၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st  Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

သင်ခန်းစာ (၇)

အမျိုးသားရေးဝါဒ (အပိုင်း ၃)

ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေက ကမ္ဘာလုံးဆိုင်ရာ အဖြေတွေလိုတယ်

၂၁ ရာစု လူသားမျိုးနွယ်၏တည်ရှိမှုကို စိန်ခေါ်သည့် တတိယခြိမ်းခြောက်မှုဖြစ်သည့် နည်းပညာရိုက်ခတ်မှုမှာလည်း အမျိုးသားရေးဝါဒီများ အဖြေပေးနိုင်မည်မဟုတ်ချေ။ ရှေ့အခန်များတွင် ဆွေးနွေးပြီးဖြစ်သည့်အတိုင်း သတင်းအချက်အလက်နည်းပညာ (Infotech) နှင့် ဇီဝနည်းပညာ (Biotech) တို့ ပေါင်းစည်းသွားမှုက ဒစ်ဂျစ်တယ်အာဏာရှင်စနစ်များ ပေါ်ပေါက်လာနိုင်ခြေမှ တစ်ကမ္ဘာလုံးမှာ အသုံးမဝင်တော့သည့်  လူတန်းစားတစ်ရပ် ပေါ်ပေါက်လာတာမျိုးအထိ ကမ္ဘာပျက်နိုင်သည့် အခြေအနေမျိုးစုံဖြစ်လာစေရန် လမ်းပွင့်လာမည့် အလားအလာကို ဖော်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။

ဤဘေးဆိုးများအတွက် အမျိုးသားရေးဝါဒီများ၏ အဖြေက အဘယ်ပါနည်း။

အမျိုးသားရေးဝါဒီများတွင် အဖြေမရှိချေ။ ဥတုဖောက်ပြန်ခြင်းကိစ္စလိုပင် နည်းပညာရိုက်ခတ်မှုဟူသည့် ဤစိန်ခေါ်မှုကိုလည်း တိုင်းပြည်တစ်ခုချင်းအနေနှင့် ကိုင်တွယ်ဖြေရှင်းရန် သင့်တော်ဆီလျော်ခြင်းမရှိချေ။  သုတေသနနှင့် တီထွင်ဖန်တီးမှုများမှာ နိုင်ငံတစ်ခုချင်းစီက မောင်ပိုင်စီးထားလို့ မရသည့်အတွက်ကြောင့် အမေရိကန်လို ဆူပါပါဝါအင်အားကြီးနိုင်ငံပင် သူ့ဘာသာသူ ကန့်သတ်နိုင်ခြင်းမရှိချေ။ အမေရိကန်အစိုးရက  လူသားသန္ဓေလောင်းများကို မျိုးရိုးဗီဇပြုပြင်ခြင်း( genetic  engineering ) မလုပ်ရန် ကန့်သတ်ထားသည်ဆိုဦးတော့။ တရုတ်သိပ္ပံပညာရှင်များကို ကန့်သတ်နိုင်မည်မဟုတ်ချေ။ ထို့အပြင် သုတေသနနှင့်  တီထွင်ခြင်းမှရရှိလာမည့် အကျိုးဆက်များက တရုတ်နိုင်ငံက စီးပွားရေးအရ သို့မဟုတ် စစ်ရေးအရ တစ်နည်းနည်း အသာစီးရသွားနိုင်စရာ အကြောင်းရှိလျှင်မူ အမေရိကန်အနေနှင့် ကိုယ့်တားမြစ်ချက်ကို ကိုယ်တိုင်ချိုးဖောက်မည်သာဖြစ်ပေသည်။ အထူးသဖြင့် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ပြီး သူစိမ်းနိုင်ငံခြားသားဆို ကြောက်တတ်သည့် ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်နိုင်ငံက အလျော်အစားကြီးပြီး အကျိုးကျေးဇူးလည်းများနိုင်သည့်  နည်းပညာတစ်ခုခုကို တီထွင်နိုင်ဖို့ ကြိုးပမ်းသည်ဆိုလျှင် အခြားနိုင်ငံများ အပေါ်လည်း အလားတူကြိုးပမ်းဖို့ ဖိအားရှိမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘယ်နိုင်ငံကမျှ သူများနောက်ကောက်ကျကျန်ခဲ့မည်ကို မလိုလားသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ အပြိုင်အဆိုင်လုပ်ရင်းက အကျိုးနည်းကြမည့် အခြေအနေကို ရှောင်ရှားရန်မှာမူ လူသားမျိုးနွယ်အနေနှင့် ကမ္ဘာသူကမ္ဘာသားဆိုသည့် သရုပ်လက္ခဏာတမျိုးမျိုးပေါ်လာရန်နှင့် ကမ္ဘာကြီးကို သစ္စာရှိလာစေရန် လိုအပ်မည်ဖြစ်သည်။

ထို့အပြင် နျူကလီးယားစစ်ပွဲနှင့် ဥတုဖောက်ပြန်မှုမှာ လူသားမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ အသက်ရှင်ရပ်တည်မှုကိုသာ ခြိမ်းခြောက်သည်ဖြစ်သော်လည်း ရိုက်ခတ်မှုများသည့် နည်းပညာများမှာမူ လူသားမျိုးနွယ်၏  မူလဘူတသဘာဝကိုပင် ပြောင်းလဲကောင်း ပြောင်းလဲပစ်နိုင်သည်။  ထို့ကြောင့် ယင်းကဲ့သို့သော နည်းပညာများမှာ လူသားများ၏ အတွင်းအဇ္ဈတဘ၀တွင်ရှိသော ကိုယ်ကျင့်တရားနှင့် ဘာသာရေးယုံကြည်မှုများနှင့်လည်း ပတ်သက်ဆက်စပ်နေလေသည်။ နျူကလီးယားစစ်ပွဲမဖြစ်အောင် တားဆီးသင့်ကြောင်းနှင့် ဂေဟစနစ်မပျက်ယွင်းစေရန် ကာကွယ်သင့်ကြောင်း လူတိုင်းက သဘောတူနိုင်သော်လည်း ဇီဝပြုပြင်ဖန်တီးခြင်း  (bioengineering) နှင့် AI ကိုသုံး၍ လူသားများကို အဆင့်မြှင့်တင်ရန်နှင့် သက်ရှိအသစ်များဖန်တီးရာတွင်မူ လူအများတွင် များစွာမတူညီသော ထင်မြင်ယူဆချက်များ ရှိကြသည်။ လူသားမျိုးနွယ်အနေနှင့် တစ်ကမ္ဘာလုံးသဘောတူညီမည့် ကိုယ်ကျင့်တရားဆိုင်ရာ စောင့်ထိန်းရမည့် ကျင့်ဝတ်များဖော်ထုတ်ကာ လိုက်နာအောင် စီမံနိုင်ခြင်းမရှိပါက ရုပ်ရှင်ကားထဲကလို ဒေါက်တာ ဖရန်ကန်စတိန်းတွေ ထင်ရာစိုင်းဖို့ ဖြစ်သွားနိုင်သည်။

ထိုကဲ့သို့သော ကိုယ်ကျင့်တရားဆိုင်ရာလိုက်နာရမည့် စည်းမျဉ်းများ ဖန်တီးရေးဆွဲရာတွင် အမျိုးသားရေးဝါဒမှာ ကျန်တာတွေထက် စဉ်းစားကြံဆနိုင်စွမ်း၊ စိတ်ကူးစိတ်သန်းတွင် အထူးသဖြင့် ကျရှုံးခြင်းဖြစ်သည်။ အမျိုးသားရေးဝါဒီများစဉ်းစားပုံမှာ ရာစုနှစ်ကြာညောင်းသည့်  နယ်မြေပဋိပက္ခများအနေနှင့် စဉ်းစားခြင်းမျိုးဖြစ်သည်။ သို့သော် အမှန်တကယ်အားဖြင့် ၂၁ ရာစု၏ ခေတ်ပြောင်းနည်းပညာတော်လှန်ရေး များမှာ နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စဉ်းစားရန် လိုအပ်သည်။ သဘာဝတရား၏ ရွေးချယ်မှု (Natural Selection) နည်းလမ်းဖြင့် နှစ်သန်းပေါင်းလေးထောင်ကျော် အော်ဂဲနစ် သက်ရှိများ (Organic Life ) ဆင့်ကဲပေါ်ပေါက်လာပြီးနောက်တွင်ကား  ယခုအခါ သိပ္ပံပညာရပ်က အသိဉာဏ်ဖြင့် ဖန်တီးပြလုပ်ထားသည့် အင်အော်ဂဲနစ်သက်ရှိများ (Inorganic Life) ခေတ်သစ်ကို လက်ကမ်း ကြိုဆိုနေသည့် အချိန်အခါဖြစ်ပေသည်။

အဆိုပါဖြစ်စဉ်တွင် လူသားမျိုးနွယ် Homo Sapiens ကိုယ်တိုင်မှာ ပျောက်ကွယ်သွားနိုင်သည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့မှာ ဟိုမီနစ်မိသားစု (Hominid  Family ) ဝင် မျောက်ဝံများအဆင့်သာ ရှိသေးသည်။ ကျွန်ုပ်တို့အနေနှင့် နီယန်ဒါသယ်လ်များ (Neanderthals)၊ ချင်ပန်ဇီမျောက်ဝံများနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ လှုပ်ရှားပြုမူနိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်နိုင်စွမ်းအများစုတွင် တူညီမှုရှိသေးသည်။ ကျွန်ုပ်တို့၏ လက်များ၊ မျက်လုံးများ၊ ဦးနှောက်များမှာ ဟိုမီနစ်မိသားစုအနွယ်များမှန်း သိသာသေးရုံသာမက ကျွန်ုပ်တို့၏တပ်မက်မှု၊ ချစ်ခြင်းတရား၊ ဒေါသနှင့် လူမှုဆက်ဆံမှုများမှာလည်း အလားတူပင်ဖြစ်သည်။ ရာစုနှစ် တစ်ခုနှစ်ခုအတွင်း ဇီဝနည်းပညာနှင့် AI ပေါင်းစည်းမှုကြောင့် ခန္ဓာကိုယ်၊ ကိုယ်ကာယပြုမူပုံနှင့် စိတ်ပိုင်းဆိုင်ရာ ပြုမူပုံလက္ခဏာများမှာ ဟိုမီနစ်များနှင့် လုံးလုံးမတူတော့သည်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အသိစိတ် ဝိဉာဏ် (consciousness) ကိုပင် အော်ဂဲနစ်ခန္ဓာကိုယ်များမှ လုံးလုံးဖယ်ထုတ်လိုက်ပြီး ဆိုင်ဘာအင်တာနက်ထဲသို့ ထိုအသိစိတ်ဝိဉာဏ်ကို လွှတ်တင်ကာ ကိုယ်ကာယနှင့် ဇီဝကန့်သတ်ချက်များမှ လွန်မြောက်လာနိုင်မည်ဟု၍ပင် ယုံကြည်ကြလေသည်။ တစ်ဖက်တွင်လည်း အသိဉာဏ်ရှိမှု (intelligence) နှင့် အသိစိတ်ရှိမှု (consciousness) တို့ လုံးဝဥဿုံ သီးခြားစီဖယ်ထုတ်လိုက်တာမျိုးကို ကြုံကောင်းကြုံရနိုင်ပြီး AI တိုးတက်လာမှုက အသိစိတ်လုံးဝမရှိသော်လည်း အသိဉာဏ်စွမ်းအားအရမ်းမြင့်သည့် သတ္တဝါများ ကြီးစိုးနေသည့် ကမ္ဘာကြီးမျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်လာနိုင်သည်ကို အစ္စရေး၊  ရုရှား သို့မဟုတ် ပြင်သစ်က အမျိုးသားရေးဝါဒီများ ဘယ်လိုအဖြေပေးနိုင်ပါသနည်း။ အသက်ဇီဝ၏ အနာဂတ်အတွက် ဉာဏ်ပညာနှင့်ယှဉ်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကျွန်ုပ်တို့အနေနှင့် အမျိုးသားရေးရှုထောင့်ထက် ကျော်ကြည့်နိုင်ရန်လိုအပ်ပြီး ကိစ္စများကို ကမ္ဘာကြည့်ကြည့် မြင်နိုင်ရန် သို့တည်းမဟုတ် လောကဓာတ်တစ်ခုလုံးကိုပင် ခြုံငုံကြည့်နိုင်ရန် လိုအပ်လေသည်။

နျူကလီးယားစစ်ပွဲ၊ ဂေဟစနစ်ပြိုလဲခြင်းနှင့် နည်းပညာရိုက်ခတ်ခြင်း – ဤပြဿနာသုံးခုမှာ တစ်ခုချင်းပင် လူသားမျိုးနွယ်၏အနာဂတ်ကို  ခြိမ်းခြောက်ရန် လုံလောက်မှုရှိသည်။ ဤပြဿနာသုံးခု တစ်ပြိုင်တည်း ပေါင်းလိုက်ပါလျှင်ကား လူသားမျိုးနွယ်၏တည်ရှိမှုကို ခြိမ်းခြောက်သည့် မကြုံဖူးသည့် အကျပ်အတည်းပင်ဖြစ်သည်။ အထူးသဖြင့် ပြဿနာသုံးခုမှာ တစ်ခုနှင့်တစ်ခုကို အားဖြည့်ပြီး ပြဿနာများကို ပိုဆိုးစေနိုင်သောကြောင့်ဖြစ်သည်။

ဥပမာဆိုပါမည်။ ဂေဟစနစ်အကျပ်အတည်းမှာ လူသားမျိုးနွယ်၏ အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်သည့် အကျပ်အတည်းဖြစ်ပါသည်။ သို့သော် ယင်းကြောင့်  AI ကိုတီထွင်ဖန်တီးခြင်းနှင့် ဇီဝအင်ဂျင်နီယာပြုပြင် ခြင်းကို ရပ်လိုက်တာမျိုး ဖြစ်မည်မဟုတ်ချေ။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အစာရေစာ လျော့နည်းရှားပါးလာခြင်း၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်ခြင်းများဖြစ်လာသောကြောင့် အယ်လ်ဂို ရစ်သမ်များ တီထွင်ခြင်းနှင့် မျိုးရိုးဗီဇပြုပြင်ခြင်းများကို ကျွန်ုပ်တို့စိတ်မဝင်စားနိုင်ဖြစ်လာမည်ဟု စာဖတ်သူထင်ပါက မှားပါလိမ့်မည်။ ဂေဟစနစ်အကျပ်အတည်း ပိုပိုဆိုးလာသည်နှင့်အမျှ အလျော်အစား ကြီးပြီး အကျိုးအမြတ်လဲများနိုင်မည့် နည်းပညာများတီထွင်ခြင်းကို  ပိုလျင်မြန်စွာသာ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပါသည်။

အမှန်စင်စစ်အားဖြင့် ဥတုဖောက်ပြန်မှုက ကမ္ဘာစစ်ကြီးနှစ်ခုလိုမျိုး  ကမ္ဘာအပေါ်သက်ရောက်စေနိုင်ပါသည်။ ၁၉၁၄ နှင့် ၁၉၁၈ ကြား၊  တစ်ဖန် ၁၉၃၉ နှင့် ၁၉၄၅ ကြားတွင် နည်းပညာတီထွင်ဖန်တီးမှုမှာ တစ်ဟုန်ထိုး မြင့်တက်ခဲ့ပါသည်။ အကြောင်းမှာ တိုင်းပြည်များအနေနှင့် စစ်ပွဲကို အကြီးအကျယ်ဆင်နွှဲနေရသောအခါ ငွေကြေးကုန်ကျမှုကိုလည်း ထည့်မတွက်၊ များများလည်း မစဉ်းစားကြတော့ဘဲ ရဲတင်းပြီး ဆန်းပြားသော  စီမံကိန်းမျိုးစုံတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံသောကြောင့် ဖြစ်သည်။  စီမံကိန်းအများအပြားမှာ အောင်မြင်ခြင်း မရှိပါ။ သို့သော် အောင်မြင်သောစီမံကိန်းများကတော့ တင့်ကား၊ ရေဒါ၊ အဆိပ်ဓာတ်ငွေ့၊ အသံကဲ့သို့  လျှင်မြန်သော ဂျက်လေယာဉ်များ၊ တိုက်ချင်းပစ်ဒုံးကျည်များနှင့် နျူကလီးယားဗုံးများ ထုတ်လုပ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ထိုရှေးထုံးအတိုင်း ဥတုဖောက်ပြန်မှုနှင့်ကြုံရသော တိုင်းပြည်များအနေနှင့် သူတို့၏မျှော်လင့်ချက်ကို ကြံမိကြံရာ နည်းပညာအလောင်းအစားများတွင် ရင်းနှီးမြှုပ်နှံလိုစိတ် ပေါ်ပေါက်ကောင်းပေါ်ပေါက်နိုင်သည်။ လူသားမျိုးနွယ်အနေနှင့် AI နှင့် ဇီဝပြုပြင်ဖန်တီးခြင်းကိစ္စများနှင့်စပ်လျဉ်း၍  ကျိုးကြောင်းဆီလျော်သောပူပန်မှု အမြောက်အမြားရှိသော်လည်း အကျပ်အတည်းနှင့် ကြုံချိန်များတွင် လူများမှာ အန္တရာယ်ရှိသောအလုပ်များကို လုပ်တတ်သည်။ စာဖတ်သူအနေနှင့် ရိုက်ခတ်မှုများသော နည်းပညာများကို ဥပဒေဖြင့် ထိန်းကျောင်းမည်ဟု စဉ်းစားပါက ဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံး အစားအသောက်ရှားပါးမှုဖြစ်ပွားပြီး ကမ္ဘာတစ်လွှား မြို့ကြီးများ ရေကြီးကာ ဒုက္ခသည်များ သန်းရာနှင့်ချီ၍  နယ်စပ်များသို့ ထွက်ပြေးရသည့်အချိန်တွင် ယင်းကဲ့သို့ ဥပဒေများကို ဆက်ပြီးလိုက်နာစောင့်ထိန်းကြပါဦးမလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။

နည်းပညာရိုက်ခတ်မှုများကလည်း ကမ္ဘာဖျက်စစ်ပွဲများ ဖြစ်စေနိုင်မည့်အန္တရာယ်ကို တိုးပွားကောင်း တိုးပွားစေနိုင်သည်။ တစ်ကမ္ဘာလုံးတင်းမာမှုကို ပိုဆိုးစေရုံသာမက နျူကလီးယားလက်နက်ကြောင့်ရှိနေသည့် ပါဝါမျှခြေကို ပျက်ပြားစေနိုင်သောကြောင့်ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်များမှစ၍ ဆူပါပါဝါများမှာ စစ်ဖြစ်ပါက နှစ်ဖက်စလုံး သေချာပေါက်ပျက်စီးမည်ကို သိသောကြောင့် တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခမဖြစ်အောင်  ရှောင်ရှားခဲ့ကြသည်။ သို့သော် တိုက်ခိုက်ရေးလက်နက်အသစ်များနှင့်  ကာကွယ်ရေးလက်နက်အသစ်များ မျိုးစုံပေါ်ပေါက်လာသည်နှင့်အမျှ  နည်းပညာတွင် ဆူပါပါဝါဖြစ်လာပြီး မြင့်တက်လာသည့် နိုင်ငံတစ်နိုင်ငံက  မိမိကိုယ်ပြန်မထိခိုက်ဘဲ သူ့ရန်သူများကို ချေမှုန်းနိုင်သည်ဟု ကောက်ချက်ချကောင်းချနိုင်သည်။ တစ်ဖက်က ပြန်စဉ်းစားလျှင်လည်း ကျဆင်းလာသည့် ပါဝါနိုင်ငံတစ်နိုင်ငံအနေနှင့် သူ့၏ရှေးဆန်သည့် နျူကလီးယား လက်နက်များမှာ မကြာမီအသုံးမဝင်ဖြစ်တော့မည်ဟု စိုးရိမ်ကောင်းစိုးရိမ်ကာ ထိုသို့မဖြစ်မီ အရင်ဦးအောင် သုံးသင့်သင်ဆိုတာမျိုး စဉ်းစားကောင်းစဉ်းစားနိုင်သည်။ အစဉ်အဆက်အားဖြင့် နျူကလီးယားဖြင့်  အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်ကြခြင်းမှာ အလွန်ဆင်ခြင်တုံတရားပြည့်ဝသူများ ကစားသည့် စစ်တုရင်ကစားပွဲနှင့်တူသည်။ သို့သော် ကစားသမားတစ်ဦးက ပြိုင်ဘက်ကစားသမားတစ်ဦး၏လက်ထဲမှ စစ်တုရင်အရုပ်ကို ဆိုင်ဘာတိုက်ခိုက်မှုဖြင့် ထိန်းချုပ်လာနိုင်သည့် အခြေအနေမျိုးတွင် မည်သို့ဖြစ်မည်နည်း။ ဘယ်သူဘယ်ဝါမှန်းမသိရသော ကစားပွဲပြင်ပကသူတစ်ဦးဦးက ဘယ်သူရွှေ့မှန်းမသိလိုက်ရဘဲ ဝင်ပြီး စစ်တုရင်အရုပ်ကို ရွှေ့သွားနိုင်လာသောအခါ မည်သို့ဖြစ်မည်နည်း။ သို့မဟုတ် ကွန်ပျူတာပရိုဂရမ် AlphaZero သည် သာမန်စစ်တုရင်ကစားခြင်းမှ တိုးတက်ပြီး  နျူကလီးယားစစ်တုရင် ကစားနိုင်လာသောအခါ မည်သို့ ဖြစ်မည်နည်း။

မတူညီသော စိန်ခေါ်မှုများက တစ်ခုကြောင့်တစ်ခုတိုးပြီးဆိုးအောင် ပြုလုပ်နိုင်သည်။ ထို့အပြင် စိန်ခေါ်မှုတစ်ခုတွင် ကြုံတွေ့ရသောပြဿနာများကို ဖြေရှင်းနေရသည့်အတွက် အခြားစိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ဖြေရှင်းလိုစိတ်သည်လည်း လျော့နည်းသွားနိုင်သည်။ လက်နက်အပြိုင်အဆိုင် တပ်ဆင်နေရသည့် နိုင်ငံများမှာ AI ဆိုင်ရာတီထွင်မှုကို ကန့်သတ်ဖို့လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘောတူနိုင်ဖွယ်မရှိချေ။ အခြားနိုင်ငံများ၏  နည်းပညာအောင်မြင်မှုကို ကျော်တက်ရန် အပြိုင်ကြိုးစားနေသည့် နိုင်ငံများအနေနှင့်လည်း ဥတုဖောက်ပြန်မှုကို ကာကွယ်ရန် အားလုံးသဘောတူညီသည့် ဘုံစီမံချက်တစ်ခုမျိုး ချမှတ်ရန်လွယ်ကူမည် မဟုတ်ချေ။ ကမ္ဘာကြီးမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြိုင်ဆောင်ရွက်နေသည့်  ပြိုင်ဘက်နိုင်ငံများဟူ၍ ရှိနေသေးသမျှကာလပတ်လုံး ဆိုခဲ့ပါ  စိန်ခေါ်မှုသုံးရပ်လုံးကို တစ်ပြိုင်နက်ကျော်လွှားနိုင်ရန် အလွန်ခက်ခဲလေသည်။  ထို့အပြင် အခြေအနေမှာ မျက်နှာစာတစ်ခု၊ စိန်ခေါ်မှုတစ်ခုတွင် ကျရှုံး သည်ဆိုလျှင်ပင် ကပ်ဆိုက်သည့်အဖြစ်မျိုး ကြုံကောင်းကြုံရနိုင်သည့် အခြေအနေမျိုး ဖြစ်ပါသည်။

နိဂုံးချုပ်တင်ပြရမည်ဆိုလျှင် ကမ္ဘာကိုလွှမ်းမိုးလာသည့် အမျိုးသားရေး လှိုင်းလုံးကြီးအနေနှင့် ၁၉၃၉ သို့မဟုတ် ၁၉၁၄ သို့ ပြန်ရောက်အောင် အချိန်ကိုနောက်မဆုတ်နိုင်ပေ။ ဘယ်တိုင်းပြည်မှ မိမိဘာသာ တစ်ကိုယ်တည်း ဖြေရှင်းလို့မရနိုင်သည့် တစ်ကမ္ဘာလုံး ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်သည့် စိန်ခေါ်မှုများကို နည်းပညာဖွံ့ဖြိုးတိုးတက်မှုက ဖန်တီးလိုက်လေရာ အစစအရာရာ ပြောင်းလဲသွားပြီဖြစ်သည်။ ဘုံရန်သူတစ်ရပ် ရှိနေခြင်းက ဘုံသရုပ်အမှတ်လက္ခဏာတစ်ရပ်ဖန်တီးရန် အကောင်းဆုံး အထောက်အကူဖြစ်သည်။ ယခုအခါ လူသားမျိုးနွယ်မှာ အနည်းဆုံး နျူကလီးယား စစ်ပွဲ၊ ဥတုဖောက်ပြန်မှု၊ နည်းပညာရိုက်ခတ်မှုဆိုသည့် ဘုံရန်သူကြီး  သုံးရပ်ရှိနေပြီဖြစ်သည်။ ထိုသို့ ဘုံရန်သူများရှိနေပါလျက် လူသားမျိုးနွယ်မှာ အခြားဘယ်အရာထက်မဆို မိမိတိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိမှုကို  ရှေ့တန်းတင်နေမည်ဆိုပါက ရလဒ်များမှာ ၁၉၁၄ နှင့် ၁၉၃၉ ထက်များစွာ ဆိုးသွားနိုင်သည့်အဖြစ်မျိုး ရောက်ကောင်းရောက်သွားနိုင်သည်။

ပိုကောင်းသော လမ်းကြောင်းတစ်ခုရှိပါသည်။ ဥရောပသမဂ္ဂဖွဲ့စည်း ပုံထဲတွင်ဖော်ပြထားသည့် “ဥရောပရှိ ပြည်သူများမှာ မိမိတိုင်းပြည်၏  အမျိုးသားလက္ခဏာရပ်များနှင့် သမိုင်းကြောင်းများကို ဂုဏ်ယူကြသည့်တိုင် ရှေးက မတူခြားနားချက်များကို ကျော်လွှားကာ ပိုနီးကပ်စွာစုစည်းပြီး ဘုံပန်းတိုင်တစ်ခုကိုချမှတ်ရန် စိတ်ပိုင်းဖြတ်ထားသည်” ဆိုသည့် လမ်းကြောင်းပင်ဖြစ်သည်။ ယင်းသို့လုပ်ခြင်းဖြင့် အမျိုးသားရေးလက္ခဏာများအားလုံးကို ဖျောက်ဖျက်၊ ဒေသအလိုက် ဓလေ့ထုံးတမ်းအားလုံးကိုပစ်ပယ်ကာ လူသားမျိုးနွယ်ကို တစ်ပုံစံထဲ ထမနဲဖြစ်သွားအောင် လုပ်ပစ်လိုက်ရမည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ ထို့အတူ မျိုးချစ်မှန်သမျှကို ဗီလိန်ဇာတ်သွင်းရမည်လည်း ဆိုလိုခြင်းမဟုတ်ချေ။ ဥရောပသမဂ္ဂမှာ ဥရောပတစ်တိုက်လုံး အတိုင်းအတာအနေနှင့် စစ်ရေး၊ စီးပွားရေး အကာအကွယ်ပေး လွှမ်းခြုံထားနိုင်သောအခါ ဖလန်ဒါ၊ လွန်ဘာဒီ၊ ကက်တလိုနီးယားနှင့် စကော့တလန်လိုနေရာမျိုးတွင် ဒေသတွင်းမျိုးချစ်စိတ်များ ပို၍ပင် အားကောင်းလာစေသည်ဟု ဆိုလို့ရသည်။ ဂျာမန်တွေ ကျူးကျော်မည်ကို မစိုးရိမ်ရသောအခါ သို့မဟုတ် ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ရန်နှင့် ကမ္ဘာ့ကော်ပိုရေးရှင်းကြီးများ၏ရန်မှ ကာကွယ်ရန် ဘုံဥရောပ အဖွဲ့အစည်းရှိနေသောအခါ စကော့တလန် လွတ်လပ်ရေးယူရန် သို့မဟုတ် ကတ်တလိုးနီးယား လွတ်လပ်ရေးယူရန် ပို၍ပင်ဖြစ်နိုင်ဖွယ်၊ စိတ်အားထက်သန်ဖွယ်ရှိသည်။

သို့ဖြစ်ရာ ဥရောပအမျိုးသားရေးဝါဒီများမှာ အေးအေးလူလူပင်နေကြသည်။ အမျိုးသားရေးဝါဒ ပြန်အသက်သွင်းရန် ပြောနေသည့်အပြောသာရှိပြီး ဥရောပသားများမှာ ထို့အတွက် အမှန်အသက်ပေးရန်၊  သို့မဟုတ် သတ်ဖြတ်ရန် စိတ်ပါမှုမရှိသလောက်ပင်ဖြစ်သည်။ ဝီလီယံဝေါလေ့စ်နှင့် ရောဘတ်ဘရုပ်စ်တို့လက်ထက် စကော့တလန်မှာ လန်ဒန်၏ ထိန်းချုပ်မှုအောက်မှခွဲထွက်ရန် ကြိုးပမ်းစဉ်က စစ်တပ်ထူထောင်ရသေးသည်။ ၂၀၁၄ ခုနှစ် စကော့တလန် ဆန္ဒခံယူပွဲတွင်မူ လူတစ်ယောက်မှ  အသေအပျောက်မရှိချေ။ ထို့အပြင် နောက်တစ်ခေါက်ဆန္ဒခံယူပွဲတွင် စကော့များခွဲထွက်ရန် ဆန္ဒမဲပေးပါကလည်း ဘန်းနော့ခ်ဘမ်းတိုက်ပွဲလိုမျိုး ပြန်တိုက်ရရန် မဖြစ်နိုင်လှပေ။ စပိန်မှခွဲထွက်ရန် ကတ်တလန်ကြိုးပမ်းမှုတွင် အကြမ်းဖက်မှုများမှာ စကော့တလန်ထက် ပိုဖြစ်ပွားခဲ့သော်လည်း  ၁၉၃၉ နှင့် ၁၇၁၄ တွင် ဘာစီလိုနာတွင်ဖြစ်ခဲ့သည့် အမြောက်အမြားသတ်ဖြတ်ခံရမှုနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်သည့် ပမာဏဖြစ်ပါသည်။        

ကျန်ကမ္ဘာ့နိုင်ငံများအနေနှင့် ဥရောပကိုကြည့်ပြီး သင်ခန်းစာယူကြဖို့ မျှော်လင့်ရပါသည်။ ကမ္ဘာကြီးတစ်ခုလုံး ပေါင်းစည်းသွားသည်ဆိုဦးတော့ မိမိတိုင်းပြည်၏ တစ်မူထူးခြားချက်ကို မြတ်နိုးပြီး မိမိတိုင်းပြည်တွက်  အထူးတာဝန်ကျေပွန်ရန် မျိုးချစ်စိတ်ထားလို့ ရဦးမည်ဖြစ်ပါသည်။ လူသားမျိုးနွယ်အနေနှင့် အသက်ရှင်ရပ်တည်ရန်နှင့် စည်ပင်ဝပြောရန်လိုလားပါက အခြားရွေးစရာမရှိပါ။ ထိုကဲ့သို့ ဒေသအလိုက် မျိုးချစ်စိတ်ရှိသည်နှင့်အတူ ကမ္ဘာ့လူ့အဖွဲ့အစည်းသို့လည်း တာဝန်ကျေပွန်ရမည်ဖြစ်ပါသည်။ လူသားတစ်ဦးအနေနှင့် သူ့၏မိသားစု၊ သူ့၏ရပ်ရွာ၊ သူ့၏ အသက်မွေးဝမ်းကျောင်းနှင့် သူ့တိုင်းပြည်ကို တစ်ပြိုင်နက်တည်း သစ္စာစောင့်သိနိုင်ပါသည်။ ထိုစာရင်းထဲသို့ လူသားမျိုးနွယ်နှင့် ဂြိုလ်ကမ္ဘာကို  မထည့်နိုင်စရာ အကြောင်းမရှိပါ။ ထိုသို့အမြောက်အမြားကို သစ္စာစောင့်သိနေရခြင်းကြောင့် တစ်ခါတစ်ရံတွင် ပြဿနာတက်နိုင်သည်ဆိုတာတော့ မှန်ပါသည်။ သို့သော်ဘ၀မှာ ပြဿနာဆိုတာကတော့ရှိမည်သာ။ 

ပြီးခဲ့သော ရာစုနှစ်များတွင် ဒေသမျိုးနွယ်စုအုပ်စုများအနေနှင့် မဖြေရှင်းနိုင်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ ပူးပေါင်းဆောင်ရွက်မှ  ကိုင်တွယ်ဆောင်ရွက်နိုင်သည့်ပြဿနာများနှင့် အခွင့်အလမ်းများကို လူသားများ ရင်ဆိုင်ခဲ့ရသောကြောင့် အမျိုးသားရေးသရုပ်လက္ခဏာများဖန်တီးပြီး တိုင်းပြည်များထူထောင်ခဲ့ကြသည်။ ၂၁ ရာစုတွင် ယင်းသို့မျိုးနွယ်စုအုပ်စုများ ကြုံခဲ့ရသလိုမျိုး ခေတ်၏စိန်ခေါ်မှုကို တိုင်းပြည်တစ်ခုချင်းအနေနှင့် ရင်ဆိုင်ရန် မသင့်တော်တော့သည့် အခြေအနေမျိုး ကြုံတွေ့လာရပြန်သည်။ မကြုံစဖူး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် တိုင်းပြည်တစ်ခုချင်း၏ နိုင်ငံ့အင်စတီးကျူးရှင်းများမှာ  မတတ်စွမ်းတော့သည့်အတွက် ကမ္ဘာသူကမ္ဘာသားဆိုသည့် သရုပ်လက္ခဏာတစ်မျိုးမျိုးရှိရန် လိုအပ်လာသည်။ ယနေ့ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် တစ်ကမ္ဘာလုံး လက်ခံထားသည့် သိပ္ပံပညာရပ်ရှိနေသော်လည်း နိုင်ငံရေးမှာမူ မိမိနိုင်ငံအလိုက်သာ ဆောင်ရွက်သည့် အမျိုးသားနိုင်ငံရေးပုံစံတွင် ရပ်တန့်နေသေးသည်။ ထိုသို့ ပြဿနာနှင့် စနစ်အမြီးအမောက်မတည့်မှုကြောင့် ကမ္ဘာ့အဓိကပြဿနာများကို ထိရောက်စွာဖြေရှင်းရန် နိုင်ငံရေးစနစ်က မစွမ်းဖြစ်နေသည်။  ထိရောက်စွာစွမ်းဆောင်နိုင်သည့် နိုင်ငံရေးစနစ်မျိုးဖြစ်စေရန် ရွေးစရာနှစ်လမ်းရှိပါသည်။ တစ်လမ်းမှာ ဂေဟစနစ်ကို တစ်ကမ္ဘာလုံး  အတိုင်းအတာအဖြစ် မသက်ရောက်တော့အောင်ဖန်တီးပြီး ကမ္ဘာ့စီးပွားရေးအချိတ်အဆက်များကို ဖြတ်တောက်ကာ သိပ္ပံတိုးတက်မှုများကို တစ်ကမ္ဘာလုံးအတိုင်းအတာအဖြစ် မဖြစ်ထွန်းအောင် ဆောင်ရွက် ရန်ဖြစ်သည်။ နောက်တစ်နည်းမှာမူ နိုင်ငံရေးလုပ်ပုံကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနှင့် ကိုင်တွယ်ဖြေရှင်းသည့် နိုင်ငံရေးလုပ်ပုံမျိုးဖြစ်အောင် ဖန်တီးခြင်းဖြစ်သည်။ ဂေဟစနစ်နှင့် သိပ္ပံတိုးတက်မှုကို  တစ်ကမ္ဘာလုံးအတိုင်းအတာအနေနှင့် မဖြစ်အောင်တားဆီးလို့မရသလို  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချိတ်အဆက်များကို ဖြတ်တောက်ပစ်ရန်မှာ အကျိုးထက်အပြစ်က ပိုကြီးသည့်အတွက်ကြောင့် လက်တွေ့ကျသည့်နည်းလမ်းမှာ နိုင်ငံရေးကို ကမ္ဘာ့နိုင်ငံရေးဖြစ်အောင် ဆောင်ရွက်ရန်သာရှိပါသည်။ ယင်းကြောင့် ကမ္ဘာ့အစိုးရတစ်ရပ် ထူထောင်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထူထောင်ရန်လည်း ဖြစ်နိုင်၊ မဖြစ်နိုင် မသေချာသလို  လက်တွေ့လည်းမကျသည့် မျှော်မှန်းချက်ဖြစ်ပါသည်။ ပြောချင်သည့်ကမ္ဘာ့ နိုင်ငံရေးမှာ နိုင်ငံများရော မြို့ကြီးများပါအပါအဝင် နိုင်ငံရေးဒိုင်းနမစ်များတွင် ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားနှင့် ကမ္ဘာ့ပြဿနာများကို ပိုမိုအလေးပေး ဆောင်ရွက်ရန်ဆိုလိုခြင်းဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် အမျိုးသားရေးစိတ်ခံစားချက်များက သိပ်ကူညီပေးနိုင်မည်မဟုတ်ပါ။ သို့ဖြစ်လေရာ ကျွန်ုပ်တို့အနေနှင့် တစ်ကမ္ဘာလုံးစည်းလုံးညီညွတ်စေဖို့ရန်အတွက် ဘာကိုအားကိုးကြမည်နည်း။ လူသားမျိုးနွယ်၏ တစ်လောကလုံးနှင့်သက်ဆိုင်သည်ဟု ကြွေးကြော်သော ဘာသာရေးဓလေ့ထုံးတမ်းစဉ်လာများကို အားကိုးရမည်လော။  ခရစ်ယာန်နှင့်အစ္စလာမ်ကဲ့သို့သော ဘာသာများမှာ ဒေသအလိုက် ရှုမြင်စဉ်းစားသည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနှင့် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာကပင် ရှုမြင်စဉ်းစားခြင်းဖြစ်သည်။ ထို့အပြင် ယင်းဘာသာများမှာ ဒီတိုင်းပြည်၊ ဟိုတိုင်းပြည်၏ နိုင်ငံရေးပြဿနာများသက်သက်ထက် ဘ၀၏ အရေးကြီးသော မေးခွန်းများတွင် ပို၍ထက်သန်စွာ စိတ်ဝင်စားခြင်းဖြစ်သည်။ သို့သော် ရှေးထုံးတမ်းစဉ်လာအားဖြင့် ရှိခဲ့သော ဘာသာတရားများမှာ ယနေ့ခေတ်နှင့် ဆီလျော်ပါသေး၏လော။ ယင်းတို့မှာ ကမ္ဘာကိုပုံဖော်ရန် ဩဇာရှိသေးပါ၏လော။ သို့မဟုတ် ယင်းတို့မှာ အတိတ်မှမစွမ်းတော့သည့် အကြွင်းအကျန်များ သာသာသာ ရှိတော့ပြီး စွမ်းလှသည့်ခေတ်သစ်နိုင်ငံများ၊ ခေတ်သစ်စီးပွားရေးများနှင့် နည်းပညာများက လိုရာသုံးခြင်းကို ခံနေရပါသည်လော။    

 

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *