ဆီးချိုသွေးချိုရောဂါနှင့် ဘ၀နေထိုင်နည်း

တစ်ကမ္ဘာလုံးမှာ လူဦးရေ ၃၈၂ သန်းခန့် ဆီးချိုသွေးချိုဖြစ်ပွားကာ ခရစ်သက္ကရာဇ် ၂၀၃၀ မှာ လူဦးရေ သန်း ၆၀၀ အထိ ဖြစ်ပွားနိုင်တယ်လို့ သိရတယ်။ယနေ့ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀    (၇ ဒသမ ၁ ဘီလီယံ) ဖြစ်နေတာကြောင့် ၂၀၃၀ ရောက်ရင် လူဦးရေ ၈ ဒသမ ၆ ဘီလီယံ သို့မဟုတ် ၂၂ ရာခိုင်နှုန်း တိုးလာခဲ့အချိန်မှာ သွေးချိုဆီးချိုက ၅၅ ရာခိုင်နှုန်းထိ တိုးလာမယ်။

နိုင်ငံတကာ ဆီးချိုသွေးချိုစစ်တမ်းအရ ကုန်ကျမှုအများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်တယ်။ အာဖရိကတိုက်ရဲ့ ကုန်ကျမှုစရိတ်ဟာ အမေရိကန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိလို့ အနည်းဆုံးဖြစ်တယ်။ အမေရိကန်မှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၁ သန်းကျော် ဆီးချို သွေးချိုဖြစ်နေတယ်။ ကမ္ဘာတစ်ဝန်းလူဦးရေ ၂၄၅ သန်းဟာ ဆီးချိုသွေးချို ရောဂါဖြစ်လာနိုင်ဖွယ် ရင်ဆိုင်နေရတယ်။ ဆီးချိုသွေးချိုကြောင့် နှစ်စဉ်ကုန်ကျမှုစရိတ် တစ်ဦးပျမ်းမျှ ဒေါ်လာ ၈၀၀၀ ရှိကာ အမေရိကန်ရဲ့ နှစ်စဉ်လူသေဆုံးမှု အများဆုံးအဆင့် (၇) ရှိပါတယ်။ ဆီးချို သွေးချိုကြောင့်  နှစ်စဉ်လူဦးရေ ၇၃,၀၀၀ ခန့် သေဆုံးကြရတယ်။ အာဖရိကနိုင်ငံတွေရဲ့ ဆေးကုသမှုစရိတ် လျော့နည်းသုံးစွဲလို့ ဆီးချိုလူနာလေးပုံသုံးပုံဟာ ဆီးချိုသွေးချိုကြောင့် သေဆုံးကြရပါတယ်။

ဆီးချို၊သွေးချို (Diabetes) ဟာ  သွေးအတွင်း သကြားဓာတ်လွန်ကဲတဲ့  ရောဂါဖြစ်တယ်။ သကြားဓာတ်လွန်ကဲနေတဲ့  အကြောင်းရင်းက ခန္ဓာကိုယ်ထဲ ပန်ကလိယ (Pahcreas) မုန့်ချိုအိတ်မှ ဘီတာဆဲလ်တွေဟာ  အင်ဆူလင်ဟော်မုန်း ထုတ်တာနည်းသွားလို့ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ဖြစ်တယ်။ အင်ဆူလင်ဟော်မုန်းနည်းခြင်း၊ အင်ဆူလင်ဟော်မုန်း လုံးဝမထွက်ခြင်းနှင့် ထုတ်တဲ့ အင်ဆူလင်ဟော်မုန်းက အကြောင်းကြောင်းကြောင့် အာနိသင်နည်းပါးခြင်းတို့ကြောင့် ဆီးချို ရောဂါ ဖြစ်ပွားရပါတယ်။

ဆီးချိုသွေးချိုရောဂါဟာ သွေးအတွင်း အချိုဓာတ်လွန်ကဲလို့ပဲ ဖြစ်တယ်။ အစားအစာမှာ အချိုလွန်ကဲခြင်းကို ရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား နေ့စဉ် နာရီဝက်မှ တစ်နာရီ အပြေး၊   လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးခြင်း၊ အင်ဆူလင်ဆေးထိုးခြင်းတို့နဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ စနစ်တကျမကုပါက နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ မျက်စိအမြင် အာရုံဆုံးရှုံးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ခြေလက်သွေးကြောပိတ်ပြီး အနာဖြစ်ခြင်း၊ ဖြတ်တောက်ရခြင်း ဖြစ်နိုင်တယ်။

ဆီးချိုမှာ ခြေထောက်တွေ ဂရုစိုက်ခြင်းဟာ ဆီးချိုရှိလူနာတွေအတွက် အရေးကြီးပါတယ်။ ခြေထောက်မှာ အာရုံခံစားမှုနည်းပါးခြင်း၊ ခြေထောက် အနေအထားမမှန်ခြင်း၊ ခြေထောက်မှာ အချိန်ကြာမြင့်စွာ အနာဖြစ်ခြင်း၊ အာရုံကြောပျက်စီးနေလို့ အာရုံခံစားမှုနည်းကာ ခဲလုံးနင်းမိခြင်း၊ ဆူးစူးမိခြင်း၊ အပူလောင်ခြင်း၊  ပွတ်တိုက်မိခြင်းတို့ကြောင့် အနာဖြစ်ခြင်း၊ ရေကြည်ဖုဖြစ်ခြင်း  ဖြစ်လာနိုင်တယ်။

ဆီးချိုသွေးချိုကို စားဆေးနဲ့ ထိန်းပေးသင့်တယ်။ မက်ဖော်မင် (Metformin) တစ်မျိုးတည်းထက် မက်မော်မင်နဲ့ ဂလိုင်ဇစ် (Glids 80 mg) တွဲပြီးပေးခြင်းက ဘေးထွက်ဆိုးကျိုးလည်းနည်းကာ   ထိရောက်မှုရှိနိုင်တယ်။ ကျန်းမာတဲ့ နေထိုင်မှုဘ၀ ပြည့်စုံရေးအတွက် သွေးချို၊ သွေးပေါင်ချိန်၊ သွေးအတွင်းအဆီတို့ကို ပုံမှန်အဆင့်မှာ ထိန်းသိမ်းရမယ်။ မျက်စိ၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်  ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရပါမယ်။ ဆေးပုံမှန်သောက်ရမယ်။ ဆရာဝန်နဲ့အနည်းဆုံး တစ်ပတ်တစ်ခါပြသင့်ကာ လမ်းညွှန်မှုခံယူသင့်ပါတယ်။

အဆီနည်းပြီး အမျှင်ဓာတ်ပါတဲ့ အစာများ၊ ဟင်းသီးဟင်းရွက် မှန်မှန်စားရမယ်။ ဆီးချိုမှန်မှန်စစ်ရမယ်။ ဆီးချို သွေးချိုကို ဂလူကိုမီတာ (Glucometer) နဲ့ စစ်ဖို့ သို့မဟုတ် ဟေမိုဂလိုဆင် အေဝမ်း (စီ) ဖောက်စစ်ရမယ်။ ဆေးလိပ်မသောက်သင့်၊ အရက်ဘီယာ မသောက်သင့်ပါဘူး။ မျက်စိ၊ ကျောက်ကပ်၊ နှလုံးနဲ့ ခြေထောက် စစ်ဆေးရမယ်။

ခြေထောက်ကို ပုံမှန်စစ်ဆေးသင့်တယ်။ နာကျင်မှုမခံစားရဘဲ အနာဖြစ်နိုင်တယ်။ ရှနာ၊ ထိခိုက်နာ၊ အရောင်ပြောင်း ခြင်း၊ ရောင်ရမ်းခြင်း၊ ခြေသည်းပိုးဝင်ခြင်း  ရှိမရှိ ပုံမှန်စစ်ဆေးသင့်တယ်။ ခြေဖဝါးကို ကြည့်ဖို့ခက်ခဲရင် မှန်ကိုအသုံးပြုနိုင်တယ်။ ခြေထောက်ကို နေ့စဉ်ရေဆေးပွတ်တိုက်ပေးသင့်တယ်။ ဆပ်ပြာ၊ ရေတို့နဲ့ ဆေးကြောပြီး ခြေချောင်းတွေကြား ခြောက်သွေ့အောင် သေချာသုတ်ပြီးမှ အိပ်ရာဝင်ရမယ်။ လုံးဝရှောင်ရှားရမယ့်အစာတွေက သကြား၊ ကြံသကာ၊ ထန်း လျက်၊ ပျားရည်၊ ဂလူးကို့စ်ပါတဲ့ အစား အစာ၊ အရက်နဲ့ ဘီယာအမျိုးမျိုး၊ ကြံ၊ သရက်သီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ အားဖြည့်အချိုရည်များ၊ ကိတ်မုန့်အချို လွန်ကဲတဲ့ မွေးနေ့ကိတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်း ရေခဲမုန့်၊ သကြားပါဝင်မှုများတဲ့ စည်သွပ်ဘူးရှောင်ရမယ်။

တော်သင့်ရုံစားသောက်တဲ့အစားအစာတွေက ဆန်၊ ကောက်ညှင်းပေါင်း၊ ထမနဲ၊ ဆန်ကြာဆံ၊ ခရက်ကာ၊ ဆီးချို ဘီစကစ်၊ အာလူးကြော်၊ ပြောင်းဖူးပြုတ်၊ အဆီမပါတဲ့ အသားအမျိုးမျိုး၊ နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ စတဲ့ အဆီအစေ့အဆန်မှရတဲ့ မပြည့်ဝဆီများ၊အခွံမာသီး၊ သစ်ကြားသီးစေ့များ၊ ခရမ်းချဉ်သီး၊ ရှောက်သီးစတဲ့ ချဉ်တဲ့သစ်သီးများ၊ ကြက်ဟင်းခါးသီးစတဲ့ ခါးတဲ့အသီးများ၊ ငါး၊  ပုစွန်နဲ့ အဆီထုတ်ပြီးအသားများ၊ ပဲအမျိုးမျိုးဖြစ်တဲ့ ကုလားပဲ၊ ပဲနီလေး၊ ပဲတီစိမ်း၊ ပဲပြား၊ တို့ဟူးတို့ ဖြစ်တယ်။

ထမင်း ၁၂ ဇွန်းနဲ့ မတင်းတိမ်သေး ရင် ပဲပြား၊ တို့ဟူး အစားထိုးသုံးဆောင်နိုင်တယ်။ ကော်ဖီ၊ လက်ဖက်ရည်သောက်ရင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ခြောက်ကို သကြားတုနဲ့ နွားနို့ကော်ဖီ    ဖျော်ပြီး သောက်နိုင်တယ်။ ဆီးချိုသွေးချို လူအတော်များများဟာ ခန္ဓာကိုယ်ထဲ အင်ဆူလင်ထုတ်လုပ်မှု မလုံလောက်တာကြောင့် ကာဗိုဟိုက်ဒရိတ် မချေဖျက်နိုင်လို့ နားလည်ထားပေမယ့် အင်ဆူလင်ထုတ်လုပ်နည်းပါး သို့မဟုတ် သွေးအတွင်းသကြားဓာတ် စုပ်ယူနိုင်စွမ်း မရှိလို့ ဖြစ်တယ်။ ရောဂါလက္ခဏာနဲ့ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားဖို့လိုအပ်ပါတယ်။

ဆီးချိုသွေးချိုရဲ့ ရောဂါလက္ခဏာအချို့မှာ မကြာခဏဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်း၊ မကြာခဏမောပန်းခြင်း၊ နွမ်းနယ်ပြီး အားအင်ကုန်ခမ်းခြင်း၊အမြင်အာရုံအားနည်းခြင်း၊ အသေးစားထိခိုက်ရှနာခြင်း၊ ကာလရှည်ကုသလို့ မပျောက်နိုင်ခြင်း၊ မကြာခဏ ဖျားနာတတ်ခြင်းတို့ ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ဖိစီးမှု၊ စိတ်ကျဝေဒနာ၊ စိတ်ပါဝင်စားမှု   လျော့နည်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ ထူးထူးခြားခြားအိပ်ချင်ပြီး အိပ်ငိုက်တတ်ခြင်း လက္ခဏာများ ခံစားရတတ်တယ်။ စိတ်ပိုင်းဆိုင်ရာမှာ အကောင်းမြင်စိတ် ကြိုးစားမွေးမြူရင်း သက်သာ ပျောက်ကင်းနိုင်တယ်။

ကလေးဘ၀ကတည်းက ဖြစ်တဲ့ဆီးချို၊  အင်ဆူလင်မှီခိုတဲ့ဆီးချို (Juvenile Diabetes) (or) (Typc I Diabetes)၊  အင်ဆူလင်မမှီခိုတဲ့ဆီးချို (Diabetes Typc II) နှစ်မျိုးရှိတယ်။ အမျိုးစား (၁) ဆီးချိုက ခန္ဓာကိုယ်တွင်းဖောက်ပြန်မှုကြောင့် အင်ဆူလင် လုံးဝမထွက်ခြင်း၊ အင်ဆူလင်ထုတ်လုပ်မှုနည်းခြင်းတို့ ကြောင့် သွေးကြောထဲက အင်ဆူလင်နည်းပါးလို့ အပြင်ကအင်ဆူလင်ကို ပေးရပါတယ်။ ပြင်ပကအင်ဆူလင်မရရင် အသက်ရှင်ဖို့ ခဲယဉ်းပါတယ်။

ဆီးချိုအမျိုးစား (၂) က ခန္ဓာကိုယ်မှ အင်ဆူလင်ထုတ်နိုင်တယ်။ ထွက်တဲ့အင်ဆူလင်ဟာနည်းပါးလို့ အာနိသင်နည်းလို့ သွေးထဲသကြားဓာတ်များနေခြင်းဖြစ်တယ်။ ပြင်ပက အင်ဆူလင်မမှီခိုဘဲ သွေးအတွင်း အင်ဆူလင် ပိုရောက်အောင် မက်ဖော်မင်စတဲ့ ဆီးချိုဆေး မှန်မှန်သောက်ဖို့လိုတယ်။

ဆီးချိုလူနာဟာ အစားအသောက် ပုံမှန်စားသုံးနိုင်တယ်။ ဆေးစား၊ ဆေးထိုးပြီး နာရီဝက်အတွင်း အစာစားနိုင်တယ်။ ဆေးကို ကိုယ့်သဘောနဲ့ လျှော့ခြင်းမပြုသင့်ဘူး။ တစ်ပတ်တစ်ခါ ဆီးချိုနဲ့  သွေးပေါင်ချိန် စစ်ဆေးသင့်ပါတယ်။

နေ့စဉ် နာရီဝက်မှ တစ်နာရီ လေ့ကျင့်ခန်းအပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး၊ ရွရွပြေး လုပ်ပေးသင့်ပါတယ်။ ခြေထောက်အနာမဖြစ်အောင် ဂရုစိုက်ရမယ်။ ချွေးထွက်များပြီး  ကတုန်ကရင်ဖြစ်ခြင်း၊ အသိစိတ်မမှန်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တဲ့အခါ သကြားဓာတ်နည်းလို့ သို့မဟုတ် များလို့ သကြားလုံး၊ အချိုရည်ဆောင်သင့်တယ် သို့မဟုတ် ဆီးချိုဆေးသောက်သင့်တယ်။

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *