ဧည့်မျှော်နေရသည့် ပြင်ဦးလွင်

ပုဂံ၊ အင်းလေး၊ ကလောမြို့တို့ပြီးလျှင် ပြည်တွင်းပြည်ပ ခရီးသွားများအကြား အသွားချင်ဆုံးနေရာမှာ မေမြို့ (ခေါ်) ပြင်ဦးလွင်မြို့ ဖြစ်သော်လည်း ကောလာဟလများကြောင့် ခရီးသွားများဝင်ရောက်မှု လျော့ကျကုန်သည်ဟု ဒေသခံတို့က ညည်းတွားကြသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ပစ်ခတ်ခံရပြီးနောက် နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် စသည့်နယ်စပ်တစ်လျှောက် မြို့များတွင် တပ်မတော်နှင့် MNDAA၊ TNLA၊ AA တို့ဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲများသည် ယနေ့အထိ ဖြစ်နေဆဲ ဖြစ်သည်။

“အများထင်သလို မဟုတ်ဘူးဆိုတာတော့ အာမခံရဲပါတယ်။ ၁၄၄ ထုတ် ထားတယ်တို့ ပြောနေကြတာ မဟုတ်ပါဘူး။ တစ်ညလုံးလည်း ကျွန်တော်တို့ သွားနေကြပါတယ်။ အေးအေးချမ်းချမ်းပဲ။ မေမြို့တက်လာရင် ပေါ်တာဆွဲတယ်ဆိုတာ တွေလည်း လျှောက်ပြောကြတယ်” ဟု ပြင်ဦးလွင်ဟိုတယ်ဇုန်အသင်း အတွင်းရေးမှူး ဦးဝေဠုက ဆိုသည်။

ခရီးသွားများ မလာသည့်အတွက် ဟိုတယ်လုပ်ငန်းများအပါအဝင် ဒေသခံတို့၏ စီးပွားရေးလုပ်ငန်းများ အထိနာခဲ့ရသည်။ အဖြူရောင်နယ်မြေအဖြစ် အေးချမ်းသည့် တောင်ပေါ်အပန်းဖြေမြို့သည် အမည်းရောင်နယ်မြေအဖြစ် ရုတ်ခြည်း သတ်မှတ်ခံလိုက်ရသည်။

“ဆိုင်ကယ် ကယ်ရီကအစ၊ ရိုးရာပစ္စည်းရောင်းတဲ့သူတွေကအစ အကုန်တော်တော်များများ ခေတ်စကားနဲ့ပြောရရင် စုတ်ပြတ်သတ်သွားတာ” ဟု ပြင်ဦးလွင် မြို့မိမြို့ဖရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆိုသည်။

လူမှုကွန်ရက်များတွင် ပြင်ဦးလွင်မြို့နှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်ဖွယ်သတင်းမှားများကို ရေးသားဖြန့်ချိနေမှုများရှိနေသဖြင့် မြို့၏ ပကတိအခြေအနေသည် လုံခြုံအေးချမ်းနေကြောင်း ဩဂုတ် လ ၂၇ ရက်နေ့တွင် ဒေသခံများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရသည်အထိ ဖြစ်ခဲ့သည်။

“မေမြို့က အခု မြင်ရတဲ့အတိုင်းပဲ။ ဘယ်နေရာမဆို အေးအေးဆေးဆေးသွားလာနိုင်တယ်လေ” ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ဦးကိုကိုကြီး က ရှင်းပြသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်ခံရသည့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) သည် ပြင်ဦးလွင်- လားရှိုးလမ်းအထွက် ရေချမ်းအိုးရပ်ကွက်အနီးတွင် တည်ရှိပြီး မြို့ထဲဟုလည်း ဆိုနိုင်သည့်နေရာ ဖြစ်သည်။ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

နယ်မြေရှင်းလင်းရာတွင် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက်တောင်ကုန်းပေါ်တွင် ဘက်ထရီအိုး၊ ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာအမျိုးအစား ဒုံးသီး ခြောက်လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့်နေရာနှင့် ဘတ္ထရီအိုးတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း တပ်မတော်က ယင်းနေ့တွင်ပင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်ခံရမှုကို သိပင် မသိလိုက်သည့် ဒေသခံများရှိပြီး အသွားအလာမပျက်ရှိသော်လည်း လူမှုကွန်ရက်စာမျက်နှာများတွင်မူ ပြင်ဦးလွင်မြို့သည် မအေးချမ်းသည့်ဒေသဟု ရေးသားနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူမျးက ဖြေရှင်းခြင်းများ မရှိသဖြင့် မြို့မိမြို့ဖများကစီစဉ်ကာ သတင်းစာရှင်းလင်းရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်။

၁၅ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း မြို့သည် ပုံမှန်အတိုင်းပင် အေးချမ်းလျက်ရှိ ပြီး ဆိုရှယ်မီဒီယာများတွင် နေချင့်စဖွယ် မကောင်းတော့သည့်မြို့ဟု ပုံဖော်နေကြသော်လည်း မြို့ထဲတွင် ပုံမှန်အတိုင်းပင် ရောင်းဝယ်ဖောက်ကားလျက် ရှိသည်ဟု ပြင်ဦးလွင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

“သေနတ်သံမပြောနဲ့ ဗြောက်ဖောက်သံတောင် မရှိပါဘူး။ ဆိုင်တွေ ဖွင့်နေကြပါတယ်” ဟု ၎င်းက ဥပမာပေး၍ ပြောသည်။

ယင်းအပြင် ပြင်ဦးလွင်ဈေးအတွင်း ကိုမန်ဒိုဝတ်စုံဝတ်ကာ အိတ်ကြီးလွယ်၍ လျှောက်သွားနေသူတစ်ဦးကို တွေ့ရသဖြင့် တာဝန်ရှိသူများက ခေါ်ယူမေးမြန်းရာ စိတ်ကျန်းမာရေး မကောင်းသူဖြစ်နေသော်လည်း လူမှုကွန်ရက်တွင် သေနတ် တစ်လက်ဖြင့် သူပုန်တစ်ဦးမိသည်ဟု ရေးသားမှုများက ရှိခဲ့သည်။

ပြင်ဦးလွင်သည် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများစွာရှိခြင်း၊ အေးချမ်းသည့် ရာသီဥတုရှိခြင်း၊ ကန်တော်ကြီးအတွင်း ပန်းမျိုးစုံကို လေ့လာနိုင်ခြင်း၊ သဘာဝရေတံခွန်များ စမ်းချောင်းများရှိခြင်းတို့ကြောင့် အနားယူလိုသူတို့အတွက် လည်ပတ်စရာစုံလင်စွာရှိသည့် ဒေသတစ်ခုဖြစ်သည်။

ဟိုတယ်အလုံးရေ ၆၀၊ တည်းခိုခန်းအလုံးရေ ၁၂၀ ရှိပြီး လစဉ် ပြည်ပခရီးသွား နှစ်ထောင်ခန့်နှင့် ပြည်တွင်းခရီးသွား တစ်သောင်းခန့် ဝင်ရောက်မှုရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သို့သော် လက်ရှိတွင်မူ ပုံမှန်ဝင်ရောက်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိနေသည့်အပြင် Booking စာရင်းပေးထားသည်များကိုလည်း ပြန်လည်ဖျက်သိမ်းသွားကြကြောင်း ဦးဝေဠုက ပြောသည်။

“ခါတိုင်းလည်း မိုးတွင်းဆိုရင် ပါးလေ့ရှိပါတယ်။ ဇွန်လ ၁ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ ဧည့်ပါးလေ့ရှိပေမယ့် ပုံမှန်ချိန်ရဲ့ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) လောက်တော့ ဝင်ကြသေးတယ်။ အခုဟာက ၁၀ ရာခိုင်နှုန်းအထိ ထိုးကျသွားတာ” ဟု ဦးဝေဠုက ရှင်းပြသည်။

ပြင်ဦးလွင်မြို့သည် နယ်မြေအေးချမ်းပြီး အချိန်အခါမရွေးသွားလာနိုင်သည့် ဒေသတစ်ခုအဖြစ် ခရီးသွားများအကြား ထင်ရှားသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် ပြဿနာများ၏ နောက်ဆက်တွဲအဖြစ် ပြင်ဦးလွင်မြို့တွင်လည်း ပြည်ပခရီးသွားများ ဝင်ရောက်မှုလျော့ကျခဲ့ပြီးနောက် ပြည်တွင်းခရီးသွားများကိုသာ အားထားလာခဲ့ကြရသည်။ ပြည်တွင်းခရီးသွားများကလည်း ပိုမို၍ ဝင်ရောက်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်တို့က ပြောသည်။

“မန္တလေးဘက်က တက်လာတာတို့၊ ရှမ်းပြည်နယ်ဘက်က မြို့တွေက လာတာတို့ပေါ့။ တချို့ကလည်း ဒီမှာ သားသမီးတွေကို ကျောင်းထားကြတာမျိုးရှိတော့ မကြာခဏလာကြရတယ်” ဟု ဦးဝေဠုက ပြောသည်။

ပြင်ဦးလွင်မြို့တွင် နယ်မြေအေးချမ်း သော်လည်း ပြင်ဦးလွင်-လားရှိုး-မူဆယ်လမ်းတစ်လျှောက်ရှိ မြို့အချို့တွင် တိုက်ပွဲများက ဖြစ်ပွားနေဆဲဖြစ်၍ ခရီးသွားများ စိတ်အေးချမ်းသာစွာ မသွားလာနိုင်ကြသေးပေ။

အကျိုးဆက်အဖြစ် မကြာခင်ပြုလုပ်မည့် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို ခါတိုင်းနှစ်များကဲ့သို့ မစည်ကားမည်ကို ဒေသခံများက စိုးရိမ်နေရသည်။ လက်ရှိတွင် ပွဲကျင်းပရေးကော်မတီကို ဖွဲ့စည်းထားပြီး ပြင်ဆင်ထားကာ ယခင်နှစ် များကထက် ကြိုးစားသွားမည်ဟု ယင်းကော်မတီတွင် ပါဝင်သည့် ဦးကိုကိုကြီးက ပြောသည်။

“ပြင်ဆင်ထားပြီးပါပြီ။ ရက်ကလည်း လိုသေးတော့ ပွဲရောက်မှပဲ လူစည် မစည် သိရမှာ” ဟု ၎င်းကဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့၌ အစိုးရနှင့် မဟာမိတ်သုံးဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပြီးသည့်နောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်ဆိုင်းမည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမူ ခုခံကာကွယ်စစ် အပြည့်အဝခုခံတိုက်ခိုက်မည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ခရီးသွားများ အနည်းငယ်ဝင်ရောက်လာကြသော်လည်း ပုံမှန်အခြေအနေ ပြန်မရောက်သေးဟု ပြင်ဦးလွင်ဟိုတယ်ဇုန်ထံမှ သိရသည်။

ဆွယ်တာရောင်းသူများ၊ ရထားလုံးမောင်းသူများနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းသူများလည်း ယခင်ကဲ့သို့ ကြိတ်ကြိတ်တိုး ရောင်းချရမှုများ ပြန်မရသေး။

သီတင်းကျွတ်လသည် ခရီးသွားများ ဝင်ရောက်လာသည်ဟုဆိုသော်လည်း ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်နေသေးလျှင် မျှော်လင့်သလောက် ခရီးသည်များ မလာနိုင်ဟု ဦးဝေဠုက ဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့အထိ ကွတ်ခိုင်မြို့နယ်အတွင်း ကုန်တင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးမှုများက ရှိနေဆဲဖြစ်၍ ခရီးသည်တင်ယာဉ်၊ အိမ်စီးယာဉ်များက စိတ်ချ လက်ချ မသွားလာနိုင်ကြသေးပေ။

ယင်းသို့သော အခြေအနေများကြောင့် အေးချမ်းသည်ဟုဆိုသော ပြင်ဦးလွင်မြို့သို့လည်း ခရီးသွားကာ အပန်းဖြေမည့်သူများက မလာရောက်နိုင်ကြသေးပေ။

ဩဂုတ်လ ၁၅ ရက်နေ့က DSTA သို့ ပစ်ခတ်ကာ စတင်လိုက်သည့် တစ်ကျော့ပြန်တိုက်ပွဲများကြားတွင် ပြည်သူများက မြေဇာပင်အဖြစ် ခံနေကြရဆဲဖြစ်ကာ လားရှိုး၊ ကွတ်ခိုင် စသည့်မြို့များတွင်လည်း စစ်ဘေးရှောင်များက ထောင်နှင့် ချီ၍ ရှိနေသေးသည်။

ခရီးသည်ဝင်ရောက်မှုကို မှီခိုရသည့် ခရီးသွားမြို့တော် ပြင်ဦးလွင် သို့မဟုတ် မေမြို့ဟု အမည်ရသည့် တောင်လှေကားမြို့တော်၊ ပန်းမြို့တော်ကမူ မပြီးငြိမ်းသေးသည့် တိုက်ခိုက်မှုများအကြား ခရီးသည်များကို မျှော်လင့်နေရသည်။

“TNLဗ ပစ်လိုက်တဲ့ ရှော့တိုက်ဒုံးဟာ DST ကို ပစ်လိုက်တာမဟုတ်ဘူး။ မမြို့စီးပွားရေးကို ပစ်ချလိုက်တာ။ ကျွန်တော်က အဲလိုပဲ သတ်မှတ်တယ်” ဟု ကိုဝေဠုက သူ့ခံစားချက်ကို ယင်းကဲ့သို့ ပြောဆိုလိုက်လေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *