတ်ကပ်၊ ဆံပင်အလှအပ ပြုပြင်သည့်နေရာများနှင့် Spa ကဲ့သို့ နေရာများတွင် ပြုပြင်ခဲ့ပြီးနောက် ပြဿနာပေါ်၍  လာရောက်သူက အများဆုံးဖြစ်ကြောင်း  ဒေါက်တာငွေဇင်ကျော်က ပြောကြားသည်။

“အလှပြင်ခန်းတွေက အရည်အသွေးမမီတဲ့ ထုတ်ကုန်တွေသုံးပြီးတော့မှ ရှုပ်ထွေးမှုတွေနဲ့ ရောက်လာတာ။ အရမ်းအန္တရာယ်များတဲ့ အခြေအနေတွေနဲ့  ရောက်လာတတ်တာ။ နှာခေါင်းဆို  ပုပ်ခါနီးအချိန်တို့ ဘာတို့ အဲဒီလိုဟာတွေ  ခဏခဏရောက်လာတော့ စိတ်ညစ်တယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ ဆေးကုသခွင့်လက်မှတ် မရရှိဘဲ ကုသ၍သော်လည်းကောင်း၊ ဆေးကုသခွင့်လက်မှတ် ရှိ၍သော်လည်း  ကောင်း တစ်စုံတစ်ရာ မှားယွင်းမှုဖြစ်ပေါ်ပါက နစ်နာသူက တိုင်ကြားနိုင်ပြီး အရေးယူဆောင်ရွက်ပေးခဲ့ရသည့် အခြေအနေအချို့လည်း ရှိခဲ့ဖူးကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီအတွင်းရေးမှူး ဒေါက်တာ ကြည်ကြည်သင်းက ပြောကြားသည်။

အလှအပဆိုင်ရာအပါအဝင် ဆေးရုံ၊  ဆေးခန်းများ ဖွင့်လှစ်မည်ဆိုပါက တိုင်းကျန်းမာရေးဦးစီးဌာနထံသို့ ခွင့်ပြုချက်လိုင်စင်တင်ရကာ ဌာနက လိုင်စင်ချပေးမှသာ ဖွင့်ခွင့်ရရှိခြင်းဖြစ်သည်။

“ဒီအလှအပရေးရာနဲ့ ပတ်သက်ပြီး ကော်မတီလည်းရှိတယ်။ တိုင်ကြားသူရှိရင်  ဆရာမတို့က အရေးယူပေးတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ သီးခြားစည်းမျဉ်းရှိတယ်။  ဆေးကောင်စီဥပဒေကတော့ အမှားတိုင်း အတွက် အရေးယူလို့ရတယ်” ဟု ၎င်းကဆိုသည်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *