ကျောက်အုတ်တို့ ပြိုလေရာ (၅) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

အခန်း (၃)
တက္ကသိုလ် ဥပဒေကြမ်း

ဝေဖန်ချက်များနှင့် အတည်ပြုခြင်း

တက္ကသိုလ် တည်ထောင်ရေး

မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုရှိသင့်သည်ဟူ၍ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်းကပင် ပညာရေးဆင်ဒီကိတ်ဥက္ကဋ္ဌ ‘ဆာဂျွန်ဂျာဒင်း’ က အကြံပြုခဲ့ဖူးသည်။ (ဒေါက်တာ ဦးဘ၊ ၁၉၆၃) ၁၈၉၆ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့တွင် ကျင်းပသော ရန်ကုန်ကျောင်းဆရာများအသင်းအစည်းအဝေးတွင်လည်း မစ္စတာတော်စိန်ခိုက မြန်မာနိုင်ငံတွင် တက္ကသိုလ်တခုတည်ထောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Taw Sein Ko, 1913) ၁၉၀၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ‘အိန္ဒိယအာဏာခွဲဝေပေးရေးကော်မတီ’ (Indian Decentralization Committee) ကလည်း မြန်မာနိုင်ငံတွင် ကိုယ်ပိုင်တက္ကသိုလ်တစ်ခုရှိရန် လိုအပ်သည်ဟု ထင်မြင်ချက်ပေးခဲ့သည်။ (Dr. U Ba၊ 1963)

သို့ဖြင့် ပညာရေးဆင်ဒီကိတ်သည် တက္ကသိုလ်တည်ထောင်ရေးအတွက် တင်ပြလွှာတစ်စောင် ရေးဆွဲပြုစုပြီး ‘အိန္ဒိယတက္ကသိုလ်များ ကော်မရှင်’ (Indian Universities Commissions) သို့ တင်ပြခဲ့သည်။ ကိုယ်စားလှယ်တစ်ဦးကိုလည်း ကာလကတ္တားသို့ စေလွှတ်ခဲ့သည်။ (BPI၊ 1901-02) ၁၉၁၁ ခု ဒီဇင်ဘာလတွင်လည်း ထပ်မံအကြံပြုချက်များကို အစိုးရသို့ တင်ပြခဲ့သည်။ (BES 1910-11) ၁၉၁၀ ပြည့်နှစ်တွင် အိန္ဒိယတက္ကသိုလ်စနစ်နှင့် ဗြိတိသျှကောလိပ်များ ပေါင်းစည်းပါဝင်သည့် တက္ကသိုလ်စနစ်ဖြင့် မူကြမ်းတစ်ခု ရေးဆွဲကာ ပညာရေးဆင်ဒီကိတ်သို့ တင်ပြလိုက်သည်။ ၁၉၁၁ ခုနှစ်တွင် အဆိုပါမူကြမ်းကို ဆင်ဒီကိတ်မှ လက်ခံပြီး မြန်မာနိုင်ငံအစိုးရထံ တင်သွင်းခဲ့သည်။ (PIB၊ 1911-12)

ဤသို့ဖြင့် မြန်မာနိုင်ငံတွင် သီးခြားတက္ကသိုလ်တစ်ခုတည်ရှိရေးမှာ စတင်အသက်ဝင်လာခဲ့ပါသည်။

တက္ကသိုလ်ဥပဒေမူကြမ်း

၁၉၁၇ ခုနှစ် ဇန်နဝါရီလတွင် ဒေလီမြို့၌ ပညာမင်းကြီးများကွန်ဖရင့်တစ်ရပ်ကျင်းပသည်။ ဤကွန်ဖရင့်တွင် တက္ကသိုလ်သစ်များအဖြစ် ထူထောင်မည့် ပတ္တနား၊ ဒက္ကာနှင့် ရန်ကုန်တက္ကသိုလ်တို့၏ ဖွဲ့စည်းပုံများကို အဓိကဆွေးနွေးခဲ့ကြသည်။ (PEI၊ 1915-16) ၁၉၁၈ ခုနှစ်တွင် တက္ကသိုလ်သင်ရိုးကိစ္စများအတွက် ‘မြန်မာနိုင်ငံ တက္ကသိုလ်ကော်မတီ’ (Burma University Committee) ကို ဖွဲ့စည်းခဲ့သည်။ ဤကော်မတီတွင် မြန်မာနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အိန္ဒိယတက္ကသိုလ်များမှ ကျွမ်းကျင်သူငါးဦး ပါဝင်သည်။ ရန်ကုန်တက္ကသိုလ်ဥပဒေမူကြမ်း ရေးဆွဲနိုင်ရေးအတွက် ကာလကတ္တားတက္ကသိုလ်ကော်မရှင်၏ အစီရင်ခံစာကို လေ့လာခဲ့ကြသည်။ (Dr. UB၊ 1963)

ဆိုခဲ့ပါ ကာလကတ္တားတက္ကသိုလ်ကော်မရှင်၏ အကြံပေးချက်များမှာ

၁။ ဖွင့်လှစ်မည့်တက္ကသိုလ်ကို ကျောင်းစွဲမထားဘဲ ဗဟိုတက္ကသိုလ်နှင့် ကျောင်းအိပ်၊ ကျောင်းစားတက္ကသိုလ် ဖြစ်သင့်။
၂။ ပညာရေးနှင့် ပတ်သက်သောကိစ္စများကို ပညာရေးဆိုင်ရာအဖွဲ့များကသာ ကိုင်တွယ်သင့်။
၃။ ပညာရေးပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုရှိသင့်။
၎။ တက္ကသိုလ်ရေးရာများကို အစိုးရလက်အောက်မှ သီးခြားကင်းလွတ်သောအဖွဲ့ဖြင့် ဆောင်ရွက်သင့် …။ (UNEC၊ 1937)

ဤသို့ဖြင့် ပြင်ဆင်ရေးဆွဲသော ဥပဒေကြမ်းကို တင်သွင်းခဲ့ သည်။ ၁၉၂၀ ပြည့် ဩဂုတ် ၂ ရက်နေ့တွင် အစိုးရအိမ်တော်၌ ကျင်းပသော ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ‘စိတ်ကြိုက်ခန့် ကော်မတီ’ (Select Committee) ဖွဲ့စည်းပြီး ဥပဒေကြမ်းကို ဆွေးနွေးကြသည်။ (သူရိယသတင်းစာ၊ ၄-၈-၂၀)

ဥပဒေကြမ်းကို ဝေဖန်ကန့်ကွက်ကြခြင်း

တက္ကသိုလ်ဥပဒေကြမ်း ထွက်ပေါ်လာသည်နှင့် ဥပဒေပြုလွှတ်တော်အတွင်းကရော အပြင်ကပါ ကန့်ကွက်မှုများ လျှံကျလာသည်။ မြန်မာနိုင်ငံတွင် သီးသန့်တက္ကသိုလ်တစ်ခု ရှိသင့်သည်ကို အားလုံးက လက်ခံထားကြသော်လည်း မြန်မာအများစုလိုချင်သည်မှာ ယခုထွက်ပေါ်လာသော မူကြမ်းပါ ဥပဒေမျိုး မဟုတ်ပါချေ။ သို့နှင့်အမျှ တက္ကသိုလ်ဥပဒေကြမ်းအပေါ် ကန့်ကွက်ချက်များမှာ အလွန်ပြင်းထန်သည်ဟု ဆိုရပါလိမ့်မည်။ ဤအချက်ကို ထိုခေတ်သတင်းစာများက ဖော်ပြ နေသည်။

၁၉၂၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်က ကျင်းပသော ‘မြန်မာနိုင်ငံ ပြုပြင်ရေးအသင်းကြီး’ (Burma Reform League) က ကော်မတီအစည်းအဝေးတစ်ရပ်ကျင်းပကာ ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ကြသည်။ (Burma Observer, 24-7-20) ဇူလိုင် ၃၀ ရက်တွင်လည်း ‘ဝိုင်အမ်ဘီအေ’ အထွေထွေကောင်စီကကြီးမှူး၍ ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်း ကန့်ကွက်ပွဲကို ဂျူဗလီဟောတွင် ကျင်းပခဲ့ကြသည်။ (New Burma 24-7-20)

ရန်ကုန်တက္ကသိုလ်ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ချက်များစွာထဲမှ အရေးကြီးသည်ဟု ယူဆရသောအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ တက္ကသိုလ်ကို ‘ယူနီထရီစနစ်’ (Unitary) စနစ်ဖြင့် မတည်ထောင်လို၊ ‘ဖက်ဒရယ်စနစ်’ (Federal) စနစ်ဖြင့်သာ ထူထောင်လိုကြသည်။
၂။ တက္ကသိုလ်အုပ်ချုပ်ရေးနေရာများတွင် မြန်မာများပါဝင်နိုင်အောင် ဥပဒေကို ပြင်ဆင်လိုကြသည်။
၃။ တက္ကသိုလ်သို့ ဝင်ခွင့်ရရန် တစ်နှစ်ထပ်မံသင်ကြားရဦးမည်ဆိုသည်ကို မနှစ်သက်ကြ။
၎။ ဘီအေနှင့် ဘီအက်စီကို ဂုဏ်ထူးနှင့်အောင်မှ အမ်အေနှင့် အမ်အက်စီ တက်ခွင့်ရမည်ဆိုသော အချက်ကိုလည်း မနှစ်သက်ကြ။
၅။ ပညာရေးဝန်ကြီး မစ္စတာ မတ်ဟန့်တားကို မြန်မာနိုင်ငံတွင် ဆက်လက်အမှုမထမ်းလိုကြချေ။

မကျေနပ်ချက်အများစုမှာ အမျိုးသားရေးနှင့် ပညာရေးအပေါ် အခြေခံသည်ဟု ယူဆရပါသည်။ မူကြမ်းတွင်ပါဝင်သော တက္ကသိုလ်၏ ‘ကိုယ်ပိုင်လွတ်လပ်ခွင့်’ (autonomy) နှင့် တက္ကသိုလ်အာဏာပိုင်အဖွဲ့အစည်းများနှင့် ပတ်သက်လျှင်မူ ဘာတစ်ခုမှ ဝေဖန်တို့ထိမှု မတွေ့ရပါချေ။ နောင်ထွက်ပေါ်လာမည့် ၁၉၂၀ ပထမကျောင်းသားသပိတ်တွင်လည်း ဤအချက်များ မပါ,ပါ။ သို့အတွက် ဤအချက်များသည်ပင် တက္ကသိုလ်အက်ဥပဒေ၏ ‘အားကောင်းချက်များ’ ဟု ယူဆရမလို ရှိပါသည်။ (ဤအကြောင်းကို ရှေ့အခန်းတွင် ဖော်ပြသွားပါမည်။)

အတည်ပြု ပြဋ္ဌာန်းခြင်း

ရန်ကုန်တက္ကသိုလ်ဥပဒေကို ၁၉၂၀ ပြည့် ဩဂုတ်လ ၂၈ ရက်နေ့ တွင် ပညာမင်းကြီး မတ်ဟန်းတားက တင်သွင်းပြီး ဥပဒေပြုကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာ ၂၆ ရက်တွင် ဒုတိယဘုရင်ခံက သဘောတူ၍ အောက်တိုဘာ ၂၄ ရက်တွင် ဘုရင်ခံချုပ်က သဘောတူလိုက်သည်။ ဒီဇင်ဘာ ၁ ရက်တွင် ဥပဒေအရ အာဏာတည်ပါသည်။ (RAB၊ 1920၊ 21)

 

ကျော်ဝင်း
၁၉ ဇူလိုင်၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *