ဆင်ဆာအသစ်တွေ ရမယ်

ဒီမိုကရေစီရော၊ အာဏာရှင်နိုင်ငံတွေမှာရော လွတ်လွတ်လပ်လပ် ပြောဆိုဖို့ဆိုတာ ပိုခက်လာတယ်။

၂၀၁၉ ဇွန်လ ၂၂ ရက်နေ့တုန်းက အီသီယိုပီးယားမှာ အာဏာသိမ်းဖို့  ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ ကာကွယ်ရေးဦးစီးချုပ်ရယ်၊ ဒေသတစ်ခုရဲ့ အကြီးအကဲရယ် လုပ်ကြံခံရတယ်။ သာမန်အီသီယိုပီးယား ပြည်သူတွေက ဘာဖြစ်နေသလဲဆိုတာ သိချင်ကြတယ်။ အစိုးရက အင်တာနက်ကို ပိတ်ချလိုက်တော့ သန်းခေါင်အချိန်မှာ ပြည်သူ ၉၈ ရာခိုင်နှုန်း အင်တာနက်အဆက်အသွယ်မရကြတော့ဘူး။ ဒီတော့ ပုံဖျက်ထားတဲ့သတင်းတွေပဲ ရကြတယ်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိကြဘူး။ ဘာသတင်းမှကို မရတာဆိုပါတော့။ သတင်းထောက်တွေက အင်တာနက်သုံးလို့မရတော့ လေယာဉ်နဲ့သွားပြီးမှ သတင်းပို့လို့ရတယ်။ သတင်းတွေလည်း အများကြီးနောက်ကျသွားတယ်။

မနှစ်တုန်းက ကမ္ဘာတစ်ဝန်းမှာ အင်တာနက်ကို အစိုးရက ၂၅ ကြိမ် ပိတ်ခဲ့တယ်။ ဒီတော့ လူတွေပျာယာခတ်၊ စီးပွားရေးတွေလည်းထိခိုက်။ ဒါပေမဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကတော့ ဒီလိုလုပ်ရတာ လုပ်ရကျိုးနပ်တယ်။ အကျပ်အတည်းဖြစ်ချိန်မှာ သတင်းတွေပျံ့တာ ပိတ်သင့်တယ်လို့ ယူဆကြတယ်။

အိန္ဒိယအစိုးရက အငြင်းပွားနေတဲ့ကက်ရှ်မီးယားဒေသမှာ ဒီလထဲ အင်တာနက်ပိတ်တာဆိုရင် ဒီနှစ်အတွင်း ၅၁ ကြိမ်မြောက်ဖြစ်တယ်။ ဒီတော့ ဘာသတင်းမျှ မရကြတော့ဘူး။ နယူးဒေလီရောက်နေတဲ့ ကက်ရှ်မီးယားကလူတွေက ဖုန်းလည်းဆက်မရတော့ သူ့မိသားစုဘာဖြစ်လို့ဖြစ်နေမှန်းကို မသိဘူး။ ဆူဒန်ကတော့ ဆန္ဒပြမယ့်သူတွေ  လူစုလို့မရအောင် လူမှုကွန်ရက်ကို ပိတ်ပစ်ခဲ့တာ။ ကွန်ဂိုကျတော့  ရွေးကောက်ပွဲရလဒ်ကို ကစားလို့ရအောင် ကွန်ရက်တွေ ပိတ်ပစ်ခဲ့တာ၊ ချက်က ၂၀၃၃ အထိတောင် အာဏာဆက်ကိုင်ထားချင်တဲ့ သမ္မတရဲ့ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြမယ့်သူတွေကို နှုတ်ပိတ်ချင်လို့ လူမှုကွန်ရက်ကို ပိတ်တာ။

လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့် (Free Speech) ဆိုတာရဖို့  ခက်သလောက်၊ ပျောက်ဖို့ဆုံးရှုံးဖို့ လွယ်တယ်။

မနှစ်တုန်းကလည်း အီသီယိုပီးယားမှာ လစ်ဘရယ်သဘောထားရှိတဲ့ ဝန်ကြီးချုပ်တက်လာလို့ လွတ်လွတ်လပ်လပ် ပြောခွင့်ရခဲ့ကြတာ။ ထောင်ချထားတဲ့ သတင်းထောက်တွေကို လွှတ်ပစ်တယ်။ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ၊ ရုပ်သံတွေကို ပြန်ဖွင့်ပေးခဲ့သေးတယ်။  အခုကျတော့ အစိုးရက တစ်မျိုးပြန်စဉ်းစားပုံရတယ်။ ဖိနှိပ်မယ့်အာဏာရှင်မရှိတော့ လူမျိုးစုအကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်ပေါ်လာတယ်။ လူမှုကွန်ရက်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်ကြဖို့  အားပေးတိုက်တွန်းလာကြတယ်။ အီသီယိုပီးယား သုံးသန်းနီးပါး အိမ်တွေကနေ ထွက်ပြေးရတယ်။ အီသီယိုပီးယားမှာ တကယ်ကို အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတယ်။ သာမန်အီသီယိုပီးယား ပြည်သူတွေကတော့ အကြမ်းဖက်မှု လှုံ့ဆော်သူတွေကို နှုတ်ပိတ်ပစ်သင့်တယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုအတွင်းမှာ လုပ်ပုံကတော့ နည်းနည်းများလွန်းပြီး လူတိုင်းကိုနှုတ်ပိတ်ဖို့ ကြိုးစားသလိုဖြစ်သွားတယ်။ မှောင်ကျ နေတဲ့အချိန်ဆိုတော့ အစိုးရက ပုံပြင်အမျိုးမျိုးပြောတော့တာပေါ့။

ဒါကြောင့် ရှေ့ကသမ္မတလုပ်သလို၊ အစိုးရဆန့်ကျင်တဲ့ ဘလော့ဂါတွေကို နှိပ်စက်တာမျိုးပြန်ဖြစ်မှာ၊ စိုးရိမ်လာကြတယ်။ အစိုးရမှာက  ကြားဖြတ်နားထောင်ဖို့၊ ပိတ်ပစ်ဖို့အတွက် တရုတ်ကဝယ်ထားတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ ကားတစ်စီးတိုက်စာလောက်ရှိတယ်။  အမုန်းစကားပြောသူတွေကို အများက စောင့်ကြည့်၊ လူမှုကွန်ရက်ကို ရဲက သေသေချာချာစောင့်ကြည့်ပြီး ရာဇဝတ်ကြောင်းနဲ့ တရားစွဲဖို့လည်း ပြင်ဆင်နေတယ်။ လူတွေက ငြိမ်းချမ်းစွာ သဘောထားကွဲလွဲသူတွေကိုပါ အရေးယူမယ့် ဥပဒေဖြစ်လာမှာ စိုးရိမ်နေကြတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ လွတ်လပ်စွာပြောဆိုခွင့်တွေ ကျဆင်းခဲ့တယ်လို့ Freedom House က ဆိုပါတယ်။ ရက်စက်တဲ့ အစိုးရတွေက ပိုရက်စက်လာကြတယ်။ လွတ်လွတ်လပ်လပ် မပြောနိုင်ဘူးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ ငါးနှစ်အတွင်း ၂၈ ရာခိုင်နှုန်းက ပိုဆိုးလာပြီး ၁၄ ရာခိုင်နှုန်းကပဲ လျော့လာတယ်လို့ ဆိုတယ်။ တစ်စိတ်တစ်ဒေသ လွတ်လပ်တဲ့နိုင်ငံတွေမှာက ပိုကောင်းလာသလို၊ ပိုလည်းဆိုးသွားပြီး လွတ်လပ်ပါတယ်ဆိုတဲ့ နိုင်ငံတွေလျော့သွားတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ၁၉ ရာခိုင်နှုန်းဖြစ်တဲ့ ၁၆ နိုင်ငံမှာ ပိုဆိုးလာပြီး ၁၄ ရာခိုင်နှုန်းမှာပဲ အခြေအနေပိုကောင်းလာခဲ့ပါတယ်။

အကြောင်းနှစ်ခုကြောင့် အခုလိုဖြစ်ရတယ်ဆိုပါတယ်။

ပထမအကြောင်းတရားက နိုင်ငံအတော်များများက အာဏာရပါတီတွေဟာ သူတို့သဘောမကျတဲ့ အချက်အလက်တွေ၊ သဘောတရားတွေကို ဖိနှိပ်ဖို့အတွက် လက်နက်သစ်တွေ ရလာနေကြတယ်။

ဒုတိယအကြောင်းတရားက ကမ္ဘာမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံမှုယိမ်းယိုင်လာတော့ စောစောက လက်နက်ကိရိယာတွေကို အလွယ်တကူအသုံးချနိုင်လာကြလို့ ဖြစ်ပါတယ်။ ဘယ်ကမ္ဘာ့ အင်အားကြီးနိုင်ငံကမျှ လွတ်လပ်စွာပြောဆိုခွင့်ဘက်က ရပ်တည်တာ မတွေ့ရပါဘူး။ တရုတ်က ပြည်တွင်းမှာ သဘောချင်း မတိုက်ဆိုင်တဲ့သူတွေကို ဆင်ဆာလုပ်၊ စိစစ်ဖြတ်တောက်သလို အဲဒီနည်းပညာတွေ ပြည်ပ လည်းပို့ပါတယ်။ တခါတုန်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ ရှေ့ဆောင်အမေရိကန်နိုင်ငံမှာလည်း သမ္မတက ခုလိုပြောလာတာတွေ့ရတယ်။

“လွတ်လပ်စွာ ပြောဆိုရေးသားဖော်ထုတ်ခွင့်ကို သေးသိမ်အောင် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ပင်မရေစီးမီဒီယာတွေဟာ မရိုးသားဘဲ သိပ်ပြီးလိမ်လည်ထားတာတွေဖြစ်နေတော့ လွတ်လပ်စွာပြောဆိုတယ်လို့ မထင်ပါဘူး။ ကျွန်တော့်အတွက်ကတော့ ကောင်းတာတွေ တွေ့နေရဲ့သားနဲ့  တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ မကောင်းဘူးလို့ရေးတာကို လွတ်လပ်စွာ ပြောဆိုရေးသားတယ်လို့ မထင်ပါဘူး။ ကျွန်တော်က အဲဒါမျိုးဟာ အလွန်အန္တရာယ်ကြီးမားတဲ့ ပြောဆိုမှုရေးသားမှုဖြစ်တယ်၊ စိတ်ဆိုးစရာလည်း ဖြစ်တယ်”တဲ့။

တကယ်ပဲလား။ အစိုးရက ကောင်းတယ်လို့ပြောတာကို မြင်ပြီးကြည့်ပြီး၊ အဲဒါဘာလို့ မကောင်းသလဲဆိုတာကို ထောက်ပြတာဟာ စာနယ်ဇင်းရဲ့ အခြေခံလုပ်ငန်းပဲလေ။ ဒီမိုကရေစီရဲ့ အရေးအပါဆုံး  အကာအကွယ်တစ်ခုပဲလေ။ အမေရိကန်သမ္မတက အမေရိကန်မှာ စာနယ်ဇင်းတွေကို ဆင်ဆာလုပ်လို့မရဘူး။ ဒါပေမဲ့ သူပြောဆိုပုံက ကမ္ဘာမှာ လွတ်လပ်တဲ့စာနယ်ဇင်းအပေါ် အသရေဖျက်နေတာ၊ ထောက်ခံ အားပေးလိုက်သလို ဖြစ်တယ်။ သူ့စကားလုံးတွေကို အာဏာရှင်တွေက ယူသုံးကြမယ်။ ခွဲခြမ်းစိတ်ဖြာဝေဖန်သုံးသပ်တဲ့သတင်းတွေကို “သတင်းအတု” တွေ၊ ဝေဖန်ရေးသားတဲ့ သတင်းစာဆရာတွေကို “ပြည်သူ့ရန်သူ”  တွေလို့ ကမ္ဗည်းထိုးကြမယ်။

လက်ဝဲယိမ်းတဲ့နိုင်ငံတွေမှာလည်းပဲ၊ အချို့အမြင်တွေအပြောတွေ ကို နှုတ်ပိတ်ပစ်သင့်တယ်လို့ မြင်ကြတာတွေရှိတယ်။ ဗြိတိန်နဲ့ အမေရိကန်မှာ အသားအရောင်ခွဲခြားတယ်လို့ထင်တဲ့ ပြောဆိုသူတွေကို ကျောင်းသားတွေက အော်ဟစ်ပိတ်ဆို့ပစ်တတ်ကြတယ်။ Twitter မှာလည်း ရှောင်ရန်အချက်တွေကို မဆင်ခြင်ရင် ထုတ်ပစ်ဖို့ အုပ်စုလိုက် ကြိုးစားလာကြတာ တွေ့ရတယ်။ အနောက်နိုင်ငံက အစွန်းရောက်တက်ကြွသူတွေက စော်ကားမော်ကားပြောရာရောက်တယ်လို့ သူတို့ထင်ရင် အဲသလိုပြောဆိုခွင့်  မပေးသင့်ဘူးလို့ ထောက်ပြကြတယ်။

အာဏာရှင်တွေကတော့ သိပ်သဘောတူတာပေါ့။ စော်ကားမော်ကား ပြောဆိုတယ်ဆိုတာမျိုးကလည်း လိုသလိုအဓိပ္ပာယ်ကောက်လို့ရတယ်။ “အမုန်းစကား” ဆိုတာမျိုးကလည်း သဘောချင်းမတိုက်ဆိုင်၊  ကွဲပြားတဲ့အမြင်ရှိတဲ့သူတွေကို ရာဇဝတ်မှုနဲ့စွဲလို့ရတဲ့ လက်နက်တစ်ခုအဖြစ် ဆွဲဆန့်လို့ရတယ်။

ကာဇက်စတန်က သူ့ရဲ့အဓိက ကုန်သွယ်ဖက်တရုတ်နိုင်ငံမှာဖြစ်တဲ့ကိစ္စကို ဝေဖန်မိလို့ မတ်လတုန်းက ကာဇတ်စတန်တစ်ယောက် အဖမ်းခံရတယ်။ ရဝမ်ဒါအစိုးရက သူ့ကို ဝေဖန်တာမှန်သမျှ လူမျိုးတုံး  သတ်ဖြတ်မှုကို အားပေးတာလို့ အဓိပ္ပာယ်ကောက်တယ်။ အိန္ဒိယမှာ ဥပဒေသစ်တစ်ခု ဆွဲနေပြီ။ အွန်လိုင်းပေါ်မှာ တရားမဝင်တင်တာတွေကို ပိတ်ပင်မယ်တဲ့။ အိန္ဒိယမှာက “ဘာသာရေး၊ လူမျိုးရေး၊ မွေးရာဇာတိ၊ နေထိုင်ရာအရပ်၊ ဘာသာစကား၊ ဇာတ်၊ ရပ်ရွာ သို့မဟုတ် အခြားမည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် အရေးအသား” တွေဆို တရားမဝင်ဘူးတဲ့။

လွတ်လပ်စွာပြောဆိုခွင့်ကို နှုတ်ပိတ်တဲ့နည်းတစ်နည်းကတော့ ပြောတဲ့သူကို သတ်ပစ်လိုက်တာပါ။ ၂၀၁၈ မှာ သတင်းထောက် ၅၃ ယောက် အလုပ်ခွင်မှာ အသတ်ခံရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကထက် နည်းနည်းပိုလာတယ်။ သတ်တဲ့သူတချို့ကိုပဲ ဖမ်းမိတယ်။ အာဖဂန်မှာ သေဆုံးသူ အများဆုံးဖြစ်ပြီး ၁၃ ယောက်တောင် အသတ်ခံရတယ်။  တစ်နေရာမှာ အကြမ်းဖက်သမားတစ်ယောက်က သတင်းထောက်ယောင်ဆောင်ဝင်ရော၊ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲတိုက်ခိုက်မှုကို လာသတင်းယူတဲ့ သတင်းထောက်နဲ့ သူနာပြုတွေကို သတ်ပစ်ခဲ့တယ်။

၂၀၁၈ မှာ အဆိုးဆုံးဖြစ်ရပ်က ဆော်ဒီအာရေဗီးယားအစိုးရနဲ့ ပတ်သက်ပါတယ်။ ဆော်ဒီအစိုးရကိုဝေဖန်တဲ့ သတင်းထောက်ကို ပုဂ္ဂလိက လေယာဉ်တွေ၊ ဇိမ်ခံကားတွေနဲ့၊ အစ္စတန်ဘူလ် (တူရကီ)  က သံရုံးထဲဝင်ပြီး အပိုင်းပိုင်းဖြတ်သတ်ခဲ့တာပါ။ ဝါရှင်တန်သတင်းထောက်ကို သတ်မိန့်ပေးခဲ့တဲ့သူက သတ်တော့ဘာဖြစ်လဲလို့ တွေးခဲ့မှာပါ။  သူထင်တာမှန်ပါတယ်။ ဂျာမနီ၊ ဒိန်းမတ်နဲ့ နော်ဝေက ဆော်ဒီအာရေဗျကို  လက်နက်တင်ပို့ရောင်းချမှု ရပ်ဆိုင်းခဲ့ပေမယ့် အမေရိကန်ကတော့ ဆော်ဒီအာရေဗျရဲ့ ခိုင်မြဲတဲ့ မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်နေကြောင်း ကြေညာခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့စာရင်းအရ သတင်းထောက်  ၂၅၀ အဖမ်းခံရပါတယ်။ တူရကီမှာ ၆၈ ယောက်၊ တရုတ်မှာ ၄၇ ယောက်၊ အီဂျစ်မှာ ၂၅ ယောက်၊ အီရီထရီးယားမှာ ၁၆ ယောက်ပါ။ တကယ့်စာရင်းက ဒီထက်များနိုင်ပါတယ်။ လူမသိဘဲ၊ တရားမစွဲဘဲ ဖမ်းထားတာတွေလည်း  ရှိနေလို့ပါ။ အီရီထရီးယားက စာရင်းက နည်းနေနိုင်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက လွတ်လပ်တဲ့သတင်းစာကို ပိတ်ပစ်ခဲ့တာမှာ သတင်းထောက်တွေအားလုံး ဆိုးဝါးတဲ့ အခြေအနေတွေတွေ့ခဲ့ကြရပြီး တချို့ဆို ကွယ်လွန်ကုန်ကြပြီ။

သတင်းထောက်တွေကို တရားစွဲလို့ နာမည်တွေပျက်၊ မိတ်ဆွေတွေ ဆုံးရှုံးတဲ့အပြင် တချို့အစိုးရတွေဆို ဦးကျိုးအောင်ပါ လုပ်လေ့ရှိတယ်။ ပါကစ္စတန်မှာ စစ်တပ်က မကျေနပ်တဲ့အဆင့်တွေ့ရင် ချက်ချင်းအပြစ်တင် တော့ အယ်ဒီတာတွေ ငြိမ်သွားတတ်တယ်။ နိုင်ငံရေးမှာပါဝင်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ရေးရဲတဲ့ အယ်ဒီတာတစ်ယောက်ဆို မြို့လည်ကောင်က လူစည်ကားတဲ့လမ်းပေါ်မှာ အမည်မသိတဲ့သူတွေရဲ့  ခြုံခိုတိုက်ခိုက်ခြင်းကို ခံရတယ်။ အသေရိုက်သတ်တာခံရတယ်။

အိန္ဒိယမှာ ဘီဂျေပီပါတီကို ဝေဖန်တဲ့သူတွေဟာ ဟိန္ဒူအမျိုးသားရေးဝါဒီတွေက လူမှုကွန်ရက်မှာ ခြိမ်းခြောက်တာကို ခံရတယ်။ အမျိုးသမီးဖြစ်ရင် မုဒိမ်းကျင့်ခံရမယ်လို့ပါ ခြောက်တာ။ သတင်းထောက်မိသားစုရဲ့ ဓာတ်ပုံတွေကိုဖြန့်ပြီး တခြားလူတွေကိုပါ ဒုက္ခပေးခိုင်း၊ နှိပ်စက်ခိုင်းတယ်။  ရုပ်မြင်သံကြားဝေဖန်သူတစ်ယောက်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကိုတိုင်တော့ သူမရဲ့ဖုန်းနံပါတ်ကို လိင်မှုဆိုင်ရာ ဝန်ဆောင်မှုပေးတယ်ဆိုပြီး ညစ်ပတ်ကြတယ်။ သံသယရှိသူလေးယောက်ကို ဖမ်းမိတယ်။

တစ်ခါတစ်ရံမှာ သတင်းထောက်တွေ ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်ခံနေရတာကို ဂုဏ်ယူအောင်ပွဲခံနေကြတဲ့သူတွေလည်း ရှိသေးတယ်။ ဟိန္ဒူအမျိုးသားရေးဝါကိုဝေဖန်တဲ့ အယ်ဒီတာတစ်ယောက် ၂၀၁၇ ခုနှစ်က သူ့အိမ်ရှေ့မှာ ပစ်သတ်ခံရတော့ ဘီဂျေပီပါတီကို ထောက်ခံသူတွေက  အောင်ပွဲခံကြတယ်။ သေနတ်နဲ့ပစ်တဲ့သူကို ရဲကစစ်တော့ သူ့ကိုပစ်ခိုင်းတဲ့သူတွေက ဘာသာတရားကို ကယ်တင်ဖို့ဆိုပြီး လုပ်ခိုင်းတာပါလို့  ဖြောင့်ချက်ပေးတယ်။

ခြောက်တိုင်းလည်း အဆင်ပြေတာမျိုး မဟုတ်ပါဘူး။ ရုရားက သတင်းထောက်တစ်ယောက်က မော်စကိုမြို့တော်က အရာရှိကြီးတစ်ယောက် အိမ်ကြီးအိမ်ကောင်းတွေဝယ်၊ ငွေတွေသန်းချီဝင်တာ၊  လုံခြုံရေးအရာရှိတွေက မာဖီးယားဂိုဏ်းသားတွေနဲ့ စီးပွားရေးလုပ်နေတဲ့ သတင်းတွေကိုလိုက်ပြီး စုံစမ်းထောက်လှမ်းတယ်။ သူ့သတင်းက လူသိသိပ်မများတဲ့ ဝက်ဘ်ဆိုက်အင်တာနက် စာမျက်နှာတစ်ခုပေါ်မှာပဲ တင်နိုင်တယ်။ ဇွန်လ ၆ ရက်နေ့ကျ ရဲကလာခေါ်သွားပြီး ရိုက်နှက်တယ်၊  ကျောပိုးအိတ်ထဲမှာ မူးယစ်ဆေးဝါးတွေ တွေ့တယ်လို့လုပ်တယ်။  ပြည်ထဲရေးဝန်ကြီးက သူ့အိမ်မှာ တွေ့တယ်စွပ်စွဲပြီး ဓာတ်ပုံကိုးပုံတင်တယ်။  နောက်ကျတော့ ဓါတ်ပုံရှစ်ပုံက တခြားက ပုံတွေမှားတင်မိတာ ပါဆိုပြီး ပြန်ဖြုတ်ချလိုက်တယ်။

သတင်းထောက်ကို ထောက်ခံသူတွေက မူးယစ်ဆေးဝါးတွေဆိုတာ ရဲတွေလက်ချက်လို့ပဲထင်ကြတာ။ ဒီသတင်းဟာ ဖေ့စ်ဘုတ်တွေ၊ တွစ်တာ (Twitter) တွေမှာ အာဏာပိုင်တွေ အံ့အားသင့်လောက်အောင်  ပျံ့နှံ့သွားခဲ့တယ်။ သတင်းထောက်ကို လွှတ်ပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ နိုင်ငံခြားသတင်းတွေကလည်း ထပ်ပြီးဖြန့်ကြတော့၊ အဲဒီတစ်ပတ်က ရုရှခေါင်းဆောင်နဲ့ တရုတ်ခေါင်းဆောင် ထိပ်သီးတွေ တွေ့ကြမယ့် အစည်းအဝေးထက်တောင် လူသိများသွားတယ်။ အရှက်ကွဲတဲ့အစိုးရက နောက်ဆုံးမှာ သတင်းထောက်ကို လွှတ်မိန့်ထုတ်ပေးလိုက်ရတော့တယ်။  အဲဒီအချိန်ကစပြီး၊ သတင်းထောက်ရဲ့စာဖတ်ပရိသတ်က ခါတိုင်းထက် အဆပေါင်းများစွာများလာပြီး လူတစ်သန်းခွဲလောက်ရှိလာခဲ့တယ်။

လွတ်လပ်တဲ့သတင်းစာတွေ အားကိုးအားထားပြုရတဲ့ ကြော်ငြာခတွေ ကျဆင်းသွားတဲ့အခါ၊ အစိုးရတွေက အခွန်ထမ်းတွေရဲ့ငွေကိုသုံးပြီး  ကြိုက်သလိုသတင်းရေးဖို့ လွယ်ကူသွားစေတယ်။ အလွယ်ဆုံးနည်းကတော့ အာဏာရပါတီကို ထောက်ခံတဲ့ အစိုးရသတင်းစာကို ငွေများများထောက်ပံ့တဲ့နည်းဖြစ်ပြီး၊ ဒီနည်းကို အာဏာရှင်အစိုးရအတော်များများက ကျင့်သုံးကြပါတယ်။ တရုတ်နဲ့ ရုရှကတော့ ကမ္ဘာမှာ ဒီမိုကရေစီကို ဒုက္ခပေးချင်တဲ့ စာနယ်ဇင်းတွေကိုပါ ငွေကြေးထောက်ပံ့ကြတယ်။ ဒါပေမဲ့ နိုင်ငံပိုင်သတင်းစာတွေဟာ အာဏာရှင်တွေရဲ့ မျက်စိထဲမှာတောင် အလွန်ပျင်းစရာကောင်းတယ်။

တခြားနည်းတစ်နည်းကတော့ သူတို့သဘောကျတဲ့၊ သူတို့ကိုထောက်ခံတဲ့ စာနယ်ဇင်းတွေကို ကြော်ငြာထည့်ပေးတဲ့နည်းပါ။ နိုင်ငံအတော်များများက အစိုးရဟာ အများဆုံးကြော်ငြာထည့်တဲ့သူဖြစ်လေတော့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေက အစိုးရစိတ်ဆိုးမှာကို ကြောက်ကြတယ်။

ပိုပြီးသိမ်မွေ့တဲ့ နည်းတစ်နည်းကတော့ အစိုးရဆီက ပါမစ်တွေ၊  ကန်ထရိုက်တွေ အားကိုးအားထားလုပ်နေရတဲ့သူဌေးတွေ၊ တိုင်ကွန်းတွေမွေးပြီး တခြားစာနယ်ဇင်းတွေကို လိုက်ဝယ်ခိုင်းတဲ့နည်းပါ။ တခြားသူဌေးတွေနဲ့ မတူတာက သူတို့လုပ်နေတဲ့ စာနယ်ဇင်းလုပ်ငန်းဟာ  အမြတ်ထွက်စရာမလိုပါဘူး။ သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကရမယ့် အမြတ်ဟာ ရုပ်သံလွှင့်လို့ ရှုံးတာကို ကာမိတာထက် အများကြီးကျော်သွားပါတယ်။ ဒီနည်းနဲ့ သူတို့ရဲ့ ပြိုင်ဘက်စာနယ်ဇင်းတွေကို ဒုက္ခပေးနိုင်တယ်။ ကြော်ငြာခမရလို့၊ ငွေကြပ်နေတာကို ပိုပြီးဆိုးဝါးအောင်လုပ်နိုင်တယ်။  ပြိုင်ဘက်စာနယ်ဇင်းတွေဟာ တင်းတင်းကျပ်ကျပ်စာရင်းစစ်၊ မတန်မဆဒဏ်တပ်ခံရတဲ့ ဒုက္ခတွေနဲ့လည်း တွေ့ကြုံနိုင်တယ်။ ငွေကျပ်နေတဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းတွေဟာ အစိုးရနဲ့ဆက်နွယ်နေတဲ့ မီဒီယာတွေ အတွက် ဈေးပေါပေါနဲ့ဝယ်ပြီး အဆိပ်ထုတ်လို့ရတဲ့လုပ်ငန်းတွေဖြစ်တယ်။

အာဏာရပါတီအတော်များများက ဒီနည်းကို ကျင့်သုံးကြတယ်။ အိန္ဒိယက အများဆုံးသုံးသလို ရုရှနဲ့ တူရကီတို့ကလည်း သုံးတယ်။ အစ္စရေးဝန်ကြီးချုပ်တောင်မှ သူပိုင်တဲ့အင်တာနက်သတင်းဝက်ဘ်ဆိုက်ပေါ်မှာ သတင်းကောင်းကောင်းရေးတဲ့ ဆက်သွယ်ရေးလုပ်ငန်းဆိုရင် စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေးမယ်ပြောတဲ့အကြောင်း စွပ်စွဲတာခံရသေးတယ်။ ဇန်နဝါရီလတုန်းကတော့ နီကာရာဂွာက လူကြိုက် အများဆုံး သတင်းစာတစ်စောင်ဟာ စာတစ်မျက်နှာကို ဗလာလွှတ်လို့  ဆန္ဒပြသေးတယ်။ လက်ရှိအာဏာရပါတီကို ဝေဖန်သုံးသပ်တဲ့ဆောင်းပါးရေးလို့ တင်သွင်းလာတဲ့ မင်တွေ၊ စက္ကူတွေနဲ့ တခြားကုန်ကြမ်းတွေကို အကောက်ခွန်မှာ အချိန်ဆွဲထားတဲ့အတွက် ဆန္ဒပြတာလို့ဆိုတယ်။

အခုလိုလုပ်ပေါက်တွေ ဒီမိုကရေစီဆန်တဲ့ ဥရောပမှာလည်း ဝင်ရောက်လာတာ တွေ့နေရတယ်။ ဟန်ဂေရီအာဏာရအစိုးရက  အမျိုးသားဆွေးနွေးပွဲတွေအတွက် ပြည်သူပိုင်ငွေတွေကို အသုံးပြုတယ်။  အစိုးရသတင်းစာတွေမှာ အရေးကြီးချင်ယောင်ဆောင်ထားတဲ့  သတင်းတွေကအပြည့်။ ပြီးတော့ သူတို့ရဲ့သတင်းလွှာတွေ ငွေပြတ်နေတဲ့ စာနယ်ဇင်းတွေကို အခမဲ့လိုက်ဝေပေးတယ်။ လွတ်လပ်တဲ့ ရေဒီယိုအသံလွှင့်ဌာနတစ်ခုမှာ သတင်းတစ်ခုတက်လာပြီဆိုရင် အဲဒီဟာအလကားရတဲ့ အစိုးရရဲ့ ဝါဒဖြန့်အစီအစဉ်ဖြစ်မယ်လို့ ဒေသခံသတင်းထောက်တစ်ယောက်က ဆိုတယ်။

ဟန်ဂေရီအစိုးရဲ့ ကြော်ငြာစရိတ်က ၂၀၁၀ နောက်ပိုင်းမှာ သိသိသာသာတိုးလာခဲ့တယ်။ အစိုးရနဲ့ ဆက်စပ်နေတဲ့သူဌေးတွေက အသံလွှင့်ဌာနနဲ့ ဝက်ဘ်ဆိုက်အသေးလေးတွေကို လိုက်ဝယ်ကြတယ်။ တားဆီးပိတ်ပင်လို့မရဘူးလို့ လွတ်လပ်တဲ့အယ်ဒီတာတစ်ယောက်က ဆိုတယ်။  ဟန်ဂေရီတွေက အင်တာနက်သတင်းဆို အခမဲ့ရရမယ်လို့ ယုံကြည်တဲ့အကျင့်ရှိတယ်။ ဒါကြောင့် ပိုင်ရှင်ရဲ့ငွေကိုပဲ အားကိုးပြီး စာနယ်ဇင်းလုပ်ငန်းတွေ ရပ်တည်ကြရတယ်။ စီးပွားရေးလုပ်ငန်းရှင် အတော်များများကလည်း အစိုးရနဲ့ပတ်သက်ကြတယ်။ မနှစ်က ဟန်ဂေရီမှာရှိတဲ့ ဒေသခံစာနယ်ဇင်းလုပ်ငန်း အားလုံးနီးပါးပါဝင်တဲ့ လုပ်ငန်း ၄၇၆ ခုရဲ့ ပိုင်ရှင်တွေဟာ ဝန်ကြီးချုပ်ရဲ့ မိတ်ဆွေတစ်ယောက်တည်ထောင်တဲ့ ဧရာမဖောင်ဒေးရှင်းကြီးတစ်ခုကို အခမဲ့ဝိုင်းဝန်းကူညီကြတယ်။ ငွေကြေးမပြည့်စုံတဲ့ ပုဂ္ဂလိကစာနယ်ဇင်းတွေဟာ အလုပ်လုပ်ဖို့ခက်တယ်။ ဧရာမအဂတိလိုက်စားမှုမျိုးကိုတောင်မှ စုံစမ်းထောက်လှမ်းဖို့ မဖြစ်နိုင်ဘူး။ ဧရာမအဂတိလိုက်စားမှုတွေကလည်း အများကြီးဖြစ်နေတာလို့ ဆိုတယ်။

တစ်ဖက်မှာတော့ ရင့်ကျက်နေပါပြီဆိုတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို ထောက်ခံမှုဟာ အထူးသဖြင့် လူငယ်တွေကြားမှာ လျော့နည်းလာပြီး၊ မုန်းတီးတာတွေ ပိုများလာတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ အသိသာအထင်ရှားဆုံးပဲ။  မနှစ်က စစ်တမ်းတစ်ခုအရ၊ အမေရိကန်ကျောင်းသား ၆၁ ရာခိုင်နှုန်းက သူတို့ရဲ့ ကျောင်းပတ်ဝန်းကျင်က ကိုယ်ယုံကြည်ရာကိုပြောဆိုဖို့   ပိတ်ပင်ထားခံရတယ်လို့ ယုံကြည်ကြတယ်။ မနှစ်ကဆို ၅၄ ရာခိုင်နှုန်းကပဲ  အဲဒီလိုယုံကြည်ခဲ့ကြတာပါ။ ၃၇ ရာခိုင်နှုန်းကတော့ သူတို့သဘောမကျတဲ့ ပြောဆိုတဲ့သူတွေ မပြောနိုင်အောင်လုပ်တာကို လက်ခံနိုင်တယ် လို့ဆိုပြီး ၁၀ ရာခိုင်နှုန်းကတော့ သူတို့နှုတ်ပိတ်ဖို့၊ အကြမ်းဖက်တာကိုလည်း လက်ခံပါသတဲ့။

ကျောင်းသားအတော်များများက အဲဒီပြောဆိုတဲ့သူတွေအချို့ဟာ လူမျိုးရေးခွဲခြားသူတွေ၊ လိင်တူလက်ထပ်မှုကို ဆန့်ကျင်သူတွေ၊ အခြား ကိုယ်ကာယကြံ့ခိုင်မှုမရှိတဲ့သူတွေ မသန်စွမ်းတွေကို မုန်းတီးတဲ့သူတွေဖြစ်လို့ ပိတ်သင့်တယ်လို့ အကြောင်းပြတယ်။ သူတို့အကြောင်းပြချက်ဟာ  တစ်ခါတလေမှန်ပါတယ်။

ဒါပေမဲ့ အများအားဖြင့် တက္ကသိုလ်ထဲမှာ ဒေါသူပုန်ထကြပြီဆိုရင် နာမည်ကြီးတွေးခေါ်ပညာရှင်တွေကို ဦးတည်တိုက်ခိုက်ကြတာများတယ်။  လူမည်းတွေရဲ့ဘ၀အရေး ပြောမိတဲ့ပညာရှင်တစ်ယောက်ဆို ရဲနဲ့ ဆွဲထုတ် ရပြီး လူသတ်တဲ့နှုန်းတွေလည်း မြင့်လာလို့ ကောလိပ်ကနေ ရဲကားနဲ့ လိုက်ပို့ခဲ့ရတယ်။ ဆန္ဒပြသူတွေကတော့ သူမကို စကားပြောခွင့်ပေးတာကိုက လူမည်းတွေရဲ့ရှင်သန်ခွင့်ကို ငြင်းပယ်တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့  ဆိုတယ်။

လက်ဝဲယိမ်းတဲ့ဘက်မှာ အဲသလိုအငြင်းသန်တာတွေ ပိုများတယ်။  ကိုယ်လက်အင်္ဂါမစုံလင်တဲ့သူတွေကို ပြောင်လှောင်ရင် အကြမ်းဖက်တာလို့ အစွန်းရောက်တွေက သတ်မှတ်ကြတယ်။ တချို့ကကျတော့ အဲဒီလို ပြောတတ်တဲ့သူမျိုးကို စကားပြောခွင့်ပေးမိရင်တောင်မှ အကြမ်းဖက်တယ်လို့ ဆွဲထည့်ချင်ကြသေးတယ်။ အမေရိကန်က နိုင်ငံရေးအရ ခွာပြဲလာကြတော့ သူတို့က သူတို့နဲ့စိတ်သဘောချင်းတိုက်ဆိုင်တဲ့သူတွေကို “လူကောင်း”၊  မတိုက်ဆိုင်သူတွေက “လူဆိုး” ဆိုပြီး ကမ္ဘာကြီးကို ကြည့်လို့ သတ်မှတ်လာကြတယ်။ ဒီတော့ ဆိုးဆိုးဝါးဝါးကိစ္စတွေ ဖြစ်လာစေတယ်။

ယောက်ျားလျာ၊ သွေးနှောကထိက အမျိုးသမီးတစ်ယောက်၊ သောကဖိစီးတဲ့ ဝေဒနာခံစားနေရပေမယ့် လူမည်းဆန့်ကျင်သူလို့  အစွပ်စွဲခံရတယ်။ ကျောင်းသားဆိုးတစ်ယောက်က သူ့ဘေးလာရပ်ပြီး  ဂန္ထဝင်ဂရိ လိင်တူအကြောင်းဖွဲ့ထားတဲ့ ကဗျာရွတ်နေတုန်း အော်ဟစ်တာကို တိုင်မိလို့တဲ့လေ။ အဲဒါကိုပဲ တချို့ပညာရှင်တွေက အမေရိကန်တွေရဲ့ အကဲပိုလွန်းလှတဲ့စိတ်လို့ ဝေဖန်ကြတယ်။

ဖက်ဆစ်ဝါဒီလို့ထင်ရင်၊ လူဖြူလူမျိုးကြီးဝါဒစွဲရှိသူလို့ထင်ရင် တချို့ကျောင်းသားတွေက လက်သီးနဲ့ထိုးသင့်တယ်လို့ ထင်ကြတယ်။ သူတို့နဲ့ သဘောချင်းမတိုက်ဆိုင်ရင်လည်း ဖက်ဆစ်တွေ လူဖြူလူမျိုးကြီးဝါဒစွဲတွေလို့ စွပ်စွဲတတ်ကြတယ်။ စကားပြောရမှာတောင် ခုလိုအငြင်းအခုန်ဖြစ်နေတဲ့ တခြားသူတွေနဲ့ ကွဲလွဲတဲ့အမြင်တွေကို တက္ကသိုလ်မှာတောင်မှ ပြောဖို့ခက်လာကြတယ်။

ကိုယ်နဲ့သဘောချင်းမတိုက်ဆိုင်တဲ့ အပြောတွေကို ပြန်ပြောဖြေရှင်းတာမျိုးမလုပ်ဘဲ နှုတ်ပိတ်ပစ်တဲ့နည်းဟာ တက္ကသိုလ်တွေမှာလည်း ခေတ်စားလာတယ်။ လက်ယာစွန်းအစွန်းရောက်ကျောင်းသားတွေ  တက္ကသိုလ်ထဲမှာ ဆန္ဒပြဖို့ကြံစည်တော့ ဖက်ဆစ်ဆန့်ကျင်ရေးအစွန်းရောက်တွေက သူတို့ကို တားဆီးဖို့ ကြိုးစားကြတယ်။ နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ရန်ဖြစ်ကုန်ကြရော။ ဇွန်လတုန်းကလည်း ဒီအုပ်စုနှစ်ခု ရန်ဖြစ်ကြတော့ သတင်းထောက်တစ်ယောက် ပြင်းပြင်းထန်ထန် အရိုက်ခံရပြီး ဦးနှောက်က သွေးယိုလို့ ဆေးရုံတင်လိုက်ရတယ်။

ဥရောပမှာလည်း အမြင်မတူတဲ့သူတွေအပေါ် သည်းမခံနိုင်တာတွေ များလာနေတယ်။ ပြင်သစ်မှာ အဝါရောင်အပေါ်အင်္ကျီဝတ် ဆန္ဒပြသမားတွေဆိုရင် ရုပ်မြင်သံကြားအဖွဲ့တွေကို အမြဲလိုက်ရိုက်လေ့ရှိတယ်။  ဗြိတိန်မှာ လိင်ပြောင်းတဲ့အကြောင်းဆွေးနွေးရင် ပေါက်ကွဲကုန်ကြရော။ စက်တင်ဘာလတုန်းက လိဒ်မြို့တော်ကောင်စီက အမျိုးသမီးအုပ်စုတစ်ခု အစည်းအဝေးလုပ်ခွင့်ကို တားဆီးခဲ့တယ်။ တက်ကြွလှုပ်ရှားသူတွေက သူတို့ကို လိင်ပြောင်းတာဆန့်ကျင်တဲ့သူလို့ စွပ်စွဲကြတာကြောင့်တဲ့။  ဒီအကြောင်းတွေကို ဘယ်တော့မှ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုန်ခွင့်ရမှာ မဟုတ်ပါဘူး၊ ဘယ်တော့မှ မြင်ရမှာမဟုတ်ပါဘူးလို့ အမျိုးသမီးခေါင်းဆောင်တစ်ယောက်က ဆိုပါတယ်။ ခုတော့ သူများနှောင့်ယှက်တာ မခံရအောင် အစည်းအဝေးကို အချိန်ကပ်ပြီးမှဖိတ်တယ်။

ကျား-မဆိုတာ ကိုယ့်ဘာသာသတ်မှတ်ကြေညာခွင့်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးလို့ ကြေညာလိုက်ရင် ဥပဒေအရ ကိုယ့်ကို အမျိုးသမီးလို ဆက်ဆံရမယ်။ အမျိုးသမီးရဲ့အခွင့်အရေး (အမျိုးသမီး အိမ်သာကအစ) ရစေရမယ်။ ဒီအချက်ကို ဆန့်ကျင်ရင် မုဒိမ်းကျင့်ခံရမယ်။  အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်တာနဲ့တွေ့မယ်။ အလုပ်ကထုတ်အောင် လှုံ့ဆော်စည်းရုံးတာမျိုးနဲ့လည်း ကြုံရနိုင်တယ်။ တွစ်တာ (Twitter)  မသုံးရတာ၊ အဖမ်းခံရတာမျိုးတွေနဲ့လည်း ကြုံရနိုင်တယ်။

မတ်လတုန်းက သတင်းထောက်တစ်ယောက်ဟာ လိင်ပြောင်းတစ်ယောက်ကို ယောက်ျားလို နာမ်စားသုံးခေါ်မိလို့ဆိုပြီး ရဲအတိုင်ခံရဖူးတယ်။ အခြားအမျိုးသမီး တက်ကြွလှုပ်ရှားသူတစ်ယောက်တော့ လိင်ပြောင်းတက်ကြွလှုပ်ရှားသူက ရိုက်လွှတ်တာခံရဖူးတယ်။ လန်ဒန်က ဟစ်တိုင်လိုနေရာမျိုးမှာတောင် အရိုက်ခံရတာဆိုတော့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုတာ ပြောင်းလဲဖို့ခက်တဲ့ တန်ဖိုးကြီးအရာတစ်ခု ဖြစ်နေပါသေးတယ်လို့ The Economist  မဂ္ဂဇင်းကြီးက ဆိုပါတယ်။

(ညွှန်း – The Economist , The New Censors Aug 15th 2019)

ခင်မောင်ညို(ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *