တစ်ကျော့နှစ်ကျော့ အကြိမ်ကြိမ်လျှော့ စကလကအခွန်

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ခုနစ်ကြိမ်တိုင်တိုင် လျှော့ချပေးခဲ့ပြီးဖြစ်သည်။

အတိအကျဆိုရလျှင် ၂၀၀၇ ခုနှစ်မှသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေများကို အခွန်နှုန်းလျှော့ချပေးခဲ့သည်မှာ ခုနစ်ကြိမ်တိတိ ဖြစ်သည်။

ယခုအစိုးရလက်ထက်တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို တစ်ကြိမ်မျှလျှော့ချခြင်းမရှိသေးသော်လည်း လျှော့ချရန် ကြိုးစားမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဝက်ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ်တွင် အဆိုပါစည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများကို အခွန်နှုန်းလျှော့ချရန် ပြည်ထောင်စုလွှတ်တော်သို့ အစိုးရအဖွဲ့က ဥပဒေမူကြမ်းတင်သွင်းခဲ့သော်လည်း အပြီးသတ်ဥပဒေ အတည်ပြုချိန်တွင် အဆိုပါအခွန်နှုန်းလျှော့ချမည့် စာပိုဒ်ကို ပြန်ဖြုတ်ခဲ့ခြင်းဖြစ်သည်။

အခွန်မဆောင်၊ အခွန်လျော့နည်းပေးဆောင်ထားပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ်ကောက်ခံသည့် အခွန်နှုန်းကို ၁၉၉၀ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အကြိမ်ကြိမ် လျှော့ချပေးခဲ့ပြီး ဖြစ်သည်။

ဝင်ငွေရလမ်းမဖော်ပြနိုင်သူများအနေနှင့် အဆိုပါဥပဒေမူကြမ်းကို ကြိုဆိုထောက်ခံကြမည်ဖြစ်သလို ပုံမှန်အခွန်ထမ်းဆောင်နေသူများအတွက် သောက်ရခက်သည့် ဆေးခါးကြီးသဖွယ်ဖြစ်သည်။

“နိုင်ငံတော်ရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ တွန်းအားပေးပြီး ဆောင်ရွက်တဲ့အနေနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ စားသုံးမှုများ တိုးမြင့်လာစေရန်အလို့ငှာ ပြည်သူများလက်ဝယ်ရှိ စည်းကြပ်မှုလွတ်ကင်းနေသော ငွေများ ပြန်လည်ပေါ် ထွက်လာစေရန်အတွက် ဖြစ်ပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဩဂုတ်လ ၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားထားသည်။

အခွန်လျှော့ပေါ့ပေးခဲ့သော ယခင်အကြိမ်များတွင်လည်း အစိုးရအဖွဲ့များက ထိုနည်းနှင်နှင်ပင် ဆိုခဲ့ပြီး ဖြစ်သည်။

အိုးအိမ်တိုက်တာ၊ ခြံ၊မြေ၊ မော်တော်ယာဉ် စသည့် အခြေပစ္စည်းရောင်းဝယ်မှုများတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့်အတွက် အမည်ပေါက်ပြောင်းလဲခြင်းမရှိဘဲ သည်အတိုင်းထားသည့် ပိုင်ဆိုင်မှုများစွာ ပြည်တွင်း၌ ရှိနေသည်။

လက်ရှိတည်ဆဲအခွန်ဥပဒေအရ ယင်းကဲ့သို့ ဝင်ငွေရလမ်းမပြနိုင်သော ဝင်ငွေများကို ကျပ်သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးရာအထက်မှ ကျပ်သိန်းတစ်ထောင်အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း တစ်ထောင်အထက်ကို ၃၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းတွင် ထိုအခွန်နှုန်းထားများကို လျှော့ချပေးထားသည်။

ဝင်ငွေရလမ်းမပြနိုင်သောဝင်ငွေ ကျပ်သိန်းတစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းအထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း အခွန်ကျသင့်စေမည်ဖြစ်ကြောင်း အဆိုပါမူကြမ်းတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – မိုးကျော်လွင်

တစ်နှစ်ဝင်ငွေ ကျပ် ၄၈ သိန်းထက်ကျော်ပါက အခွန်ဆောင်ရန် တာဝန်ရှိပြီး အခြေခံသက်သာခွင့်၊ ကင်းလွတ်ခွင့်များ နုတ်ပယ်ကာ ကျန်ရှိသော ဝင်ငွေပေါ်တွင် အခွန် ၅ ရာခိုင်နှုန်းမှ အများဆုံး ၂၅ ရာခိုင်နှုန်းအထိ အခွန်ဆောင်ရန် တည်ဆဲဥပဒေက ပြဋ္ဌာန်းထားသည့် အခွန်ပေးဆောင်နေသူများကမူ ယင်းသို့ အခွန်နှုန်းလျှော့ချမှုကို မမျှတဟု ဝေဖန်ကြသည်။

“တစ်နှစ်မှာ ဝင်ငွေ သိန်းသုံးရာကျော်တာနဲ့ ကျော်သွားတဲ့အပေါ်မှာ အခွန် ၂၅ ရာခိုင်နှုန်းနဲ့ဆောင်နေရသူတွေ ရှိမယ်။ အခွန်မဆောင်၊ ရှောင်တဲ့ သူတွေကျတော့ သိန်းတစ်ထောင်အထိ ကိုမှ ၃ ရာခိုင်နှုန်းနဲ့ ဖြစ်ပြီးတော့ ငါတို့တော့ ၂၅ ရာခိုင်နှုန်းနဲ့ဆောင်ရတယ်ဆိုပြီး မမျှတမှုဖြစ်တယ်လို့ ခံစားရမှာ သဘာဝပဲ” ဟု Win Thin & Associates ၏ အုပ်ချုပ်မှုဒါရိုက်တာလည်းဖြစ်သူ ဦးမိုးကျော်က ပြောသည်။

အဆိုပါဥပဒေမူကြမ်းအရ ပုံမှန်အခွန်ဆောင်သူအနေနှင့် အခြေခံသက်သာခွင့်၊ ကင်းလွတ်ခွင့်အားလုံး နုတ်ပယ်ပြီး အခွန်ဆောင်ရန် အသားတင်ကျန်ရှိသော တစ်နှစ်ဝင်ငွေ သိန်းနှစ်ရာရှိသည်ဆိုပါက တစ်နှစ်စာ ဝင်ငွေခွန် ၂၁ ဒသမ ၅ သိန်း ပေးဆောင်ရမည်ဖြစ်ပြီး အခွန်မဆောင်၊ ရှောင်ခဲ့ပါက လျှော့ပေါ့ပေးထားသော အခွန်နှုန်းအရ ခြောက်သိန်းသာ ပေးဆောင်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ ငါးနှစ်ကာလကိုတွက် ကြည့်မည်ဆိုလျှင် ပုံမှန်အခွန်ဆောင်သူမှာ ငါးနှစ်အတွက် ဝင်ငွေခွန် ကျပ် ၁၀၇ ဒသမ ၅ သိန်းဆောင်ရမည်ဖြစ်ပြီး ငါးနှစ်လုံး အခွန်မဆောင်၊ ရှောင်ခဲ့သူမှာ ငါးနှစ်စာ ဝင်ငွေ ကျပ်သိန်းတစ်ထောင်အတွက် ဝင်ငွေခွန် ကျပ်သိန်းသုံးဆယ်သာ ဆောင်ရမည်ဖြစ်သည်။

“ဒီလိုမျိုး တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ပေးလိုက်ဆိုတော့ လူတွေကလည်း နောက်အကြိမ်ကြိမ်လာဦးမလား ဆိုပြီး တွေးနေမှာပဲ။ ဘာမှမဆောင်လည်း ရပါတယ်။ နောက်တစ်ကြိမ်မှ ဆောင်လိုက်တာပေါ့လို့ တွေးသွားကြရင် အခွန်ထမ်းတွေကြား မမျှတမှုက ဆက်ဖြစ်နေမှာပဲ” ဟု ဦးမိုးကျော်က မှတ်ချက်ပေးသည်။

တစ်ဖက်တွင်မူ လုပ်ငန်းတိုးချဲ့ချင်သော်လည်း ပိုင်ဆိုင်မှု၊ ဝင်ငွေရလမ်းမပြနိုင်၍ အခွန်နှုန်းကြီးကြီးဖြင့် အခွန်ဆောင်နေရသည့်အတွက် အခွန်နှုန်းလျှော့ချပေးရန် တောင်းဆိုကြသည့် လုပ်ငန်းရှင်များလည်း ရှိသည်။

ယင်းသို့ အခွန်နှုန်းလျှော့ချလျှင် နှေးကွေးနေသော တိုင်းပြည်စီးပွားရေးအထိုက်အလျောက် ပြန်လည်ကောင်းမွန်လာနိုင်ပြီး ငွေကြေးလည်ပတ်မှု ပိုကောင်းလာနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့်ဥပဒေမူကြမ်းအရမူ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ဝင်ငွေခွန်နှုန်းထားလျှော့ချပေးခြင်းကို အခြေပစ္စည်းဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်းတို့အတွက် အသုံးပြုမည့် ငွေကြေးများအပေါ်တွင်သာ ခံစားရရှိစေမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားထားသည်။

အခွန်လျှော့ပေါ့ပေးမှုမှာ ဖြစ်သင့်သော်လည်း စက်ရုံ၊ လုပ်ငန်းများတွင် အမှန်တကယ်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကိုသာ စနစ်တကျ စိစစ်ကာ အခွန်လျှော့ပေးသင့်ကြောင်း မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ဆိုသည်။

အခွန်လျှော့ပေါ့မှုကို မည်သို့ မည်ပုံ ပေးမည်ဆိုသည်က ပိုအရေးကြီးကြောင်း ၎င်းက ပြောသည်။

“တိုင်းပြည်စီးပွားရေးထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာဖို့အတွက်၊ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတဲ့ ကင်းလွတ်ခွင့်မျိုးပဲ ဖြစ်သင့်တယ်။ ဒီတိုင်းပဲ လာကြေညာသူတိုင်းကို ရာခိုင်နှုန်းတစ်ခု ဆောင်ခိုင်းပြီး ငွေဖြူဖြစ်သွားတယ်ဆိုရင်တော့ ဒါက လမ်းကြောင်းလွဲသွားနိုင်တယ်။ Fair မဖြစ်ဘူးပေါ့” ၎င်းက ဆက်ပြောသည်။

အဆိုပါဥပဒေမူကြမ်းတွင် တရားမဝင်ငွေကြေးနှင့် ငွေကြေးခဝါမှုတို့နှင့် သက်ဆိုင်ခြင်းမရှိစေရန် ဖော်ပြချက် ပါဝင်သော်လည်း ယခင်ကတည်းက အမြစ်စွဲလာသည့် လာဘ်ပေးလာဘ်ယူအကျင့်ပျက်ခြစားမှုများကြောင့် နှစ်များစွာ ပုန်းကွယ်နေသည့် ငွေမည်းများပါလာလျှင် မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို မေးခွန်းထုတ်မှုများလည်း ရှိသည်။

“ဥပဒေကြမ်းမှာတော့ ငွေကြေးခဝါချမှုနဲ့ မသက်ဆိုင်စေရလို့ပြောပေမယ့် အမျိုးမျိုးပေါ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရတာတွေ ရှိနေတာပါပဲ။ တကယ့်လက်တွေ့မှာ လုပ်နိုင်တဲ့လုပ်ငန်းစဉ်တွေ ရှိသလား ဆိုတာက မေးခွန်းထုတ်စရာပဲ”ဟု ဦးမိုးကျော်က ဆိုသည်။

ယခုလို အခွန်လျှော့ပေါ့ပေးမှုမှာ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း လုပ်ဆောင်လေ့ရှိကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အခွန်လျှော့ပေါ့မှု ၁၈ ကြိမ်၊ အိန္ဒိယနိုင်ငံတွင် ၁၁ ကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် လေးကြိမ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၇၂ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ၁၅ ကြိမ်နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပုံစံမျိုးစုံဖြင့် အခွန်လျှော့ပေါ့မှုများ လုပ်ဆောင်ခဲ့ကြသည်။

ယင်းတို့အနက်မှ အောင်မြင်မှုအရှိဆုံး အခွန်လျှော့ပေါ့မှုအစီအစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့မှုတစ်ခုသာ အထင်အရှားပြစရာရှိသည်။

မြန်မာနိုင်ငံတွင်လည်း အခွန်လျှော့ပေါ့မှု၊ အခွန်ကင်းလွတ်ခွင့်၊ အခွန်လွတ်ငြိမ်းသာခွင့် စသဖြင့် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ အခွန်မဆောင်၊ အခွန်ရှောင်သူများအနေနှင့် နောင်အနာဂတ်တွင်လည်း ယင်းသို့ ထပ်လာဦးမည်ဟု မျှော်လင့်ကောင်း မျှော်လင့်နိုင်သည်။

“လူတွေက အတိတ်ကိုကြည့်ပြီး အနာဂတ်မှာလည်း ဒါမျိုးလာဦးမှာပဲဆိုပြီး ခုချိန်လာတုန်း။ တစ်ခါဆောင်လိုက်၊ နောက်ထပ်လာတော့မှ ဆောင်မယ်ဆိုရင်၊ Law Enforcement မရှိရင် တိုင်းပြည်အတွက် မကောင်းဘူးပေါ့” ဟု ဦးမိုးကျော်က ဆိုသည်။

သို့သော် ယခုတစ်ကြိမ်သည် တည်ဆဲဝင်ငွေခွန်ဥပဒေအရ နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဝင်ငွေခွန်ဥပဒေအသစ်ကို အစိုးရအဖွဲ့က ရေးဆွဲနေသည်မှာ နောက်ဆုံး အချောသတ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ထိုဝင်ငွေခွန်ဥပဒေအသစ် ပေါ်ထွက်လာလျှင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဆိုသည့် အသုံးအနှုန်းပင် ပါဝင်လာရန် အကြောင်းမရှိတော့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ယခုလိုဆိုသည်။

“အဲဒီဝင်ငွေခွန် ဥပဒေအသစ် ပေါ်လာရင် ခင်ဗျားတို့ ပြောနေတဲ့ စကလက (စည်းကြပ်မှုလွတ်ကင်းနေသော ဝင်ငွေများ) ဆိုတဲ့ ခေါင်းစဉ်လည်း မရှိတော့ဘူး။ ပြီးသွားပြီ”

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *