ပလက်ဖောင်း ဈေးဆိုင်တည်

အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုသည့်စကားကို ရန်ကုန်တွင် ပြောင်းရမည့်ကိန်းဆိုက်လာသည်။

ရှေးမြန်မာတို့၏ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် စကားရှိသည်။ “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဟူ၏။ ဆိုလိုရင်းက အိမ်နောက်ဖေးပိုနေသည့် မြေပေါ်တွင် သီးပင်၊ စားပင်များစိုက်ပျိုးကာ တစ်ဖက်တစ်လမ်းမှ မီးဖိုချောင်စရိတ် သက်သာစေရန် လူကြီးသူမများက ဆိုဆုံးမသည့်အနေနှင့် လက်ဆင့်ကမ်းကြခြင်းဖြစ်သည်။

အထပ်မြင့်တိုက်ကြီးများ ကြီးစိုးလာသည့် ၂၁ ရာစုတွင်မူ အိမ်နောက်ဘက်တွင် ဈေးဆိုင်တည်ရန် မြေမရှိ။ ရေဆိုးများနှင့် အမှိုက်များပြည့်လျှံနေသည့် နောက်ဖေးလမ်းကြားသာရှိတာ့သည်။ မြေရှားပါးလှသည့် ရန်ကုန်သားတို့ အိမ်နောက်ဖေးတွင် ဈေးဆိုင်မတည်နိုင်။ ထိုေ့ကြာင့် ပလက်ဖောင်းတွင် ဈေးဆိုင်တည်ရန် စီစဉ်သည်။

ယင်းသို့ဈေးဆိုင်တည်ရန် စီစဉ်သူမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) ပင်ဖြစ်သည်။ ယာဉ်ကြောကျပ်တည်းမှုကြောင့် လမ်းချဲ့ရာမှ ပလက်ဖောင်း ကျုံ့သထက်ကျုံ့လာသည့် ရန်ကုန်မြို့တော်တွင် ဈေးဆိုင်ကိစ္စက ထပ်ပေါ်လာခြင်းဖြစ်သည်။

ပလက်ဖောင်းဈေးဆိုင်

YCDC ၏ပဲ့ကိုင်ရှင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပလက်ဖောင်းဈေးဆိုင်တည်ရန် အစီအစဉ်ကို ဩဂုတ်လ ၁၉ ရက်နေ့တွင် ပထမဆုံးအကြိမ် မိတ်ဆက်သည်။

“Bus Stand” ဘေးမှာ ဆိုင်ခန်းလေးပေါ့ဗျာ။ ကွမ်းယာဆိုင်တော့ မဟုတ်ဘူး။ ကွမ်းယာဆိုင်လိုဟာမျိုး ခေတ်မီမီ နဲ့ မှန်လုံခန်းလေးနဲ့ပေးမယ်။ (ဈေးရောင်းတဲ့) သူကရောင်းပေါ့။ Top Up ပဲ ရောင်းရောင်း။ ရောင်းချင်တာ ရောင်း” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ရန်ကုန်မြို့ တော်ခန်းမတွင်ကျင်းပသည့် YCDC လစဉ်ပုံမှန် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် YBS ဘတ်စ်ကားမှတ်တိုင်များအနီး ပလက်ဖောင်းပေါ်တွင် ဈေးဆိုင်ခန်းငှားရမ်းမည့် အစီအစဉ်ကို ၎င်းက ပြောဆိုခြင်းဖြစ်သည်။

ဈေးဆိုင်ခန်းတည်ဆောက်စရိတ်မှာ တစ်ဆိုင်လျှင် ကျပ်သိန်း ၂၀ ကျော် ကုန်ကျမည်ဖြစ်သည်။ အကျယ်အဝန်း ငါးပေပတ်လည်ရှိကာ သတ္တုဖြင့် တည်ဆောက်ထားသည်။ ဈေးဆိုင်ခန်း နဖူးစည်းတွင်မှု YCDC တံဆိပ်ကပ်ထားသည်။ဆိုင်ခန်းနမူနာများကို ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်အနီးတွင် တည်ဆောက်ထားသည်။

ဈေးဆိုင်ခန်းများတွင် အဆာပြေမုန့်များ၊ YBS ဘတ်စ်ကားခ ပေးချေသည့်ကတ်၊ ဖုန်းငွေဖြည့်ကတ်၊ ဖုန်းအား သွင်းရန်နေရာနှင့် အင်တာနက် (Wifi) များ စီစဉ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ခြွင်းချက်အနေနှင့် ကွမ်းယာနှင့်ဆေးလိပ်ကိုမူ ရောင်းချခွင့်မပြုပေ။

ဈေးဆိုင်းခန်းများကိုမူ လူမှုအဖွဲ့အစည်းများကို လုပ်ကိုင်ခွင့်ပေးရန် ကနဦးလျာထားကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

“ဘယ်သူ့ကိုပေးမလဲဆိုတော့ လူမှုအဖွဲ့အစည်းတွေ၊ ကြက်ခြေနီတွေလည်းပေးမယ်။ ကျွန်တော်တို့ လျာထားတာနော်။ ကင်းထောက်လည်း ပေးမယ်။ နောက်တစ်ခုက ပရဟိတ ကျော်သူနဲ့အဖွဲ့၊ မသန်စွမ်းပေါ့။ ပေးမယ်လို့ လျာထားတယ်” ၎င်းကပြောဆိုသည်။

ယင်းလူမှုအဖွဲ့အစည်းများအပြင် စိတ်ဝင်စားသူများရှိပါက YCDC တွင် လျှောက်ထားနိုင်သည်။ ဆိုင်ခန်းနေရာ အတွက် ပလက်ဖောင်းငှားရမ်းခ နှုန်းထားများကို မသတ်မှတ်ရသေးကြောင်း YCDC ကော်မတီဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။

ယာဉ်ကြောကျပ်တည်းခြင်း ပြဿနာကို ဖြေရှင်းရန် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လမ်းချဲ့ထွင်ခြင်း၊ မော်တော်ယာဉ်ရပ်နားရန် နေရာများအဖြစ် ပလက်ဖောင်းအချို့ကို ယာဉ်ရပ်နားနေရာ အသွင်ပြောင်းခဲ့သည်။

လက်ရှိရန်ကုန်မြို့တွင် လူသွားရန် ပလက်ဖောင်းကိုပင် မော်တော်ကားနှင့်အပြိုင် လွန်ဆွဲနေရသည်။ ထိုမျှမက လမ်း ဘေးဈေးသည်များကြောင့် ပလက်ဖောင်းသည် ညဈေးတန်းအဖြစ် တစ်ဖန်အသုံးတော်ခံရသည်။

NLD အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ ‘ပလက်ဖောင်းသည် လူသွားဖို့’ ဟူသည့် စကားကို ကြွေးကြော်ကာ လမ်းဘေးဈေးသည်ရှင်းလင်းခြင်းနှင့် အခပေးမော်တော်ယာဉ်ရပ်နားရန် နေရာများ သတ်မှတ်ပေးရန် ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း အစိုးရသက်တမ်း သုံးနှစ်ကျော်အကြာတွင်မူ ပလက်ဖောင်းတွင် ဈေးဆိုင်ဖွင့်လှစ်ရန် စီစဉ်သည်။ ထိုသို့အခကြေးငွေဖြင့် ပလက်ဖောင်းငှားရမ်းခြင်းသည် ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေနှင့် ကိုက်ညီပါ၏လော။

၂၀၁၈ စည်ပင်ဥပဒေ

၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထို ဥပဒေတွင် ပြင်းထန်သည့် စည်ကမ်းသတ်မှတ်ချက်နှင့် ပြစ်ဒဏ်များ ပြဋ္ဌာန်းထားသည်။

ပလက်ဖောင်း (လူသွားစင်္ကြံ) နှင့်ပတ်သက်၍ ဥပဒေပုဒ်မခြောက်ခု ထည့်သွင်းပြဋ္ဌာန်းထားသည်။ ယင်းအနက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ်သိန်းငါးဆယ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဆိုသည့် ပြဋ္ဌာန်းချက်ဖြစ်သည်။

ယင်းမှာ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်းများ၊ စင်္ကြံများ၊ တံတားများနှင့် လမ်းတံတားဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖျက်ခြင်းနှင့် ညစ်ညမ်းစေခြင်းတို့ ဆောင်ရွက်လျှင် ကျခံရမည့် ပြစ်ဒဏ်ဖြစ်သည်။

ယင်းအပြင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် အုပ်မိုး၍ဖြစ်စေ၊ အစွန်းထွက်၍ဖြစ်စေ၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်လျှင် ဒဏ်ငွေတစ်သိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ်ခြောက်လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသေးသည်။

ယင်းကန့်သတ်ချက်များကို ဒုတိယအကြိမ်ထပ်မံကျူးလွန်လျှင် ထောင်ဒဏ်တစ်နှစ်ကျခံရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် YCDC ၏ ပလက်ဖောင်းဈေးဆိုင်များသည် ၂၀၁၈ စည်ပင်ဥပဒေနှင့် ကိုက်ညီပါ၏လော။

၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေတွင် ပါရှိသည့် နောက်ဆက်တွဲဇယား ပြစ်မှု၊ ပြစ်ဒဏ်များ အခန်းတွင် ပလက်ဖောင်း (စင်္ကြံ) များနှင့် ပတ်သက်သည့် ကန့်သတ်ချက်တွင် “ကော်မတီ၏ ခွင့်ပြုချက်မရဘဲ” ဟု အစချီ၍ ရေးသားထားသည်။ ထိုေ့ကြာင့် ယင်းဥပဒေကန့်သတ်ချက်များကို ကော်မတီ၏ ခွင့်ပြုချက်ရလျှင်မူ ဆောင်ရွက်နိုင်မည်လောဟူသည့် မေးခွန်းများ ပေါ်ထွက်လာသည်။

“ဒီဥပဒေကြီးကို အတည်ပြုကတည်း ကိုက Fair မဖြစ်ဘူး။ စည်ပင်လက်ထဲမှာ ရှိနေတယ်။ ကျူးကျော် အဆောက်အအုံဆောက်ရင်တောင် စည်ပင်ခွင့်ပြုရင်ရနေတယ်။ ဈေးဆိုင်ထားပါဦး။ လမ်းနယ်နိမိတ်ကို ကျူးကျော်ပြီး အဆောက်အအုံကြီး ဆောက်ရင်တောင်မှ စည်ပင်က ခွင့်ပြုရင်ရတယ်။ သူမကြိုက်ဘူး ခွင့်မပြုရင်တော့ ဒဏ်ကြေးနဲ့လုပ်မှာ။ ထောင်ချမှာ” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်သည်။

ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တာ် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သည်။

ထို့ကြောင့် YCDC ၏ သဘောထားအပေါ်တွင်သာမူတည်သည်။ ဆိုလိုသည်မှာ YCDC က ခွင့်ပြုလျှင် သို့မဟုတ် အရေးမယူချင်လျှင် မည့်သည့်ပြဿနာမျှ ရှိမည်မဟုတ်။ သို့သော် YCDC က အရေးယူချင်လျှင် လမ်းဘေးဈေးသည်သာမက အိမ်ရှေ့တွင် သဲပုံထားလျှင်ပင် အရေးယူနိုင်ပေသည်။

ဥပဒေအရ YCDC က အများပြည်သူပိုင် ပလက်ဖောင်းနေရာကို အခကြေးငွေယူ၍ ငှားရမ်းပိုင်ခွင့်ရှိသည့် သဘောပင်။ သို့သော် ထိုသို့ငှားရမ်းခြင်းသည် သင့်တော်ပါ၏လော။

“ပလက်ဖောင်းက လူသွားဖို့ဆို မှန်ပါတယ်ရှင့်။ ဒါပေမဲ့ ဒီအခုဆိုင်ဖွင့်တာကလည်း ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေအတွက်၊ လူထုအတွက်ကိုပဲ ကျွန်မတို့က စဉ်းစားပြီးတော့ ဖွင့်တာကြောင့်မို့လို့ ဆန့်ကျင်တာ မဟုတ်ဘူးလို့တော့ ယူဆပါတယ်ရှင်” ဟု YCDC ကော်မတီဝင် ဒေါ်မေမေသွယ်က ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် YCDC လစဉ်သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

့ထိုပြင်ရန်ကုန်မြို့အတွင်း YBS ဘတ်စ်ကားမှတ်တိုင် စုစုပေါင်း ၁၈၀၀ ခန့်ရှိသော်လည်း မှတ်တိုင်တိုင်းတွင် ဈေးဆိုင်များကို ထားရှိမည်မဟုတ်ဘဲ ခရီးသည်အတက်အဆင်းများသည့် မှတ်တိုင်များတွင်သာ ထားရှိရန် ရည်ရွယ်ထားသည်။ အရေအတွက်ကိုမူ ကန့်သတ်ချက်မထားရှိကြောင်း ဒေါ်မေမေသွယ်က ဆိုသည်။

လာမည့် သုံးလေးလအတွင်း YBS ဘတ်စ်ကားများသည် ကတ်စနစ်အသုံးပြုကာ စီးနင်းရမည်ဖြစ်သည်။ ထိုေ့ကြာင့် ဘတ်စ်ကားစီးရန် ငွေပေးကတ်များ လွယ်လွယ်ကူကူ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးဆိုင်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YCDC ၏ ပလက်ဖောင်းဈေးဆိုင်များကိုမူ လမ်းဘေးတွင် ဈေးရောင်းချသည့် ဈေးသည်အချို့က စိတ်ဝင်စားလျက်ရှိသည်။

“မှတ်တိုင်ဆိုတာ နေရာကောင်းဗျ။ အရမ်းရောင်းရတာ” ဟု ရာသီပေါ်သီးနှံရောင်းချပြီး လမ်းဘေးဈေးသည်အဖြစ် ဆယ်နှစ်ကျော်လုပ်ကိုင်ထားသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။

လက်ရှိ လှည်းတန်းလမ်းမပေါ်တွင် ဈေးတစ်ဗန်းခင်းစာအတွက် တစ်နေ့ကျပ်သုံးထောင်ခန့် မြေညီအခန်းပိုင်ရှင်ကို ပေးရကြောင်း ၎င်းကဆိုသည်။

လွှတ်တော်အသံ

ပြည်သူ့ကိုယ်စားလှယ်အများစုကမူ ပြည်သူပိုင်မြေပလက်ဖောင်းငှားရမ်းခြင်းကို ဘဝင်မကျကြပေ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကော်မတီ ၁၀ ခု ရှိသည့်အနက် ခြောက်ခုက ယင်းအစီအစဉ်ကို ကန့်ကွက်သည်ဟု လွှတ်တော်ဥက္ကဋ္ဌနှင့် YCDC တို့ထံ ဩဂုတ်လ ၂၂ ရက်နေ့က စာပေးပို့ထားသည်။

ကန့်ကွက်ရာတွင် ပါဝင်သည့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်၊ ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးသန်းနိုင်ဦးကလည်း ဘဝင်မကျပေ။

“ဆရာတို့မြို့နယ်လို နေရာမျိုးမှာတော့ အဲဒီလိုဆိုင်မျိုးတွေ လုပ်တာတော့ သဘောမတူဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာတို့ဆီမှာရှိတဲ့ ပလက်ဖောင်းတွေက အရမ်းကျဉ်းတယ်။ အလွန်ဆုံး ရှိရင်တောင်မှ ပလက်ဖောင်းက ခြောက်ပေလောက်ပဲရှိတာလေ” ဟု ၎င်းကဆိုသည်။

ပန်းပဲတန်းမြို့နယ်ရှိ ပလက်ဖောင်းများသည် ခြောက်ပေကျော်ကျော်သာရှိပြီး လက်ရှိ YBS ဘတ်စ်ကား မှတ်တိုင်နေရာအတွက် လေးပေခန့် နေရာယူထားသဖြင့် ထပ်မံ၍ ဈေးဆိုင်ထားရှိရန် မသင့်ကြောင်း ဦးသန်းနိုင်ဦးက ရှင်းပြသည်။

သို့သော်လည်း မြေနီကုန်း၊ ဆူးလေ၊ လှည်းတန်း၊ တာမွေ စသည့်နေရာများတွင် ခရီးသည် အတက်အဆင်းများပြီး ဘတ်စ်ကားစီးရန် ငွေပေးကတ်များ လိုအပ်သည့်အတွက် ဈေးဆိုင်ခန်းထားရှိသင့် ကြောင်း ၎င်း၏အမြင်ကိုဖွင့်ဟသည်။

ပြည်သူ့ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် YCDC ၏ စိတ်ကူးသည် ပြည်သူ့ဆန္ဒမဲဖြင့် ဥပဒေပြုရေးလွှတ်တော်သို့ ဝင်ရောက်လာသည့် ကိုယ်စားလှယ်များ၏ စိတ်ကူးနှင့် ပလက်ဖောင်းခြားပြီလော။

ပလက်ဖောင်းဈေးဆိုင်များနှင့် ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ၎င်း၏ခံယူချက်ကို အောက်ပါအတိုင်း ပြောဆိုသည်။

“ကော်မတီခြောက်ခုက ကန့်ကွက်တယ်။ လုံးဝကန့်ကွက်တယ်။ အဲဒါကိုမှ ဆက်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ အန်ကယ်တို့ လွှတ်တော်ထဲမှာ မဲခွဲမယ်”

 

ပို့ပို့

 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *