ကျောက်အုတ်တို့ ပြိုလေရာ (၆) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

အခန်း (၄)
ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကောက်နုတ်ချက်

၁၉၂၀ ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်ရာမှ ပေါ်ထွက်လာသည်ဟု ယေဘုယျဆိုရသော်လည်း တက္ကသိုလ်ဥပဒေကြမ်းအဆင့် ကန့်ကွက်ချက်များတွင်သော်လည်းကောင်း၊ တက္ကသိုလ်အက်ဥပဒေထွက်ပြီး ပထမကျောင်းသားသပိတ် တောင်းဆိုချက်များတွင်သော်လည်းကောင်း ယခုဖော်ပြမည့် ကောက်နုတ်ချက်များ မပါပါ။ သို့အတွက် အဆိုပါကောက်နုတ်ချက်များကို ထိုခေတ်တက္ကသိုလ်ကျောင်းသားများကိုယ်တိုင်က နှစ်သက်ကြလိမ့်မည်ဟု ယူဆရပါသည်။ တစ်နည်းဆိုရလျှင် ဆိုခဲ့ပါကောက်နုတ်ချက်များသည်ပင် ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ၏ အားကောင်းချက်များဟု ဆိုနိုင်လိမ့်မည်ထင်ပါသည်။

ကောက်နုတ်ချက်အချို့

– ပုဒ်မ ၄ – တက္ကသိုလ်သည် အောက်ပါလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အခွင့်အာဏာရှိသည်။

(က) တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များနှင့် အညီ လူသားတို့၏လုပ်ဆောင်မှု နယ်ပယ်အသီးသီးရှိ ပညာရှင်များ၊ ပါရဂူများနှင့် ကျွမ်းကျင်သူများကို လေ့ကျင့်ရန်နှင့် ဤတက္ကသိုလ်နှင့် ကိုက်ညီသည်ဟု ယူဆရသော၊ ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ လမ်းညွှန်ချက်များကို စီစဉ်သတ်မှတ်ပြဋ္ဌာန်းပေးခြင်း၊
(က) (က) – သုတေသနနှင့် အသိပညာဆိုင်ရာ တိုးတက်ပြန့်ပွား စေရေးကိစ္စများအတွက် ဖန်တီးထောက်ပံ့ပေးခြင်း၊
(ခ) စာမေးပွဲများကျင်းပပေးပြီး ဒီဂရီ၊ ဒီပလိုမာ၊ အောင်လက်မှတ် စသည်တို့နှင့် အခြားသော ပညာအရည်အသွေးနှင့် သက်ဆိုင်သည်တို့ကို ချီးမြှင့်အပ်နှင်းခြင်း၊
(ဂ) လိုအပ်သလို မဟာဌာနမှူးများ၊ ပါမောက္ခများ၊ ကထိကများနှင့် အခြားဆရာများကို ခန့်ထားခြင်း၊
(ဃ) ပညာသင်ဆု စသော ပညာရေးနှင့် သက်ဆိုင်သည့်ဆုများပေးအပ်ခြင်း၊ ပြပွဲများ ပြုလုပ်ခြင်း၊
(င) စာကြည့်တိုက်များ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ ပြတိုက်များနှင့် အခြားသောတက္ကသိုလ်ပညာရေး ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် အဆောက်အအုံများ တည်ဆောက်ခြင်း၊
(စ) သတ်မှတ်ထားသော ရည်ရွယ်ချက်၊ နည်းလမ်းများနှင့် အညီ အခြားသောတက္ကသိုလ်များမှ အာဏာပိုင်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) ကျောင်းသားများ၏ နေထိုင်မှု၊ စည်းမျဉ်းစည်းကမ်းများကို ကြပ်မတ်ထိန်းသိမ်းခြင်းနှင့် သူတို့၏ ကျန်းမာရေးအတွက် စီစဉ်ပေးခြင်း၊
(ဇ) ပြဋ္ဌာန်းသတ်မှတ်ထားသော ကျောင်းလခ စသည်များကို တောင်းခံခြင်းနှင့် ဥပဒေနှင့်အညီ လက်ခံခြင်း၊
(ဈ) ဝိဇ္ဇာပညာရပ်၊ သိပ္ပံပညာရပ်နှင့် အခြားသော ပညာရပ်တို့ကို ပြုစုပျိုးထောင်ရန်နှင့် တက္ကသိုလ်၏ ရည်မှန်းချက်များကို အားပေးရာရောက်မည့် ကိစ္စအရပ်ရပ်ကို ဥပဒေက နှင်းအပ်ထားသော အခွင့်အာဏာများနှင့် အကျုံးဝင် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ဆောင်ရွက်ခြင်း၊
(ည) အထက်ပါလုပ်ငန်းများကို ထမ်းဆောင်ရန်သာမက တက္ကသိုလ်၏ အခြားရည်မှန်းချက်များကို လိုအပ်သလို ဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်ခြင်း …။

– ပုဒ်မ ၅ – တက္ကသိုလ်သည် လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေး၊ ကျား-မ ခွဲခြားခြင်းမရှိ အားလုံးအတွက် တံခါးဖွင့်ထားသည်။

– ပုဒ်မ ၇ – တက္ကသိုလ်အာဏာပိုင်အဖွဲ့အစည်းများမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။

(က) – ကောင်စီ
(ခ) – ဆီနိတ်
(ဂ) – ကောင်စီ၏အမှုဆောင်ကော်မတီ
(ဃ) – ဆီနိတ်၏ အမြဲတမ်းကော်မတီ

– ပုဒ်မ ၁၁ – ကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။ (၁၉၄၉ ပြင်ဆင်ချက်အရ ဖြစ်ပါသည်။)

(က) ဒုတိယ အဓိပတိ
(ခ) ပညာမင်းကြီး
(ဂ) ပါမောက္ခချုပ် (၁၉၅၁ – ပြင်ဆင်ချက်)
(ဃ) ပေါင်းစည်းထားသော ကောလိပ်များမှ အကြီးအကဲများ
(င) မဟာဌာနမှူးများ
(စ) ဆီနိတ်မှရွေးချယ်သော ဆီနိတ်အဖွဲ့ဝင် သုံးဦး
(ဆ) တရားဝင်ဘွဲ့ရထားသူ တစ်ရာထဲမှ သူတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားသော၊ တက္ကသိုလ်ဝန်ထမ်း မဟုတ်သော၊ တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သော ဘွဲ့ရကိုယ်စားလှယ်တစ်ဦး၊ (ရွေးချယ်ထားသော ကိုယ်စားလှယ်အရေအတွက်သည် သုံးယောက်ထက် မနည်းရ၊ ငါးယောက်ထက် မပိုရ)
(ဇ) အောက်ပါအဖွဲ့အစည်းအသီးသီးမှ ရွေးချယ်ထားသော ကိုယ်စားလှယ်တစ်ဦး
– ရန်ကုန်တရားလွှတ်တော်၏ ဘားကောင်စီ
– မြန်မာ ဆေးကောင်စီ
– ပြည်သူ့ရေးရာဝန်ဆောင်မှုကော်မရှင်
(ဈ) ရန်ကုန်မြို့တော် မြူနီစပါယ်ကော်ပိုရေးရှင်းမှ ရွေးချယ် လိုက်သော ကိုယ်စားလှယ်တဦး၊
(ည) ပြည်သူ့လွှတ်တော်မှ ရွေးချယ်လိုက်သော ကိုယ်စားလှယ် သုံးဦး၊ လူမျိုးစုလွှတ်တော်မှ ရွေးချယ်လိုက်သော ကိုယ်စားလှယ် သုံးဦး၊
(ဋ္ဋ) ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့မှ အမည်စာရင်းတင်သွင်းသော တက္ကသိုလ်ဝန်ထမ်း မဟုတ်သူ၊ တက္ကသိုလ်ကျောင်းသားလည်း မဟုတ်သူ ဘွဲ့ရနှစ်ဦး။ (အဆိုပါကိုယ်စားလှယ်များ၏ သက်တမ်းမှာ တစ်နှစ်သာရှိပြီး ထပ်မံခန့်ထားလိုလျှင် ထပ်မံ အမည်စာရင်းတင်ရမည်။) (၁၉၃၉ နှင့် ၁၉၅၁ – ပြင်ဆင်ချက်)
(ဌ) ဗမာလုံးဆိုင်ရာ ဆရာများအစည်းအရုံးမှ ရွေးကောက်တင်မြှောက်လိုက်သော တက္ကသိုလ်ဝန်ထမ်းမဟုတ်သည့် တက္ကသိုလ်ကျောင်းသားလည်း မဟုတ်သည့် အဖွဲ့ဝင်တစ်ဦး (၁၉၅၁ – ပြင်ဆင်ချက်)
(ဍ) တက္ကသိုလ်အဓိပတိမှ ခန့်အပ်သော တက္ကသိုလ်ဝန်ထမ်း မဟုတ်သည့်၊ တက္ကသိုလ်ကျောင်းသားလည်း မဟုတ်သည့် ကိုယ်စားလှယ်သုံးဦး (၁၉၅၁ – ပြင်ဆင်ချက်)
(ဎ) ပညာရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသီးသီးမှ စေလွှတ်သော အစိုးရအတွင်းရေးမှူး နှစ်ဦးနှင့်
(ဏ) မန္တလေးတက္ကသိုလ်ကောလိပ် အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး …။

– ပုဒ်မ ၁၂ – ကောင်စီ၏ လုပ်ပိုင်ခွင့်

ပညာရေးနှင့်သာ သီးခြားသက်ဆိုင်သည့်ကိစ္စရပ်များမှတစ်ပါး အခြားကိစ္စရပ်များအားလုံးတွင် ကောင်စီသည် တက္ကသိုလ်အချုပ်အခြာအာဏာပိုင်အဖွဲ့ ဖြစ်သည်။

– ပုဒ်မ ၁၄ – ဆီနိတ်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။ (၁၉၄၉ – ပြင်ဆင်ချက်အရ ဖြစ်ပါသည်။)

(က) ဒုတိယ – အဓိပတိ
(ခ) ပညာမင်းကြီးနှင့် တက္ကသိုလ်အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့်ဆိုင်သည့် အစိုးရဌာနများမှ လေးဦးထက်မပိုသော အကြီးအကဲများ၊
(ဂ) ပါမောက္ခချုပ် (၁၉၅၁ – ပြင်ဆင်ချက်)
(ဃ) ပေါင်းစည်းထားသော ကောလိပ်များမှ အကြီးအကဲများ
(င) ပါမောက္ခများ (တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဌာနမှူးများ ဖြစ်ပါသည်။) (၁၉၅၁ – ပြင်ဆင်ချက်)
(စ) ကောင်စီမှ ရွေးချယ်တင်မြှောက်လိုက်သည့် သင်ကြားရေး နှင့်မဆိုင်သော ကိုယ်စားလှယ်သုံးဦး၊
(ဆ) ကထိကများမှ ရွေးချယ်တင်မြှောက်သော ကထိကငါးဦး …။

– ပုဒ်မ ၁၅ – ဆီနိတ်၏ လုပ်ပိုင်ခွင့်

ဆီနိတ်သည် တက္ကသိုလ်၏ သင်ကြားရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ တက္ကသိုလ်တွင် သင်ကြားနေသောဆရာများဖြင့် အဓိကဖွဲ့စည်းထားသည်။ မည်သည့်အစိုးရတက်သည်ဖြစ်စေ ဆီနိတ်၏ လုပ်ပိုင်ခွင့်အာဏာကို စွက်ဖက်ခွင့် မရှိပါချေ။

(အထက်ပါ ကောက်နုတ်ချက်အားလုံးကို The Burma Code volume IV? The University of Rangon on Act, Burma Act IX, 1920 – မှ ထုတ်နုတ်ဖော်ပြထားပါသည်။)

နောက်ပိုင်းဥပဒေများနှင့် နှိုင်းယှဉ်အကဲဖြတ်ခြင်း

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သော်လည်း ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းမဖြစ်ခဲ့ပါ။ သို့အတွက်ကြောင့်ပင် ရန်ကုန်တက္ကသိုလ်၏ အရည်အသွေးမှာ ဆိုးဆိုးဝါးဝါး ကျဆင်းမသွားခဲ့ဟု ဆိုနိုင်လိမ့်မည်ထင်ပါသည်။ သို့နှင့်တိုင် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ‘တက္ကသိုလ်ပညာရေး အက်ဥပဒေသစ်’ ကို ပြဋ္ဌာန်းလိုက်ရာ တက္ကသိုလ်ပညာရေးတစ်ခုလုံးမှာ အစိုးရပညာရေးဝန်ကြီးဌာနအောက်သို့ရောက်သွားခဲ့ရသည်။ အစိုးရပညာရေးဝန်ကြီးဌာနအောက်သို့ ရောက်သွားခဲ့ရသည်။ သို့နှင့်အမျှ တက္ကသိုလ်များ၏ သီးခြားလွတ်လပ်ခွင့် (Autonomy) မှာလည်း ပျောက်ဆုံးသွားရတော့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ‘အမျိုးသားပညာရေးဥပဒေ’ ကို ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေက တက္ကသိုလ်၏ အုပ်ချုပ်ရေး (ကောင်စီ) နှင့် သင်ကြားရေး (ဆီနိတ်) ကို သီးခြားခွဲထားခဲ့သော်လည်း အဆိုပါ အမျိုးသားပညာရေးဥပဒေတွင်မူ ‘အမျိုးသားပညာရေးကော်မရှင်’ အဖြစ် ပေါင်းစည်းပစ်လိုက်ပါသည်။ တစ်နည်းဆိုရလျှင် အစိုးရက တာဝန်ရှိသူများနှင့် ပညာရေးတာဝန် ရှိသူများကို အဖွဲ့အစည်းတစ်ခုတည်း ပေါင်းစည်းပစ်လိုက်ခြင်းဖြစ်ပါသည်။ ပညာရေးဝန်ထမ်းများမှာ နှစ်ပေါင်းမြောက်မြားစွာ (၁၉၆၅ မှ ၂၀၁၄ ထိ) အစိုးရ၏ အစေစားခံများသာဖြစ်ခဲ့ရာဆိုခဲ့ပါ ပေါင်းစည်းမှုမှာ ပညာရေးတာဝန်ရှိသူများ၏ လုပ်ပိုင်ခွင့်ကို တားဆီးချုပ်ငင်ထားသလို ဖြစ်နေခဲ့ပါသည်။

၂၀၁၄-၁၅ ကျောင်းသားများ ဆန္ဒပြပွဲဖြစ်ပေါ်ပြီးနောက်ပိုင်း ၂၀၁၅ ဇွန်လ ၂၅ ရက်တွင် ‘အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ’ ထွက်လာခဲ့ပါသည်။ ဤဥပဒေအရ မူလ ‘အမျိုးသားပညာရေး ကော်မရှင်’ ကို အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားသည်တော့ မဟုတ်ပါ။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာလို ပညာရှင်များ (တက္ကသိုလ်ဆရာများ) ၏ ပညာသင်ကြားရေးအစီအမံကို အစိုးရ ထိန်းချုပ်မှုနှင့် သီးခြားကင်းလွတ်အောင် စီစဉ်သင့်သည်ဟု ယူဆရပါ သည်။ သို့မှသာ တက္ကသိုလ်များ၏ ကိုယ်ပိုင်စီရင်ပိုင်ခွင့်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ 

 

ကျော်ဝင်း
၂၂ ဇူလိုင်၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *