ဦးဝီရသူ ပိုင်ဆိုင်မှုဝရမ်း တရားရုံးသို့ပြန်မသွင်းနိုင်သေး

ရန်ကုန်၊ စက်တင်ဘာ ၉

ဦးဝီရသူ ပိုင်ဆိုင်မှုများကို ၀ရမ်းကပ်ရန် ထုတ်ပြန်ထားသော်လည်း အဆိုပါဝရမ်းကို ယနေ့(စက်တင်ဘာ ၉) ရုံးချိန်းတွင် မတင်ပြနိုင်သောကြောင့် ၀ရမ်းအတည်ပြု ပြန်သွင်းရန် စက်တင်ဘာ ၂၃ ရက်ကို ပြန်လည် ချိန်းဆိုလိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှသိရသည်။

ဦးဝီရသူ ပိုင်ဆိုင်မှုများကို ၀ရမ်းကပ်ရန် သြဂုတ်လ ၉ ရက်နေ့က အနောက် ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါဝရမ်းကို စက်တင်ဘာလ ၉ ရက်နေ့တွင် တရားရုံးသို့ ပြန်သွင်းနိုင်ခဲ့ခြင်းမရှိ ကြောင်း အဆိုပါတရားရုံးထံမှသိရသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူကို လာရောက် အဖမ်းခံ ဖြေရှင်းရန် ဇူလိုင် ၉ ရက် ရုံးချိန်းတွင် အမှုစစ်တရားသူကြီးက အမိန့်ချထားသော်လည်း လာရောက်ဖြေရှင်းခြင်း မရှိ၍ ၎င်းပိုင်ဆိုင် သည့် ပစ္စည်များကို ၀ရမ်းကပ်ရန် ကြေညာရခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှသိရသည်။

ဦးဝီရသူ(ခ)အရှင်ဝိစိတ္တဘိဝံသကို မေ လ ၅ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြော ချက်များနှင့် ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဦးစန်းမင်းက တရားလို ပြုလုပ်ကာ နိုင်ငံအနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) ဖြင့် ဦးတိုက်လျှောက်ထားမှုကိုလက်ခံခဲ့ပြီး မေလ ၂၈ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူသည် ဆရာတော်ကြီးများက ဓမ္မစက်ဖြင့် ဆိုဆုံးမမှုကိုခံယူ ပြီးမှ ရဲနှစ်ဦးဖြင့် လာရောက်အဖမ်းခံမည်ဟု ရုရှားနိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖြစ်သည့် VK တွင်ပြောဆိုထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *