ရနောင်းရှိ မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာဆက်သင်နိုင်ရေး ထိုင်းအစိုးရ ဖြေရှင်းပေးမည်

ပုံစာ - ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး MR Chatu Mongol Sonakul

ရန်ကုန်၊ စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံ၊ ရနောင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များသည် ပညာရေးဌာနများ ပိတ်ထားသည့်အတွက် ပညာဆက်လက်သင်ကြားရေး အခက်အခဲဖြစ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားသည်။

ယင်းသို့ကြုံတွေ့နေရသည့် အခြေအနေမှ ကလေးများ ပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ထိုင်းနိုင်ငံ အလုပ်သမားနှင့် လုံခြုံရေးဌာန အရာရှိများက အတူတကွကြိုးပမ်းလျက်ရှိကြောင်း ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး MR Chatu Mongol Sonakul က ပြောကြားသည်။

ထိုင်းအလုပ်သမားရေးရာဝန်ကြီးသည် စက်တင်ဘာ ၁၀ ရက်က မြန်မာသံအမတ် ဦးမျိုးမြင့်သန်းနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုတွင် ရွှေ့ပြောင်းကလေးငယ်များကို ပညာသင်ကြားပေးနေသည့် ပညာရေးဌာနများတွင် လုပ်ကိုင်နေသည့် မြန်မာကျောင်းဆရာ ၃၂ ဦးကို ထိုင်းက သြဂုတ်လ ၂၆ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ခြင်းကို စိုးရိမ်မိကြောင်း မြန်မာသံအမတ်က ပြောဆိုခဲ့သည်။

ယင်းသို့ ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာ ၃၂ ဦးထဲမှ ၃၁ ဦးသည် လူဝင်မှုကြီးကြပ်ရေးထောက်ခံစာ ကိုင်ဆောင်ပြီး တစ်ဦးမှာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူဖြစ်သည်။

၎င်းတို့သည် ရနောင်းရှိ သင်ကြားရေးဌာနများတွင် လိုင်စင်မရှိဘဲ စာသင်ကြားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

သူတို့သည် ရွှေ့ပြောင်းအလုပ်သမားအဖြစ်သာ မှတ်ပုံတင်လျှောက်ထားခဲ့ပြီးနောက် ထိုင်းအလုပ်သမားဥပဒေကို ဖောက်ဖျက်ပြီး စာသင်ကြားရေးအလုပ်ကို လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ကျောင်းဆရာ ၃၂ ဦးကို တစ်ဦးလျှင် ဘတ် ငါးထောင် ဒဏ်ရိုက်ခဲ့ပြီး သင်ကြားရေးဌာနများမှ ထုတ်ပယ်ခဲ့ခြင်းသာ ဖြစ်ပြီး အဆိုပါဌာနများကို ပိတ်ခိုင်းခဲ့ခြင်းမဟုတ်ကြောင်း MR Chatu Mongol က ဆိုသည်။

သံအမတ်ကြီးသည် မြန်မာကလေးငယ်များ၏ ပညာရေးထိခိုက်မည်ကို စိုးရိမ်ခဲ့သည်ဟုလည်း သူက ပြောကြားခဲ့သည်။

ပညာရေးဌာနများတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များကို မြန်မာ၊ ထိုင်းနှင့် အင်္ဂလိပ်ဘာသာစကား အရေး၊ အဖတ် သင်ကြားပေးလျက်ရှိသည်။

ကလေးငယ်များသည် နောက်ဆုံးတွင် နေရပ်ပြန်ကြမည်ဖြစ်သောကြောင့် သင်ခန်းစာများကို မြန်မာ့ပညာရေး သင်ရိုးအတိုင်း သင်ကြားပေးခြင်းဖြစ်ပြီး ယင်းကြောင့်ပင် မြန်မာဆရာများကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

ရနောင်းရှိ ပထမဆုံး သင်ကြားရေးဌာနကို ၂၀၀၆ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ သင်ကြားရေးဌာန ၁၀ ခုရှိနေပြီး မြန်မာကလေးငယ် သုံးထောင်ခန့် ပညာသင်ကြားနေသည်။

MR Chatu Mongol ကမူ ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ဖြေရှင်းမည့်နည်းလမ်း ရှာဖွေသွားမည်ဟု ဆိုသည်။

“ထိုင်းက ရွှေ့ပြောင်းအလုပ်သမား လိုအပ်ပါတယ်၊ အလုပ်သမားအများစုက ဂရုစိုက်ရမယ့် ကလေးတွေရှိကြတယ်။ ကျွန်တော်တို့ကလည်း သူတို့ကလေးတွေကို ဂရုစိုက်ရမယ်။ ပြီးတော့ သူတို့အတွက် အခြေခံပညာရေး ထောက်ပံ့ပေးဖို့လည်း လိုအပ်ပါတယ်” ဟု သူက ဆိုခဲ့သည်။

ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းမှုအဖြစ် သင်ကြားရေးဌာနများအတွက် မြန်မာကျောင်းဆရာများကို အထူးရွေးချယ်ခန့်အပ်သွားခြင်းဖြစ်ပြီး ယင်းသို့ဖြစ်ပေါ်လာပါက ရွှေ့ပြောင်းအလုပ်သမားအများစုရှိသည့် အခြားခရိုင်များရှိ သင်ကြားရေးဌာနများတွင်လည်း အလားတူ အရည်အချင်းသတ်မှတ်ချက်မျိုးဖြင့် အလုပ်လျှေက်ထားနိုင်လိမ့်မည်ဟုလည်း သူက ပြောကြားခဲ့သည်။

မြန်မာဆရာများ၏ လစာမှာ တစ်လ ဘတ် ငါးထောင်သာရပြီး ယင်းသည် ရနောင်းရှိ အနိမ်ဆုံး တစ်ရက်လုပ်ခ ဘတ် ၃၁၀ နှင့် နှိုင်းယှဉ်ပါက နည်းသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သင်ကြားရေးဌာနများနှင့် အနီးကပ်လုပ်ကိုင်နေသည့် INGOs ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“လစာက အရမ်းနည်းတယ်၊ ကျောင်းဆရာတွေက လုပ်အားပေးသဘောမျိုး ဖြစ်နေတယ်”ဟု ၄င်းက ဆိုသည်။

သင်ကြားရေးဌာနများ ပြန်ဖွင့်နိုင်ရေး အစိုးရ၏ အကူအညီလိုအပ်သည်ဟုလည်း ၄င်းက ဆိုသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *