ဘဏ်ကိစ္စ

ဘဏ်ကိစ္စ မိတ်ဆွေသူငယ်ချင်းတို့ မေးကြသည်။ စုံစမ်းကြသည်။

အစိုးရိမ်မလွန်ပါနှင့်ဟုသာ ပြောလိုပါသည်။ လန့်ပြီး ရွှေပြေးဝယ်၊  ဒေါ်လာပြေးဝယ်လျှင် ကိုယ့်အိတ်ကပ်ထဲက ပါလိမ့်မည်။ ကိုယ်မဟုတ်သော သူတို့ အကျိုးရှိသွားလိမ့်မည်။

ယနေ့ဖြစ်နေသော ဘဏ်ကိစ္စသည် လွန်ခဲ့သော ၂ နှစ်လောက် ကတည်းကစခဲ့သော ဘဏ်စနစ်ပြုပင်ပြောင်းလဲရေး၏ အကျိုးဆက်ဖြစ်သည်။ ဘဏ်စနစ် တောင့်တင်းခိုင်မာအောင် ပြင်ရင်း ပြင်ရင်းနှင့် ယနေ့ အခြေအနေသို့တိုင် ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘဏ်ပြုပြင် ပြောင်းလဲရေးနှင့် အလားအလာများကို စနေနေ့ထုတ် The Voice Journal တွင် သတင်းဆောင်းပါးများဖြင့်ရော စာရေးသူ၏ အမြင် ဆောင်းပါး Perspective များဖြင့်ပါ အစဉ်တစိုက်ဖော်ပြခဲ့သဖြင့် အစဉ်တစိုက်ဖတ်နေသူ ပရိသတ်များဆိုလျှင် မြန်မာ့ဘဏ်များ၏ အခြေအနေ၊ ဘဏ္ဍာရေးလောက၏ အခြေအနေကို တောက်လျှောက် အကဲခတ်မိနေမည်။

ဘဏ်တစ်ခုမကောင်းလျှင် သူ့ဘာသာသူ တဖြည်းဖြည်းဂျောင်းမည် ဖြစ်သော်လည်း ဘဏ်စနစ်ကို အစိုးရက အပျက်ခံမည်မဟုတ်ပါ။  ဘဏ်စနစ်သည် စီးပွားရေး၏ အသက်သွေးကြောဖြစ်သည့်အတွက် ဘဏ်စနစ်ကို  အစိုးရ၏ကိုယ်စား ဗဟိုဘဏ်က စောင့်ရှောက်ပါသည်။  ဘဏ်တစ်ခုခုက ငွေအပ်ထားသူများကို ငွေပြန်ထုတ်မပေးနိုင်ပါက  ဗဟိုဘဏ်က ထုတ်ပေးလိမ့်မည်။ ဘဏ်ကြီးလျှင် တစ်နွယ်ငင်တစ်စင်ပါ  ဆက်စပ်ပတ်သက်သူများသဖြင့် စီးပွားရေးတစ်ခုလုံးကို ပိုထိခိုက်မည်စိုးသဖြင့် ဗဟိုဘဏ်က ပိုပြီးပင် ကူပေလိမ့်မည်။ lender of last resort ဆိုသည်မှာ ထိုအဓိပ္ပာယ်ဖြစ်သည်။ အားလုံး၏ ကျောထောက် နောက်ခံအဖြစ် ဗဟိုဘဏ် ရှိနေသည်။

၂၀၂၀ နီးပြီဖြစ်သဖြင့် စီးပွားရေးကို ထိခိုက်မည့် ဘဏ်အကျပ်အတည်းကို အစိုးရက အဖြစ်ခံမည်မဟုတ်။ စီးပွားရေးသည် လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် သက်ဆိုင်သည်မဟုတ်ပါလား။ မဲရလိုသူ မှန်လျှင် စီးပွားရေးကို တုတ်နှင့် ထိုးမည်မဟုတ်။

ယခင်ကရော ဘဏ်တစ်ဘဏ်၊ နှစ်ဘဏ် အကျပ်အတည်းဖြစ်ပြီး ငွေထုတ်မရသည်များ ရှိသည်မဟုတ်လားဟု မေးသူများ ရှိမည်။ အခြေအနေမတူပါ၊ ခေတ်မတူပါဟုသာ ပြောချင်သည်။ ဗဟိုဘဏ်မပြောနှင့် ပုဂ္ဂလိကဘဏ်များပင်လျှင် ပြဿနာဖြေရှင်းနည်းများ ယခင်ကထက် ကျွမ်းကျင်လာသည်။

လက်ရှိ ဗဟိုဘဏ်ထိပ်ပိုင်းတွင် အသက်အရွယ်၊ နိုင်ငံတကာအတွေ့အကြုံ ပြည်တွင်းအတွေ့အကြုံ၊ စီမံခန့်ခွဲမှု အတွေ့အကြုံ၊ အပြင်လူ အတွင်းလူအားဖြင့် စုံလင်သည်ဟု ပြောနိုင်သည်။ အသွင်တူသော  ပုဂ္ဂိုလ်များချည်း၊ အိုင်ဒီယာတူသူများချည်း ရှိနေခြင်းမဟုတ်။

ဗဟိုဘဏ် ပြုပြင်ပြောင်းလဲနေသော ဆောင်ရွက်ချက်များသည် သူတစ်ဖွဲ့တည်း၏ အကြံအစည်များနှင့်သာ ချနေခြင်း မဟုတ်။ အပြည်ပြည်  ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏  အမြင်များကိုပါ ထည့်သွင်းစဉ်းစားထားသည်။ နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်သည့် အစီရင်ခံစာများကို ပုံမှန်ဖတ်နေလျှင် ဗဟိုဘဏ်သွားသည့် လမ်းကြောင်းကို မြင်မည်သာ။

ဘဏ်ပိုင်ရှင်များသည် ဘဏ်ကိုသာ ပိုင်သည်မကဘဲ မြန်မာ့စံဖြင့်  ဧရာမစီးပွားရေးလုပ်ငန်းစုကြီးများကို ပိုင်ဆိုင်သူများ ဖြစ်ကြသည့်အတွက် ဘဏ်ပိုင်ရှင်များ၏ အပူသည် ထိုစီးပွားရေးလုပ်ငန်းစုများ၏ အပူပါ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးသည် အသိအကျွမ်းအခြေခံလုပ်ကြသဖြင့် ထိုဘဏ်ပိုင်ရှင်တို့မှတစ်ဆင့် အပူသည် ဆင့်ကဲ ဆင့်ကဲဖြင့်  အခြားသော စီးပွားရေးလုပ်ငန်းများကိုပါ ထိစပ်သွားပါသည်။ ဤနေရာတွင် သတိပြုရန်မှာ ဘဏ်များကိုသာမက မြန်မာ့စီးပွားရေးတစ်ခုလုံးကိုပါ  အသွင်ကူးပြောင်းနေရသည့် အချိန်ဖြစ်သည်။ အားလုံးသည် အသစ်အသစ်တို့ကို ကြုံနေရသည်။ မြေအောက်မြုပ်နေသော စီးပွားရေးလုပ်ငန်းများကို  စာရင်းဝင်ဇယားဝင်အောင်လုပ်ခြင်း အပါအဝင် စီးပွားရေးကို ပုံမှန် စီးပွားရေး ဖြစ်အောင် ဆောင်ရွက်နေသည့် အချိန်ဖြစ်သည်။ ဖောင်းပွခဲ့သော မြေဈေးများသည် ပုံမှန်ပြန်ဖြစ်နေသဖြင့် မြေပိုက်ဘောမိနေသူများ လက်ညှိုးထိုးမလွဲအောင်များသည့် အချိန်လည်းဖြစ်သည်။ မြေနှင့် ဘဏ်သည် အတိုင်းအတာတစ်ခုထိ ချိတ်နေသည်ကို အားလုံးသိပြီးဖြစ်သည်။

ဘဏ်ပိုင်ရှင်များသည် ခေတ်အဆက်ဆက် ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်းဝင်ခဲ့ကြသူများဖြစ်ရာ တံခါးတို့ပွင့်အောင် ဖွင့်နိုင်သူများဖြစ်သည်။ ထိုသူများပိုင်သည့် ဘဏ်များကို စည်းမျဉ်းစည်းကမ်းဖြင့် ကြပ်မတ်ပြီး ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲရမည့် ဗဟိုဘဏ်နေသူများ၏ အခက်အခဲကို မှန်းကြည့်ရုံဖြင့် သိနိုင်သည်။ အတော်လေး သတိထားနိုင်မှ တန်ကာ ကျမည်။

ဗဟိုဘဏ်နေသူတို့၏ အပြောအဆိုရော နောက်ကြောင်းရာဇဝင်အရရော စာအုပ်ကြီးသမားများမဟုတ်ကြဟု အကဲခတ်မိသည်။ မြန်မာ့အခြေအနေ Myanmar Context ကို သိသူများပီပီ ဘဏ်များကို ပြုပြင်ပြောင်းလဲရာတွင် အလယ်အလတ်လမ်းဖြင့် မလျှော့မတင်း စောင်းကြိုးညှင်းမည်ဟု သဘောပေါက်သည်။

ဗဟိုဘဏ်၏ ကြေညာချက်များ၊ ဗဟိုဘဏ်ပုဂ္ဂိုလ်တို့၏ စကားများကို ပြည်သူလူထုက မှန်ဘီလူးဖြင့် ကြည့်နေကြပြီ။ ဗဟိုဘဏ်၏ အရေးပါပုံကို ပြည်သူတို့ သဘောပေါက်လာခြင်းဖြစ်သဖြင့် ကောင်းပါသည်။ ဗဟိုဘဏ်သည် ၂၀၁၃နောက်ပိုင်းကစပြီး ဩဇာရော အာဏာပါတက်လာသည်။ ဗဟိုဘဏ်၏ ကြေညာချက်များ၊ ပြောစကားများသည် အဓိပ္ပာယ်အမျိုးမျိုးပေါက်နိုင်သဖြင့် မထုတ်ပြန်မီတွင် အမျိုးမျိုးစဉ်းစားပြီး ပိုင်မှ ထုတ်သင့်သည်။ သို့မဟုတ်က ရှင်းလေရှုပ်လေ ဖြစ်တတ်သည်။

၂၀၂၀ စကား ဆက်ပါမည်။ ဗဟိုဘဏ်သည် လွတ်လပ်စွာ တည်ရှိရမည်ဆိုသော်လည်း အထက်မှ၊ အောက်မှ၊ ဘေးဘယ်ညာမှ နိုင်ငံရေး ဖိအားဒဏ်ကိုကား ခံရမည်သာ။ ဗဟိုဘဏ်ခံရသည်က မထောင်းတာ။  သူ့တာဝန် ဖြစ်သည်မဟုတ်လား။ ဗဟိုဘဏ်မခံနိုင်၍ အပြင်သို့လျှံကျလာလျှင် စီးပွားရေးကိုပါ သက်ရောက်မည်။ ထို့ကြောင့် သက်ဆိုင်သူ  နိုင်ငံရေးပါဝါရှင်တို့သည် ဗဟိုဘဏ်ကို နိုင်ငံရေးအလို့ငှာ သွားဖိမည် ကြံလျှင် အကျိုးဆက်တို့ကိုပါ စဉ်းစားပြီး ဖိသင့်သလောက်သာ ဖိကြပါ။

ယခုလောက်ဆိုလျှင် ဘဏ်အရေး မြင်သင့်သလောက် မြင်မည် ထင်ပါသည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *