BPIဆေးဝါးစက်​ရုံမှူးကို စက်တင်ဘာ ၁၉ တွင် ထပ်မံရုံးထုတ်မည်

ရန်​ကုန်​၊ စက်​တင်​ဘာ ၉

လာဘ်​​ပေးလာဘ်​ယူခဲ့ခြင်းမရှိ​သော်​လည်း ဥပ​​ဒေလုပ်​ထုံးလုပ်​နည်းကိုချိုး​ဖောက်​ကာ လုပ်​​ဆောင်​ခဲ့သည်​ဟုဆိုကာ အင်းစိန်​​​ဆေးဝါးစက်​ရုံမှူး ​ဒေါက်​တာ​အောင်​​ဇော်​ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထပ်မံရုံးထုတ်မည် ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

ဒေါက်တာအောင်ဇော်ကို ယနေ့( စက်တင်ဘာ ၉ ) တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ပထမဆုံးအကြိမ်ရုံးထုတ်ရမန်ယူခဲ့ပြီး အဆိုပါရုံးချိန်းကို အင်းစိန်ဆေးဝါးစက်ရုံ ၀န်ထမ်းများက လာရောက် ၀န်းရံခဲ့ကြသည်။

အဆိုပါရုံးချိန်းကို အင်းစိန်ဆေးဝါးစက်ရုံ (BPI) ဝန်ထမ်း ၁၀၀ ကျော်ခန့်လာရောက်ခဲ့ပြီး “ကိုယ်ကျိုးမဖက် -BPI အတွက်ဆောင်ရွက်တဲ့ စက်ရုံမှူးကို ဝန်းရံဖို့ စက်ရုံဝန်ထမ်းများ” ဆိုသည့် စာသားများပါ စာရွက် ကိုင်ဆောင်ကာ ဒေါက်တာအောင်ဇော် ဘက်မှ ၀န်းရံခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ စက်ရုံမှူးအတွက်တော့ ကျွန်တော်တို့ စက်ရုံမှူးကို ကျွန်တော်တို့ ယုံကြည်တယ်။ ၀န်ထမ်းတွေ အားလုံးကလည်း ယုံကြည်တယ်။ စက်ရုံမှူးက ဘာမှမဟုတ်တာ မလုပ်ဘူး၊ မကောင်းတာ မလုပ်ဘူး။ စက်ရုံအ တွက် ကောင်းကျိုးဖြစ်တဲ့ဟာတွေပဲ လုပ်တဲ့ စက်ရုံမှူးဖြစ်ပါတယ်ဆိုတာတော့ ပြောချင်ပါတယ်” ဟု အင်းစိန် ဆေးဝါးစက်ရုံစီမံခန့်ခွဲ ရေးဌာန အလုပ်ရုံမှူးဦးထွန်းထွန်းနိုင်က ပြောသည်။

ဒေါက်​တာ​အောင်​​ဇော်​သည်​ ​ဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်ရန် ​ကော်​​စေ့ ၂၆ တန်​ဝယ်​ယူရာတွင်​ လုပ်​ထုံးလုပ်​နည်းနှင့်​ မညီဘဲ ဝယ်​ယူခဲ့၍ နိုင်​ငံ​တော်​ ​ငွေ​ကြေးနှင့်​ ပစ္စည်းများ ထိခိုက်​နစ်​နာ ဆုံးရှုံး​စေသည်​ဟုဆိုကာ အဂတိဥပဒေဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

ယခင်​က လာဘ်​​ပေးလာဘ်​ယူမှသာ အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးဥပ​ဒေဖြင့်​ အ​ရေးယူခဲ့​သော်​လည်း စတုတ္တ အကြိမ်​ပြင်​ဆင်​သည့်​ ဥပ​ဒေအရ အများပြည်​သူဆိုင်​ရာ အဖွဲ့အစည်း အခြားအဖွဲ့အစည်း တစ်​ခု၏ တာဝန်​ရှိသူတစ်​ဦးသည်​ တည်​ဆဲဥပ​ဒေ၊ လုပ်​ထုံးလုပ်​နည်းများကို ချိုး​ဖောက်​၍ နိုင်​ငံ​တော်​ ​ငွေ​ကြေး၊ ပစ္စည်းများကို ထိခိုက်​ဆုံးရှုံး​စေလျှင်​ အဂတိလိုက်​စားမှု ​မြောက်​​ကြောင်း အဆိုပါ​ကော်​မရှင်​ထံမှသိရသည်​။

ယင်း​ကြောင့်​ ​ဒေါက်​တာ​အော်​​ဇော်​သည်​ လာဘ်​​ပေး လာဘ်​ယူခဲ့ခြင်း မရှိ​သော်​လည်း အဂတိ ဥပ​ဒေဖြင့်​ ပထမဆုံးအ​ရေးယူ​ခဲ့ရခြင်း​ ​ကြောင်း အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ထံမှသိရသည်​။

၎င်းကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ရုံးပိတ်ရက်ခံသွား၍ စက်တင်ဘာလ ၉ ရက်နေ့တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *