ဒီမိုကရေစီရဲ့ အတွင်းရန်သူ

ဒီမိုကရေစီဟာ တော်လှန်ရေးတွေ၊ အာဏာသိမ်းမှုတွေ ဖြစ်လာပြီဆိုရင် သေနတ်ပြောင်းဝမှာ သေဆုံးသွားတတ်တယ်လို့ လူတွေက ထင်တတ်ကြတယ်။ ဒါပေမဲ့ ဒီခေတ်မှာကျတော့ ပြည်သူ့အတွက်လို့ နာမည်တပ်ပြီး ဖြည်းဖြည်းချင်း လည်ပင်းညှစ်ခံရဖို့ အလားအလာက ပိုများတယ်လို့ The Economist မဂ္ဂဇင်းကြီးက ရေးပါတယ်။

ဥပမာအနေနဲ့ ဟန်ဂေရီနိုင်ငံကို ကြည့်မယ်ဆိုရင် အာဏာရပါတီက လွှတ်တော်မှာ မဲအများစုအနိုင်ရထားတာကိုသုံးပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူတယ်။ စီးပွားရေးလောကကို လွှမ်းမိုးတယ်။ စာနယ်ဇင်းတွေကို ငွေနဲ့ပေါက်တယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ကြိုက်သလိုကစားတယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဥပဒေကို ချိုးဖောက်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဖြစ်စေချင်တဲ့ ဥပဒေတွေဖြစ်အောင် လွှတ်တော်ကို ဥပဒေပြောင်းခိုင်းလို့ရတယ်။ သူ့ရန်ဘက်တွေကို ညဘက်မှာ သွားဖမ်းဖို့ လျှို့ဝှက်ရဲတပ်ဖွဲ့ မလိုအပ်ဘူး။ စာနယ်ဇင်းနည်း၊ အခွန်အကောက်နည်းတွေကိုသုံးပြီး အကြမ်းမဖက်ဘဲ သေးငယ်သွား၊ သေးသိမ်သွားအောင် လုပ်လို့ရတယ်။ ပုံသဏ္ဌာန်အရဆိုရင် ဟန်ဂေရီက ဒီမိုကရေစီစိတ်ဓာတ်ကတော့ တစ်ပါတီအာဏာရှင်စိတ်ဓါတ်ပါ။ ဟန်ဂေရီမှာဖြစ်နေတဲ့ပုံစံကို တခြား ၂၁ ရာစု နိုင်ငံရေးအနေအထားတွေကိုလည်းလိုက်ပြီး အတုယူကြ ဒုက္ခပေးနေကြတာ တွေ့ရတယ်။
ခုလိုဖြစ်နေတာတွေဟာ ပိုလန်လို ဒီမိုကရေစီပေါက်စနိုင်ငံတွေမှာသာ ဖြစ်နေတာမဟုတ်ဘူး။ ဒီမိုကရေစီဘိုးအေကြီးတွေဖြစ်တဲ့ အင်္ဂလန်တို့၊ အမေရိကန်တို့မှာလည်း တွေ့နေရတယ်။ သက်တော်ရှည် ဒီမိုကရေစီနိုင်ငံကြီးတွေဟာ တစ်ပါတီအာဏာရှင်စနစ်ဖြစ်သွားမယ့် အန္တရာယ်မရှိပေမယ့် တဖြည်းဖြည်းချင်း ယိုယွင်းကျဆင်းလာတဲ့ အရိပ်အယောင်တွေကို တွေ့နေရတယ်။ စတင်ပြီး ယိုယွင်းပျက်စီးလာပြီဆိုရင်တော့ ရပ်ဖို့ခက်ပြီ။

ဟန်ဂေရီမှာ ဒီမိုကရေစီ ကျဆင်းဆုတ်ယုတ်ရတဲ့ အဓိကအကြောင်းရင်းက သံသယဖြစ်ကြလို့ပါ။ အဂတိလိုက်စားတယ်လို့ယူဆတဲ့ ဆိုရှယ်လစ်အစိုးရခေါင်းဆောင်က ၂၀၀၆ ခုနှစ်မှာ မဲဆန္ဒရှင်တွေကို လိမ်ညာခဲ့ပါတယ်လို့ ဝန်ခံအပြီးမှာ မဲဆန္ဒရှင်တွေက နိုင်ငံရေးသမားတွေကို အကောင်းမမြင်ဘဲ သံသယနဲ့ကြည့်ကြတော့တယ်။ ဒါကို လက်ရှိဝန်ကြီးချုပ်က အားပါးတရ အသုံးချတယ်။ သူ့ပြိုင်ဘက်တွေရဲ့ ကောင်းကွက်တွေကိုမပြောဘဲ သပ်လျှိုပြီး ကွဲသည်ထက်ကွဲအောင်လုပ်တယ်။ ဆွပေးတယ်။ သူတို့ရဲ့ အာဃာတတွေကို (အထူးသဖြင့် လူဝင်မှုနဲ့ပတ်သက်ပြီး) အသုံးချတယ်။ ခုလိုလုပ်တာဟာ တကယ်တော့ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ချင်၊ အာရုံမရောက်စေချင်လို့ ဖြစ်တယ်။ သူပဲဆက်ပြီး အာဏာလိုချင်တာနဲ့ အားနည်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အဖွဲ့အစည်းတွေကို ပညာသားပါပါ သူ့အကျိုးအတွက် အသုံးချနေတာကို အာရုံလွှဲဖို့ သုံးနေတာဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်းမှာ အနည်းအများပဲကွာမယ်။ ဟန်ဂေရီလို ဇာတ်လမ်းတွေ နေရာတကာမှာ ရှိနေတယ်။ ဘဏ္ဍာရေးအကျပ်အတည်းတွေဖြစ်တော့ မဲဆန္ဒရှင်တွေက သူတို့ကို အုပ်ချုပ်နေတဲ့သူတွေဟာ အရည်အချင်းမရှိ၊ ကိုယ့်အကျိုးအတွက် လုပ်နေကြတဲ့ ရေပေါ်ဆီတွေဖြစ်တယ်ဆိုတာ သဘောပေါက်သွားကြတယ်။ သာမန်ပြည်သူပြည်သားတွေဟာ အလုပ်အကိုင်တွေ၊ အိမ်တွေ ဆုံးရှုံးကြ၊ သူတို့ရဲ့ သားသမီးတွေဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲတွေမှာ အသက်တွေ ဆုံးရှုံးဖြစ်နေကြချိန်မှာ အမေရိကန်နဲ့အင်္ဂလန်က ဧရာမကုမ္ပဏီကြီးတွေကို အစိုးရတွေက ဝင်ကယ်နေကြတယ်။ ဗြိတိန်မှာ လွှတ်တော်အမတ်တွေရဲ့ အသုံးစရိတ်နဲ့ပတ်သက်တဲ့ အပုပ်နံ့တွေထွက်နေသလို အမေရိကန်မှာ ကုမ္ပဏီတွေက ပိုက်ဆံတွေကို နိုင်ငံရေးအတွက် မသုံးရအောင် တားဆီးဖို့ ကြိုးစားနေကြတာတွေကို တွေ့ရတယ်။

မနှစ်က ဥရောပနဲ့ မြောက်အမေရိကမှာလုပ်တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်နဲ့ ပြင်သစ်လူမျိုးတွေရဲ့ ၇၀ ရာခိုင်နှုန်းက သူတို့ရဲ့ နိုင်ငံရေးသမားတွေဟာ အကျင့်ပျက်တယ်လို့မြင်ကြတယ်။ ဒီလို မကျေမနပ်ဖြစ်နေတာတွေကို လူပြိန်းကြိုက်လုပ်တဲ့သူတွေက အသုံးချတယ်။ သူတို့ကိုယ်တိုင်လည်း ချမ်းသာကြွယ်ဝ၊ အာဏာလည်းရှိတဲ့သူတွေဖြစ်နေကြပေမယ့် တခြားလူတွေကို စိတ်ဆိုးသည်ထက်ဆိုးအောင် ဆွပေးကြတယ်။ သွေးကွဲအောင်လုပ်တယ်။ အမေရိကန်သမ္မတက တိုးတက်တဲ့ အမျိုးသမီးအမတ်လေးယောက်ကို “ဆင်းရဲမွဲတေ ရာဇဝတ်မှုတွေထူပြောတဲ့၊ ကိုယ့်အရပ်ကို ပြန်ကြ” လို့ ဆိုတယ်။ အစ္စရေးဝန်ကြီးချုပ်က သူ အကျင့်ပျက်ချစားတယ်လို့ အစွပ်စွဲခံရတဲ့အတွက် တရားဝင်စုံစမ်းစစ်ဆေးမှုလုပ်တာကို သူ့တာဝန်ကို တမင်လုပ်ကြံတယ်ဆိုတာမျိုးဖြစ်အောင်၊ ဖော်ပြတယ်။ ဗြိတိန်မှာ အမတ်တွေ မထောက်ခံကြတော့ အတိုက်အခံတွေကို စိတ်ဆိုးပြီး၊ လုပ်ထုံးလုပ်နည်းတွေကို စိတ်ကြိုက်ကစားပြီး လွှတ်တော်ကို ငါးပတ်လောက် ပိတ်ပစ်လိုက်တယ်။

နည်းနည်းပါးပါးသံသယရှိတာ ဘာပူစရာရှိလဲ။ နိုင်ငံရေးဆိုတာ ညစ်ပတ်တာပဲ မဟုတ်လား။ အားကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံသားတွေဟာ သူတို့ရဲ့ အုပ်ချုပ်သူတွေကို လေးစားမှုလျော့နည်းလာတာ ကြာပါပေါ့လို့ ပြောစရာရှိပါတယ်။

မှန်ပါတယ်။ ဒါပေမယ့် သံသယကြီးမားလွန်းလာရင် တရားသဖြင့် ဖြစ်မှု၊ တရားဝင်ဖြစ်မှု (Legitimacy) ကို ထိခိုက်တယ်။ အမေရိကန်သမ္မတက မဲဆန္ဒရှင်တွေရဲ့ မကျေနပ်တာကို ထောက်ခံပြီး အတိုက်အခံတွေကို အရူးအမိုက်လို ဆက်ဆံတယ်။ မူတွေကို မလိုက်နာသူ၊ ကြောင်သူတော်တွေဆိုပြီး စွပ်စွဲတယ်။ ဗြိတိန်မှာ အီးယူကထွက်မယ့်ကိစ္စနဲ့ပတ်သက်လို့ တစ်ဖက်နဲ့ တစ်ဖက် အကျင့်ပျက်တွေလို့ အပုပ်ချတယ်။ ရန်သူနဲ့ အလျှော့ပေးလိုက်လျောရင် သစ္စာဖောက်ရာ ရောက်တယ်ဆိုပြီး နိုင်ငံရေးကို အစွန်းရောက်အောင် ပို့ပစ်တယ်။ အီတလီမှာ လူဝင်မှုနဲ့ပတ်သက်လို့ မကျေနပ်တာတွေကို တုန့်ပြန်တဲ့အနေနဲ့ ဒုက္ခသည်စခန်းတွေ လျှော့ချပစ်တယ်။ အခုလိုလုပ်လိုက်တော့ လမ်းပေါ်ရောက်သွားတဲ့ ခိုးဝင်လာသူတွေတွေ့ရင် လူတွေပိုစိတ်ဆိုးမယ်ဆိုတာ သိရဲ့နဲ့ တမင်လုပ်တာတွေ့ရတယ်။ အတိုက်အခံတွေကို ဒီမိုကရေစီ ဝေစုခွဲမပေးရအောင် အတိုက်အခံရဲ့ဒေါသကို ဒီမိုကရေစီ မဆန်တဲ့နည်းနဲ့ဖော်ပြဖို့ အားပေးတယ်။
သံသယကြီးမားတဲ့ နိုင်ငံရေးသမားတွေက စည်းမျဉ်းစည်းကမ်းတွေကို အထင်သေးအမြင်သေးဖြစ်အောင် လုပ်ပစ်တယ်။ ပြီးတော့ အကြမ်းဖက်ပြီး ကိုယ်လိုသလို အသုံးချကြတယ်။ ဒါကြောင့် အမေရိကန်မှာ လူနည်းစုမဲဆန္ဒရှင်တွေကို အာဏာရှိအောင် လုပ်ပေးတယ်။ ဆီးနိတ်မှာက အဲဒီလိုဖြစ်နေအောင်ကို တမင်လုပ်ပေးထားတာဖြစ်ပြီး လွှတ်တော်မှာကျတော့ မဲဆန္ဒရှင်တွေကို ဖိနှိပ်တဲ့နည်း၊ မဲဆန္ဒရှင် နယ်နိမိတ်တွေ၊ မြေပုံတွေကို ပုံမှန်ကိုယ်ကြိုက်သလို ပြောင်းလိုက်ပေါင်းလိုက်လုပ်တဲ့နည်းတွေ ကျင့်သုံးတယ်။ တရားရုံးတွေကို နိုင်ငံရေးအရောင်တွေ ဆိုးလာလေ၊ တရားသူကြီးတွေခန့်ဖို့ အပြိုင်အဆိုင်လုပ်ရလေ ဖြစ်တယ်။ ဗြိတိန်က ပါလီမန်မှာ ကိုယ်ကြိုက်သလိုဖြစ်အောင် လိမ်လည်လှည့်ဖျားတဲ့ နည်းကိုသုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ထာဝရပျက်စီးအောင် ဖျက်ဆီးပစ်တယ်။ လာမယ့်ရွေးကောက်ပွဲကို လွှတ်တော်နဲ့ ပြည်သူလူထုအကြား တိုက်ပွဲ မဖြစ် ဖြစ်အောင်လုပ်နေတယ်။

နိုင်ငံရေးဆိုတာ ချိန်သီးနဲ့တူတယ်။ လက်ယာဘက်က အမှားအယွင်းတစ်ခုလုပ်မိရင် လက်ဝဲဘက်က အနိုင်ရတယ်။ နောက်တစ်ခါ လက်ယာဘက်ကို ပြန်ရောက်မသွားမီအထိပေါ့။ အခုကျတော့ နိုင်ငံရေးဟာ ကြောင်လိမ်လှေကား (Helter Skelter) နဲ့ တူတယ်။ သံသယဝါဒီတွေက ဒီမိုကရေစီအောက်ကျအောင် ဆွဲချတယ်။ ပါတီတွေဟာ ကွဲကြ ပြဲကြနဲ့ အစွန်းရောက်တဲ့သူတွေ ဖြစ်လာကြတယ်။ လူပြိန်းကြိုက်အောင် လုပ်နေတဲ့သူတွေက မဲဆန္ဒရှင်တွေကို စနစ်မကောင်းကြောင်းပြောပြီး မကောင်းသည်ထက် မကောင်းအောင် ထပ်လုပ်တယ်။ အညံ့ကို ပိုညံ့အောင် လုပ်တယ်။

ကံကောင်းတာက ဒီမိုကရေစီဟာ ပျက်စီးသင့်သလောက် ပျက်စီးပြီးနှင့်နေပြီ။

လန်ဒန်တို့၊ ဝါရှင်တန်တို့ဟာ ဟန်ဂေရီက ဘူဒါပက်ခ်လိုတော့ ဖြစ်လာမှာမဟုတ်ဘူး။ အာဏာ (ပါဝါ)ကို ပိုဖြန့်ကြက်ထားပြီး စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကလည်း သက်တမ်းရှည်ကြာနေတာ ဖြစ်လေတော့ လူဆယ်သန်းလောက်ရှိတဲ့ တိုင်းပြည်မှာ ဥပဒေအသစ်တစ်ခု တင်တာမျိုးလောက် လွယ်လွယ်ကူကူလုပ်လို့ မရဘူး။ ပြီးတော့ ဒီမိုကရေစီတွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သစ်ဆန်းအောင် လုပ်နိုင်တယ်။ အမေရိကန်နိုင်ငံရေးဟာ သမ္မတနစ်ဆင်က ပြိုင်ဘက်ပါတီရဲ့ အတွင်းရေးကို ခိုးဝှက်ကြားဖြတ်နားထောင်တဲ့ခေတ်မှာ ဖရိုဖရဲဖြစ်ခဲ့ပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။

သံသယဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့ကြသလဲဆိုရင် လူတွေရဲ့ မျှော်လင့်ချက်ကို ဒေါသနဲ့အစားထိုးစွန့်လွှတ်ခိုင်းတဲ့ နိုင်ငံရေးသမားတွေပဲလို့ ပြောရမယ်။ တူရကီအာဏာရှင်ဟာ အစ္စတန်ဘူလ်က မြို့တော်ဝန်ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်။ ပြိုင်ဘက်တွေက အသည်းအသန် ကြိုးစားစည်းရုံးခဲ့ကြတယ်။ ဘက်ပေါင်းစုံက လူပြိန်းကြိုက်ဆန့်ကျင်ရေးသမားတွေဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်စေချင်တဲ့သူ (ဆလိုဗားကီးယားသမ္မတသစ်လို) တွေကို ဝိုင်းဝန်းပြီး ညီညီညွတ်ညွတ် ထောက်ခံအားပေးသင့်တယ်။ ဟောင်ကောင် (တရုတ်) နဲ့ မော်စကိုကလူငယ်တွေကို အီကောနောမစ်မဂ္ဂဇင်းကြီးကတော့ ချီးကျူးတယ်။ အနောက်နိုင်ငံအတော်များများမှာ မေ့လျော့နေကြတဲ့ အင်အားကောင်းတဲ့ ဆန္ဒပြတာမျိုးတွေ လုပ်နိုင်လို့တဲ့။

နိဂုံးချုပ်အနေနဲ့ ဒီမိုကရေစီဟာ တန်ဖိုးရှိတယ်။ ကံကောင်းအကြောင်းလှလို့ ဒီမိုကရေစီအမွေခံရထားတဲ့သူတွေဟာ ကြိုးစားရုန်းကန်ပြီး ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့ အီကောနောမစ်မဂ္ဂဇင်းကြီးက သုံးသပ်ထားပါတယ်။

ခင်မောင်ညို(ဘောဂဗေဒ)
၃၀.၀၈.၂၀၁၉
(ညွှန်း – The Economist)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *