နေ့သစ်မလိုချင်သူများ၏ နိဂုံး

“မနုဿတ္တဘာဝေါ ဒုလ္လဘော” အဓိပ္ပာယ်ကား ရခဲလှသော လူ့ဘ၀ ဟူ၍။

လူ့ဘ၀တစ်ခုရရှိရန် ခက်ခဲမှုကို ညွှန်းဆို၍ ဘုရားရှင်က ဟောကြားခဲ့သည့် စကားစုတစ်ခုဖြစ်သည်။ ဘုရားရှင်ဟောကြားခဲ့သလိုပင် လူ့ဘ၀ရရန် မလွယ်ကူပါ။

လူ့ပြည်က အပ်တစ်စင်းနှင့် နတ်ပြည်မှ အပ်တစ်စင်း ထိပ်ဖျားချင်း တေ့ဆိုင်မိမှသာ လူ့ဘ၀တစ်ခုရသည်ဟုလည်း လူ့ဘ၀တစ်ခုရရှိရန် ခက်ခဲကြောင်းကို တင်စားပြောဆိုလေ့ရှိကြသည်။

လက်တွေ့ကမ္ဘာကြီးဝယ် ရခဲလှသော ဘ၀တစ်ခုကို အလွယ်တကူအရှုံးပေးရင်း မိမိကိုယ်တိုင်ပင် အဆုံးသတ်ခဲ့ကြသူများကလည်း များစွာပင်။

မိမိကိုယ်ကို အဆုံးစီရင်မှုများက တစ်ကမ္ဘာလုံးတွင် နေ့စဉ်ရှိနေသလို မြန်မာနိုင်ငံတွင်လည်း မကြာခဏပင် ဖြစ်ပွားလျက်ရှိသည်။

ပြဿနာအမျိုးမျိုးကို ကျော်ဖြတ်လိုဇော၊ ငြိမ်းချမ်းလိုဇောနှင့် မိမိကိုယ်ကို အဆုံးစီရင်ကြရင်း ရခဲသော လူ့ဘ၀တစ်ခုကို လွယ်လွယ်စွန့်လွှတ်လိုက်ကြသည်။

မိမိအသက်ကို စွန့်လွှတ်ရုံဖြင့် ပြဿနာများ ပြေလည်သွားပါသလော။ မိမိကိုယ်ကို ဇီဝိန်ချုပ်ခြင်းကား ကောင်း မွန်သင့်မြတ်ပါ၏လော။ အမှန်တကယ် လွတ်မြောက်ခြင်း မည်ပါ၏လော။

အဆုံးစီရင်ခြင်းကျော့ကွင်းမှ မလွတ်မြောက်သူများ

အုတ်အော်သောင်းနင်းဖြစ်ခဲ့သော မိမိကိုယ်ကိုအဆုံးစီရင်သူ ကိုကျော်ဇင်ဝင်းကိစ္စသည် ဇွန်လအတွင်းက ဖြစ်ခဲ့သည်။

ကိုကျော်ဇင်ဝင်းမှာ Myanmar Imperial University တွင် စာကြည့်တိုက်မှူးအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရသည်ဟု ခံစားရ၍ ဇွန်လ ၂၄ ရက်နေ့တွင် ဆေးများအလွန်အကျွံ သောက်သုံးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူဖြစ်သည်။

အသက် ၂၆နှစ်အရွယ်သာရှိသေးသည့် ကိုကျော်ဇင်ဝင်းမှာ ဘ၀အနာဂတ်တွင် များစွာသော ပျော်ရွှင်ခွင့်၊ အောင်မြင်ခွင့် အရာများစွာကို ဖမ်းဆုပ်ယူနိုင်သော အရွယ်ပင်ရှိသေးသည်။

သို့သော် ထိုအရာများအားလုံးကိုပင် ကျောခိုင်းရဲလောက်အောင် ဖိစီးထားသည့် စိတ်ခံစားချက်အဟုန်က ထိုအချိန်တွင် အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့မည်ဖြစ်သည်။

“သူ့ဆီက ကောင်းတဲ့စကားတွေပဲ ကြားရတော့ သူ့စိတ်ခံစားချက်အမှန်ကို မသိလိုက်ဘူး။ ကိုယ်မြင်ရတာတော့ ဒီကလေးက ပျော်ပျော်ရွှင်ရွှင်ပဲဆိုတော့ မသိလိုက်ရဘူး” ဟု ကိုကျော်ဇင်ဝင်း၏ အဒေါ်ဖြစ်သူ ဒေါ်မြလေးနွယ်က ပြောကြားသည်။

သို့သော်လည်း ကိုကျော်ဇင်ဝင်း သေဆုံးမှုမှာ လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်းပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သော အထောက်အထားများမတွေ့ရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မီဒီယာများတွင် ပြောကြားထားသည်။ ထိုအချက်မှာ မှန်ကန်ပါ၏လော။

အရက်ကြောင်ကြောင်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူတစ်ဦးလည်း ပြင်ဦးလွင်မြို့တွင် ရှိခဲ့သည်။ ကိုထူးမြင့်မှာ အသက် ၃၈ နှစ်အရွယ်ရှိသူဖြစ်ပြီး အရက်၏သားကောင်ဘ၀မှ နောက်ဆုံးတွင် မိမိကိုယ်တိုင် ဘ၀ကို အဆုံးသတ်ခဲ့သူ ဖြစ်သည်။

“အရက်က နိုင်သွားတာပေါ့။ မဆုံးခင်မှာ အရက်ဖြတ်တယ်။ ဒါပေမဲ့ အချိန်လွန်သွားတာပေါ့”ဟု ကိုထူးမြင့်၏ အစ်ကိုဖြစ်သူ ကိုဝင်းမြင့်က ပြောကြားသည်။

ထို့အတူပင် ဆယ်တန်းကျ၍ မိဘများဆူသဖြင့် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သူ ကျောင်းသူလေးတစ်ဦးလည်း ပုဂံဒေသတွင် ရှိခဲ့ဖူးသည်။ ယခုလ (ဩဂုတ်)အတွင်းမှာပင် အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ဘာကြောင့် အဆုံးစီရင်ကြသနည်း

မိမိကိုယ်ကို အဆုံးစီရင်ကြသည်အထိ စိတ်ခံစားချက်များ ဘာကြောင့် ပြင်းထန်ကြသနည်း။

အဆုံးစီရင်သည့်ဖြစ်ရပ်များတွင် အခြေခံသည်က စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ မူးယစ်ဆေးဝါး၊ အရက် စသည်ဖြင့် ပြဿနာများ၊ ခွဲခြားဆက်ဆံခံရမှုများအပြင် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စများကြောင့် ဖြစ်သည်။

“တချို့တွေက စိတ်ရောဂါဖြစ်လို့။ တချို့တွေက စိတ်မကျန်းမာလို့။ တချို့တွေကျတော့ ဖိအားပေါ့။ ဘ၀အခက်အခဲတွေ ပတ်ဝန်းကျင်ဖိအားတွေကို မတွန်းလှန်နိုင်ဘူး။ ဒါမှမဟုတ်ရင် သူတွန်းလှန်တဲ့ နည်းစနစ်က မှားသွားတာပေါ့” ဟု စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးတင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုနှင့်အတူ လိုက်ပါလာသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေများက အခြေခံ ပြည်သူများဘ၀သို့ သက်ရောက်မှု ကြီးမားလျက်ရှိနေသည်။

မိမိကိုယ်ကို အဆုံးစီရင်မှုအများစုတွင် စီးပွားရေးမကောင်း၍ ငွေကြေးနှင့်ပတ်သက်ပြီး မဖြေရှင်းနိုင်တော့သည့် အခြေအနေများအတွက် သတ်သေသည့် လမ်းကို ရွေးချယ်ကြသူများလည်း ရှိနေသည်။

သမီးငယ်၏ မျက်စိကင်ဆာဝေဒနာအတွက် ခွဲစိတ်မည့်ရက် သိပြီးနောက်တွင် သားအဖနှစ်ယောက် ဧရာဝတီ မြစ်အတွင်းသို့ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် ဖြစ်ရပ်တစ်ခု စစ်ကိုင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ရပ်မှာ ယခုနှစ် ဇန်နဝါရီလအတွင်းကဖြစ်ပြီး ကျန်းမာရေးပြဿနာကို မဖြေရှင်းနိုင်ဟူသော ဆုံးဖြတ်ချက်နှင့် သတ်သေခြင်းနည်းကို ရင်နင့်စွာ ရွေးချယ်သွားခြင်းဖြစ်သည်။

“သေသွားတဲ့သူမှာ အကြောင်းရင်းခံတွေ ရှိမယ်။ ဒါလေးက ထန်းသီးကြွေခိုက် ကျီးနင်းလိုက်လည်း ဖြစ်နိုင်တယ်။ ဒီဟာပဲလို့ သွားပြီးတော့ လက်ညိုးထိုးရတာ ခက်တယ်။ အကြောင်းမျိုးစုံရှိနိုင်တယ်”ဟု ဒေါက်တာ ဦးတင်ဦးက ပြောကြားသည်။

ရရှိလာသည့် ဖိစီးမှု၊ အခက်အခဲကို တုံ့ပြန်သည့် ပုံစံကွာခြားခြင်းဖြစ်ပြီး အချို့က ဒေါသနှင့်တုံ့ပြန်သည်။ အချို့က ခေါင်းအေးအေးဖြင့် ဖြေရှင်းသည့်နည်းလမ်းကို ရွေးချယ်တုံ့ပြန်သည်။ အချို့က ပြဿနာကို ရှောင်ထွက်သွားကြသည်။

ဖိစီးမှုအပေါ် တုံ့ပြန်သည့် နည်းလမ်းရွေးချယ်မှု ကွာခြားခြင်းမှတစ်ဆင့် မရဏလမ်းဆီ ခြေဦးလှည့်သူများ ရှိလာခြင်းပင်။

အတောမသတ်နိုင်သော အဆုံးစီရင်မှုများ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ စာရင်းများအရ ကမ္ဘာပေါ်တွင် မိမိကိုယ်ကို အဆုံးစီရင်သူမှာ တစ်နှစ်လျှင် လူရှစ်သိန်းရှိနေပြီး စက္ကန့်လေးဆယ်တိုင်းတွင် လူတစ်ယောက် မိမိကိုယ်ကိုယ် အဆုံးစီရင်နေသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် စာရင်းများအရ မိမိကိုယ်ကိုယ် အဆုံးစီရင်သူမှာ လူဦးရေ တစ်သိန်းတွင် ရှစ်ဦးခန့်ရှိသည်ဟု WHO က ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ တစ်သိန်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သည့်နှုန်းမှာ ၁၁ ဒသမ ၄ ရှိသည်ဟု WHO က တွက်ချက်ပြထားသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုအမြင့်ဆုံးနိုင်ငံမှာ အရှေ့ ဥရောပနိုင်ငံများထဲ တွင် Lithuania နိုင်ငံဖြစ်ပြီး လူတစ်သိန်းတွင် အဆုံးစီရင်သူမှာ ၃၂ဦးရှိပြီး အာရှတွင် တောင်ကိုရီးယားနိုင်ငံမှာ လူတစ်သိန်းတွင် ၂၇ ဦးရှိနေကြောင်း WHO က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ကောက်ယူထားသော စစ်တမ်းအရ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် သေဆုံးမှု အများဆုံး အသက်အရွယ်မှာ အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်းဖြစ်ပြီး ၃၅ ရာခိုင်နှုန်း ရှိနေသည်။

ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ မေလ ၁၆ ရက် အထိ လေးလကျော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် သေမှုသေခင်းပေါင်း ၄၅၇ မှုအထိဖြစ်ပွားခဲ့သည်။ ယင်းသေဆုံးမှုများအနက် ရေနစ်သေဆုံးမှု ၈၉ မှုနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ၈၂ မှုရှိပြီး ကျန်အမှုများမှာ ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စာရင်းထုတ်ပြန်ထားသည်။

 အဆုံးစီရင်နိုင်သည့် တွန်းအားများ

ကမ္ဘာတွင် အချို့သော ရုပ်ရှင်၊ သီချင်းများကလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းအတွက် တွန်းအားတစ်ရပ်ဖြစ်စေသည်။

နိုင်ငံတကာတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုပေါင်း တစ်ရာခန့်မှာ Gloomy Sunday ဆိုသည့် ကမ္ဘာကျော်သီချင်း တစ်ပုဒ်နှင့် ဆက်စပ်နေသည်ဟု ပြောဆိုကြသည်။ ဘီဘီစီရေဒီယိုက နှစ်ပေါင်း ၆၀ ခန့် ထိုသီချင်းထုတ်လွှင့်မှုကို ပိတ်ထားခဲ့သလို Youtube တွင် ဝင်ရောက်နား ထောင်ပါကလည်း သတိပေးစာများကို ဦးစွာဖတ်ကြရသည်။

မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး အဆုံးစီရင်သည့် အကြောင်းအရင်း ၁၃ ချက်ကို ချန်ခဲ့သည့် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ယောက် အကြောင်းကို ရိုက်ကူးထားသည့် “13 Reason Why အမည်ရှိ ကမ္ဘာကျော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုလည်းရှိသေးသည်။

ထိုဇာတ်ကားကို ၂၀၁၇ ခုနှစ်တွင် စတင်ပြသခဲ့ပြီး ထိုဇာတ်ကားပြသပြီး နောက်ပိုင်း ၂၀၁၉ခု နှစ်တွင် နိုင်ငံတကာတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်နှုန်းမှာ ၂၈ ဒသမ ၉ရာခိုင်နှုန်း တိုးတက်လာကြောင်း CNN သတင်းဌာနက ကြေညာသွားခဲ့သည်။

ထို့ကြောင့် မီဒီယာကဏ္ဍကလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းနှင့် ပတ်သက်ပြီး စွဲမက်စရာကောင်းအောင် တင်ပြခြင်းများနှင့် အသိပညာအားနည်းသူများ တုပချင်လာအောင် တင်ပြခြင်းများကို ရှောင်ကြဉ်သင့်သည်ဟု WHO က တိုက်တွန်းထားသည်။

“မီဒီယာက Suicide နဲ့ပတ်သက်ပြီး တစ်ခုခုထုတ်လွှင့်တော့မယ်ဆိုရင် ကောင်းကျိုး၊ဆိုးကျိုး သိထားရမယ်။ ဆိုရှယ်မီဒီယာမှာဆိုလည်း တစ်ခါတလေ ဆရာတို့ တွေ့ရတယ်။ ကြိုးကြီးနဲ့ တန်းလန်းနဲ့။ ဒါက မဖြစ်သင့်ဘူး”ဟု ဒေါက်တာဦးတင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်မူ ဆိုရှယ်မီဒီယာကြောင့် အဆုံးစီရင်မှုမှာ အများဆုံး သက်ရောက်မှုရှိသည်ဟု ဆိုရမည်။ ဆဲဆို မှုများ၊ ဝေဖန်တိုက်ခိုက်မှုများကို မခံနိုင်တော့သည့်အဆုံးတွင် ထိုလမ်းကို ရွေးချယ်လိုက်ကြသည်။ ကိုကျော်ဇင်ဝင်းသည်လည်း ယခုကဲ့သို့ ဖြစ်ခဲ့မှုတွင် ထိုဆိုရှယ်မီဒီယာပေါ်မှ စကားလုံးများကြောင့် တစ်စုံတစ်ရာ သက်ရောက်ခဲ့ကြောင်း သူ့လူမှုကွန်ရက် စာမျက်နှာက သက်သေပြနေသကဲ့သို့ပင်။

သူ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် နောက်ဆုံးချန်ရစ်ခဲ့သော စာသားများအရ ကိုကျော်ဇင်ဝင်းမှာ လူမှုကွန်ရက်ဖြစ်သော လုပ်ငန်းခွင်အတွင်း စုဖွဲ့ထားသည့် Viber Group မှတစ်ဆင့် ပြောဆိုသည့် စကားရပ်များအပေါ် ခံစားမှုပြင်းထန်ခဲ့ကာ အဆုံးစီရင်သည့် လမ်းသို့ ပိုမိုတွန်းပို့သကဲ့သို့ ဖြစ်ခဲ့လေသည်။

 လူမှုကွန်ရက်ကြောင့် မိမိကိုယ်ကို ဆေးသောက်၍ သေကြောင်းကြံစည်မှု တစ်ခုလည်း ရှိခဲ့သည်။

အနုပညာရှင်လူငယ်တစ်ဦးသည် ၎င်း၏ Messanger တွင် စကားပြောဆိုထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် တက်လာ၍ ဆေးသောက်ကာ သေကြောင်းကြံစည်ခဲ့ပြီး ဆေးရုံသို့ အချိန်မီရောက်ရှိခဲ့ သည့်အတွက် အသက်ရှင်သန်ခဲ့သည်။

စိတ်ကျန်းမာရေးအားနည်းသူများအတွက် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှာ ဖြေရှင်းနည်းတစ်ခုကဲ့သို့ အဓိပ္ပာယ်ပေါက်၍ အယူအဆလွဲမှားနိုင်သည့်အတွက် ဆောင်ရန်ရှောင်ရန်များနှင့် ဖော်ပြရမည်ဖြစ်ကြောင်း ဒေါက်တာဦးတင်ဦးက သတိပေးသည်။

မြန်မာနိုင်ငံတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမှာ ရာဇဝတ်မှုမြောက်သည့် ကိစ္စအဖြစ် ဥပဒေတွင်ပါရှိနေသေးသည်။

မိမိကိုယ်ကိုယ် မိမိသတ်ရန် အားထုတ်၍ ပြစ်မှုကျူးလွန်သူမှာ တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့်ပြဋ္ဌာန်းထားသည်။

သို့သော် ဥပဒေအရ အရေးယူမည်ကို စိုးရွံ့၍ အချို့သော အဆုံးစီရင်မှုများမှာ တိတ်တဆိတ်ဖြေရှင်းမှုများရှိကြောင်း ဒေါက်တာဦးတင်ဦးက ဆိုသည်။ ထို့ကြောင့် ထိုဥပဒေကိုလည်း အခြားသောနိုင်ငံများကဲ့သို့ ပယ်ဖျက်သင့်သည်ဟု ၎င်းက အကြံပြုသည်။

ထို့အပြင် မြန်မာလူထုအကြား ယုံကြည်မှုတစ်ခုလည်း ရှိသေးသည်။ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းက အဖန် ငါးရာငါးကမ္ဘာ ငရဲကြီးသည်ဆိုသော အယူအဆဖြစ်သည်။

ဘုရားဟောတရားထဲတွင် အဖန်ငါးရာငါးကမ္ဘာဆို၍ ဟောကြာထားခြင်း မရှိသော်လည်း မိမိကိုယ်ကို ပင်ပန်းစေသော အကျင့်ကို မကျင့်ရဟု ဟောကြားထားကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဆရာတော် ဒေါက်တာကောဝိဒသိရီက မိန့်ကြားသည်။

“ဒီလိုလုပ်လိုက်ရင် ဒုက္ခငြိမ်းသွားပြီလို့ ယူဆပြီး လုပ်လိုက်တာ။ မြတ်စွာဘုရားက ဒါကို အစွန်းရောက်တဲ့ အကျင့်လို့ခေါ်တယ်”ဟု ဒေါက်တာကောဝိဒသိရီ က မိန့်ကြားသည်။

စိတ်ခွန်အားကို မြှင့်တင်ပါ

WHO က အမျိုးသားအဆင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု တားဆီးရေး မဟာဗျူဟာကို ၂၀၁၉ ဇန်နဝါရီလက ရေးဆွဲခဲ့ပြီး အစိုးရနှင့် မူဝါဒချမှတ်သူများ ကိုယ်ပိုင် မဟာဗျူဟာချမှတ်နိုင်ရေးအတွက် ကူညီရန်နှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ အဆိုပါ မဟာဗျူဟာကို လက်တွေ့အသုံးချနေပြီး အောင်မြင်မှုများလည်း ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနှင့်ပတ်သက်ပြီး ကာကွယ်တားဆီးရေးအစီအစဉ်များနှင့် လျှော့ချနိုင်ရန်အတွက် မဟာဗျူဟာ ရေးဆွဲရေးကို လုပ်ဆောင်နေပြီဖြစ်သည်။

လတ်တလော မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်ရပ်များကို ကာကွယ်တားဆီးရေး နည်းလမ်းအနေနှင့် နှစ်သိမ့်ဆွေးနွေးမှုပေးသည့် အဖွဲ့အစည်းများစွာ လိုအပ်သည်။

လက်ရှိတွင် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာရနေသူများအတွက် နှစ်သိမ့်ဆွေးနွေးမှုများကို Myanmar YMCA က ဖွင့်လှစ်ထားသည့် နှစ်သိမ့်ဆွေးနွေးပညာ မျှဝေရေးစင်တာ(ရန်ကုန်) (Counselling Center)တွင် အခမဲ့ပြုလုပ်နိုင်သည်။

အဆိုပါစင်တာတွင် အလုပ်အကိုင် ပြောင်းလဲမှုအတွက် နှစ်သိမ့်ဆွေးနွေးခြင်း၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ကစဥ့်ကလျား ဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ကာလ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ နာတာရှည် ဝေဒနာရှင်များ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ အိမ်ထောင်ဖက်ရွေးချယ်မှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ခြင်းနှင့် လူမှုပတ်ဝန်းကျင်နှင့် မကင်းကွာရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။

“စိတ်ဖိစီးမှုတွေဖြစ်လာရင် လူတွေ မှာရှိတဲ့ စွမ်းရည်တွေပျောက်သွားတယ်။ အဲဒါတွေပေါ်လာအောင် ကူညီပေး တယ်။ ဆွေးနွေးတာအပြင် နောက်ဆက်တွဲလိုအပ်တဲ့ ဆေးကုသဖို့ လိုတယ်ဆိုရင်လည်း ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတယ်”ဟု အဆိုပါစင်တာမှ နှစ်သိမ့်ဆွေးနွေးပညာပေးသူ မစုမြတ်ထက်က ပြောကြားသည်။

နှစ်သိမ့်ဆွေးနွေးပညာမျှဝေရေးစင်တာ (ရန်ကုန်) (Counselling Center)ကို ၂၀၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် တစ်လလျှင် လူဦးရေ ၃၀ မှ ၄၀ အထိ နှစ်သိမ့်ဆွေးနွေးမှုပေးရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လာရောက်နှစ်သိမ့်ဆွေးနွေးသူမှာ ရည်မှန်းထားသည့် လူဦးရေထက် သုံးဆအထိ ရှိခဲ့ကြောင်း မစုမြတ်ထက်က ပြောကြားသည်။

လာရောက်နှစ်သိမ့်သည့် အသက်အရွယ်အများစုမှာ အသက် ၁၈ နှစ်မှ ၃၀ ကျော်အရွယ်များဖြစ်ပြီး ပေါင်းသင်း ဆက်ဆံရေးကိစ္စနှင့် အများစုလာရောက်ကြလေ့ရှိသည်။

ယခုနှစ်တွင်လည်း မိမိကိုယ်ကို အဆုံးစီရင်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှု အသစ်တစ်ရပ်ကို ထပ်တိုးထည့်သွင်း ထားကြောင်း မစုမြတ်ထက်က ဆိုသည်။

“Suicide နဲ့ပတ်သက်ပြီးတော့ လာကြတာတွေလည်းရှိတော့ ဒီနှစ် Suicide နဲ့ပတ်သက်တဲ့ ဆွေးနွေးတာကိုပါ ထပ်ထည့်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မိမိ၏အခက်အခဲများကို လေလှိုင်းပေါ်မှ ရင်ဖွင့်နိုင်သည့် ဖုန်းအော်ပရေတာအဖွဲ့အစည်းတစ်ခုလည်း ရှိနေသည်။

အဆိုပါအဖွဲ့မှာ Call Me Today ဟုခေါ်သည့် အဖွဲ့ဖြစ်ပြီး မိမိ၏ စိတ်ခံစားမှု၊ ဝမ်းနည်းမှု၊ အခက်အခဲများကို နားထောင်ပေးသော လူဦးရေ ၂၀ ခန့်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စတင်ဖွဲ့စည်းပြီး ဖုန်းနားထောင်ပေးခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ဖုန်းဆက်သူမှာ ၂၀၀ ခန့်ရှိနေသည်။ အသက်၂၅ နှစ်အောက် အရွယ်များ ပိုမိုဆက်သွယ်လေ့ရှိပြီး အများစု၏ အခက်အခဲမှာ နယ်မှအလုပ်လာလုပ်ရင်း အိမ်ကိုလွမ်း၍ စိတ်ဓာတ်ကျသူ၊ ချစ်သူနှင့် အဆင်မပြေ၍ စိတ်ညစ်ခြင်းနှင့် အလုပ်တွင်အနိုင်ကျင့်ခံရ၍ စိတ်ထိခိုက်ကာ ရင်ဖွင့်ပြောပြသူများက များသည်။

“သူတို့ တအားစိတ်ညစ်လို့ ဆက်တာမျိုးပေါ့။ တချို့ကျတော့ ဖုန်းမဆက်ခင်မှာ ငိုနေတာရှိတယ်။ တချို့က ဆက်ရင်း ငိုနေတာရှိတယ်။ သူတို့ပြောတာကို အဆုံးထိ နားထောင်ပေးရတယ်။ သူတို့အတွက် နားထောင်ပေးဖို့ လိုနေတာ”ဟု အဆိုပါ အဖွဲ့အစည်းမှ ကိုကျော်ဇင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

နိုင်ငံတကာတွင် လူမှုကွန်ရက် Messanger မှ တစ်ဆင့် ရင်ဖွင့်ပြောကြားနိုင်ရန် လုပ်ဆောင်ပေးထားသည့် အဖွဲ့အစည်းများလည်း ရှိသေးသည်။

မြန်မာနိုင်ငံတွင် မိမိကိုယ်ကို အဆုံးစီရင်မှုများကို လျော့ကျစေရန်အတွက် ယခုကဲ့သို့ နှစ်သိမ့်ဆွေးနွေးမှုပေးသည့် အဖွဲ့အစည်းများစွာလိုအပ်နေသေးသည်။

“ဒီမှာက အော်ပရေတာတွေ လိုနေသေးတယ်။ သူတို့တွေလုပ်နိုင်ရင်တော့ ကောင်းမယ်”ဟု ကိုကျော်ဇင်က အကြံပြုသည်။

အခက်အခဲနှင့် ပြဿနာများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုများ လိုအပ်မည်ဖြစ်သည်။

“လူငယ်တွေမှာ ပိုပြီး ရင့်ကျက်မှုတွေလိုတယ်။ ကိုယ်ယုံကြည်ရာကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိပါ” ဟု လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသော ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောကြားသည်။

ပတ်ဝန်းကျင်၏ ကူညီထောက်ပံ့မှုများ လိုအပ်သလို မိမိကိုယ်တိုင်လည်း ရင့်ကျက်ရန် လိုအပ်မည်ဖြစ်သည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုမှာ မှန်ကန်သောလုပ်ရပ်မဟုတ်ဘဲ အရှုံးပေးကျောခိုင်းလိုက်ခြင်းဖြစ်သဖြင့် ဖြစ်လာသည့် အခက်အခဲပြဿနာတိုင်းအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်သည့် စိတ်ဓာတ်အင်အားကို မွေးမြူထားနိုင်ရမည် မဟုတ်ပါလား။

“အသက်ထက် အရှက်က အရေးကြီးတယ်ဆိုတာမျိုးပြောကြတယ်။ လက်မခံနိုင်ဘူး။ အသက်ရှင်နေသရွေ့ အဆိုးတွေ ဖြစ်နေရင် အကောင်းဘက်ကို ပြန်သွားလို့ရတယ်”ဟု ကိုကျော်ဇင်ဝင်း၏ အဒေါ် ဒေါ်မြလေးနွယ်က အကြံပြုသည်။

မည်သို့ပင်ဆိုစေ ပညာရှင်များက ယခုကဲ့သို့ အကြံပေးထားကြသည်။ စိတ်အားတက်စေမည့်  အသိပညာဗဟုသုတရမည့် စာပေများကို ဖတ်သင့်သည်။ ပတ်ဝန်းကျင်ကောင်းတစ်ခုကို တည်ဆောက်နိုင် ရမည်။ အခက်အခဲဖြစ်ရပ်တိုင်းအတွက် မိမိ၏ ပတ်ဝန်းကျင်တွင် ပွင့်လင်းစွာ ပြောဆိုရင်ဆိုင်နိုင်ရမည်။ အရေးအကြီးဆုံးမှာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ရရှိလာသည့် ဘ၀အပေါ် တန်ဖိုးထားတတ်ရမည်ဖြစ်သည်။

“လူဖြစ်လာတာကိုပဲ ကံကောင်းပြီလို့ သဘောထားပြီးတော့ ကိုယ်ရထားတဲ့ ဘ၀တစ်ခုကို တန်ဖိုးထားစေချင်တယ်။ လူဖြစ်ဖို့ ခဲယဉ်းတယ်”ဟု ဆရာတော် ဒေါက်တာကောဝိဒသိရီက မိန့်ကြားသည်။

မိမိကိုယ်ကို အဆုံးစီရင်မှုမှာ ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုလော။ အမှန်တကယ် လွတ်မြောက်ခြင်း မည်ပါ၏လော။ နာကျင်မှုများနှင့် အဆုံးသတ်ရမည့် နိဂုံးတစ်ခုက မည်သို့မျှ လှပနိုင်မည်မဟုတ်ပေ။

နံနက်ခင်း နေထွက်ချိန်ကို မိမိကိုယ်တိုင် သိမြင်ခံစား၍ နိုးထရသည့် အရသာလောက် မည်သည့်အရာက ချိုမြိန်မည်နည်း။

“ဘယ်လိုပဲ တိုက်ခိုက်မှုတွေ ရှိလာပါစေ။ အသိစိတ်လေးရှိပြီးတော့ ကျော်ဖြတ်နိုင်ရမယ်။ ခံနိုင်ရည်ရှိရမယ်”ဟု ဆရာတော် ဒေါက်တာကောဝိဒသိရီက အကြံပြုသည်။ 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *