သားကြီးအတွက် အမေ့အလွမ်း

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဩဂုတ်လ ၁၅ ရက် နံနက်တွင် နောင်ချိုမြို့ပေါ်မှလည်း  လက်နက်ကြီးသံများကို ကြားခဲ့ရသည်။

ရှမ်းခေါက်ဆွဲဆိုင် ဖွင့်လှစ်ထားသည့် ဦးစိုးလွင်သည် နံနက် ၄ နာရီခန့်တွင် အိပ်ရာမှထ၍ ကိုယ်လက်သန့်စင်ကာ ဘုရားရှိခိုးနေချိန် ပေါက်ကွဲသံများကို ကြားရသည်။ သို့သော် ကားဘီးပေါက်ကွဲသံနှင့်လည်း ဆင်တူသဖြင့် အမှုမဲ့အမှတ်မဲ့ပင်။

မနက်ဘက် ဈေးသို့သွား၍ မုန်ညှင်းချဉ်ဝယ်ချိန်တွင်တော့ ဈေးအတွင်းမှ သတင်းစုံကို ကြားခဲ့ရသည်။ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို တိုက်ခိုက်ခံရသည့်အကြောင်း၊ နောင်ချို မူးယစ်ဂိတ်နှင့် ဂုတ်တွင်းရဲကင်းစခန်းတို့ကို တိုက်ခိုက်ခံရသည့်အကြောင်းများ ကြားသဖြင့် နေအိမ်သို့ အမြန်ပြန်လာခဲ့သည်။

ဂုတ်တွင်းရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် သားဖြစ်သူထံ  နံနက် ၇ နာရီခန့်တွင် ဖုန်းဆက်ရာ  စက်ပိတ်ထားသဖြင့် မက်ဆေ့ခ်ျစာတိုတစ်စောင် ပို့လိုက်သည်။

“မင်းအမေ စိတ်ပူနေတယ်၊ အဆင်ပြေလား စာပြန်ပို့ဦး – ဘကြီး”

မှန်မျက်နှာပြင် အက်ကွဲနေသည့် မိုဘိုင်းလ်ဖုန်းကို အချိန်အတန်ကြာ စိုက်ကြည့်နေသည့်တိုင် Reply (တုံ့ပြန်) မလာသဖြင့် နောက်ထပ်တစ်စောင် ထပ်ပို့သည်။ သို့သော် ပြန်စာက မလာခဲ့။

ဦးစိုးလွင်သည် ကိုဇော်ထက်ဦး၏ ဖခင်အရင်းမဟုတ်။ မိခင်၏ နောက်အိမ်ထောင်ဖြစ်သည်။ သို့သော် အသက် ၂ နှစ်အရွယ်ကတည်းကပင် ပြုစုပျိုးထောင်ခဲ့ရသဖြင့် ဖခင်အရင်းနှင့်မခြား၊ အဖေဟု မခေါ်သော်လည်း ချစ်စနိုးဖြင့် ဘကြီးဟု ခေါ်တတ်သည်။

ဦးစိုးလွင်နှင့်မိခင်ဖြစ်သူထံမှ ဆင့်ပွားသည့် ညီမနှင့် ညီဖြစ်သူတို့ကိုလည်း ချစ်ချစ်ခင်ခင် ရှိလှသည်။ အထူးသဖြင့် မိခင်ကို အချစ်ပိုသည်။

“သူက ဘယ်ပဲရောက်ရောက် အမေ့ဆီကို ဖုန်းဆက်တတ်တယ်။ ရခိုင်ဘက်မှာ တာဝန်ကျတုန်းကလည်း အားတဲ့အခါ တစ်နေ့ကို ငါးကြိမ်လောက်ထိ ဖုန်းဆက်တတ်တယ်။ အမေ စိတ်မပူနဲ့နော်ဆိုပြီး” ဟု မိခင်ဖြစ်သူဒေါ်သင်းသင်းဦးက ဆွေးရိပ်သန်းသည့် မျက်နှာဖြင့် ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဂုတ်တွင်းတိုက်ပွဲတွင် ဂုတ်တွင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားခုနစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့သည်။ ယင်းအနက် ရဲတပ်သား ကိုဇော်ထက်ဦးလည်း ပါဝင်ခဲ့သည်။

အသက် ၂၄ နှစ်သာ ရှိသေးသည့်  ကိုဇော်ထက်ဦးသည် နောင်ချိုမြို့သားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့  ၂၀၁၅ ခုနှစ်က ဝင်ရောက်ခဲ့သူဖြစ်သည်။ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီး သင်တန်းဆင်းလျှင် ရန်ကုန်မြို့ရှိ မှော်ဘီရဲတပ်ရင်းတွင် တာဝန်ကျသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဘက်သို့ တာဝန်ကျပြန်သည်။  ရခိုင်ဘက်တွင် ခုနစ်လခန့် တာဝန်ထမ်းဆောင်အပြီး ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ခွင့်ရခဲ့သည်။

မိဘများနှင့် နီးစပ်အောင်ဟုဆိုကာ နောင်ချိုမြို့သို့ အပြောင်းလျှောက်ထားသော်လည်း နေရာလွတ်မရှိသဖြင့် အနီးစပ်ဆုံးဖြစ်သည့် ကျောက်မဲမြို့မရဲစခန်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့သည်။ ယင်းနောက်  ဂုတ်တွင်းရဲကင်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် တိုက်ပွဲကြောင့် သေဆုံးခဲ့ရသည်။

ယင်းနေ့သည့် ဂုတ်တွင်းရဲကင်းတွင် တာဝန်ထမ်းဆောင်မှု ၄၅ ရက် ပြည့်သည့်နေ့ ဖြစ်သလို ကိုဇော်ထက်ဦး၏ သမီးလေးတစ်လပြည့်သည့်နေ့လည်း ဖြစ်သည်။

“ပုံမှန်အတိုင်းဆို ဂုတ်တွင်းမှာ တစ်လပဲ တာဝန်ထမ်းဆောင်ရတယ်။ သူက မိဘတွေနဲ့ ပိုနေချင်တဲ့အတွက်  နောက်ထပ်တစ်လ တာဝန်ပေးဖို့ တောင်းဆိုလိုက်တာ” ဟု ဖခင်ဖြစ်သူ ဦးစိုးလွင်က ပြောသည်။

ယင်းကပင် သူ့အတွက် ကြမ္မာငင်စေခဲ့သည်။ ဂုတ်တွင်းနှင့် နောင်ချိုမြို့သည် လေးမိုင်ခန့်ဝေးကွာပြီး မော်တော်ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိနိုင်သည်။

ကိုဇော်ထက်ဦးသည် နေ့စဉ် မိဘအိမ်သို့ ပြန်၍ ထမင်းစားလေ့ရှိသည်။ နံနက်ပိုင်းတွင်လာ၍ နေ့လယ်တွင် ပြန်ပြီး တာဝန်ထမ်းဆောင်သည်။

“သူမဆုံးခင် နှစ်ရက်လောက်က ထမင်းစားကြရင်း သူ့သမီးကို နာမည်ပေးဖို့ ပြောဖြစ်ကြတယ်။ သောကြာသမီးဆိုတော့ သူက သွန်းနဒီထက်လို့ ပေးချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က  အဖေကော အမေကော နာမည်ပါအောင်လို့ သွန်းသန္တာထက်လို့ပေးရင် မကောင်းဘူးလားလို့ အကြံပြုခဲ့တယ်” ဟု ဦးစိုးလွင်က ပြောသည်။

ငယ်စဉ်ကတည်းက စစ်ဝတ်စုံများကို သဘောကျတတ်သူ၊ သေနတ်ပစ် ဝါသနာပါသူ ကိုဇော်ထက်ဦးသည် တက္ကသိုလ်ဝင်တန်းအောင်ချိန်တွင် အမြှောက်တပ်သို့ ဝင်ရောက်ရန် ကြံစည်ခဲ့ဖူးသည်။ သို့သော် ဖခင်ဖြစ်သူက  တပ်မတော်သားတစ်ဦး၏ တာဝန်များ၊ ခံစားခွင့်များကို သိသလောက်ချရေးရန်ပြောဆိုပြီး စဉ်းစားခိုင်းသဖြင့် မဝင်ဖြစ်ခဲ့တော့။

ထို့ကြောင့် ဥပဒေဘာသာရပ်ဖြင့် အဝေးသင်တက္ကသိုလ် တက်ရောက်ခဲ့သည်။ သို့သော် ကိုဇော်ထက်ဦး၏ လက်နက်ကိုင်၍ စွန့်စားလိုသည့်စိတ်က ပျောက်မသွားခဲ့။ ကျောင်းတက်နေစဉ် ၂၀၁၅ ခုနှစ်တွင်  အိမ်ထောင်ကျပြီးနောက် ၂၀၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

ဆီပန့်ဆိုင်တစ်ခုတွင် အလုပ်လုပ်ရင်း နောင်ချိုမြို့ပေါ်ရှိ အဘွားဖြစ်သူတို့အိမ်တွင် ဇနီးနှင့်အတူ နေထိုင်သည်။  အိမ်နားတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း  ရှိသည်။ ထိုသူကို အားကျပြီးနောက် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ရဲစဖြစ်ကတည်းက ရှမ်းပြည်နယ်ကို ပြန်ရောက်တာ ၄၅ ရက်လောက်ပဲ ရှိသေးတယ်” ဟု မိခင်ဖြစ်သူ ဒေါ်သင်းသင်းဦးက ပြောသည်။

ခင်မင်သူများက ကိုဇော်ထက်ဦး ရဲတပ်ဖွဲ့သို့ ဝင်ရောက်သွားသည်ကို မသိကြဘဲ ဓာတ်ဆီဆိုင်တွင်သာ လုပ်ကိုင်နေသည်ဟု ထင်ထားကြသည်။

ဂုတ်တွင်းရဲကင်းစခန်းမှ နောင်ချိုမြို့ပေါ်ရှိ မိခင်ဖြစ်သူထံ နေ့စဉ်ပြန်လာရင်း ထမင်းစားပြီးချိန်တွင် ရဲကင်းစခန်းရှိ  လုပ်ဖော်ကိုင်ဖက်များ စားသောက်ရန်အတွက်လည်း ထမင်းထုပ်များ ယူဆောင်သွားတတ်သေးသည်။ ရဲကင်းစခန်းအနီးတွင် စားသောက်စရာ ရှားပါးသည့်အပြင် ဝယ်စားရန်ပင် ငွေမရှိသည့်အတွက် မိခင်ဖြစ်သူက ညနေစာနှင့် နောက်တစ်နေ့ မနက် စားသောက်ရန်အတွက် ထုပ်ပေးခြင်းဖြစ်သည်။

“ထမင်းဟင်းတွေ ထုပ်ပေးပြီးရင် သားသွားတော့မှာလားလို့ မေးနေကျ။  အမေကလည်း ဘာလို့ သားကိုပဲ သွားခိုင်းနေတာလဲ။ သားအမေ့ရင်ခွင်ထဲမှာ နေပါရစေဦးလို့ သူကပြောတယ်” ဟု သားဖြစ်သူ၏  နွဲ့ဆိုးဆိုးမှုကို ဒေါ်သင်းသင်းဦးက ပြန်ပြောင်းပြောပြနေသည်။

ကလေးတစ်ယောက်အဖေ ဖြစ်နေပြီ။ အသက်အရွယ်ကြီးပြီဟု မိခင်က ပြန်ပြောလိုက်ချိန်တွင် မိခင်နှင့် တွေ့ချိန်တွင် ကလေးဟုသာ ခံစားရသည်ဟု ကိုဇော်ထက်ဦးက ပြန်၍ပြောတတ်သည်။  ထိုအခါမျိုးတွင် သားကိုချစ်သည့် ဒေါ်သင်းသင်းဦးကလည်း “အေးအေး  ငါ့သားလေးက ချောတယ်” ဟု ပြော၍ မျက်နှာကို လက်ဖြင့် ယုယုယယ ပွတ်ပေးတတ်သည်။

ဩဂုတ်လ ၁၄ ရက်နေ့ကလည်း  ခါတိုင်းလိုပင် နေအိမ်သို့ ထမင်းစားပြန်လာပြီး မြို့ထဲမှ ဆရာမဟောင်းများထံသို့ သွားရောက်၍ စကားပြောလိုက်သေးသည်။ ဂုတ်တွင်းရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေကြောင်း ဂုဏ်ယူစွာဖြင့် ပြောဆိုခဲ့သည်။

ညနေ ၃ နာရီခန့်တွင် ရဲကင်းစခန်းသို့ ပြန်ရန် ပြင်ရသည်။ ခါတိုင်းဆိုလျှင် အမေဖြစ်သူထုပ်ပေးသည့် ထမင်းထုပ်ကို ယူပြီးပြန်နေကျ။ ယနေ့တော့ ထူးထူးခြားခြား ထမင်းကို ကြွပ်ကြွပ်အိတ်ဖြင့် မထုပ်ပေးဘဲ စတီးလ်ချိုင့်ဖြင့် ထုပ်ပေးလိုက်သည်။ သားဖြစ်သူ၏ အထက်မှ ဒုရဲအုပ်တစ်ဦးကိုပါ ကျွေးရမည်ဆို၍  သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးလိုက်ခြင်းပင်။

“သား ဒီနေ့ မသွားချင်ဘူးအမေတဲ့၊  ဗိုလ်လေးက ခေါ်နေတာ။ တာဝန်ထမ်းဆောင်ရဖို့ဆိုတော့ သွားရမှာပေါ့လို့  ပြောတော့ ဟုတ်တယ် ခါတိုင်း အဲလိုစိတ်မဖြစ်ဘူး။ ဘယ်သူမှမစောင့်လည်း  ကျွန်တော်စောင့်တယ်။ ဒီနေ့ကျတော့ဗျာ ပြန်ရမှာ စိတ်တွေလေးနေတယ်တဲ့”  ဟု  သားဖြစ်သူ နောက်ဆုံးပြောဆိုသွားသည့်  စကားအချို့ကို ဒေါ်သင်းသင်းဦးက မျက်ရည်များဖြင့် ပြန်လည်ပြောဆိုနေသည်။

သို့သော် သားဖြစ်သူပြောဆိုနေသည်ကို မရိပ်မိဘဲ ဆိုင်ကယ်ဆီဖိုးမရှိသဖြင့် မသွားချင်သည်ဟု တွေးကာ  ငွေတစ်ထောင် ထုတ်ပေးလိုက်သေးသည်။  မယူသဖြင့် သားဖြစ်သူ၏ လွယ်အိတ်အတွင်းမှ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့  တစ်ရာတန်လေးတစ်ရွက်သာ တွေ့ရသည်။

ဒေါ်သင်သင်းဦးမှာ သားဖြစ်သူသုံးရန် ငွေတစ်ထောင်ကျပ်ကို  ထည့်ပေးထားလိုက်သည်။ သို့သော် သားဖြစ်သူ အိမ်မှထွက်ခွာသွားချိန်တွင် ယင်းငွေကို ယူမသွား။ ဘုရားစင်ပေါ်တင်  တင်ထားခဲ့သည်။

“ကျွန်မကသိတော့ လိုက်ပေးတော့ သူ့ဆိုင်ကယ်က လမ်းထိပ်ကိုရောက်သွားပြီ။ အော်ခေါ်လို့လည်း မကြားတော့ဘူး။ ဒါကြောင့် လိမ္မာတဲ့သားလေး၊  အမေကို သိတတ်တယ်ဆိုပြီးတော့ ဘုရားစင်ပေါ်ပြန်တင်ပြီး ဘုရားကို လှူထားလိုက်တယ်။ အမှတ်ရစရာ ဖြစ်သွားတာပေါ့”  ဟု ဒေါ်သင်းသင်းဦးက ပြောသည်။

ယူနီဖောင်းဝတ်၊ လက်နက်ကိုင်၍ စွန့်စားရသည်ကို နှစ်သက်သဖြင့် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည့် ကိုဇော်ထက်ဦးသည် သူ့ဆန္ဒပြည့်ဝသော်လည်း မိသားစုအတွက်တော့ အဆင်မပြေခဲ့။ ယခင်က ဓာတ်ဆီ ဆိုင်တွင် တစ်လကျပ်တစ်သိန်းရှစ်သောင်း ရရှိနေသည့်အချိန် ရဲတပ်ဖွဲ့သို့ ဝင်ရောက်သည့်အခါ တစ်လလျှင် ကျပ်တစ်သိန်းလေးသောင်းခွဲသာ ရရှိတော့သည်။

ရာထူးငယ်သည့်သူ၊ အောက်ခြေဝန်ထမ်းဆိုလျှင် ပင်ပန်းသည့်အပြင် အခြားအခွင့်အလမ်းများ မရရှိ။ ထို့အပြင် သမီးလေးပါ မိသားစုတွင် တိုးပွားလာသည့်အတွက် ငွေက ပိုလိုအပ်လာသည်။  ထို့ကြောင့် ရဲတပ်ဖွဲ့မှ နုတ်ထွက်ချင်သည့် စိတ်များလည်း ထိုကာလတွင် ဖြစ်ပေါ်လျက်ရှိသည်။

“သူက ဒုရဲအုပ်လောက်အထိတော့ ရချင်တယ်လို့ ပြောဖူးတယ်။ ဒုရဲအုပ်လောက်ဆိုရင် နည်းနည်း သက်သာတယ်။  သူ့ပညာအရည်အချင်းနဲ့ဆို ဖြစ်နိုင်တယ်လေ” ဟု ဦးစိုးလွင်က ပြောသည်။

ကိုဇော်ထက်ဦးသည် ဥပဒေပညာနောက်ဆုံးနှစ် (အဝေးသင်)  တက်ရောက်နေသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က စာမေးပွဲကျသဖြင့် ကိုယ်ကိုယ့်ကိုယ်လည်း အားမရဖြစ်ခဲ့ရသည်။

နောင်ချိုဇာတိဖြစ်သည့် ဦးစိုးလွင်၏ အသက် ၄၅ နှစ်တာကာလအတွင်း နောင်ချိုမြို့တွင် ယခုကဲ့သို့ ဖြစ်စဉ်များ  မကြားမိခဲ့။ လုံခြုံရေးကောင်းမွန်သည်ဟု ထင်မိခဲ့သည်။ ယခုမူ ဂုတ်တွင်းရဲကင်းရှိ  ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ကျဆုံးခဲ့ပြီ။

“ဘာလို့ အချိန်မီမကယ်တင်နိုင်လဲ၊ သူတို့အတွက် လုံခြုံရေးကို စီမံခန့်ခွဲမှုက အရမ်းအားနည်းတယ်” ဟု ဦးစိုးလွင်က မချိတင်ကဲဆိုသည်။

လုံခြုံရေးအတွက် တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် ယင်းကဲ့သို့ ရဲကင်းစခန်း ကျခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးလွင်က ယူဆနေသည်။ ဒုရဲအုပ်ကို အရင်ထိမှန်ပြီးမှ သားဖြစ်သူတို့ကို အနီးကပ် အပစ်ခံရသည်ဟု ရရှိခဲ့သည့်ဒဏ်ရာများအပေါ်  ၎င်းက သုံးသပ်သည်။

“ကျည်ဆန်ကုန်တဲ့အချိန် အနီးကပ်ပစ်သွားတာလို့ ထင်တယ်။ ကျည်ဆန်က တစ်ရာပဲ ထုတ်ပေးထားတာလို့ သိရတယ်” ဟု ၎င်းကပြောသည်။

နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေရင်း အသက်ပေးဆပ်လိုက်ရသည့်အတွက် လေးစားဂုဏ်ယူမိသော်လည်း ဆုံးရှုံးလိုက်ရခြင်းအတွက် နှမြောသည်ဟု ထိန်းထားသည့်ကြားမှ ငိုသံကြီးဖြင့် ဥိးစိုးလွင်က ပြောဆိုသည်။

“ဒီလိုနေရာကို ဒီအင်အားလောက်နဲ့ ထားရတာ။ အချိန်မီလည်း မကယ်နိုင်ဘူး။ အဲဒါကို ခံစားရတယ်” ဟု ၎င်းက ပြောသည်။

ကိုဇော်ထက်ဦး၏ ညီဖြစ်သူ အာရုဏ်ဦးသည် အသက် ၁၂ နှစ်အရွယ်ရှိပြီး ရဲတပ်ဖွဲ့သို့ဝင်ရောက်ချင်သည်ဟု  ပြောဆိုတတ်သဖြင့် ဆုံးမပြောဆိုနေရသည်ဟု ဒေါ်သင်းသင်းဦးက ဆိုသည်။

အစ်ကိုဖြစ်သူကို သေဆုံးအောင်လုပ်သူများကို မကျေနပ်သည့်အတွက်  တုံ့ပြန်ချင်သည်ဟုလည်း ပြောဆိုတတ်သည်။

သို့သော် ရဲတပ်ဖွဲ့ဝင်တို့၏ ဘ၀သည်  ပင်ပန်းဆင်းရဲလှသဖြင့် ဒေါ်သင်းသင်းဦးမှာ သားဖြစ်သူကို မဝင်စေချင်။

သားကြီးဖြစ်သူ ကိုဇော်ထက်ဦး ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် မိဘအိမ်သို့ ပြန်လာချိန် ဝတ်ဆင်လာတတ်သည့် ဂျင်းဘောင်းဘီနှင့်တီရှပ်မှာ အရောင်အဆင်းက ဖျော့တော့နေသည်။ တီရှပ်ဆိုလျှင် ဖားဥများပင် စွဲနေပြီး မူလက မည်သည့်အရောင်မှန်းပင် မသိနိုင်တော့။

“သားက အငတ်ငတ်အပြတ်ပြတ်နဲ့ နေခဲ့ရတာ” ဟု လျှော်ဖွတ်ထားသည့် အင်္ကျီနှင့်ဘောင်းဘီကို လက်ထဲတွင် ကိုင်ထားရင်း ဒေါ်သင်းသင်းဦးက ဖွင့်ဟသည်။

ဒုရဲအုပ်ဖြစ်လိုသည့် ကိုဇော်ထက်ဦး၏ဆန္ဒ ပြည့်ဝသွားသည်ဟု ဆိုရမည်လားတော့မသိပေ၊ တိုက်ပွဲကြောင့် ကျဆုံးချိန်တွင် ဝတ်ဆင်ထားသည့် ယူနီဖောင်းသည် ကြယ်တစ်ပွင့်တပ်ဆင်ထားသည့် ဒုရဲအုပ် ယူနီဖောင်း ဖြစ်နေသည်။

“တိုက်ပွဲတွေဖြစ်တော့ ကမန်းကတန်းနဲ့ တွေ့ရာယူဝတ်လိုက်တဲ့ပုံလည်း ဖြစ်နိုင်ပါတယ်။ သူတစ်ယောက်ပဲ ဝတ်စုံပြည့်နဲ့။ ကျန်တဲ့နှစ်ယောက်က အောက်က  ရဲဘောင်းဘီ၊ အပေါ်က အရပ်ဝတ်တွေနဲ့”  ဟု သားဖြစ်သူ သေဆုံးပြီးချိန်တွင် ဂုတ်တွင်းရဲကင်းသို့ ရောက်ရှိခဲ့သည့်  ဦးစိုးလွင်က ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များကို မမုန်းသော်လည်း လက်ရှိတွင်မူ ယူနီဖောင်းများကိုမြင်လျှင် ထိတ်လန့်သည့်စိတ် ဒေါ်သင်းသင်းဦး ခံစားနေရသည်။

“နှမြောတယ်။ သူ့ဘ၀တက်လမ်း အများကြီးရှိသေးတယ်။ ကိုယ်ကတော့ နောက်ဆုံးရင်ကွဲတာလေးပဲ အဖတ်တင်ပြီး ကျန်ခဲ့တယ်”ဟု အမေကို ချစ်တတ်သည့် သားကြီးကိုချစ်သော ဒေါ်သင်းသင်းဦးက မျက်ရည်များဖြင့် ပြောဆိုနေတော့သည်။      

  မြတ်(ကလေး)

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *