၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

သင်ခန်းစာ (၆) လူ့ယဉ်ကျေးမှု (civilisation)

ကမ္ဘာမှာ လူ့ယဉ်ကျေးမှုတစ်မျိုးပဲရှိတယ် (အပိုင်း-၃)

ကမ္ဘာကျော်စာရေးဆရာ Yuval Noah harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

စာဖတ်သူကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ကို ခေါ်သွားလိုပါသည်။  ၁၀၁၆ ခုနှစ်တွင် အလယ်ခေတ် အိုလံပစ်ပွဲတော်ကို ရီယိုမြို့တွင် ကျင်းပချင်သည် ဆိုကြပါစို့။ ရီယိုမြို့မှာ ထိုစဉ်က တူပီအန်းဒီးယန်းများ၏ ရွာငယ်လေးသာ ဖြစ်သည်ကိုလည်း ခဏမေ့ထားလိုက်ပါ။ ထိုစဉ်က အာရှသားများ၊ အာဖရိကသားများ၊ ဥရောပသားများမှာ အမေရိကတိုက် ဘယ်ဆီနေမှန်းပင် မသိကြောင်းကိုလည်း မေ့ထားလိုက်ပါ။ ကမ္ဘာ့ထိပ်တန်း  အားကစားသမားများကို လေယာဉ်ပျံမရှိဘဲ ရီယိုသို့ မည်သို့မည်ပုံ ပို့ပေးရမည်ဆိုသည့် သယ်ယူပို့ဆောင်ရေး ပြဿနာရှိသည်ကိုလည်း ခဏမေ့ထားလိုက်ပါ။ ထို့အပြင် ထိုစဉ်က လူအားလုံးပြေးနိုင်သည်ဆိုလျှင်တောင်မှ အပြေးပြိုင်ပွဲစည်းမျဉ်းကို အားလုံးသဘောတူနိုင်မည် မဟုတ်သည့်အပြင် ကမ္ဘာပေါ်တွင် လူအားလုံးသိသော အားကစားမျိုး မရှိသလောက်ဖြစ်သည်ကိုလည်း မေ့ထားလိုက်ပါ။ အားကစားသမား ကိုယ်စားလှယ်အုပ်စုများကိုသာ မည်သို့ခွဲခြားမည်ဆိုသည့် ကိစ္စတစ်ခု တည်းကိုသာ စာဖတ်သူစဉ်းစားကြည့်ပါ။ ယနေ့ခေတ် အိုလံပစ်နိုင်ငံတကာကော်မတီမှာ ထိုင်ဝမ်နှင့် ပါလက်စတိုင်းကို ဘယ်ထဲထည့်ရမလဲ ဆိုသည့်မေးခွန်းအတွက် နာရီပေါင်းများစွာ အချိန်ယူဆွေးနွေးရသည်။ စာဖတ်သူအနေနှင့် အလယ်ခေတ်အိုလံပစ်ကို ကျင်းပနိုင်ဖို့ဆိုလျှင် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရသည့်အချိန်က ခုနကဆိုခဲ့သည့်  ထိုင်ဝမ်၊ ပါလက်စတိုင်းကိစ္စအတွက် လိုအပ်သည့်အချိန်ထက် အဆ တစ်သောင်းလောက်ပိုများပြီး ကြာမြင့်မည်ကို စဉ်းစားကြည့်နိုင်ပါသည်။

မသိသေးသူများအတွက် ပြောရမည်ဆိုလျှင် ၁၀၁၆ ခုနှစ်တွင် တရုတ်ဆောင်အင်ပါယာမှာ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံရေးအစုအဖွဲ့ကိုမှ  သူနှင့်တန်းတူမသတ်မှတ်ပါ။ သို့ဖြစ်ရာ ပင်လယ်တစ်ဖက်ခြားမှ လူရိုင်း များကို ထားဘိဦး၊ ကိုရီးယား ကော်ရိုဘုရင့်နိုင်ငံတော်၏ ကိုယ်စားလှယ်အဖွဲ့ သို့မဟုတ် ဗီယက်နမ် ဒိုင်ကိုဗီယက် ဘုရင့်နိုင်ငံတော်၏ ကိုယ်စားလှယ်အဖွဲ့နှင့် တန်းတူအဖြစ် သူ့၏ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို သတ်မှတ်ခံရခြင်းကိုပင် သူ့အနေဖြင့် မည်သို့မျှ လက်မခံနိုင်သော အရှက်ရမှုအဖြစ် သတ်မှတ်မည် ဖြစ်သည်။

ဘဂ္ဂဒက်ရှိ မွတ်ဆလင်ကာလိဖ်မှာလည်း ထို့အတူပင် တစ်လောကလုံးကို အုပ်စိုးသည်ဟု ကြေညာထားပြီး ဆွန်နီမွတ်ဆလင်အများစုက သူ့ကို အထွတ်အထိပ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလေသည်။  သို့သော် လက်တွေ့တွင်မူ ကာလိဖ်မှာ ဘဂ္ဂဒက်မြို့တော်ကိုတောင် အနိုင်နိုင်အုပ်ချုပ်ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဆွန်နီအားကစားသမားအားလုံးကို တစ်ခုတည်းသော ကာလိဖ်ကိုယ်စားလှယ်တစ်ဖွဲ့ထဲတွင် ထားမည်လော၊ သို့တည်းမဟုတ် ဆွန်နီကမ္ဘာမှ စော်ဘွားအသီးသီး၊  ဆူလ်တန်အသီးသီး၏ ကိုယ်စားလှယ်အဖွဲ့များအဖြစ် အုပ်စုများ ဆယ်ချီခွဲမည်လော။ တကယ်တမ်းတွင် စော်ဘွား၊ ဆူလ်တန်နှင့်ပင် ရပ်သေးဦးမည်မဟုတ်။ အာရပ်သဲကန္တာရမှာ အလ္လာကလွဲ၍ အခြားမည်သူ့အုပ်စိုးမှုကိုမျှ အသိအမှတ်မပြုသော လွတ်လပ်သည့် ဘယ်ဒူဝင်မျိုးနွယ်အုပ်စုများ (Bedouni Tribes) ဖြင့် ပြည့်နှက်နေသည်။ မြားပစ် သို့မဟုတ် ကုလားအုတ်စီးပြိုင်ရန် တစ်အုပ်စုချင်းစီမှ လွတ်လပ်သော ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခွင့်ပြုမည်လော။ သည်နည်းနှင်နှင်ပင် ဥရောပမှာလည်း  စာဖတ်သူကို ခေါင်းခဲစေမည်ဖြစ်သည်။ အိုင်ဗရီရှိ နော်မန်မြို့မှ အားကစားသမားတစ်ဦးမှာ ဒေသရှိ အိုင်ဗရီမြို့စားကို ကိုယ်စားပြုမည်လော၊ သို့မဟုတ် နော်မန်ဒီ နယ်စားကြီးကို ကိုယ်စားပြုမည်လော၊ သို့မဟုတ် သိပ်အာဏာမရှိလှသည့် ပြင်သစ်ဘုရင်ကို ကိုယ်စားပြုမည်လော။

ဤနိုင်ငံရေးအစုအဖွဲ့ အများအပြားမှာ နှစ်အနည်းငယ်အတွင်း  ပေါ်လာလိုက်၊ ပျောက်သွားလိုက်ပင် ဖြစ်သည်။ ၁၀၁၆ ခုနှစ် အိုလံပစ်ပွဲတော်ကျင်းပရန် စာဖတ်သူပြင်ဆင်နေသည်ဆိုပါက မည်သို့မည်ပုံ  ကိုယ်စားပြုမှုမျိုးများဖြင့် မည်သည့်ကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာမည်ကို သိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ တစ်နှစ်ကာလကြာပြီး နောက်တစ်နှစ် အချိန်အတွင်းတွင် ဘယ်နိုင်ငံရေးအစုအဖွဲ့တွေ ဆက်ရှိ နေဦးမည်၊ ဘယ်အဖွဲ့တွေ ဆက်မရှိနေတော့ဆိုတာကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်၏။ ၁၀၁၆ အိုလံပစ်အတွက် အင်္ဂလန်ဘုရင့်နိုင်ငံတော်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သည်ဆိုပါတော့။ အားကစားသမားများ ဆုတံဆိပ်များနှင့် အိမ်ပြန်ရောက်ချိန်တွင် ဒိန်းမတ်ပြည်မှ ဒိန်းများက လန်ဒန်ကို သိမ်းပိုက်သွားပြီဖြစ်ကြောင်းနှင့် အင်္ဂလန်မှာ မဟာကနုဘုရင်၏ မြောက်ပိုင်းပင်လယ် အင်ပါယာထဲသို့ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်အစိတ် အပိုင်းအချို့နှင့်အတူ သွတ်သွင်းခံလိုက်ရပြီဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ နောက် နှစ်နှစ်ဆယ်လောက်အကြာတွင် ယင်းအင်ပါယာမှာ ပြန်လည်ပြိုကွဲသွားပြီး နောက် နှစ်သုံးဆယ်အကြာတွင်မူ အင်္ဂလန်ကို နော်မန်ဒီနယ်စားကြီးက ပြန်လည်သိမ်းပိုက်လိုက်ပြန်သည်ကို တွေ့ရပေမည်။

ကြာကြာမတည်တံ့သော ယင်းနိုင်ငံရေးအစုအဖွဲ့များအဖို့  နိုင်ငံတော်သီချင်းဟူ၍ ရှိမည်မဟုတ်သလို တင်စရာအလံတော်လည်း မရှိချေ။ နိုင်ငံရေးအမှတ်သင်္ကေတများမှာ အရေးကြီးသည်မှာ မှန်ပါ၏။ သို့ရာတွင် ဥရောပနိုင်ငံရေး အမှတ်သင်္ကေတများမှာ အင်ဒိုနီးရှား၊ တရုတ် သို့မဟုတ် တူပီနိုင်ငံရေး အမှတ်သင်္ကေတများနှင့် များစွာခြားနားလေသည်။ အနိုင်ရရှိသည်ကို ဘယ်လိုသဘောတူ အသိအမှတ်ပြုမည် ဆိုသည့် လုပ်ထုံးလုပ်နည်း ပတိုကောတစ်ခုကို သဘောတူညီရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

သို့ဖြစ်လေရာ ၂၀၂၀ တိုကျိုအိုလံပစ်ကို စာဖတ်သူကြည့်ဖြစ်ပါက  နိုင်ငံများအကြား ပြိုင်ပွဲဆိုတာကို မြင်ရခြင်းမှာ အံ့ဩစရာကောင်းလှသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုကြီးဖြစ်ကြောင်း စာဖတ်သူအနေနှင့်  အမှတ်ရလိုက်ပါ။ လူအများမှာ သူတို့နိုင်ငံရွှေတံဆိပ်ရပြီး နိုင်ငံအလံကို လွှင့်ထူလိုက်ရသည့်အခါ နိုင်ငံအတွက် ဂုဏ်ယူရသည်ဆိုသည့်အခါတိုင်း ထိုထက်ပိုပြီး များစွာဂုဏ်ယူထိုက်သည့် အကြောင်းမှာ လူသားမျိုးနွယ် အနေဖြင့် ဤကဲ့သို့သော ပြိုင်ပွဲကို ကျင်းပနိုင်ခြင်းသည်ပင်လျှင် ပို၍  ဂုဏ်ယူထိုက်သည့် အကြောင်းဖြစ်နေခြင်း ဖြစ်ပါ၏။

ခေတ်သစ်မတိုင်မီကာလများက လူသားများမှာ နိုင်ငံရေးစနစ်အမျိုးမျိုးတင်သာမက စီးပွားရေးမှာလည်း တွေးမနိုင်လောက်အောင်  များပြားသော ပုံစံအမျိုးမျိုးကို စမ်းသပ်ခဲ့ကြသည်။ ရုရှားဘွိုင်ယာများ၊  ဟိန္ဒူမဟာရာဇာများ၊ တရုတ်မန်းဒရင်းများ၊ အမေရိကန်အန်ဒီးယန်း  အုပ်စုအကြီးအကဲများမှာ ပိုက်ဆံ၊ ကုန်သွယ်ရေး၊ အခွန်၊ အလုပ်နှင့် ပတ်သက်လာလျှင် စဉ်းစားပုံများ လုံးဝမတူညီ ကွဲပြားခဲ့ကြပေသည်။  ယနေ့ခေတ်တွင်မူ လူတိုင်းနီးပါးမှာ ပုံစံနည်းနည်းလေးစီသာကွဲသည့် အရင်းရှင်စနစ်တစ်မျိုးတည်းကိုသာ လက်ခံယုံကြည်လေတော့သည်။ ကျွန်ုပ်တို့အားလုံးမှာ တစ်ခုတည်းသော ကမ္ဘာ့ထုတ်လုပ်ရေးလိုင်းကြောင်း ထဲကရှိသော အစိတ်အပိုင်းများသာ ဖြစ်သည်။ စာဖတ်သူအနေနှင့် ကွန်ဂိုတွင် နေသည်ဖြစ်စေ၊ မွန်ဂိုလီးယားတွင် နေသည်ဖြစ်စေ၊ နယူးဇီလန်တွင် နေသည်ဖြစ်စေ၊ ဘိုလီးဗီယားတွင် နေသည်ဖြစ်စေ စာဖတ်သူ၏ နေ့စဉ်အလုပ်နှင့် စီးပွားရေး အဆင်ပြေမပြေမှာ တစ်မျိုးတည်းသော စီးပွားရေးသီအိုရီများ၊ ပုံစံတစ်မျိုးတည်းသော ကော်ပိုရေးရှင်းများနှင့် ဘဏ်များ၊  တစ်မျိုးတည်းသော ရင်းနှီးငွေစီးဆင်းမှုများအပေါ်တွင် မူတည်သည်။  အစ္စရေးနှင့် အီရန်ဘဏ္ဍာရေးဝန်ကြီးနှစ်ပါး နေ့လယ်စာစားရင်း တွေ့ကြသည်ဆိုပါက သူတို့နှစ်ဦးမှာ တူညီသော စီးပွားရေးဘာသာစကား တစ်မျိုးတည်းသာ ပြောမည်ဖြစ်ပြီး တစ်ယောက်ဒုက္ခသုခကို တစ်ယောက်နားလည်ကြမည်ဖြစ်သည်။

အစ္စလာမ်မစ်နိုင်ငံတော် (IS) မှာ ဆီးရီးယားနှင့် အီရတ်နယ်မြေ အတော်များများကို သိမ်းပိုက်ပြီး လူသောင်းချီပြီး သတ်ဖြတ်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို မြေလှန်ဖျက်ဆီး၊ ရုပ်ထုများကို ဖြိုလှဲ၊ အရင်အစိုးရများနှင့် အနောက်တိုင်းယဉ်ကျေးမှုလွှမ်းမိုးသော အမှတ်သင်္ကေတလက္ခဏာများကို စနစ်တကျ ဖျက်ဆီးလုပ်လေသည်။ သို့သော် သူ့တိုက်ခိုက်ရေးသမားများမှာ ယင်းနေရာရှိ ဘဏ်များသို့ရောက်ပြီး အမေရိကန်သမ္မတပုံများနှင့် အမေရိကန်နိုင်ငံရေးနှင့် ဘာသာရေးစံနှုန်းများကို အင်္ဂလိပ်လို ချီးမွမ်းရေးသားထားသည့် ကြွေးကြော်စာသားများပါဝင်သည့်  အမေရိကန်ဒေါ်လာများကို မြင်သောအခါတွင်မူ အမေရိကန်နယ်ချဲ့သမား၏ အမှတ်သင်္ကေတ လက္ခဏာများဆိုပြီး မီးရှို့မဖျက်ဆီးတော့ချေ။  အကြောင်းမှာ နိုင်ငံရေး၊ ဘာသာရေး ကွဲပြားမှုများကို မမှုဘဲ ဒေါ်လာကို အားလုံးက ညွှတ်တွားကိုင်းရှိုင်းကြသောကြောင့် ဖြစ်သည်။ ဒေါ်လာတွင် ဝါးစား သို့မဟုတ် ဖျော်သောက်လို့ရသည့်အတွင်း ဂုဏ်သတ္တိမရှိသော်လည်း ဒေါ်လာအပေါ်တွင် ယုံကြည်မှုနှင့် အမေရိကန်ဗဟိုဘဏ်၏ ဉာဏ်ရှိမှုအပေါ်တွင် စိတ်ချမှုမှာ ခိုင်မာလှသည် ဖြစ်ရာ အစ္စလာမ်မစ် အခြေခံဝါဒီများ၊ မက္ကဆီကန်မူးယစ်ရာဇာများနှင့် မြောက်ကိုရီးယား အာဏာရှင်များပင် ဒေါ်လာအပေါ်တွင် ယုံကြည်ကြသည်။

ယင်းသို့ဖြစ်သည့်တိုင် ယနေ့ခေတ် လူသားမျိုးနွယ်၏ အထင်ရှားဆုံး တစ်ပုံစံတည်း တူညီမှုကိုပြပါဆိုလျှင်ကား ကျွန်ုပ်တို့ သဘာဝကမ္ဘာနှင့် လူသားခန္ဓာကိုယ်အကြောင်း မြင်ပုံကိုပြရမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပါင်း တစ်ထောင်ခန့်လောက်ကသာ စာဖတ်သူ နေမကောင်းဖြစ်သည်ဆိုပါက စာဖတ်သူ ဘယ်မှာနေသလဲဆိုတာအပေါ် အများကြီးမူတည်ပါသည်။ ဥရောပတွင်နေသည်ဆိုလျှင် ထိုအရပ်ရှိ ဘုန်းတော်ကြီးက  စာဖတ်သူနေမကောင်းဖြစ်ခြင်းမှာ ဘုရားသခင်စိတ်ဆိုးအောင် လုပ်မိ၍ဖြစ်ပြီး နေပြန်ကောင်းဖို့ဆိုလျှင် ဘုရားကျောင်းကို တစ်ခုခုလှူသင့်ကြောင်း၊  မြင့်မြတ်သော နေရာတစ်ခုခုသို့ ဘုရားဖူးသွားရန်လိုကြောင်း၊ ဘုရားသခင်ခွင့်လွှတ်ရန် အပြင်းအထန် ဆုတောင်းဝတ်ပြုရမည်ဖြစ်ကြောင်း ပြောကောင်းပြောမည်ဖြစ်သည်။ သို့တည်းမဟုတ် ရွာရှိစုန်းအတတ်တတ်သူက စာဖတ်သူမှာ မကောင်းဆိုးရွား ဝင်ပူးခံရခြင်းဖြစ်ကြောင်း၊ သူ့အနေနှင့် ထိုမကောင်းဆိုးရွား ထွက်သွားစေရန် အဆို၊ အက၊ ကြက်ဖငယ်တစ်ကောင်၏သွေးဖြင့် မန်းမှုတ်ရမည်ဆိုတာမျိုး စာဖတ်သူကို ရှင်းပြကောင်းရှင်းပြမည် ဖြစ်လေသည်။

အရှေ့အလယ်ပိုင်းတွင် ရိုးရာထုံးတမ်းများကို သင်ကြားတတ်မြောက်ထားသည့် ဆရာဝန်များက စာဖတ်သူ၏ ကိုယ်တွင်းဥတုလေးပါးမှာ မမျှမတဖြစ်နေသည့်အတွက် စာဖတ်သူအနေနှင့် သင့်တော်သော  ဓာတ်စာကိုစားကာ အနံ့ပြင်းသည့် ဆေးရည်များသောက်ပြီး မျှတအောင်  ပြန်လုပ်ရမည်ဟု ဆိုကောင်းဆိုမည်ဖြစ်သည်။ အိန္ဒိယတွင်မူ အာယုဗေဒပညာရှင်များက  ကိုယ်တွင်းဓာတ်သုံးမျိုးကို မျှတအောင်ညှိယူခြင်းနှင့် စပ်လျဉ်းသည့် သူတို့၏ဒေသဆိုင်ရာ ကိုယ်ပိုင်သီအိုရီများကို ရှင်းပြကာ  ပရဆေးများ၊ အနှိပ်ကုထုံးများ၊ ယောဂပုံစံများဖြင့်ကုသရန် အကြံပြုမည်ဖြစ်သည်။ တရုတ်သမားတော်များ၊ ဆားဗီးယန်း ပျောက်စေဆရာများ၊ အာဖရိက ပရောဂဆရာများ၊ အမေရိကန်အိန္ဒိယန်း ဆေးဆရာများ အစရှိသဖြင့် အင်ပါယာတိုင်း၊ ဘုရင့်နိုင်ငံတိုင်း၊ မျိုးနွယ်အုပ်စုတိုင်းတွင်  ကိုယ်ပိုင်ရိုးရာအစဉ်အလာများနှင့် ပညာရှင်များရှိပြီး လူသားခန္ဓာကိုယ်နှင့် အနာရောဂါ၏ သဘာဝအပေါ် စဉ်းစားပုံများမှာလည်း တစ်ဦးနှင့်တစ်ဦး  မတူညီကြချေ။ ပူဇော်ပသနည်းများ၊ ကုသနည်းများကိုလည်း တစ်ယောက်တစ်မျိုးစီ ပေးကြမည်ဖြစ်လေသည်။ ယင်းတို့ထဲမှ အချို့မှာ အံ့ဩလောက်စရာ အဆင်ပြေအလုပ်ဖြစ်ပြီး အချို့မှာမူ ဆေးကုကာမှ တိုးဆိုးပြီး သေမိန့်ချသည်နှင့်ပင် မခြားပေ။ ဥရောပ၊ တရုတ်၊  အာဖရိက နှင့် အမေရိက ဆေးပညာလုပ်ထုံးလုပ်နည်းများအကြား တူတာကိုပြောပါဆိုလျှင် နေရာတိုင်းတွင် အနည်းဆုံးအားဖြင့် ကလေးသုံးယောက်မှာ တစ်ယောက်အရွယ်မရောက်ခင် သေဆုံးပြီး ပျမ်းမျှ လူ့သက်တမ်းမှာလည်း နှစ်ငါးဆယ်အောက် အများကြီးရောက်ခြင်းပင် ဖြစ်လေသည်။

ယနေ့ခေတ်တွင်မူ စာဖတ်သူဖျားနာသည်ဆိုပါက ဘယ်မှာနေသလဲဆိုတာ အရေးမပါတော့ချေ။ တိုရန်တိုမှာ နေသည်ဖြစ်စေ၊ တိုကျို၊ တီဟီရန်၊ တယ်လဗီးတွင် နေသည်ဖြစ်စေ ပုံစံဆင်သည့်ဆေးရုံများကို ခေါ်သွားမည်ဖြစ်ပြီး တူညီသောဆေးတက္ကသိုလ်များတွင် တူညီသောသိပ္ပံသီအိုရီများကို သင်ကြားခဲ့ရသည့် ဂျူတီကုတ်အဖြူဝတ်ဆရာဝန်များကို တွေ့ရမည်ဖြစ်သည်။ ယင်းဆရာဝန်များက တစ်ထပ်တည်းတူညီသော လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ပြီး တစ်ထပ်တည်းတူညီသော ဓာတ်ခွဲစမ်းသပ်မှုများကိုလုပ်ကာ ရောဂါအမည် သတ်မှတ်ချက်များမှာလည်း သည်လိုပုံစံအတိုင်း တစ်ပုံစံအတိုင်းပင် ဖြစ်ပေမည်။ ထို့နောက်  တူညီသော နိုင်ငံတကာဆေးကုမ္ပဏီများမှ ထုတ်လုပ်သောတူညီသောဆေးများ ထုတ်ပေးမည်ဖြစ်သည်။ ဓလေ့ထုံးတမ်းအပေါ်မူတည်ပြီး အသေးစားကွာခြားချက်အချို့ ရှိနေသေးသော်လည်း ကနေဒါ၊ ဂျပန်၊  အီရန်နှင့် အစ္စရေးသမားတော်များက လူသားခန္ဓာကိုယ်နှင့် လူသားရောဂါများအပေါ် ရှုမြင်ပုံမှာ တစ်ပုံစံတည်းပင် ဖြစ်သည်။ အစ္စလာမ်မစ်နိုင်ငံတော် (IS) က ရက္ကာနှင့် မိုဆူးကို သိမ်းပိုက်ပြီးနောက် ဒေသရှိ ဆေးရုံများကို  ဖျက်ဆီးမပစ်ပေ။ သူတို့လုပ်သည်မှာ ကမ္ဘာတစ်လွှားရှိ မွတ်ဆလင်ဆရာဝန်များနှင့် နာ့စ်များကို လာရောက်ကူညီဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို လွှင့်တင်ခြင်းဖြစ်သည်။ မွတ်ဆလင်ဆရာဝန်များနှင့် နာ့စ်များပင်  လူသားခန္ဓာကိုယ်ကို ဆဲလ်များဖြင့် ပြုလုပ်ထားကြောင်း၊ ရောဂါများ ဖြစ်ပွားရသည်မှာ ရောဂါပိုးများကြောင့် ဖြစ်ကြောင်း၊ ပဋိဇီဝဆေးများမှာ  ဘက်တီးရီးယားများကို သတ်နိုင်ကြောင်း ယုံကြည်ကြသည်ဟု ကောက်ချက်ချရမည်ပင် ဖြစ်ပေသည်။

သည်လိုဆဲလျှင် ဒီဆဲလ်များနှင့် ဘက်တီးရီးယားများကို ဘာတွေဖြင့် ပြုလုပ်ထားပါသနည်း။ မေးရမည်ဆိုလျှင် ဒီကမ္ဘာကြီးတစ်ခုလုံးကို ဘာတွေဖြင့် ပြုလုပ်ထားပါသနည်း။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့် က ယဉ်ကျေးမှုတိုင်းတွင် စကြ၀ဠာ၊ အာကာသတစ်ခုလုံးကို ဘာတွေဖြင့်  အခြေခံတည်ဆောက်ထားသလဲဆိုတာနှင့် ပတ်သက်ပြီး ကိုယ်ပိုင်ပုံပြင်များရှိသည်။ ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးရှိ ပညာတတ်ပုဂ္ဂိုလ်များမှာ  ရုပ်၊ စွမ်းအင်၊ အချိန်နှင့် အာကာသနှင့်ပတ်သက်ပြီး တစ်သဘောတည်း ယုံကြည်ကြလေသည်။ ဥပမာပေးရမည်ဆိုလျှင် အီရန်နှင့် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို ကြည့်ပါ။ ပြဿနာအရင်းခံမှာ အီရန်ရော မြောက်ကိုရီးယားပါ ရူပဗေဒနှင့် ပတ်သက်လာလျှင် အစ္စရေးနှင့် အမေရိကန်တို့ သိမြင်ပုံအတိုင်း သိမြင်ခြင်းဖြစ်သည်။ အီရန်နှင့် မြောက်ကိုရီးယားက  E = mc4 လို့သာ ယုံကြည်ပါက အစ္စရေးနှင့် အမေရိကန်အနေနှင့် သူတို့၏ နျူကလီးယား အစီအစဉ်ကို တစ်စက်ကလေးမှ အဖက်လုပ်နေစရာ အကြောင်းမရှိပေ။ 

လူသားများမှာ မတူညီသော ဘာသာရေးနှင့်အမျိုးသားရေး သရုပ်သကန်များ ရှိသေးသည်မှာ မှန်သော်လည်း လက်တွေ့ကိစ္စများဖြစ်သော နိုင်ငံတည်ဆောက်ခြင်း၊ စီးပွားရေးစနစ်တရပ် တည်ဆောက်ခြင်း၊  ဆေးရုံဆောက်ခြင်း၊ ဗုံးပြုလုပ်ခြင်း အစရှိသည့်ကိစ္စများတွင်မူ ကျွန်ုပ်တို့အားလုံးနီးပါးမှာ လူ့ယဉ်ကျေးမှုတစ်ခုတည်းကဖြစ်ကြောင်း သိသာစေသည်။ ကျွန်ုပ်တို့တွင် အငြင်းပွားမှုများ ရှိသေးသည်ဆိုမှာ သံသယဖြစ်ဖွယ်မရှိပါ။ သို့သော်လည်း လူ့ယဉ်ကျေးမှုတိုင်းတွင် အုပ်စုထဲအငြင်းပွားမှုများ  ရှိစမြဲသာ ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် ဤကဲ့သို့သော အငြင်းပွားမှုများကပင် လူ့ယဉ်ကျေးမှုများ၏ အမှတ်လက္ခဏာဖြစ်ပါသည်။ လူအများက မိမိတို့၏ သရုပ်သကန် (Identity) ကို ဖော်ထုတ်ပြသရန် ကြိုးစားသောအခါ တူညီသောလက္ခဏာများကို စာရင်းပြုစုဖော်ပြလေ့ရှိပါသည်။  ဤသို့ တူသည်များကိုစုပြီးဖော်ပြရန် ကြိုးစားခြင်းမှာ မှားယွင်းပါသည်။  အမှန်တကယ်အားဖြင့် တူညီသောပဋိပက္ခများနှင့် ဝိရောဓိများကို ထုတ်ပြ ခြင်းက ပိုပြီးမှန်ကန်ပါလိမ့်မည်။ ဥပမာပေးရမည်ဆိုလျှင် ၁၆၁၈ ခုနှစ်  ဥရောပတွင် တစ်ခုတည်းသော ဘာသာရေးသရုပ်သကန်မရှိပါ။ ဘာသာရေး ပဋိပက္ခများရှိခြင်းကိုက ဥရောပသားဟူသော အမှတ်လက္ခဏာ (European Identity) ကို သတ်မှတ်ပြဋ္ဌာန်းသည်။ ၁၆၁၈ ခုနှစ်ကာလတွင် ကက်သလစ်နှင့် ပရိုတက်စတင့် သို့မဟုတ် ကယ်လ်ဗင်နစ်နှင့် လူသာရီးယန်းဆိုပြီး  အယူဝါဒဆိုင်ရာ မပြောပလောက်သည့် ကွဲပြားမှုအပေါ် အကြီးအကျယ်  စွဲလမ်းငြင်းခုံကြပြီး ထိုကွဲပြားမှုအပေါ်မူတည်ကာ တိုက်ရဲသူနှင့် သေရဲသူဆိုပြီး ရှိနေခြင်းသည်ပင် ဥရောပသားဟူသည့် အမှတ်လက္ခဏာဖြစ်ပါသည်။  ၁၆၁၈ တွင် ထိုပဋိပက္ခများကို စိတ်မဝင်စားသည့် လူသားတစ်ဦးဆိုပါက သေချာသည်မှာ ထိုသူသည် ဥရောပသားမဖြစ်နိုင်၊ တာ့ခ် သို့မဟုတ် ဟိန္ဒူတစ်ဦးပင် ဖြစ်ပေမည်။

၁၉၄၀ ပြည့်ကာလများတွင် ဗြိတိန်နှင့် ဂျာမနီတွင် လုံးလုံးမတူညီသော နိုင်ငံရေးစံတန်ဖိုးများ ရှိသည်မှန်သော်လည်း သူတို့နှစ်ခုစလုံးပင်လျှင် ဥရောပလူ့ယဉ်ကျေးမှုတစ်ခုတည်းဟူသော အရင်းခံရှိကြလေ သည်။ ဟစ်တလာသည် ချာချီလိုပင် ဥရောပသား (European) သာဖြစ်ပေသည်။ ထိုကာလတွင် သူတို့နှစ်ဦးကြား အားပြိုင်ကြခြင်းကပင်  ဥရောပသားဆိုသည့် အမှတ်လက္ခဏာ (European Identity) ကို  သတ်မှတ်ပြဋ္ဌာန်းခြင်းဖြစ်သည်။ ဒါနှင့်မတူဘဲ !Kung ဟုခေါ်သည့် အမဲလိုက်လူသားအုပ်စုထဲမှ တစ်ဦးကို ၁၉၄၀ တွင် ဥရောပသားဟု ခေါ်လို့မရပေ။ အကြောင်းမှာ လူမျိုးနှင့်အင်ပါယာဆိုပြီး ဥရောပသားများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခမှာ သူ့အတွက် မည်သည့်အဓိပ္ပာယ်မျှမရှိသောကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့နှင့် အများဆုံးအချင်းပွားသော လူများမှာ ကျွန်ုပ်တို့၏  မိသားစုဝင်များပင်ဖြစ်သည်။ လူတစ်ဦး၏ သရုပ်သကန်လက္ခဏာ  (identity) မှာ သဘောတူညီမှုများထက် ပဋိပက္ခများ၊  ဝိရောဓိများအပေါ်  အခြေခံသည်။ ၂၀၁၈ တွင် ဥရောပသားဆိုသည်မှာ မည်သည်ကိုဆိုလိုပါသနည်း။ ဥရောပသားဆိုသည်မှာ အသားအရောင်အားဖြင့် လူဖြူ၊  ခရစ်တော်တွင် ယုံကြည်သူ သို့မဟုတ် လွတ်လပ်မှုကို တန်ဖိုးထားသည့်သူ  ဖြစ်ရန်မလိုပေ။ ၂၀၁၈ တွင် ဥရောပသားဆိုသည်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းကိစ္စအပေါ် အပြင်းအထန် အငြင်းပွားနေသူ၊ ဥရောပသမဂ္ဂအကြောင်း အကြီးအကျယ်ဆွေးနွေးနေသူ၊ အရင်းရှင်စနစ်၏ အကန့် အသတ်များအကြောင်း အကျယ်ဆွေးနွေးနေသူဖြစ်သည်။ ထို့အပြင်  မိမိဘာသာလည်း “ငါ့ရဲ့ သရုပ်သကန်က ဘာလဲ” ဆိုပြီး စွဲလမ်းငြင်းခုံရသူလည်း ဖြစ်သည်။ လူအိုများ များပြားလာမှု၊ ထိန်းမရအောင်ဆိုးနေသော  သုံးစွဲသူဝါဒနှင့် ကမ္ဘာကြီးပူနွေးလာမှုအပေါ် စိုးရိမ်နေသောသူလည်းဖြစ်သည်။ သို့ဖြစ်ရာ ၂၁ ရာစု ဥရောပသားများ၏ ပဋိပက္ခများနှင့် ဝိရောဓိများမှာ ၁၆၁၈ နှင့် ၁၉၄၀ တွင်ရှိသော သူတို့၏ ဘိုးဘေးများနှင့်  မတူညီဘဲ ယနေ့ကာလ သူတို့၏ ကုန်သွယ်ရေးမိတ်ဖက်များဖြစ်သော  တရုတ်များ၊ အိန္ဒိယသားများနှင့် တူညီကြသည်။

အနာဂတ်တွင် မည်သို့သော ပြောင်းလဲမှုများ စောင့်ကြိုနေသည်ဖြစ်ပါစေ မတူညီစိမ်းကားသော လူ့ယဉ်ကျေးမှုများ ပွတ်တိုက်ခြင်းမျိုး ဖြစ်မည်မဟုတ်ဘဲ တစ်ခုတည်းသော လူ့ယဉ်ကျေးမှုအတွင်း ညီအစ်ကို မောင်နှမများ အချင်းပွားမှုမျိုးဖြစ်မည်ဖြစ်သည်။ ၂၁ ရာစု၏ ကြီးမားသော စိန်ခေါ်မှုများမှာ တစ်ကမ္ဘာလုံးနှင့်ချီဖြစ်သော စိန်ခေါ်မှုမျိုး ဖြစ်မည်ဖြစ်သည်။ ဥတုပြောင်းလဲမှုက ဂေဟစနစ်ဆိုင်ရာ ကပ်ဘေးဆိုးများကို ဖြစ်ပေါ်စေပါက မည်သို့ဆက်ဖြစ်မည်နည်း။ ကွန်ပျူတာများက လူသားများထက်   အလုပ်များတွင် ပိုမိုသာလွန်လာကာ လူသားများကို အလုပ်များတွင် အစားထိုးလာပါက မည်သို့ဖြစ်မည်နည်း။ ဇီဝနည်းပညာက ကျွန်ုပ်တို့ကို လူသားများအား အဆင့်မြှင့်လာနိုင်ကာ လူ့သက်တမ်းကို ဆွဲဆန့်နိုင်လာပါက မည်သို့ ဖြစ်မည်နည်း။ ကျွန်ုပ်တို့ လူသားများအနေနှင့် ဤမေးခွန်းများကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် ကြီးမားသော အငြင်းပွားမှုများ၊  ခါးသီးသော ပဋိပက္ခများ ရှိမည်ကတော့ သံသယဖြစ်စရာမရှိပါ။ သို့သော် ဤအငြင်းအခုံများနှင့် ပဋိပက္ခများကြောင့် ကျွန်ုပ်တို့ကို  တစ်ယောက်နှင့်တစ်ယောက် သီးခြားဖြစ်သွားစေမည် မဟုတ်ပါ။  ပြောင်းပြန်သာ ဖြစ်ပေမည်။ ကျွန်ုပ်တို့ တစ်ဦးအပေါ်တစ်ဦး ပိုမိုအပြန်အလှန် မှီခိုလာရစေမည်ဖြစ်ပါသည်။ လူသားမျိုးနွယ်မှာ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း အသိုက်အဝန်းတစ်ခုဖြစ်လာရန် အများကြီးလိုသေးသော်လည်း ကျွန်ုပ်တို့အားလုံးမှာ ရုတ်ရုတ်သဲသဲရှိသေးသည့်  တစ်ခုတည်းသော ကမ္ဘာ့လူ့ယဉ်ကျေးမှု၏ အဖွဲ့ဝင်များ ဖြစ်လာပြီဖြစ်သည်။

ထိုသို့ဆိုလျှင် တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းလာနေသည့် အမျိုးသားရေးလှိုင်းလုံးကြီးကို မည်သို့ရှင်းမည်နည်း။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ရန် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုကြောင့် ဟောင်းသော်လည်း ကောင်းသေး သည့် အမျိုးသားနိုင်ငံတော်များကို အဆောတလျင်ပစ်ခွာမိပြီလော။  ဆိုးရွားစွာ ကြုံတွေ့နေရသော ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် ရှေးရိုးစွဲ အမျိုးသားရေးဝါဒကို ပြန်သွားသင့်သလော။  ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ပြဿနာများများစွာ ကြုံတွေ့ရသည်ဆိုလျှင် မည်သည့်အတွက်ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ဒီအတိုင်းပဲ မပစ်လိုက်ကြပါသနည်း။ 

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

 

 

 

 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *