ဖောက်ခွဲရေးပစ္စည်များဖြင့် တွေ့ရှိသူများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

Photo by Police

မန္တလေး၊ စက်တင်ဘာ ၁၀

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့သူ လေးဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်တွင် ယမ်းထုပ် ၂၈ ထုပ်၊ ဒီတိုနေတာ ၁၀၀ ထုပ်ပါ ၁၀ ခုကို ဖယောင်းချောင်းများ၊ စက္ကူလိပ်များ၊ ဂြိုလ်တုဖုန်း၊ မှန်ပြောင်း စသည့်ပစ္စည်းများဖြင့် တွေ့ရှိရသဖြင့် ယင်းကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်ကြောင်း ယင်းမြို့နယ် အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

၎င်းတို့သည် AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်သည်ဟု ကနဦးသိရှိထားရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အမှတ် ၁၁ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း ၎င်းက ဆိုသည်။

” တိုင်းရဲတပ်ဖွဲ့ရုံးမှာ စစ်ဆေးနေပါတယ် ” ဟု ၎င်းက ပြောသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)မှာ ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ယင်းဥပဒေတွင် ဆိုထားသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်လှစ်ရခြင်းသည် ယင်းဥပဒေပုဒ်မ ၃၉(က)/(ခ)ကို ကျူးလွန်ခြင်းကြောင့်ဖြစ်ပြီး ပုဒ်မ ၃၉ သည် မည်သူမဆို သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန် သော် လည်းကောင်း၊ စီးပွားရေးနစ်နာဆုံးရှုံးမှု ကြီးမားစွာ ဖြစ်စေရန်သော်လည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေရန်သော်လည်းကောင်း ရည်ရွယ်၍ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုအတွက် ပြဋ္ဌာန်းထားသည့် ပုဒ်မ ဖြစ်သည်။

၃၉(က)သည် အများပြည်သူ အသုံးပြုသည့်နေရာ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်စက်ကိရိယာ စသည်တို့ ပေါ်တွင် ပေါက်ကွဲစေသော ပစ္စည်းများကို ပေးအပ်မှု၊ ချထားမှု၊ စွန့်ပစ်မှု၊ ဖောက်ခွဲမှု၊ ဖျက်ဆီးမှုတို့ကို တားမြစ်ထားခြင်း ဖြစ်ပြီး ၃၉(ခ)ကမူ ၃၉(က)ကို ကျူးလွန်ရန် အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု၊ ကြံရာပါမှု တို့ကို ကျူးလွန်လျှင် တပ်ခံရမည့် ပုဒ်မ ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *