ပုဂံမြေမှ ပေါက်ဖော်တို့၏ ပရိယာယ်

“သူတို့ဘက်က တစ်နှစ်ကို လူနှစ်သိန်းသွင်းပေးမယ်ဆိုပြီး အာမခံတယ်”

ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည့် ပုဂံရွာဟိုတယ်တွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသည့် ဒေါ်စိုးစိုးလှိုင်က သူ့ အတွေ့အကြုံကို ပြောပြခြင်းဖြစ်သည်။

ပြည်တွင်း ပြည်ပခရီးသွားများ အလာများသည့် ပုဂံဒေသတွင် နာမည်ကြီးဟိုတယ်တစ်ခုအနေနှင့်ပင် တစ်နှစ်လျှင် တည်းခိုသူ နှစ်သိန်းရရှိရန် မသေချာသည့် အခြေအနေတွင် ဟိုတယ်သစ်တစ်ခုအတွက် ယင်းဧည့်သည်ပမာဏက မက်မောဖွယ်ဖြစ်သည်။

သို့သော် ယင်းသို့ မက်လုံးပေးကမ်းလှမ်းမှုကို ဒေါ်စိုးစိုးလှိုင်တို့ဘက်က ငြင်းပယ်ခဲ့ရသည်။

“ဒေါ်လာတစ်ရာတန်ကို ကျွန်မတို့က ၄၅ အထိ ဆင်းပေးသေးတယ်။ သူတို့က ၃၀ လောက်နဲ့ ရချင်ကြတာ”ဟု ငြင်းပယ်ရခြင်းအကြောင်းကို ဒေါ်စိုးစိုးလှိုင်က ရှင်းပြသည်။

တရုတ်ဘက်မှ တစ်နှစ်လျှင် ဧည့်သည်နှစ်သိန်းဝင်ရန် အာမခံပြီး အကယ်၍ မဝင်လျှင်လည်း အဆိုပါလူနှစ်သိန်းစာအတွက် ငွေပေးချေမည်ဟုဆိုသည်။

နှစ်စဉ် ပြည်ပခရီးသွားသုံးသိန်းခန့် လာရောက်လေ့ရှိသည့် ပုဂံဒေသသို့ ပြီးခဲ့သည့် အောက်တိုဘာလတွင် Visa-Free  ပေးလိုက်သည့်အခါ တရုတ်ခရီးသွားအများအပြားသည် မြန်မာနိုင်ငံတွင်းသို့ အလုံးအရင်းဖြင့် စံချိန်တင် ဝင်ရောက်လာကြသည်။

တရုတ်ခရီးသွားများနှင့်အတူ တရုတ်လုပ်ငန်းရှင်အချို့ကပါ လိုက်ပါလာပြီး ပုဂံဒေသရှိ ဟိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များကို နှစ်ရှည်ငှားရမ်းရန် လာရောက်ကမ်းလှမ်းမှုများရှိလာသည်ဟု ဒေသခံတို့က ဆိုသည်။

“တစ်လကို အနည်းဆုံးသုံးခေါက်လောက် လာမေးတာရှိတယ်”ဟု ဒေါ်စိုးစိုးလှိုင်က ထပ်လောင်းပြောဆိုသည်။

၂၀၁၉ ခုနှစ် ပထမခြောက်လပတ်အတွင်း တရုတ်မှ မြန်မာသို့ ဝင်ရောက်သည့် ခရီးသည် သုံးသိန်းနှစ်သောင်း  ကျော်ရှိပြီး ကာလတူနှိုင်းယှဉ်လျှင် ၁၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်ခရီးသွား ဝင်ရောက်မှုများလာသည်နှင့်အတူ ပုဂံဒေသတွင် တရုတ်ခရီးသွားအေဂျင်စီတို့၏ ဇီးရိုးဘတ်ဂျက်ဟုခေါ်သည့် ဒေသခံတို့ ဘာမှမရသည့် ခရီးသွားလုပ်ငန်းကလည်း ခေတ်စားလာသည်။

“ခြောက်လ၊ တစ်နှစ်ဆိုသလို ငှားတတ်ကြတယ်။ မြို့သစ်ထဲမှာ တရုတ်စားသောက်ဆိုင် ခြောက်ဆိုင်ထက်မနည်း ရှိတယ်”ဟု ပုဂံမြို့သစ်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

ပုဂံမြို့သစ်၏ အချက်အချာကျသည့် နေရာအချို့တွင် တရုတ်နာမည်ဖြင့် ရေးထားသည့် ဆိုင်၊ တရုတ်မီးပုံး ချိတ်ဆွဲထားသည့် ဆိုင်တို့ ပေါ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

“ထမင်းစားချိန်တွေဆိုရင် ကားတွေနဲ့ အလျှိုလျှိုရောက်လာတယ်။ တစ်ခါတလေ ကားရပ်စရာနေရာတောင် မရှိဘူး။ အကုန်လုံးက တရုတ်လူမျိုးတွေချည်းပဲ” ဟု၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းဆိုင်များသည် တရုတ်သီးသန့်ရောင်းချသည့် ဆိုင်မဟုတ်သော်လည်း ပြည်တွင်းဧည့်သည်တို့၏ ဝင်ရောက်စားသောက်မှုကို မတွေ့ရကြောင်း ၎င်းက ပြောသည်။

တရုတ်လူမျိုးများ ဦးစီးသည့် စားသောက်ဆိုင်မှန်းသိသာစေရန် ဆိုင်းဘုတ်တွင် တရုတ်စာများ ရေးသားထားခြင်း၊ တရုတ်ရိုးရာမီးပုံးများချိတ်ဆွဲထားခြင်းတို့ ပြုလုပ်ထားသည်ဟု ပုဂံမြို့သစ်ဒေသခံတို့က ဆိုသည်။

 

“စားဖိုမှူးတို့ ဘာတို့ဆို သူတို့ လူပဲထားတယ်။ စားပွဲထိုးကိုတော့ ဒေသခံတွေ သုံးတာ ရှိသေးတယ်”ဟု ပုဂံဒေသခံ ဦးဆန်းက ပြောသည်။

ဦးဆန်းသည် ပုဂံဒေသတွင် အိမ်၊ ခြံ၊ မြေအကျိုးဆောင်အဖြစ် ဆယ်နှစ်ခန့်လုပ်ကိုင်နေသူ ဖြစ်သည်။ လက်ရှိ ပုဂံဒေသတွင် တရုတ်လုပ်ငန်းရှင်အချို့၏ ဟိုတယ်၊ စားသောက်ဆိုင်ငှားရမ်းမှုများမှာ များပြားလာသည်ဟု ၎င်းက ပြောသည်။

“ပိုပြီးတော့ သွက်လာတယ်ပေါ့။ အမေးအမြန်းများလာတယ်ပေါ့”ဟု ၎င်းက ဆိုသည်။

သို့သော် တရုတ်လုပ်ငန်းရှင်တို့ ကိုယ်တိုင်ဝယ်ယူခြင်း၊ အမည်လွှဲဖြင့် ဝယ်ယူခြင်းတို့ မရှိသေးဟု ၎င်းက ဆိုသည်။

 

တရုတ်တို့၏ ပုဂံတွင် စားသောက်ဆိုင်အချို့ကို ခြောက်လချုပ်ဖြင့် ငှားရမ်းခြင်း၊ ဟိုတယ်အခန်းအချို့ကို တစ်နှစ်ချုပ်ဖြင့် ငှားရမ်းခြင်းတို့ နှစ်ဖက်အဆင်ပြေသည့် ဈေးနှုန်းဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ဧည့်လမ်းညွှန်၊ ကိုယ်စားလှယ်၊ တက်စီသမားစသည်ဖြင့် အဆင်ပြေသည့် စကားပြန်များဖြင့် လာရောက်ကာ ချိတ်ဆက်တတ်ကြကြောင်း ဟိုတယ်လုပ်ငန်းရှင်အချို့က ဆိုသည်။

အသင့်အတင့်ကောင်းမွန်သည့် အခန်းဆိုလျှင် ၂၅ ဒေါ်လာ၊ ဝန်ဆောင်မှုကောင်းသည့် အခန်းဆိုလျှင် ဒေါ်လာ ၃၀ စသည့် ဈေးနှုန်းများဖြင့် ငှားရမ်းနေကြခြင်းဖြစ်ပြီး နှစ်ပတ်လည်ဧည့်မျှော်သည့် ဟိုတယ်၊ တည်းခိုခန်းအချို့က ယင်းဈေးဖြင့် ငှားရမ်းပေးကြသည်။

ငှားရာတွင် ကြိုတင်ငွေတစ်လုံးတည်းပေးချေခြင်းမဟုတ်ဘဲ ပထမအဖွဲ့ဝင်ရောက်ပြီး နောက်ထပ် တစ်လအတွင်း ငွေချေသည်။ ပြီးမှ နောက်ထပ်အဖွဲ့ထပ်သွင်းသည်။ ဤနည်းဖြင့် လုပ်ကိုင်  နေရခြင်းဖြစ်ကြောင်း ဒေသခံလုပ်ငန်းရှင်တို့က ပြောသည်။

အချို့ကလည်း ရမည့်ငွေနှင့် ဆုံးရှုံးမည့်ပစ္စည်းများကို ချင့်ချိန်ကာ မငှားကြ။

“ကျွန်မတို့က အခန်းထဲက ပစ္စည်းအားလုံးအသစ်တွေချည်းပဲလေ။ တရုတ်ဧည့်တွေက ပစ္စည်းကိုင်တွယ်ပုံ ကြမ်းတမ်းတော့ မကိုက်ဘူး”ဟု ဒေါ်စိုးစိုးလှိုင်က ပြောသည်။

ဖန်ခွက်ကွဲခြင်းမျိုးကဲ့သို့ ကိစ္စအတွက် အလျော်တောင်း၍ ရသော်လည်း အခန်းတွင်းဆေးလိပ်သောက်ခြင်း၊ ဘေစင်တွင် ခြေထောက်ဆေးခြင်း၊ ထိုင်ခုံနဲ့အောင် ပြုလုပ်ခြင်းများအတွက်မူ မပျက်စီးသော်လည်း ပြန်သုံး၍ မရသည့်အပြင် လျော်ကြေးတောင်း၍ မရသည့်ကိစ္စများလည်းဖြစ်သည်ဟု ဟိုတယ်တွင် လုပ်ကိုင်နေသူအချို့က ထောက်ပြကြသည်။

 

“တရုတ်နဲ့ ဥရောပဘက်ကခရီးသွားတွေနဲ့ မတူတာက ဥရောပက တိတ်တိတ်ဆိတ်ဆိတ်နေလိုတယ်။ တရုတ်ကတော့ ဆူတယ်။ တခြားအခန်းတွေအတွက်ပါ အနှောင့်အယှက်ဖြစ်စေတာမျိုးတွေ ရှိတယ်”ဟု ဟိုတယ်တစ်ခုတွင် ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

မြန်မာ့ခရီးသွားရာသီသည် နှစ်စဉ်အောက်တိုဘာလမှ မတ်လခန့်အထိ ဖြစ်သည်။ ယင်းကာလများတွင် နာမည်ကြီးခရီးသွားဒေသများတွင် ပြည်တွင်း ပြည်ပခရီးသွားများပြည့်နှက်လေ့ရှိပြီး ပုဂံဒေသတွင်လည်း ဟိုတယ်၊ တည်းခိုခန်းများ မရတော့သည့် ပြဿနာဖြင့် ကြုံတွေ့ရတတ်သည်။

သို့သော် ဧည့်အဝင်နည်းပါးသည့် ဧပြီမှ စက်တင်ဘာလအတွင်း၌မူ ဟိုတယ်လုပ်ငန်းရှင်များ ငုတ်တုတ်ထိုင်နေရသည့် သဘောဖြစ်၍ ယင်းအခက်ကို တရုတ်တို့က အချက်ယူကာ တစ်နှစ်စာ အခန်းယူမည်ဟုဆိုကာ ဈေးနှုန်းကို သုံးပုံတစ်ပုံခန့်ဖြင့် ဆစ်ကြသည်။

အမှန်တကယ် ခရီးသွားရာသီရောက်ချိန်တွင် ယင်းအခန်းများသည် အခြားနိုင်ငံမှ ခရီးသွားများကို ငှား၍ မရတော့။ တရုတ်နှင့် စာချုပ်ချုပ်ထားပြီးသားဖြစ်၍ တရုတ်မှ လာပို့သည့် ဧည့်သည်ကိုသာ စောင့်မျှော်ရုံပင်။

ဥပမာ – ဒေါ်လာတစ်ရာတန်အခန်းကို တရုတ်လုပ်ငန်းရှင်က သုံးဆယ်ဖြင့် ငှားထားပြီး အမှန်တကယ် ဧည့်ကျလာချိန်တွင် အနည်းဆုံး ဒေါ်လာ ၈၀ လောက်အထိ ရနိုင်သော်လည်း သုံးဆယ်ဖြင့် ဝင်လာမည့် တရုတ်ဧည့်သည်ကိုသာ ကြိုဆိုရမည့်သဘော ဖြစ်သည်။

“တချို့ကလည်း အခန်းအကုန်လုံးကို အပြတ်ငှားကြတယ်။ တချို့ကျတော့ အခန်းချန်ပြီးမှ ငှားတယ်။ ချန်တယ်ဆိုတာက အာရှတစ်ခုတည်းမဟုတ်ဘဲ အနောက်ဘက်က ဥရောပခရီးသွားတွေကိုလည်း လက်ခံချင်တယ်။ သူတို့ ဟိုတယ်ကို တခြားနိုင်ငံတွေကပါ သိစေချင်တဲ့အတွက် ချန်ကြတဲ့ သဘောပေါ့”ဟု ပုဂံရွာဟိုတယ်မှ အထွေထွေမန်နေဂျာ ဦးနိုင်လင်းက ရှင်းပြသည်။

လုပ်ငန်းရှင်များ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းဆိုလျှင် နှစ်ဖက် အဆင်ပြေနိုင်ကြောင်း၊ ယခုလဆိုလျှင် မီတာခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး တရုတ်နှင့် စာချုပ်ထားသည့် အချိန်သည် ယခင် မီတာခ မတိုးမြှင့်ခင်ဖြစ်၍ လုပ်ငန်းရှင် အချို့ဆိုလျှင် အရှုံးပင်ရှိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဇူလိုင်လအတွင်းက ထုတ်ပြန်ချက်အရ ယခင်နှစ် ပထမခြောက်လအတွင်း တရုတ်ခရီးသည် တစ်သိန်းသုံးသောင်းကျော်ဝင်ရောက်ခဲ့ရာမှ ယခုနှစ် ပထမခြောက်လပတ်တွင်မူ သုံးသိန်းနှစ်သောင်းကျော်အထိ ဝင်ရောက်ခဲ့သည်။

လူဦးရေ နှစ်သိန်းခန့်အထိ ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၄၀ ရာခိုင်နှုန်းဟုဆိုသည်။ ယင်းပမာဏသည် အခြားသောနိုင်ငံမှ ခရီးသည်ဝင်ရောက်မှုများနှင့် နှိုင်းယှဉ်လျှင် အများဆုံးသော ပမာဏလည်း ဖြစ်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံပင်လျှင် ယခင်နှစ်ဝက်က ခရီးသည် တစ်သိန်းခွဲကျော်ဝင်ရောက်ခဲ့သေးသော်လည်း ယခုနှစ်ဝက်အထိမူ တစ်သိန်းသုံးသောင်းကျော်သာ ရှိသည်။ ၁၁ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည်ဟု ဟိုတယ်/ခရီးက သုံးသပ်ထားသည်။

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ပုဂံကို သတ်မှတ်ခဲ့ပြီးနောက်တွင် ထင်သလောက် ခရီးသည် ဝင်ရောက်ခြင်းမရှိသေးဘဲ ယခင်က လူဦးရေ ၅၀၀ ခန့်ဆိုလျှင် လက်ရှိတွင်လည်း ငါးရာခန့်သာ ဝင်ရောက်မှု ရှိသေးကြောင်း ဒေသခံဟိုတယ်လုပ်ငန်းရှင်အချို့နှင့် ဧည့်လမ်းညွှန်အချို့ထံမှ သိရသည်။

သို့သော် ပြည်တွင်းခရီးသွားအချို့ကမူ ယခင်ကထက် ရက်ရှည်လာရောက်မှုများရှိနေသည်ဟု ပုဂံမြို့ဟောင်းရှိ သရပါဟိုတယ်မန်နေဂျာ ဦးကျော်ဟိန်းက ပြောသည်။

သရပါဟိုတယ်သို့လည်း တရုတ်လုပ်ငန်းရှင်အချို့က အခန်းအပြတ်ငှားရန် လာရောက်ကမ်းလှမ်းမှုများ ရှိသော်လည်း မိမိတို့ ဟိုတယ်သည် နိုင်ငံပေါင်းစုံမှ ဧည့်သည်များကို ငှားရမ်းလိုသဖြင့် ငြင်းပယ်လိုက်သည်ဟု ၎င်းက ဆိုသည်

“China Only ဆိုရင် ရေရှည်မှာ မကောင်းဘူးလေ။ သူတို့က တစ်နှစ် ၂ နှစ် လောက်ပဲငှားပြီး နောက်ထပ် ဆက်မငှားတော့ဘူးဆိုရင် ကိုယ်က ဈေးကွက်ပျက်ပြီ” ဟု ဦးကျော်ဟိန်းက သုံးသပ်သည်။

အလားတူ အဆမတန်ဈေးဆစ်သဖြင့် တရုတ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ထားသည့် ပုဂံရွာဟိုတယ်ကလည်း မကြာမီ ခရီးသွားရာသီရောက်တော့မည်ဖြစ်၍ တရုတ်လုပ်ငန်းရှင်များကို တစ်ခန်းသုံးဆယ်ဖြင့် မငှားဟု ယတိပြတ်ပြောဆိုသည်။

“ခရီးသွားလာတာများရင် (တစ်ခန်းလျှင် ဒေါ်လာ) ခြောက်ဆယ်၊ ရှစ်ဆယ်အထိ ရတယ်။ တရုတ်မှ မဟုတ်ဘူး။ ဒီပြင်လူလည်း ရောင်းမှာ။ ဆယ်လပိုင်းဆို ဧည့်သည် စကျပြီ”ဟု ပုဂံရွာ ဟိုတယ်မန်နေဂျာဒေါ်စိုးစိုးလှိုင်က ဆိုလေသည်။

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *