တရားစွဲခံထားရသော ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်းကို အာမခံပေး၊ မပေး ၂၈ ရက်နေ့ အမိန့်ချမည်

ပုသိမ်၊ ဩဂုတ်၂၂

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ဩဂုတ် ၂၂ ရက်တွင် ပုသိမ်မြို့နယ်တရားရုံးသို့ စတင်တရားစွဲတင်ပို့ခဲ့ကာ အာမခံပေး၊ မပေးကို ဩဂုတ်လ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။

“စွပ်စွဲခံရသူ ဒုဥက္ကဋ္ဌဟောင်းက ရှေ့နေပါဝါတင်ပါတယ်။ လက်ရှိမှာ ဆေးရုံတက်နေရတဲ့အတွက် အာမခံလည်း လျှောက်ပါတယ်၊ ဥပဒေအရာရှိကလည်း တင်ပြထားတဲ့ ဆေးလက်မှတ်တွေအတွက် သက်ဆိုင်ရာဆရာဝန်ကိုခေါ်ယူစစ်ဆေးပြီးမှသာ အာမခံပေးသင့် မပေးသင့် ဆုံးဖြတ်သင့်ကြောင်း တင်ပြပါတယ်။ ဒါကြောင့်ရုံးတော်က လာမယ့် ၂၈ ရက် နေ့မှာ အာမခံပေး/မပေးအတွက် အမိန့် ချမှတ်ပါမယ်” ဟု ပုသိမ်မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ရှင်းပြ သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ကျပ် ၁၅၄၁ ဒသမ ၅ သိန်းကို ထုတ်ယူပြီး ယာဉ်အသစ် တစ်စီး၊ အသုံးပြုပြီးယာဉ်လေးစီးကို ဝယ်ယူခဲ့ကြောင်း၊ အသုံးပြုပြီးယာဉ်လေးစီးကို ၎င်းဆန္ဒအလျှောက် ပြုပြင်ခဲ့ကြောင်း၊ ယာဉ်ပြင်ဆင်စရိတ်နှင့် ကုန်ကျငွေများကို ယာဉ်ဝယ်ယူတန်ဖိုးတွင် မမှန်မကန် ထည့်သွင်း၍ အရောင်းအဝယ်စာချုပ်ကို နောက်ကျရက်စွဲဖြင့် ချုပ်ဆိုခဲ့ကြောင်း၊ ယာဉ်ငါးစီးဝယ်ယူသည့် တန်ဖိုးငွေကျပ် ၁၅၈၀ သိန်းကို ၁၅၂၉ သိန်းသာ ပေးချေခဲ့ပြီး ၅၁ သိန်းကိုလျော့၍ ပေးချေခဲ့ကြောင်း၊ ၅၁ သိန်းထဲက ၃၁ သိန်း ၆ သောင်းကို အခွန်ငွေအဖြစ် ပေးသွင်းခဲ့ပြီး ကျန်ငွေ ၁၉ သိန်း ၄ သောင်းကို မိမိကိုယ်ကျိုးအတွက် သုံးစွဲခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်တိုင်တန်းခဲ့သည်ဟုတွေ့ရကြောင်း ပုသိမ်မြို့နယ်တရားသူကြီးက တရားစွဲဆိုခဲ့သည့်အကြောင်းကို ရှင်းပြသည်။

“ကျွန်တော်ကတော့ ကျွန်တော့်အပေါ် စွပ်စွဲထားချက်တွေကို ဥပဒေနဲ့အညီ ပြန်လည်ခုခံဖြေရှင်းသွားမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်က တရားရုံးထုတ်တွင် ပြောကြားသည်။

ဦးစံမင်းအောင်သည် လက်ရှိတွင် ခွဲစိတ်ကုသမှုခံယူရန်အတွက် ဆေးရုံတက်နေရခြင်းဖြစ်ပြီး အဆုတ်ရောဂါနှင့် နှလုံးရောဂါကို ခံစားနေရသူဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ကြောင်း ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဦးက ရှင်းပြသည်။

“အမှုအတွက်လည်း စာရင်းဇယားတွေနဲ့တကွ ဖြေရှင်းရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေးအလွဲသုံးစားပြုလုပ်မှုဖြင့် မတ်လ၂၆ ရက်နေ့က စတင်၍ အမှုဖွင့်ခဲ့ကြောင်း၊ တိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းသည် တိုင်းအစိုးရ၏ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်ခွင့်ပြုချက်အရ မော်တော်ယဉ်အသစ်တစ်စီးနှင့် အသုံးပြုပြီးမော်တော်ယဉ်လေးစီးကိုဝယ်ယူခဲ့ကြောင်း၊ ကုန်ကျငွေများကို ယဉ်ဝယ်ယူသည့်တန်ဖိုးတွင် မမှန်မကန်ထည့်သွင်း၍ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့သည်ဟု အဂတိကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊ ကော်မရှင်၏ စစ်ဆေးချက်အရ သက်ဆိုင်ရာရဲစခန်းတွင်သာ အမှုဖွင့်လှစ်ဆောင်ရွက်ရန် ပြန်ကြားလာသဖြင့် အဂတိကော်မရှင်၏ ပြန်ကြားချက်အရ ပုသိမ်မြို့ မြို့မရဲစခန်းတွင် မတ်လ ၂၆ ရက် နေ့က (ပ)၁၈၁/ ၂၀၁၉၊ ပုဒ်မ-၄၀၉ ဖြင့် အမှုဖွင့်ကာ စစ်ဆေးခဲ့ပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ်-၄၀၉၃/၂၀၁၉ ဖြင့် အမှုကို လက်ခံကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။

ဦးစံမင်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘိုကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ရွေးချယ်တင်မြှောက်ခံရသူဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ဖြင့် တိုင်းလွှတ်တော်ရုံးတွင်အသုံးပြုမည့် မော်တော်ယာဉ်ငါးစီးဝယ်ယူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူတစ်ဦး၏တိုင်ကြားမှုကြောင့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း က ပါတီရုံးချုပ်တွင် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပါတီမှအပြီးတိုင်ထုတ်ပယ်ခံခဲ့ရသူဖြစ်ကြောင်း၊ ဦးစံမင်းအောင်ကို ပါတီမှထုတ်ပယ်ခဲ့ခြင်းသာမက မော်တော်ယာဉ်ဝယ်ယူရာတွင်ပါဝင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးကိုလည်း ပြင်းထန်စွာသတိပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးမှသိရသည်။ 

*ZawG *

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *