ပဉ္စမံမျက်စိ လိုအပ်ပြီလော

မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေး ကျိုးပေါက်သွားပြီလောဟု ပူပန်ကာ တွေးဆရမည့် တိုက်ခိုက်ခံရမှုတစ်ခု ပေါ်ပေါက်လာပြန်သည်။

တအောင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ပူးပေါင်းထားသည့် လက်နက်ကိုင်အဖွဲ့များက ဩဂုတ်လ ၁၅ ရက်တွင် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် မျှော်လင့်မထားသော တိုက်ခိုက်မှုကို စတင်လိုက်သောကြောင့် ဖြစ်သည်။

ထိုသုံးဖွဲ့ကို မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဟုလည်း လူသိများသည်။ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ထိုအဖွဲ့သည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ နေရာငါးခုကို ရုတ်တရက် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တပ်မြို့ဟု လူသိများသော ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကိုပင် မြောက်ပိုင်းသုံးဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သွားခဲ့ရာ ယင်းတိုက်ခိုက်မှုသည် မြန်မာပြည်တွင်းလုံခြုံရေးကျိုးပေါက်မှုပေလောဟု အမျိုးသားလုံခြုံရေးလေ့လာသူများအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

တစ်ဆက်တည်းမှာပင် တပ်မတော်၏ အထင်ကရဖြစ်သည့် DSTA သည်ပင် ဝင်ရောက်တိုက်ခိုက်ခံရသည်ဖြစ်ရာ အခြားသော မြို့ကြီးများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်မဟုတ်သည့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းများက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဲ့သို့ တိုက်ခိုက်လိုပါက တိုက်ခိုက်၍ ရနိုင်ပါ၏လောဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

အချို့သော လုံခြုံရေးသုတေသီများက DSTA တိုက်ခိုက်ခံရမှုသည် ‘ထောက်လှမ်းရေးကျရှုံးမှု’ ဟု ကင်ပွန်းတပ်ကြသည်။ ထောက်လှမ်းရေးများကို အချို့က ပဉ္စမံမျက်စိဟုဆိုကြရာ ယခုအခါ ပဉ္စမံမျက်စိတို့ ကြိုမမြင်နိုင်ပြီလောဟု မေးခွန်းထုတ်ဖွယ်ရာပင်ဖြစ်လာသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအဖွဲ့အစည်း (MIPS) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကမူ ပြင်ဦးလွင်တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို အခြေပြုစဉ်းစားမည်ဆိုပါက ပြည်တွင်းလုံခြုံရေးတွင် လိုအပ်ချက်ရှိနေသည်ဟု ယူဆနိုင်ကြောင်း ပြောကြားသည်။

“အခြားမြို့ကြီးတွေကိုလည်း အခြားအကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်တာလုပ်မယ်ဆို လုပ်လို့ရတာပေါ့။ အဲဒါက ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြင်ဦးလွင်က ပေးသည့် ဒဏ်ရာ

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့သည် ဩဂုတ်လ ၁၅ ရက်တွင် တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားစုစုပေါင်း ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်လေးဦး ပျောက်ဆုံးကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး တံတားလေးစင်းကို မိုင်းခွဲခဲ့သည်။ အသင့်အနေအထားဖြင့် မပစ်ခတ်ရသေးသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများကိုလည်း မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။

ရှမ်းအရှေ့မြောက်ဘက်တွင် ဧပြီလ တတိယပတ်အတွင်း မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နှင့် ဆက်စပ်သည့် မူးယစ်ဆေးဝါးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ပြီးနောက်တွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကမူ ၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်း တပ်မတော်၏ ထိုးစစ်များ ပြင်းထန်လာမှုကြောင့် ခုခံစစ်ဆင်နွှဲရခြင်းဟု အကြောင်းပြသည်။

မည်သို့ပင်ဖြစ်စေ သေချာသည့်အချက်မှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ တိုက်ခိုက်မှုသည်ကား မျှော်လင့်မထားသောအချိန်တွင် ပြင်ဦးလွင်မြို့အထိရောက်ရှိခဲ့ပြီး တပ်မတော်ကို အထိနာစေကာ ပြည်သူများကို စိုးရိမ်မှုပေးစွမ်းနိုင်ခဲ့သည်။

တပ်မတော်သားဟောင်းလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်သည့် ဦးရဲထွဋ်ကမူ တပ်မတော်နည်းပညာတက္ကသိုလ်တိုက်ခိုက်ခံရမှုသည် ၁၉၅၀ ဝန်းကျင်နောက်ပိုင်းတွင် ပထမဆုံးပေါ်ပေါက်လာသော တိုက်ခိုက်မှုဖြစ်ကြောင်း RFA သတင်းဌာနနှင့် စကားဝိုင်းတွင်ပြောဆိုထားသည်။

“ဗ.က.ပ တွေ အင်မတန်အင်အားကောင်းတုန်းကတောင်မှ ပြင်ဦးလွင်ကို တိုက်ခိုက်ခဲ့တာမရှိဘူး” ဟု ၎င်းက ဆိုသည်။

ပြင်ဦးလွင်မြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်မျာကို ဖျက်သိမ်းခဲ့ခြင်း၊ ဧည့်စာရင်းဥပဒေကို ဖျက်သိမ်းခဲ့ခြင်းတို့ကြောင့် မသင်္ကာသူများကို စောင့်ကြည့်၍ မရတော့ကြောင်း၊ ထိုသို့ ထောက်လှမ်းရေးဆိုင်ရာ အားနည်းချက် များရှိပြီး သတင်းလက်ဦးမှုမရခဲ့ခြင်းတို့ကြောင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ Facebook တွင်ရေးသားထားသည်။

“လက်နက်ကိုင် ပဋိပက္ခတွေ၊ လူမျိုးရေး၊ ဘာသာရေးတင်းမာမှုတွေရှိနေတဲ့ နိုင်ငံမှာ ဥပဒေရဲ့ ရည်ရွယ်ချက်က မကောင်းတာလား၊ ဥပဒေကို အကောင်အထည်ဖော်သူတွေက မကောင်းတာလားဆိုတာကို ခွဲခြားမမြင်နိုင်ဘဲ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဥပဒေမှန်သမျှကို ဖျက်သိမ်းနေရင်တော့ ပြင်ဦးလွင်ဟာ အစပဲဖြစ်မှာပါ။ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် ဖြစ်ရင်လည်း အံ့ဩဖို့မရှိပါဘူး” ဟုလည်း ၎င်းက ဆိုထားသည်။

DSTA တိုက်ခိုက်ခံရမှုသည် လုံခြုံရေးပိုင်းတွင် လိုအပ်ချက်ရှိနေသည်ကို ပြဆိုနေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် သီပေါမြို့တွင်နေထိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။

ဦးရဲထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီအခြေစိုက်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်စစ်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ရခိုင်ပြည်နယ်ရှိ တပ်မတော်၏ ထိုးစစ်ကို အားပျော့ရန် ပြင်ဦးလွင်နှင့် နောင်ချိုမြို့တို့ကို တိုက်ခိုက်သကဲ့သို့ပင် ၁၉၇၀ ဝန်းကျင်ကာလတစ်ဝိုက်က ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း တရုတ်နိုင်ငံမှ လက်ဝဲကူညီရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် စစ်ဆင်ရေးတစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ဖူးကြောင်း ဦးရဲထွန်းက ပြောသည်။

“ပဲခူးရိုးမက စခန်းတွေကို တပ်မတော်က ဖိထိုးနေတဲ့အခါမှာ ပဲခူးရိုးမက စခန်းတွေက ပြုတ်တော့မယ်။ အဲဒီလို ပြုတ်တော့မယ့်အချိန်မှာ အခု AA ကို ကယ်သလိုမျိုးပေါ့။ ကူညီဖို့အတွက် တောင်ပိုင်းဆင်းတဲ့တိုက်ပွဲဆိုတာလုပ်တယ်။ တရုတ်လိုတော့ နမ်ရှလို့ ခေါ်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် ယင်းစစ်ဆင်ရေးမှာ သတင်းပေါက်ကြားမှုနှင့် တပ်မတော်၏ ခုခံရေးစခန်းများကြောင့် လားရှိုးမြို့အထိသာရောက်ခဲ့ပြီး တပ်ပြန်ဆုတ်သွားခဲ့ရကြောင်း ၎င်းကဆိုသည်။

DSTA တိုက်ခိုက်ခံရမှုသည် လက်နက်ခဲယမ်းများသယ်ဆောင်ကာ မြန်မာနိုင်ငံအတွင်း၌ တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်သည်ကို ပြသနေသည့်သဘောဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်နက်များကို တပ်မတော်နှင့် အနီးဆုံးနေရာသို့ သယ်ဆောင်၍ စိတ်တိုင်းကျ အချိန်ယူတပ်ဆင်ကာ လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်များ၏ အကြီးအကဲဖြစ်သော တပ်မတော်သည်ပင် ယခုကဲ့သို့ အလစ်အငိုက်အတိုက်ခံရပါက လက်နက်မရှိသည့် ပြည်သူများအတွက်မူ ပို၍ စိုးရွံ့ဖွယ်ဖြစ်သည်။

“ပြည်ပအကြမ်းဖက်သမားတွေက လူအုပ်စုရှိတဲ့နေရာကို ဖောက်ခွဲပြီး လူအများကြီးသေအောင်ကတော့ ပိုပြီးတော့ လုပ်နိုင်တာပေါ့။ အခုလို တပ်ကို လာတိုက်တာတောင် လုပ်နိုင်တယ်ဆိုတော့ ပိုပြီးတော့ အန္တရာယ်ရှိတာပေါ့” ဟု ဦးရဲထွန်း က မှတ်ချက်ပေးသည်။

ထို့ကြောင့်ပင် DSTA တိုက်ခိုက်ခံရမှုသည် လုံခြုံရေးကျိုးပေါက်မှုဟု လေ့လာသူများက ကင်ပွန်းတပ်ကြခြင်းဖြစ်သည်။ အဓိကအကြောင်းရင်းကိုမူ ရှာဖွေရပေလိမ့်မည်။

ထောက်လှမ်းရေး လိုအပ်ပြီလော

ပြင်ဦးလွင်တိုက်ခိုက်ခံရမှုသည် သတင်းအချက်အလက်ကြိုတင်ရယူမည့် ထောက်လှမ်းရေးအားနည်းချက်ကြောင့်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးလေ့လာသူ ကိုကျော်စောဟန်က ဆိုသည်။

“ထောက်လှမ်းရေးအားနည်းလို့ပါ။အခုအဖြစ်အပျက်က တောထဲမှာဖြစ်သွားတာ မဟုတ်ဘူး။ အဖြူရောင်နယ်မြေ တပ်နယ်မှာဖြစ်သွားတာ။ ထောက်လှမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ သတင်းအချက်အလက်ရယူနိုင်စွမ်းမရှိတာကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

ကိုကျော်စောဟန်သည် ဩစတြေးလျအမျိုးသားတက္ကသိုလ်တွင် အမျိုးသားလုံခြုံရေးမဟာဘွဲ့ရယူရန် ပြင်ဆင်နေသူလည်းဖြစ်သည်။

ဧည့်စာရင်းဥပဒေဖျက်သိမ်းလိုက်သဖြင့် DSTA တိုက်ခိုက်မှုကို ကြိုတင်မကာကွယ်နိုင်ဟု အချို့သော နိုင်ငံရေးလေ့လာသူများက သုံးသပ်သော်လည်း ယင်းအချက်သည် ဖြစ်နိုင်ချေနည်းကြောင်း ကိုကျော်စောဟန်က ထောက်ပြသည်။

“ဧည့်စာရင်းနဲ့ နောက်ယောင်ခံဥပဒေတစ်ခုတည်းကြောင့် ဒါတွေဖြစ်တယ်လို့တော့ ပြောလို့မရဘူး။ အရင်က ဧည့်စာရင်းရှိတုန်းကလည်း ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေရှိခဲ့တာပဲ။ ဒဂုံစင်တာ၊ စွယ်တော်ဘုရား၊ Traders ဟိုတယ်တို့မှာ ပေါက်ကွဲမှုတွေရှိခဲ့တာပါပဲ။ အတွင်းရေးမှူး (၂) အိမ်ထိတောင်မှ ဂျပန်တံဆိပ်ခေါင်းကပ်ထားတဲ့ ပါဆယ်ဗုံးရောက်လာခဲ့ဖူးသေးတာ ဒီဥပဒေတွေကြောင့်ပဲတော့မဟုတ်ပါဘူး”

မြန်မာနိုင်ငံတွင် ထောက်လှမ်းရေးလိုအပ်ချက်ကြောင့် လူအသေအပျောက်ရှိသည့် တိုက်ခိုက်ခံရမှုများမှာ ၂၀၁၆ ခုနှစ်မှစကာ ခပ်စိပ်စိပ်ဖြစ်လာကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာလေ့လာသူများက ဆိုကြသည်။

၂၀၁၆ ခုနှစ်တွင် အကြမ်းဖက်အဖွဲ့ (ARSA) က နယ်ခြားစောင့်ရဲစခန်းဌာနချုပ်အပါအဝင် ရဲစခန်းသုံးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်ရပ်တွင် တိုက်ခိုက်မည်ဆိုသည့်သတင်းကို မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကြိုမသိခဲ့ဟုလည်း သုံးသပ်မှုအချို့ထွက်ပေါ်ခဲ့သေးသည်။

ARSA က ဒုတိယအကြိမ်မြောက် ဝင်ရောက်တိုက်ခဲ့သည့် ၂၀၁၇ ဩဂုတ်လ ၂၅ ရက် ဖြစ်စဉ်မတိုင်မီကလည်း ဝင်ရောက်တိုက်ခိုက်နိုင်သည်ဟူသောသတင်းများ ထွက်ပေါ်လာခဲ့သော်လည်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်မျှ အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်မည်ဟူသည့် အသေးစိတ်အချက်အလက်များကို မရရှိခဲ့ဟု ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။

၂၀၁၉ ခုနှစ်တွင်လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ရဲစခန်းသုံးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကမူ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ယခုကဲ့သို့ထောက်ပြသည်။

“ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေးသတင်းတွေရဦးတော့ ဒီထက်ပိုပြီးစုဆောင်းနိုင်ဖို့လိုတယ်လို့ မြင်တယ်။ ပိုပြီးကောင်းမွန်တဲ့ သတင်းကွန်ရက်တစ်ခု တည်ဆောက်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးလေ့လာသူများနှင့် အမျိုးသားလုံခြုံရေးလေ့လာသူများကမူ လုံခြုံရေးကျိုးပေါက်မှုကို ပြန်လည်စဉ်းစားသုံးသပ်ကာ တိုက်ခိုက်ခံရမှုများ နောက်ထပ်မဖြစ်ရန် ကာကွယ်ရမည်ဆိုသည့်အချက်ကို ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်တိုက်ခိုက်ခံရမှုက မီးမောင်းထိုးပြနေကြောင်းဆိုကြသည်။

ARSA က ဝင်ရောက်တိုက်ခိုက်နိုင်သည်ဟူသော သတင်းကို နိုင်ငံတကာအဖွဲ့အစည်းအချို့က ကြိုတင်ဟောကိန်းထုတ်ခဲ့ကြသည်ဟု ကိုကျော်စောဟန်က ဆိုသည်။ သို့သော်လည်း ARSA က ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရပြီး လူသေဆုံးမှု များရှိခဲ့ရာ မြန်မာလုံခြုံရေးတပ်ဖွဲ့များအနေနှင့် ရရှိသည့်သတင်းကို အသုံးချရန်နှင့် ကြိုတင်ကာကွယ်ရန်ပျက်ကွက်ခဲ့သလောဟု စဉ်းစားစရာရှိကြောင်းဆိုသည်။

ထိုပြင် MNDAA ခေါင်းဆောင် ဖုန်ကြားရှင်က လောက်ကိုင်ဒေသသို့ တိုက်ခိုက်မှုများဆောင်ရွက်မည့်သဘောမျိုးကို တရုတ်မီဒီယာများထံ အရိပ်အမြွက်ပြောဆိုခဲ့သော်လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့များက အရေးယူရန် ပျက်ကွက်ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။

“လူတိုင်းလက်လှမ်းမီတဲ့ အစီရင်ခံစာတစ်ခု၊ Open Source ကနေ အလွယ်တကူရတာ၊ ကိုယ်တိုင် စရိတ်မကုန်၊ ကိုယ်တိုင်မကောက်ရပဲရတဲ့ သတင်းကိုတောင် မသုံးသပ် မပြင်ဆင်နိုင်တာ၊ မသုံးနိုင်ခဲ့တာက တော်တန်ရုံ အားနည်းမှုမဟုတ်ဘူး” ဟု ကိုကျော်စောဟန်က အားမလိုအားမရဆိုသည်။

အိုစမာဘင်လာဒင် တည်ထောင်ခဲ့သည့် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါက မြန်မာကို ဂျီဟတ်ဟုခေါ်သည့် ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း ၂၀၁၄ နှစ်ကုန်ပိုင်းက ခြိမ်းခြောက်ခဲ့သည်။ ယခုနှစ် မေလဆန်းပိုင်းတွင်လည်း ရခိုင်ပြည် နယ်နှင့် ဖိလစ်ပိုင်တောင်ပိုင်းတို့ကို IS အဖွဲ့ဝင်ရောက်ရန် မလေးရှားကို ကြားစခန်းအဖြစ် သုံးနိုင်ကြောင်း မလေးရှားနိုင်ငံရဲချုပ်က ပြောဆိုထားသည်။ ယင်းမတိုင်ခင်ကပင် အိန္ဒိယအစိုးရက မြန်မာသို့ IS ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း မြန်မာအစိုးရကို သတိပေးထားသေးသည်။ သို့ဖြစ်ရာ ပြည်တွင်းလုံခြုံရေးကောင်းမွန်ရန်မှာ ဂရုစိုက်ရမည့်အနေအထား ဖြစ်သည်။

သို့ဖြစ်ရာ လုံခြုံရေးလေ့လာသူများ၏ ပြောဆိုချက်များအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများမှ ကာကွယ်ရန် ပိုမိုကောင်းမွန်သည့် ထောက်လှမ်းရေးအဖွဲ့ သို့တည်းမဟုတ် ထောက်လှမ်းရေးစနစ်တစ်ခု လိုအပ်နေပြီလောဟု စဉ်းစားရန်အချိန်သင့်ပြီဖြစ်သည်။

ထောက်လှမ်းရေး ကောက်ကြောင်း

အတိတ်ကာလကမူ မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုများကို ကြိုတင်ခန့်မှန်းနိုင်သည့် အတော်အသင့်ကောင်းမွန်သော အမျိုးသားထောက်လှမ်းရေးအဖွဲ့ (National Intelligence Bureau-NIB) ရှိခဲ့ဖူးသည်။

NIB ကို တပ်မတော်ထောက်လှမ်းရေး၊ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံးအဖွဲ့)၊ သတင်းရဲတပ်ဖွဲ့ (S.B) စသည့် မြန်မာနိုင်ငံရှိ ထောက်လှမ်းရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သတင်းရယူမှုကောင်းမွန်ခဲ့ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

သို့သော် ၂၀၀၄ ခုနှစ် တပ်မတော်ထောက်လှမ်းရေး ဖျက်သိမ်းခံရချိန်တွင် NIB အဖွဲ့ပါ ဖျက်သိမ်းခံလိုက်ရကြောင်း ၎င်းကဆိုသည်။

NIB အဖွဲ့ဖျက်သိမ်းခံရပြီးနောက်တွင် တပ်မတော်နှင့်ဆိုင်သည့် လုံခြုံရေးကိစ္စများကို တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စ.ရ.ဖ) အဖွဲ့က ဆောင်ရွက်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ)၊ သတင်းရဲတပ်ဖွဲ့(SB) စသည့် ထောက် လှမ်းရေးအဖွဲ့များသည်လည်း မိမိတို့နှင့်သက်ဆိုင်သည့် ထောက်လှမ်းရေးကိစ္စများကိုသာ အလေးပေးဆောင်ရွက်ကြကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် မည်သည့်အဖွဲ့အစည်းက တာဝန်ယူ၊ တာဝန်ခံ၍ ဆောင်ရွက်နေသည်ကို ရှင်းလင်းစွာမသိရသည့် အခြေအနေပင်ဖြစ်သည်။

“အခုက စသုံးလုံးတို့၊ ရဲတို့ကလည်း သူတို့နဲ့ သက်ဆိုင်ရာ ထောက်လှမ်းရေးကိစ္စတွေကိုပဲ လုပ်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့။ အရင်လိုပူးပေါင်းဆောင်ရွက်မှုက အားနည်းသွားသလိုလည်းဖြစ်တာပေါ့။ ဆိုတော့ အနာဂတ်မှာ NIB လို ထောက်လှမ်းရေးအဖွဲ့တွေကို စုစည်းထားတဲ့အဖွဲ့မျိုး ဖွဲ့စည်းရမလားဆိုတာကတော့ စဉ်းစားဖို့ကောင်းပါတယ်” ဟု ဒေါက်တာ နိုင်ဆွေဦးက သူ့အမြင်ကို ပြောသည်။

သို့သော် ထောက်လှမ်းအရေးအဖွဲ့များသည် လုပ်ငန်းသဘာဝအရ လျှို့ဝှက်ဆောင်ရွက်သည့် သဘောရှိရာ လက်ရှိရှိနေသော စ.ရ.ဖ၊ စသုံးလုံး၊ သတင်းရဲတပ်ဖွဲ့ စသည့်အဖွဲ့များသည် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု မည်မျှရှိသည်မှာ ခန့်မှန်းရခက်သည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထောက်လှမ်းရေး ဖွဲ့သင့်၊ မသင့်

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်လိုအပ်ချက်မှာ သတင်းလက်ဦးမှု ရရှိနိုင်ရေးအတွက် အဓိကဖြစ်သော ကောင်းမွန်သည့် ထောက်လှမ်းရေးစနစ်တည်ဆောက်ရန်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ လေ့လာသူများက ဆိုကြသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအဖွဲ့အစည်း (MIPS) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကမူ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုမျိုးမဆို ကာကွယ်နိုင်ရန် ကောင်းမွန်သည့် ထောက်လှမ်းရေးစနစ်တစ်ခု တည်ဆောက်ရန်လိုကြောင်းဆိုသည်။

“အဓိက ကျွန်တော်တို့ဆီမှာလိုတာက ထောက်လှမ်းရေးလိုတာ။ တပ်မတော်ထောက်လှမ်းရေးရော၊ အရပ်ဘက်ထောက်လှမ်းရေးရောပေါ့။ ဒါတွေကို ကျွန်တော်တို့ အများကြီးအားဖြည့်ဖို့လိုတယ်။ အများကြီးပြင်ဆင်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ကောင်းမွန်သည့် ထောက်လှမ်းရေးစနစ်တည်ဆောက်မည်ဆိုပါက မည်သို့တည်ဆောက်သင့်သည်နှင့်ပတ်သက်၍ စဉ်းစားစရာနှစ်ချက်ရှိသည်။

တစ်ချက်မှာ ရှိပြီးသား ထောက်လှမ်းရေးအဖွဲ့အစည်းများကို အရည်အသွေးမြှင့်မည်လော။ သို့မဟုတ် ရှိနှင့်ပြီးသော ထောက်လှမ်းရေးအဖွဲ့အစည်းများကို ပေါင်းစည်း၍ အမျိုးသားအဆင့် ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ဖွဲ့ ဖွဲ့မည်လောဟူ ၍ပင်။

အကြမ်းဖက်လုပ်ရပ်များကို တားဆီးရန် တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေး Counter Terrorism ကို လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်း၏ အဓိကကျောရိုးမှာလည်း ထောက်လှမ်းရေးလုပ်ငန်းပင်ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦး က ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေးစနစ်မှာ ပြုပြင်ပြောင်းလဲရမှာတွေ အများကြီးရှိတယ်။ အဓိကကတော့ စုဖွဲ့မှုပိုင်းရယ်၊ အုပ်ချုပ်မှုအပိုင်းရယ်မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုတယ်” ဟု ၎င်းက ထောက်ပြသည်။

အမျိုးသားအဆင့် ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ဖွဲ့ ဖွဲ့မည်ဆိုလျှင် အလေးအနက်စဉ်းစားရမည့် ကိစ္စတစ်ရပ်လည်းရှိသည်။ ယင်းမှာ ပြည်သူ့အမြင်ဖြစ်သည်။

မြန်မာပြည်သူလူထုတွင် ထောက်လှမ်းရေးနှင့်ပတ်သက်၍ စိတ်နာစရာသမိုင်းဖြစ်ရပ်များရှိခဲ့သည်ဖြစ်ရာ လူအများစုသည် ထောက်လှမ်းရေးဆိုသည့်အသံကြားပါက ထိတ်လန့်နေရသူများ ရှိနေသည်။ ယင်းကိစ္စသည် ပြည်သူများတွင်သာမက အတိုက်အခံဘ၀တွင် ထောက်လှမ်းရေးများ၏ လက်သံပြောင်မှုကြောင့် ခါးစည်းခံရသည့် ယနေ့အစိုးရဖြစ်နေသူများထံတွင်ပင် နားကျည်းမှုများ ရှိကောင်းရှိနိုင်ပေသည်။

ပဲခူးမြို့ရှိ Knowledge Zone ပညာဒါနကျောင်းတည်ထောင်သူလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သည့် ဦးသက်နိုင်ကမူ လုံခြုံရေးကျိုးပေါက်မှုအပေါ်စိုးရိမ်မှုရှိသော်လည်း ဧည့်စာရင်းတိုင်ရမည့်ဥပဒေနှင့် ထောက်လှမ်းရေးအဖွဲ့ကို ပြန်အသက်သွင်းရန်ကိုမူ သဘောမတူကြောင်း ဆိုသည်။ တပ်မတော်ထောက်လှမ်းရေးနှင့် ဧည့်စာရင်းဥပဒေတို့သည် တပ်မတော်အစိုးရကိုဆန့်ကျင်သူများကို ဖိနှိပ်သည့် ယန္တရားဖြစ်သောကြောင့် သဘောမတူဟု ၎င်းက ဆိုသည်။

တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်နေသဖြင့် လုံခြုံရေးကိစ္စများတွင် ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်ချက်များရှိလာကာ ပြင်ဦးလွင်တိုက်ခိုက်ခံရမှုကိစ္စများ ဖြစ်လာကြောင်း၊ ကာကွယ်ရေးကိစ္စကိုသာ တပ်မတော်အနေနှင့်အာရုံစိုက်ပါက တိုက်ခိုက်ခံရမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဦးသက်နိုင်က ဆိုသည်။

“ရှိခဲ့ဖူးတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေအနေနဲ့က အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးဖို့ထက် အုပ်ချုပ်သူလုံခြုံရေးကိုပဲ ဦးစားပေးခဲ့ကြတယ်။ သဘောထားမတိုက်ဆိုင်သူတွေကို ဖမ်းဆီး၊ ထောင်ချ နှိပ်စက်မှုတွေကလည်း ရှိခဲ့တော့။ ဒီရင်နာစရာအမှတ်တရတွေက လက်ရှိအစိုးရဖြစ်နေသူတွေကိုယ်တိုင် ခံခဲ့ရတာ။ ဒီတော့လက်ရှိအစိုးရကလည်း ထောက်လှမ်းရေးဆို ကြောက်တယ်” ဟု အမျိုးသားလုံခြုံရေးလေ့လာသူ ကိုကျော်စောဟန်ကလည်း ဆိုသည်။

ထောက်လှမ်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု

အပြိုင်အဆိုင်များသည့် ယနေ့ကမ္ဘာသို့မရောက်မီကတည်းကပင် ထောက်လှမ်းရေးများရှိခဲ့ကြသည်။ လိုအပ်သောကြောင့် ရှိခဲ့သည်ဖြစ်ရာ ယနေ့နိုင်ငံတိုင်းတွင်လည်း ထောက်လှမ်းရေးများရှိသည်ပင်။ သို့သော် ထောက်လှမ်းရေးသည် အရာအားလုံးကို ကြိုတင်ကာကွယ်နိုင်သည်ဖြင့် မဟုတ်ပေ။

ကမ္ဘာ့အင်အားကြီး အမေရိကန်ပြည်ထောင်စုတွင် အစွမ်းထက်လှသည်ဆိုသော CIA နှင့် FBI ကဲ့သို့ အဖွဲ့များရှိသည့်တိုင်အောင် အယ်လ်ကိုင်ဒါ၏ ကုန်သွယ်ရေးမျှော်စင်ညီနောင်ကို တိုက်ခိုက်မှု ၉/၁၁ ဖြစ်စဉ်ကို ထောက်လှမ်းရေးအစွမ်းဖြင့် မကာကွယ်နိုင်ခဲ့။

“လုံခြုံရေးအစီအမံနဲ့ထောက်လှမ်းရေးစနစ်ကောင်းရင် ဆယ်နှစ်နေမှတစ်ခါ Fail ဖြစ်ရင်ဖြစ်မယ်။ ဆယ့်ငါးနှစ်နေမှ Fail ဖြစ်ရင်ဖြစ်မယ်၊ အခုကျွန်တော်တို့ဖြစ်နေတာက နှစ်တိုင်းဖြစ်နေတာ၊ တစ်နှစ်ထဲမှာ နှစ်ခါသုံးခါဖြစ်နေတာ” ဟု ကိုကျော်စောဟန်က ဆိုသည်။

၉/၁၁ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် Intelligence Reform and Terrorism Prevention Act (IRTPA) ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှုနှင့် အကြမ်းဖက်မှုကာကွယ်ရေးဥပေဒေပြဋ္ဌာန်းပြီး ထောက်လှမ်းရေးလုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့ကြသည်။ ၉/၁၁ ထာက်လှမ်းရေးပြုပြင်ပြောင်းလဲမှုသည် ယခုအခါ ကမ္ဘာ့နိုင်ငံအချို့က အတုယူကြရသည့် ပြုပြင်ပြောင်းလဲမှုတစ်ရပ်ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်ကလည်း ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှု သုံးကြိမ်ဆောင်ရွက်ခဲ့ဖူးသည်။

ပထမအကြိမ် ပြုပြင်ပြောင်းလဲမှုမှာ ဗိုလ်ချုပ်နေဝင်းကို ထောက်လှမ်းရေးဗိုလ်ကြီး ကျော်စွာမြင့်က လုပ်ကြံရန်ကြိုးစားခဲ့သည့် ၁၉၆၄ ခုနှစ်တွင်ဖြစ်သည်။

ဒုတိယပြုပြင်ပြောင်းလဲမှုမှာ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို မြောက်ကိုရီးယား ကွန်မန်ဒိုများက အာဇာနည်ကုန်းတွင် ဗုံးဖောက်ခွဲလုပ်ကြံမှုမလုပ်မီနှင့် ဗုံးဖောက်ခွဲပြီးနောက်ပိုင်း ၁၉၈၃ ခုနှစ်နှင့် ၁၉၈၄ ဝန်းကျင်တွင်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးလေ့လာသူ ကိုကျော်စောဟန်က ဆိုသည်။

တတိယပြုပြင်ပြောင်းလဲမှုသည် ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖျက်သိမ်းမှုအပြီး ၂၀၀၄ ခုနှစ်တွင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာ့ထောက်လှမ်းရေး ပြုပြင်ပြောင်းလဲများသည် သမိုင်းဝင်မည့်ကိစ္စရပ်များဖြစ်ပေါ်ခြင်း သို့မဟုတ် ယင်းသို့ဖြစ်ပေါ်ရန် အချက်ပြချိန်ရောက်မှသာ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ပိုမိုကောင်းမွန်သည့် အရွေ့တစ်ခုအတွက် နိုးနိုးကြားကြား သတိထားကြီးစွာထား၍ ပြောင်းလဲခဲ့ခြင်းမဟုတ်။ ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည်လည်း ပိုမိုကောင်းမွန်ရန်ဦးတည်ရမည့်အစား သက်ဆိုင်ရာပုဂ္ဂိုလ်များကို အနားပေးခြင်း၊ ရာထူးရွှေ့ခြင်းများသာ များခဲ့သည်။

“ပထမ တစ်ခေါက်ပြောင်းလဲမှုမှာလည်း တာဝန်ရှိတဲ့လူတွေကို တာဝန်က အနားပေးတာ၊ အရပ်ဘက်ကိုပြောင်းတာ၊ စစ်သံမှူးအဖြစ်နဲ့အဝေးပို့တာ တွေလုပ်ခဲ့တာ။ ဒုတိယတစ်ကြိမ်မှာလည်းဒီလိုပဲ။ တတိယတစ်ကြိမ်ကတော့ ထောက်လှမ်း ရေးအဖွဲ့အစည်းကြီးတစ်ခုလုံးကို Institution လိုက်ကြီး ဖြိုချဖျက်ဆီးခဲ့တာ။ ဒါတွေက တကယ့်ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှုတွေမဟုတ်ဘူး” ဟု ကိုကျော်စောဟန်က ဆိုသည်။

နိုင်ငံတကာတွင် ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်ပါက လုံခြုံရေးပညာရှင်များ၊ တရားရေးပညာရှင်များ၊ စစ်ဘက်ဆိုင်ရာအရာရှိများနှင့် နိုင်ငံရေးသမားများပါဝင်သော အစုအဖွဲ့ဖြင့် ဖြစ်စဉ်တစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ကြသည်။ ထို့နောက် ပြုပြင်ပြောင်းလဲမှု အစီရင်ခံစာကို ပြုလုပ်ပြီးနောက် ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။

အကြမ်းဖက်မှုကာကွယ်နိုင်ရေး သတင်းအချက်အလက်နှင့် နိုင်ငံတကာရေးရာသုံးသပ်သူများ၊ ဘာသာစကားကျွမ်းကျင်သူများ အပါအဝင် ကျွမ်းကျင်သည့် ဆိုင်ရာပညာရှင်များပါဝင်သော အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ဖွဲ့ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

မည်သို့ဆိုစေ ထောက်လှမ်းရေးတစ္ဆေသည် မြန်မာပြည်သူများကို ခြောက်လှန့်လျက်ရှိသည်။ ယခုအခါ အကြမ်းဖက်တစ္ဆေတစ်ကောင်ကလည်း ထပ်မံခြောက်လှန့်လာသည်။ ထို့ကြောင့် မြန်မာတို့ ရွေးချယ်ကြရမည်။ သို့မဟုတ် ပိုမိုကောင်း မွန်သော နည်းလမ်းတစ်ခုပေါ်ထွက်ရေး စဉ်းစားရမည်ဖြစ်သည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့် ထောက်လှမ်းရေးစနစ်တစ်ခု တည်ဆောက်ပါက အလုပ်ဖြစ်နိုင် မဖြစ်နိုင်အပေါ် ကိုကျော်စောဟန် က ယခုကဲ့သို့ဆိုသည်။

“အရင် ထောက်လှမ်းရေးအဖွဲ့အစည်းတွေက တပ်မတော်အစိုးရလက်အောက်မှာလုပ်ခဲ့ရတော့ အဲဒီခေတ် အဲဒီစနစ်နဲ့ပဲလုပ်ရတာ။ အခုသာ စစ်ဘက် အရပ်ဘက်ဆက်ဆံရေး ပိုကောင်းမွန်လာအောင်လုပ်နိုင်ရင်၊ နှစ်ဖက်လုံးက လက်ခံနိုင်မယ့်ထောက်လှမ်းရေးယန္တရားနဲ့ လုပ်ထုံးလုပ်နည်းတွေချနိုင်ရင် အစိုးရအတွက်လည်း အကျိုးမနည်းပါဘူး” 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *