နေပြည်တော်- ဆိုးလ်မှသည်

ဂျင်ဆင်း၊ ဆိုဂျူ ၊ အွန်စော၊ ဂျွန်စော၊ ပဲခေါက်ဆွဲနှင့် ကင်ချီဟူသော မြန်မာတို့ နားယဉ်ခဲ့ကြသည့် ကိုရီးယားဝေါဟာရများနောက် ယခု စက်တင်ဘာလဆန်းတွင် မြန်မာတို့အတွက် နောက်ထပ် ဝေါဟာရတစ်လုံး ထပ်တိုးလာခဲ့သည်။

ယင်းမှာ တောင်ကိုရီးယားသမ္မတအမည် ‘မွန်ဂျေအင်’ ဖြစ်သည်။

ဆိုးလ်-နေပြည်တော် ဆက်ဆံရေးသမိုင်းသစ်သည် မြန်မာ့သမ္မတဦးဝင်းမြင့်၏ ဖိတ်မန္တကပြုခြင်းဖြင့် ပြန်လည်စတင်ခဲ့ရာမှ မွန်ဂျေအင်ဟူသော အမည်သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ သုံးရက်ကြာချစ်ကြည်ရေးခရီး လာရောက်သည်။

အဆိုပါခရီးစဉ်တွင် မြန်မာ-တောင်ကိုးရီးယား နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် နားလည်မှု စာချွန်လွှာ တစ်ဒါဇင်ထက်မနည်း လက်မှတ်ရေးထိုးခဲ့သည်။ နှစ်နိုင်ငံပူပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးစီမံကိန်းများကို အဆိုပါခရီးစဉ်အတွင်း အုတ်မြစ်ချနိုင်ခဲ့သည်ဟု ဆိုရပေမည်။

စင်စစ် တောင်ကိုရီးယားသည် တရုတ်၊ ဂျပန်တို့ထက် မြန်မာနှင့် စီးပွားရေးအရ ဆက်ဆံမှုအားနည်းသည်မှာ မှန်သည်။ သို့သော်လည်း ကိုရီးယားယဉ်ကျေးမှုကမူ မြန်မာတို့နှင့် မစိမ်းချေ။ ကိုရီးယားဇာတ်လမ်းတွဲ သရုပ်ဆောင်များဖြစ်သည့် မြန်မာတို့အခေါ် ဂျွန်စော၊ အွန်စောနှင့် ဂျူမုံတို့သည် မြန်မာတို့အတွက် တစ်ခေတ်တစ်ခါက အသည်းကျော်များဖြစ်သည်။ ကိုရီးယားဖက်ရှင်ရေစီးကြောင်းသည် မြန်မာ့မြေတွင် ပျော်ဝင်နေသည်မှာ နှစ်အတန်ပင်ကြာခဲ့ပြီ။

ထို့အတူ မြန်မာ့ချဉ်ဖတ်နှင့်အတူ ကိုရီးယားတို့၏ ကင်ချီကလည်း မြန်မာ့ထမင်းဝိုင်းတွင် နေရာယူစပြုပြီ။ ကိုရီးယားဖက်ရှင်နှင့် ကိုရီးယား K-Pop တေးဂီတသည်လည်း မြန်မာလူငယ်ထုကြား ယနေ့တိုင် အခိုင်အမာနေရာယူထားဆဲ ဖြစ်သည်။

ယခုအခါ မြန်မာ့မြေသို့ ရောက်နှင့်ပြီးဖြစ်သော ကိုရီးယားယဉ်ကျေးမှုများနောက်သို့ ကိုရီးယားစီးပွားရေးလုပ်ငန်းများလည်း အမှီလိုက်ရန် တာစူလျက် ရှိပြီဖြစ်သည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်၏ မြန်မာခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန်ဟူသည်က အဆိုပါအချက်ကို သက်သေခံလျက်ရှိသည်။

ထို့ကြောင့်ပင် ကိုရီးယားယဉ်ကျေးမှုနှင့် မစိမ်းသော မြန်မာ့မြေတွင် ကိုရီးယားစီးပွားရေးလုပ်ငန်းများလည်း တရုတ်၊ ဂျပန်တို့နှင့်အပြိုင် အားကောင်းလာမည်လောဟု စူးစမ်းမှုများ ရှိနေခြင်းဖြစ်သည်။

သမ္မတမွန်ဂျေအင်၏ မြန်မာခရီးစဉ်မှ ရရှိလာသော နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အုတ်မြစ်များကား အဘယ်နည်း။ အဆိုပါခရီးစဉ်မှ မြန်မာတို့အတွက် အကျိုးအမြတ်ကာ မည်သို့ရှိမည်နည်း။

မစ္စတာမွန်၏ မြန်မာခရီး

မြန်မာနှင့် တောင်ကိုရီးယားသည် ၁၉၇၅ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက် ဆံရေးစတင်ထူထောင်ခဲ့သည်။ ထိုကြောင့် သံခင်းတမန်ခင်းသက်တမ်း ၄၄ နှစ် ရှိပြီ ဖြစ်သည်။

တောင်ကိုရီးယာ သမ္မတ ပက်ဂွန်ဟေးကို ရာထူးမှဖယ်ရှားပြီးနောက် ၂၀၁၇ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သည့် မွန်ဂျေအင်သည် ၎င်းအစိုးရတာဝန်ယူသည့်ကာလအတွင်း (New Southern Policy) တောင်းပိုင်းမူဝါဒသစ်ကို ကိုင်စွဲကာ အိန္ဒိယ၊ အာဆီယံနိုင်ငံများနှင့် ကျယ်ပြန့်သည့် ပူးပေါင်းဆက်ဆံရေးထူထောင်ရန် ရည်မှန်းထားသည်။

ထို့ကြောင့် ထိုင်း၊ မြန်မာနှင့် လာအို အာဆီယံနိုင်ငံသုံးခုသို့ ခြောက်ရက်ကြာခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းမှသည် မြန်မာ၊ ထိုမှသည် လာအိုသို့ ဆက်လက်ခရီးနှင်မည်ဖြစ်သည်။

တောင်ကိုးရီးယားနိုင်ငံ ဘူဆမ်မြို့တွင် လာမည့်နိုဝင်ဘာလ၌ ကျင်းပမည့် ကိုရီးယား-အာဆီယံထိပ်သီး ဆွေးနွေးပွဲ မကျင်းပမီ နှစ်လအလိုတွင် သမ္မတမွန်ဂျေအင်းက အာဆီယံနိုင်ငံများသို့ ခရီးထွက်နေခြင်းဖြစ်သည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သည့် သမ္မတမွန်ဂျေအင်သည် ၁၉၈၃ ခုနှစ် စတင်ကာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော သုံးဦးမြောက် တောင်ကိုရီးယားသမ္မတ ဖြစ်သည်။

၁၉၈၃ ခုနှစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတချန်ဒူးဝမ်မှာမူ အာဇာနည်ကုန်း ဗုံးခွဲမှုနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့နောက်တွင် နှစ်နိုင်ငံဆက်ဆံရေး တင်းမာသွားခဲ့ပြီး မြန်မာ့နွေဦးနိုင်ငံရေးအပြောင်းအလဲများစတင်ခဲ့သည့် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြန်သည်။

သမ္မတ မွန်ဂျေအင်းသည်ကား အရပ်သားအစိုးရစစ်စစ်လက်ထက် မြန်မာနိုင်ငံသို့လာရောက်သည့် ပထမဆုံးသော တောင်ကိုရီးယားသမ္မတဖြစ်လာခဲ့သည်။

သမ္မတမွန်ဂျေအင်သည် မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည် မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။

“ဒီနိုင်ငံအဆင့်ခရီးစဉ်က နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့မျက်နှာစာသစ် တစ်ခုစတင်လိုက်ခြင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၃ ရက် ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံ ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ခရီးစဉ်ကြားက အရေးပါသော လက်မှတ်များ

သမ္မတမွန်ဂျေအင်၏ ခရီးစဉ်မှသည် မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံစီးပွားရေးကြီးထွားရန် မျှော်မှန်းကြောင်း တောင်ကိုးရီးသတင်းစာများက ဖော်ပြကြသည်။

ပြည်ထောင်စုအဆင့်အစိုးရကြား နားလည်မှုစာချွန်လွှာခြောက်ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

နားလည်မှုစာချွန်လွှာတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေမူဘောင်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ကိုးရီး ယားစီးပွားရေးလုပ်ငန်းများအတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက် စင်တာတစ်ခုထူထောင်ရန် ပါဝင်သည်။

ထို့အပြင် သင်္ဘောလိုင်း၊ သင်္ဘောကျင်းများအဆင့်မြှင့်တင်ရေး၊ ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာနှင့် ထွန်းသစ်စလုပ်ငန်းများနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းနယ်တွင် ပူပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ အစိုးရအကြီးအကဲအချင်းချင်းနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက မြန်မာပညာရေးဝန်ကြီးဌာနသို့ ကျောင်းကားအစီးရေ ၆၀ လှူဒါန်းခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတခရီးစဉ်သည် ပညာရေးဝန်ကြီးဌာနအတွက်လည်း အမြတ်ထွက်စေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ထိုမျှမကသေး။ မြန်မာနိုင်ငံသည် ကိုရီးယားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ(EDCF)မှ ချေးငွေများ ရယူလျက်ရှိသည်။ EDCF သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးရန် လျာထားခဲ့သည်။ သို့သော်လည်း ယခုခရီးစဉ်၏ အကျိုးသက်ရောက်မှုအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ချေးငွေ တိုးပေးရန် သမ္မတမွန်ဂျေအင်က သဘောတူကြောင်း The Korea Time သတင်းဌာနက ဖော်ပြသည်။

နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက တည်ဆောက်မည့် သတင်းအချက်အလက်ဗဟိုဌာနအတွက် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်(KMIC) စီမံကိန်းပြင်ပ အခြေခံအဆောက်အဦတည်ဆောက်ရန် ကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းချေးယူရန် ယခုခရီးစဉ်အတွင်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါချေးငွေများကို EDCF မှ ရယူခြင်းဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်။ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် စုစုပေါင်းချေးငွေသက်တမ်း ၄၀ နှစ်ဖြစ် သည်။

ထို့ကြောင့်ပင် တောင်ကိုရီးယားသမ္မတခရီးစဉ်အပေါ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေက ယခုကဲ့သို့ သုံးသပ်သည်။

“မြန်မာနိုင်ငံအတွက်က တကယ့်ကိုအရေးကြီးတဲ့ခရီးစဉ်ပေါ့”

တောင်ကိုးရီးယားသမ္မတခရီးစဉ်တွင် ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၂၀၀ ကျော်လိုက်ပါလာသည်။ အဆိုပါလုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ၁၅၀ တို့သည် ရန်ကုန်မြို့ Lotte ဟိုတယ်တွင် စီးပွားရေးဖိုရမ်တစ်ခုပြုလုပ်ခဲ့ကြသေးသည်။

အဆိုပါစီးပွားရေးဖိုရမ်တွင် ကိုရီးယားနိုင်ငံတကာကုန်သွယ်ရေးအေဂျင်စီ (KITA) ၊ တောင်ကိုရီးယား၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သည့် Woori Bank နှင့် ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI)တို့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ နှစ်ခုရေးထိုးခဲ့သည်။

ထို့အပြင် ကဏ္ဍအလိုက်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ကိုးခုအထိ ရေးထိုးခဲ့သည်။

ခရီးစဉ်တွင် ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် မြန်မာ နိုင်ငံတွင် ကိုယ်စားလှယ်ဘဏ်ခွဲ ဖွင့်လှစ် ထားသည့် KB Kookmin Bank အကြား နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ရည်ရွယ်ရင်းမှာ ကိုရီးယားရောက် မြန်မာလုပ်သားများ၏ ငွေကြေးလွှဲပြောင်းမှုကို ပိုမိုထိရောက်စေရန်ဖြစ်သည်။

ထို့အပြင် Industrial Bank of Korea နှင့် မြန်မာအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ပူးပေါင်းပြီး တီထွင်ဆန်းသစ်မှု စင်တာတည်ထောင်ရန် သဘောတူညီခဲ့သည်။ ယင်းအချက်ကလည်း မြန်မာ့အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ အလားအလာအတွက် မျှော်လင့်စရာဖြစ်လာခဲ့သည်။

“ဒါတွေက ပူးပေါင်းဆောင်ရွက်မှုအနေအထားကို ပိုမိုခိုင်မာပြီး အားကောင်းစေတာပေါ့” ဟု ဦးတင့်ဆွေက ဆိုသည်။

တောင်ကိုရီးယားစီမံကိန်းများ

ဤခရီးစဉ်တွင် မြန်မာ့မြေ၌ တောင်ကိုးရီးယားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး အုတ်မြစ်များကိုလည်း ချမှတ်နိုင်ခဲ့သည်။

မြန်မာ့မြေရှိ ဂျပန်တို့၏ နာမည်ကျော် သီလဝါအထူးစီးပွားရေးဇုန်နှင့်အပြိုင် ကိုရီးယား- မြန်မာစက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်းတွင် အကောင်အထည်ဖော်မည် ဖြစ်သည်။

တစ်ချိန်က အမျိုးသားညီလာခံ ကျင်းပခဲ့သည့် ညောင်နှစ်ပင်တွင် ကိုရီးယားစက်မှုဇုန်ကြီးတစ်ခု ပေါ်ထွက်လာရန် ရောင်နီသန်းစပြုလာပြီဖြစ်သည်။ အဆိုပါစီမံကိန်း စတင်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ကိုရီးယားမြေယာနှင့် အိမ်ရာကော်ပိုရေးရှင်း(KLHC) တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ ပြည်ပပို့ကုန်နှင့် အလုပ်ကိုင်အခွင့်ပိုမိုဖန်တီးပေးနိုင်မှုတိုးတက်လာမည်ဟု မြန်မာအစိုးရက မျှော်မှန်းသည်။

ထို့အပြင် တောင်ကိုရီးယား၏ နာမည်ကျော် အခြေခံအဆောက်အဦစီမံကိန်းဖြစ်သည့် ရန်ကုန်-ဒလတံတား စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ၄ ဒသမ ၃ ကီလိုမီတာ ရှည်လျားသည့် အဆိုပါတံတားကို တောင်ကိုရီယားအခြေစိုက် GS Engineering and Construction ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ရန်ကုန်-ဒလတံတားတည်ဆောက်ခြင်းနှင့်အတူ ဒလမြို့သစ်အကောင်အထည်ဖော်ရန် အကြိုလေ့လာမှုလုပ်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ကိုရီးယားမြေယာနှင့် အိမ်ရာကော်ပိုရေး ရှင်း(KLHC)တို့ ယခုခရီးစဉ်အတွင်း သဘောတူညီခဲ့သည်။

“မြစ်အနောက်ဘက်ကမ်းဟာ အခွင့်အလမ်းကောင်းတွေများစွာရှိနေသေးတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာဖွံ့ဖြိုးတိုးတက်ရေး ကိုရီးယား၊ မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်ဆောင်ရွက် လိုပါတယ်” ဟု စက်တင်ဘာလ ၄ ရက် စီးပွားရေးဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဝန်ကြီးချုပ်ကမူ ကိုရီးယားတို့၏ ဒလအနောက်ခြမ်းမြို့သစ်ကို Smart City တစ်ခုအထိ ဖြစ်လာရန် မျှော်မှန်းလျက်ရှိသည်။

မည်သို့ဆိုစေ အဆိုပါစီမံကိန်းများသည် သမ္မတမွန်ဂျေအင်၏ခရီးစဉ်နှင့်အတူ သက်ဝင်လာခြင်းဖြစ်ပြီး အနာဂတ်တွင် ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ မြန်မာ့မြေသို့ ပိုမိုခြေဆန့်လာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

တောင်ကိုးရီးယားသည် မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်သည်။ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ဗြိတိန်နှင့် တောင်ကိုရီးယာနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများအဖြစ် အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း DICA ၏ စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအထိဆိုလျှင် မြန်မာ့မြေတွင် ကိုရီးယားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံရှိပြီး လုပ်ငန်းပေါင်း ၁၇၇ ခု လည်ပတ်လျက်ရှိ သည်။ ကိုရီးယားထိပ်တန်းလုပ်ငန်းများဖြစ်သည့် Posco Daewoo၊ Daewoo Motors၊ Lotte အုပ်စုနှင့် HUBS MK ကဲ့သို့ လုပ်ငန်းကြီးများသည် မြန်မာ့မြေတွင် အခြေကျလျက်ရှိပြီဖြစ်သည်။

“ကိုရီးယားဆိုတာလည်း တကယ်တော့ နည်းပညာပိုင်းမှာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးကရောက်နေပြီဆိုတာကို လူတိုင်းကလက်ခံထားတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတာက ကျွန်တော်တို့အတွက် ရဖို့ပဲရှိပါတယ်။ သူတို့နဲ့ဆက်ဆံရလို့ နာသွားဖို့မရှိပါဘူး။ ကောင်းဖို့ပဲရှိပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟံသာမြင့်က The Voice Journal သို့ ပြောကြားသည်။

သို့သော်လည်း နိုင်ငံ့ခေါင်းဆောင်များ၏ ခရီးစဉ်တစ်ခုတည်းမှ မြန်မာတို့ ပြည့်စုံလုံလောက်သော အကျိုးကို မျှော်ကိုး၍ မရ။ အထူးသဖြင့် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ဤခရီးစဉ်တစ်ခုတည်းအပေါ်မှ များစွာမျှော်လင့်၍မရဟု ၎င်းကဆိုသည်။

ဤသို့မမျှော်လင့်နိုင်သော သမိုင်းလည်းရှိခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘက် မြန်မာနိုင်ငံသို့ရောက်ရှိလာသည်။ ထို့နောက်တွင် ကိုရီးယား၏ ကမ္ဘာကျော်အမှတ်တံဆိပ် ဆမ်ဆောင်းက မြန်မာ့မြေတွင် ရင်းနှီးမြှုပ်နှံရန် သတင်းများထွက်ခဲ့သော်လည်း နောက်ဆုံးတွင် အခြေခံအဆောက်အဦလိုအပ်ချက်ကြောင့် မြန်မာကိုရှောင်ခွာကာ ဗီယမ်နမ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် ဖြစ်သည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာတွင် ဘင်္ဂါလီအရေးနာမည်ဖျက်ခံရမှုဖြင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ၏ စောင့်ကြည့်မှုကိုခံနေရသည့်အချက်ကလည်းရှိသည်။ ယခုပင်လျှင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်ကိုရီးယားသမ္မတ၏ စီးပွားရေးကဲသော မြန်မာခရီးစဉ်ကို ဝေဖန်လျက်ရှိပြီဖြစ်သည်။

အရှေ့မျှော် မြန်မာအတွက် တောင်ကိုးရီယား

ရခိုင်ပြည်နယ်အရေးကြောင့် အနောက်နိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှု အားပျော့လာချိန်တွင် မြန်မာအတွက် အရှေ့မျှော်ဝါဒ အရေးပါလာသည်။

ထို့ကြောင့်ပင် တရုတ်၊ ဂျပန်၊ ကိုရီးယား အာရှနိုင်ငံသုံးခုကို ပြီးခဲ့သည့်နှစ်မှစ၍ ဗီဇာကင်းလွတ်ခွင့် စတင်ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ဗီဇာကင်းလွတ်ခွင့် နောက်ထပ် တစ်နှစ်သက်တမ်းတိုးလိုက်သည်။ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှိုင်းယှဉ်ပါက ကိုးရီးယားခရီးသွား ၈၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ထို့အပြင် တောင်ကိုရီးယားနှင့် မြန်မာကုန်သွယ်မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိသည်။ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းနှင့် စိုက်ပျိုး ရေးထွက်ကုန်များတင်ပို့လျက်ရှိသည်။ ကိုရီးယားနိုင်ငံတွင် နှံစားသီးနှံ၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်လိုအပ်ချက်ကြီးမားမှုသည် လာမည့်အနာဂတ်တွင် မြန်မာတို့အတွက် အခွင့်အရေးလည်း ဖြစ်လာနိုင်ပေသည်။

တောင်ကိုရီးယားသည် မြန်မာတို့အတွက် မစိမ်း။ ရုပ်ရှင်၊ အစားအသောက်မှသည် အခေါ်အပြောအထိ မြန်မာနိုင်ငံတွင် ပျံ့နှံ့ပြီးဖြစ်သည်။ ထို့အတူ မြန်မာတို့ အလုပ်လုပ်ချင်သည့် နိုင်ငံများအနက် ကိုးရီးယားနိုင်ငံသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို မြန်မာအလုပ်သမား သောင်းနှင့်ချီ ဖြေဆိုကြသည်ကိုကြည့်လျှင် ဤအချက်ကို ထင်ရှားမည်ဖြစ်သည်။ EPS-TOPIK သည် ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအတွက် မဖြစ်မနေဖြေဆိုရသည့် စာမေးပွဲပင်။

၂၀၁၉ ခုနှစ် အဆိုပါစာမေးပွဲမကျင်းပကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကြေညာလိုက်သဖြင့် (EPS-TOPIK) ဖြေဆိုရန်စောင့်ဆိုင်းနေသည့် မြန်မာ့အလုပ်သမားများ အခက်ကြုံခဲ့ရသည်။ လက်ရှိအချိန်ထိ တောင်ကိုရီးယားတွင် မြန်မာအလုပ်သမား ၄၀,၀၀၀ ဝန်းကျင်အလုပ်လုပ်နေကြောင်း အစိုးရပြည်ပလုပ်အကိုင်အေဂျင်စီထံမှ သိရသည်။

“ဒါကလည်း စီးပွားရေးလုပ်ငန်းတစ်ခုပဲ။ အလုပ်သမားတွေ အလုပ်ရတယ်။ ဝင်ငွေရတယ်ဆိုတာကလည်း နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းကောင်းတစ်ခုပဲ” ဟု ကုန်သည်/စက်မှုအသင်းချုပ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေက ဆိုသည်။

သူ့ခြေလှမ်း ကိုယ့်ခြေလှမ်း

ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံနှစ်ဆယ် တွင်ပါဝင်နေပြီဖြစ်သည်။ မြန်မာတို့နှင့်လည်း မစိမ်းလှ။ ထို့ကြောင့်ပင် တောင်ကိုရီးယားသည် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အရေးပါသည့်နိုင်ငံ ဖြစ်သည်။

တောင်ကိုရီးယားသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်များကိုအားပေးပြီး ထုတ်ကုန်တစ်ခုကို ဦးစားပေးမြှင့်တင်သည့်မူဝါဒကို ကျင့်သုံးခြင်းကြောင့် စီးပွားရေးတိုးတက်လာခြင်းဖြစ်ကြောင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောသည်။

တောင်ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအပါအဝင် အခြားကဏ္ဍများ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့်အခြေအနေကြောင့် မြန်မာ့စီးပွားရေးတိုးတက်ရန် အထောက်အကူပြုကြောင်း ၎င်းကပြောကြားသည်။

မည်သို့ဆိုစေ နိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးမှုအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ရာတွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ကြည့်ကြသည်သာ ဖြစ်သည်။

ယခုသမ္မတမွန်ဂျေအင်၏ ခရီးစဉ်သည် ကမ္ဘာ့နိုင်ငံရေးရာသီဥတုအပြောင်းအလဲနှင့် စီးပွားရေးနှေးကွေးမှုများကြောင့် မြန်မာ၊ ထိုင်းနှင့် လာအိုတို့တွင် အခွင့်အလမ်းသစ်များရှာသည့် ခရီးစဉ်ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။

အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးတင်းမာမှု၊ ဗြိတိန်အကွဲအပြဲ၊ ဟောင်ကောင်နိုင်ငံရေးမတည်ငြိမ်မှုနှင့် အာဂျင်တီးနား၊ အီတလီ၊ ဩစတြေးလျစသည့် နိုင်ငံများသည် စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့လျက်ရှိသည်။

ထိုအခြေအနေတွင် စီးပွားရေးမကျဆင်းရန် နိုင်ငံတိုင်း ရုန်းကန်နေရပြီး ဒေသတွင်းနိုင်ငံများကြား ပြိုင်ဆိုင်မှု မြင့်မားလာကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

“ဩစတြေးလျမှာ နှစ်နှစ်ဆယ်အတွင်းမှာ စီးပွားရေးအကျဆုံးဖြစ်သွားပြီ။ ဒီလိုဆိုတော့ ဒေသတွင်းတွေမှာ အပြိုင်အဆိုင်ဖြစ်လာမယ်ဆိုရင် ကိုယ်က ဘာသားနဲ့ထုထားတာမို့လို့လဲ။ စီးပွားရေးအရနှေးကွေးတာတွေရှိတယ်။ ဒါမျိုးတွေကတော့ လာတာကို ကြိုဆိုတယ်။ မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိတယ်။ သူတို့ချင်း ယှဉ်ပြိုင်မယ်။ ကိုယ်ကတော့ အလုပ်တွေရမှာပေါ့” ဟု ၎င်းက ပြောကြားသည်။

ကိုရီးယားကုမ္ပဏီများသည် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်မီသည့် ကုမ္ပဏီများဖြစ်ပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်သဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပါက အကျိုးများကြောင်း ၎င်းကဆိုသည်။ ထို့အပြင် သမ္မတဦးဆောင်သည့် ခရီးစဉ်တွင်လိုက်ပါသည့် စီးပွားရေးလုပ်ငန်းအရေအတွက်များသဖြင့် ယုံကြည်ရသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်၏ မြန်မာခရီးစဉ်သည် မြန်မာ့စီးပွားရေးအတွက် တောင်ကိုရီးယား၏ အချက်ပြမှုတစ်ခုဖြစ်ကြောင်း UMFCCI အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေက ယခုကဲ့သို့ဆိုသည်။

“လာအို၊ ထိုင်း၊ မြန်မာကို ဘယ်လောက်အလေးထားပြီး ဝင်တော့မယ်ဆိုတာကိုပြသွားတာ” 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *