အခက်အခဲကြားက ပွင့်သည့်ကြာ သို့မဟုတ် ကဲဆုသာ

အခြေခံပညာ သုံးတန်းအထိသာ ပညာသင်ခဲ့ရသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ကိုယ်ပိုင်ဝတ္ထုရေးနိုင်သည်။

သူရေးထားသော The Film အမည်ရှိဝတ္ထုကို ယခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိန်နိုင်ငံရှိ Austin Macauley စာအုပ်တိုက်မှတစ်ဆင့် ထုတ်ဝေဖြန့်ချိခဲ့သည်။

တူ၊ လွှ၊ ဆောက် စသည့် လက်သမားပစ္စည်းများကို စွန့်လွှတ်ကာ ဆေး၊ စုတ်တံစသည့် ပန်းချီပစ္စည်းများကို အသုံးပြုပြီး ပန်းချီကားများရေးနေသူလည်း ဖြစ်သည်။

မတူညီသည့် နယ်ပယ်တစ်ခုမှတစ်ခုသို့ ခုန်ကျော်ပြောင်းလဲ ရပ်တည်နိုင်ရန်မှာ ယေဘုယျအားဖြင့် မဖြစ်နိုင်ဟု ထင်စရာရှိသော်လည်း ကိုကဲဆုသာအတွက်မူကား တစ်မျိုးသောအဓိပ္ပာယ်ထွက်လေသည်။ ဖြစ်ချင်သည့်ကိစ္စများကို တစ်စိုက်မတ်မတ်လုပ်ကိုင်ပါက ဖြစ်နိုင်သည်ဆိုသော အဓိပ္ပာယ်ပင်ဖြစ်သည်။

(၁)      

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊  (၃၈) ရပ်ကွက်၊ အဲမွန်ဒြာလမ်းရှိ တစ်ထပ်တိုက်လေးထဲတွင် ကိုကဲဆုသာ နေထိုင်သည်။

၎င်းနေထိုင်သည့် အခန်းထဲတွင် ပန်းချီဆွဲသည့် ဆေး၊ စုတ်တံ၊ ပန်းချီကားများ၊ နံရံနှင့် အပြည့်စာအုပ်များ၊ လက်ပ်တော့တစ်လုံးတို့ ရှိသည်။

“အိမ်ထောင်မရှိဘူး။ အစ်မတွေနဲ့ အတူတူနေတာ” ဟု ကိုကဲဆုသာက ပြောကြားသည်။

အမည်ရင်းမှာ ကိုမျိုးချစ်ဖြစ်သော်လည်း မြန်မာဝတ္ထုနှင့်ကဗျာများကို အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း၊ ဝတ္ထုရေးခြင်း၊  ပန်းချီဆွဲခြင်း စသည့်အလုပ်များကို ကဲဆုသာနာမည်ဖြင့် လုပ်ကိုင်နေသည်။ ကိုကဲဆုသာ၏ မွေးဇာတိမှာ မကွေးတိုင်း အောင်လံမြို့ဖြစ်သည်။ လက်သမားအလုပ်လုပ်ကိုင်သည့် အဘဦးပွေးနှင့် အမိဒေါ်သောင်းတို့မှ ၁၉၆၅ ခုနှစ် ဇူလိုင်လတွင် မွေးဖွားခဲ့သည်။

ကိုကဲဆုသာသည် အောင်လံမြို့ရှိ ကျောင်းစု မူလတန်းကျောင်းတွင် အခြေခံပညာ သုံးတန်းအထိသာ ကျောင်းနေခဲ့ရသည်။ မိသားစုက ကျောင်းထားရန် မတတ်နိုင်သဖြင့် ကျောင်းထွက်ခဲ့ရသည်။

ကျောင်းကထွက်ပြီးနောက် အောင်လံမြို့ရှိ ပြဿဒ်ဘုန်းကြီးကျောင်းတွင် ရှင်သာမဏေအဖြစ် ၂ နှစ်ခန့် ကိုရင်ဝတ်ခဲ့ပြီး ပါဠိ၊ သဒ္ဒါစသည့် ဗုဒ္ဓစာပေများကို သင်ကြားခဲ့ကြောင်း ကိုကဲဆုသာက ပြောပြသည်။ အခြားတစ်ဖက်တွင်လည်း ငယ်စဉ်ကတည်းကပင် အင်္ဂလိပ်စာကို  စိတ်ဝင်စားပြီး အင်္ဂလိပ်စာတတ်မြောက် ချင်ခဲ့သည်။

“တချို့ကိစ္စတွေက ပြောဖို့ခက်တယ်။ ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်မှန်းမသိဘူး။ တတ်ချင်တယ်” ဟု ကိုကဲဆုသာက ဆိုသည်။

ပထမဦးစွာ အင်္ဂလိပ်စာကို ပြဿဒ်ဘုန်းတော်ကြီးကျောင်းတွင် သင်ကြားခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကာ ဆယ်တန်းစာမေးပွဲဖြေရန် ကြိုးပမ်းနေသည့် ကိုမင်းစိန်ဆိုသူက  ကိုကဲဆုသာအား အင်္ဂလိပ်အက္ခရာ A,B,C,D ကို လေးကြောင်းမျဉ်းစာအုပ်တွင် ရေးနည်း ၊ အသံထွက်နည်း သင်ပေးခဲ့သည်။

ထိုစဉ်က အင်္ဂလိပ်စာကို ငါးတန်းရောက်မှသာ သင်ရခြင်းဖြစ်သော်လည်း ကိုကဲဆုသာအတွက်မူ သုံးတန်းအောင်ပြီးနောက်တွင် အင်္ဂလိပ်စာသင်ခွင့်ရသည့် အနေအထားလည်းဖြစ်သည်။ ကိုမင်းစိန်လည်း ဆယ်တန်းစာမေးပွဲကျသဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်မနေဘဲ  ရွာပြန်သွားပြီးနောက်တွင် ကိုကဲဆုသာ လည်း ကိုရင်ဝတ်ရာမှ လူထွက်ခဲ့သည်။

ဖခင်ဖြစ်သူနှင့်အတူ လက်သမားအလုပ်ကို လုပ်ကိုင်ခဲ့ပြီး အတန်းအလိုက်ထုတ်သည့် အင်္ဂလိပ်စာ Text Book ဘာသာပြန်စာအုပ်များဝယ်ကာ အင်္ဂလိပ်စာကို ဆက်လက်လေ့လာဖြစ်ခဲ့ကြောင်း ကိုကဲဆုသာက ဆိုသည်။

“အင်္ဂလိပ်မီးနင်း Text Bookကို ဘာသာပြန်ထားတဲ့စာအုပ်ကို နားလည်လည်မလည်လည် ဖတ်တာပဲ။ အသံထွက်တွေကလည်း မှားတယ်။ တော်တော်ကို မှားတာ။ အဲဒါဖတ်။ ပထမ ငါးတန်းစာအုပ်။  နောက်ခြောက်တန်း။ အဲဒီလို အတန်းလိုက် ဝယ်ဝယ်ဖတ်တာပဲ” ဟု ၎င်းက ပြောပြသည်။

အတန်းလိုက်ထုတ်သည့် အင်္ဂလိပ်စာ Text Book များကို ဈေးထဲတွင်တွေ့ပါက ဝယ်ယူလာရန် မိခင်ဖြစ်သူက  ရပ်ကွက်ထဲက ဆိုက်ကားဆရာ ဦးမြသန်းအား ပိုက်ဆံပေးပြီးမှာထားရာ ဦးမြသန်းက စာအုပ်များကို ဝယ်လာလေ့ရှိပြီး ယင်းစာအုပ်များကို ပုံမှန်ဖတ်ဖြစ်ခဲ့သည်။

ဖခင်ဖြစ်သူနှင့်အတူ အောင်လံမြို့နယ်တစ်ဝိုက်ရှိ ရွာများတွင် လက်သမားလိုက်လုပ်ရင်း ရန်ကုန်မှလာသည့် အင်္ဂလိပ်စာသင်သော ဦးပဉ္စင်းတစ်ပါးကို တွေ့ဆုံဖြစ်ခဲ့ရာ ယင်းဦးပဉ္စင်းက ကိုကဲဆုသာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များပေးဖတ်ခဲ့သဖြင့် ကိုကဲဆုသာတစ်ယောက် အင်္ဂလိပ်စာဖတ်ခွင့်ရခဲ့သည်။

“သူ့ဆီက ဘာရလဲဆိုရင် ဦးချစ်သိန်းဦးရေးတဲ့ English for Adult Learner ကို သူ့ဟာသူပြန်ရေးတာ။ အဲဒီစာအုပ်တွေဖတ်ရတယ်။ English Dictionary ငှားတယ်။ အဲဒီမှာ တောမှာနေရင်း အင်္ဂလိပ်စာ ထပ်လေ့လာဖြစ်တယ်။ အောင်လံမှာနေတုန်းက အဲဒီစာအုပ်တွေမရှိဘူး”ဟု ကိုကဲဆုသာက ပြောပြသည်။

ထို့ပြင် ဦးသိန်းဆွေဆိုသော အင်္ဂလိပ်စာအုပ်များ စုဆောင်းသည့် သချာင်္ဘာသာရပ်သင် ဆရာတစ်ဦးထံမှလည်း အင်္ဂလိပ်စာအုပ်များ ငှားယူဖတ်ရှုခွင့်ရခဲ့ကြောင်း ၎င်းကပြန်ပြောင်းပြောပြသည်။ တစ်နေကုန်  လက်သမားအလုပ်လုပ်ကိုင်ပြီး အိမ်ရောက်ပါက ရေချိုး၊ ထမင်းစားပြီး စာဖတ်သည့်အလုပ်ကိုသာ သူတစ်စိုက်မတ်မတ်လုပ်ဖြစ်ခဲ့ကြောင်း ကိုကဲဆုသာကပြောသည်။

“ပြောမယ်ဆိုရင် တောမှာနေရင်း တက္ကသိုလ်တက်သလိုမျိုးဖြစ်တာ။ အလုပ်က ညနေ ၅ နာရီလောက်ဆိုနားပြီ လေ။ ရေချိုးထမင်းစားပြီးတာနဲ့ ည ၁၂ နာရီ၊ ၁ နာရီလောက်အထိ ရေနံဆီမီးခွက်နဲ့ စာဖတ်တာပဲ”

(၂)

ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်ပြီးနောက် အသက် ၂၄ နှစ်အရွယ်တွင် ကိုကဲဆုသာတစ်ယောက် ရန်ကုန်မြို့သို့ ရောက်ခဲ့လေသည်။

ပန်းချီဆွဲလိုခြင်း၊ စာရေးလိုခြင်း၊ အင်္ဂလိပ်စာ ဆက်လက်လေ့လာလိုခြင်း စသည့်ရည်ရွယ်ချက်များကို အကောင် အထည်ဖော်ရန် မျှော်လင့်ချက်ဖြင့် ရန်ကုန်မြို့သို့ သူလာခဲ့သည်။

“အင်္ဂလိပ်စာလေ့လာမယ်။ ဗမာကဗျာ၊ ဝတ္ထုတွေကို အင်္ဂလိပ်လိုပြန်မယ်။  ကိုယ်တိုင်လည်း အင်္ဂလိပ်လိုရေးမယ်။ ပန်းချီဆွဲမယ်။ အဲဒီရည်ရွယ်ချက်နဲ့ တက်လာတာ။ ပန်းချီပဲဆွဲဆွဲ၊ စာပဲရေးရေး  အင်္ဂလိပ်စာတတ်ဖို့လိုတာပေါ့” ဟု ၎င်းကဆိုသည်။

ရန်ကုန်သို့ရောက်လာပြီးနောက်  မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကိုကဲဆုသာတစ်ယောက် လက်သမားအလုပ် ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့သည်။

ရန်ကုန်ရောက်ခါစက သမိုင်းအရပ်ရှိ မိတ်ဆွေတစ်ဦး၏အိမ်တွင် နေထိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်လုပ်သည့် လုပ်ငန်းခွင်၌ပင်နေထိုင်ဖြစ်ခဲ့သည်။

အလုပ်အားသည့်ညဘက်တွင် အင်္ဂလိပ်စာလေ့လာသကဲ့သို့ နေ့ခင်းဘက် အလုပ်နားသည့်အချိန်တွင်လည်း အင်္ဂလိပ်စာဖတ်ခဲ့ကြောင်း၊ ဘတ်စ်ကားစီးကာ အလုပ်သွားရသည့်ကာလများ၌ ဘတ်စ်ကားပေါ်တွင် အင်္ဂလိပ်စာဖတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

အင်္ဂလိပ်စာဖတ်ရာတွင်လည်း ဗလာစာအုပ်တစ်အုပ်ဖြင့် နှစ်သက်သော အင်္ဂလိပ်စာပိုဒ်များကို ကူးယူမှတ်သားလေ့ရှိကြောင်း ကိုကဲဆုသာကပြောပြသည်။

“မှတ်စုလေးတွေ ထုတ်တာပေါ့။ ဗလာစာအုပ်နဲ့ကူး။ ကားစီးတဲ့အချိန်မှာ အဲဒီဗလာစာအုပ်နဲ့ ကူးထားတာကို  ဖတ်တယ်။ ကားစီးတဲ့အချိန်က ကျောင်းတက်သလိုမျိုးပဲ။ စာကျက်တာပေါ့။ အဲဒီလိုနဲ့ လုပ်ခဲ့တာပေါ့”ဟု ၎င်းက  ဆိုသည်။

ထို့နောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အင်ဂျင်နီယာတစ်ဦးကညွှန်းသဖြင့် ဆရာမ ဒေါ်လီလီသင်ကြားသည့် FMA အင်္ဂလိပ်စာသင်တန်းကျောင်းတွင် ကိုကဲဆုသာတစ်ယောက် အင်္ဂလိပ်စာသင်ခဲ့သည်။

ယင်းသင်တန်းတွင် သင်တန်းတက်နေသည့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူသူငယ်ချင်း မခိုင်သဇင်ကညွှန်းသဖြင့် ဆရာမောင်သာနိုး၏ အင်္ဂလိပ်စာသင်တန်းတွင် အင်္ဂလိပ်စာဆက်သင်နိုင်ရန် ကြိုးပမ်းခဲ့ပြန်သည်။

ထိုစဉ်က ဆရာမောင်သာနိုးသည် သူ၏သင်တန်းတွင် ဆယ်တန်းအောင်ထားသူများသာ လက်ခံသည်။ ဆယ်တန်းအောင်သူများကိုသာ ကျောင်းအပ်လက်ခံကြောင်း သင်တန်းတွင် ဆိုင်းဘုတ်ပင်  တင်ထားသေးသည်။

သို့ဖြစ်ရာ သုံးတန်းသာအောင်သော ကိုကဲဆုသာအတွက် သင်တန်းတက်ခွင့်ရရန်မှာ မလွယ်သည့်အနေအထား  ဖြစ်သည်။

ကြိုးစားသူတို့အတွက် အခွင့်အလမ်းသည် ရောက်လာမြဲဖြစ်သည်။

“ဖြစ်ချင်တော့ ခိုင်သဇင်က အဲဒီကျောင်းမှာတက်နေတာ။ သူက ထောက်ခံပြီးတော့ အပ်ပေးတာ။ အစ်ကိုက ဒီတိုင်းပဲသွားတာဆိုတော့ ပိုက်ဆံမပါဘူး။ ပိုက်ဆံ ၁၀၀ လားမသိဘူး ကျောင်းလခက။ သူစိုက်ပေးလိုက်တာ။ သူသာမကူညီရင် တက်ဖြစ်မှာမဟုတ်ဘူး” ကိုကဲဆုသာ ရယ်မောကာပြောပြသည်။

သို့သော် အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရသဖြင့် ရေရှည်ကျောင်းမတက်နိုင်ခဲ့။ တနင်္လာမှ သောကြာနေ့  အထိအလုပ်လုပ်ကာ စနေ၊ တနင်္ဂနွေတွင် ကျောင်းတက်ခဲ့ရသည်။

ဆရာမောင်သာနိုး၏သင်တန်းတွင် နှစ်လ၊ သုံးလခန့်တက်ပြီး နားလိုက်ပြန်တက်လိုက်ဖြင့် တစ်နှစ်ခန့်ကြာပြီး နောက်တွင် သင်တန်းမတက်ဖြစ်ဘဲ မိမိဘာသာ အင်္ဂလိပ်စာလေ့လာခဲ့ကြောင်း ကိုကဲဆုသာကဆိုသည်။

နေ့စဉ်ဒိုင်ယာရီကို အင်္ဂလိပ်လိုရေးသည်။ ရေးသားပုံကွဲပြားသည့် သမ္မာကျမ်းစာ၏ မူငါးမျိုးကို ဗလာစာအုပ်တွင်  ဇယားငါးကွက်ဆွဲကာ မှတ်စုထုတ်ပြီး လေ့လာခဲ့သည်။

ကိုယ်တိုင်အင်္ဂလိပ်လိုရေးသားထားသည်များကို ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားဖြစ်သူ သားဂျာနယ်ကျော် ဦးမိုးဟိန်းထံတွင် ပြသကာ အကြံဉာဏ်များရယူခဲ့ကြောင်း  ကိုကဲဆုသာက ဆိုသည်။

“ဦးမိုးဟိန်းကျတော့ ဦးလေးလိုဖြစ်နေတော့ မကြောက်ရဘူး။ မေးချင်တာ မေးလို့ရတယ်။ အစ်ကိုက အင်္ဂလိပ်လိုရေး  သူ့ကိုပြကြည့်။ သူက ဒါလေးဒီလိုရေး၊ ဟိုဟာဟိုလိုရေး အဲဒီလိုပြန်ပြင်ပေးတယ်”  ဟု ၎င်းက ပြောပြသည်။

(၃)

ကိုကဲဆုသာသည် အင်္ဂလိပ်စာတွင်သာမက ပန်းချီပညာဘက်တွင်လည်း လေ့လာမှုအားကောင်းသည်။ အောင်လံမြို့တွင်နေစဉ် ကလေးဘ၀ကပင် ပန်းချီဆွဲခြင်း၊ ဝတ္ထု၊ ကဗျာများရေးသားခြင်းကို  ဝါသနာအရ လုပ်ဖြစ်ခဲ့သည်။ 

ရန်ကုန်မြို့သို့ ရောက်ပြီးနောက်တွင် ပန်းချီပညာကို ဆက်လက်လေ့လာဖြစ်ပြီး ပန်းချီကားများလည်း ရေးဆွဲဖြစ် ကြောင်း ကိုကဲဆုသာက ဆိုသည်။

ရန်ကုန်အနုပညာကျောင်းတွင် ညဘက်ပန်းချီသင်တန်းတက်ပြီးနောက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ပန်းချီသဘောတရားစာအုပ်များကို ဖတ်ရှုလေ့လာဖြစ်ခဲ့ပြန်သည်။ ထိုအားထုတ်မှုသည် သူ့ရှိရင်းစွဲအရည်အချင်းကို ပိုတက်လာစေသည်။

လက်ရှိတွင် ကိုကဲဆုသာရေးဆွဲထားသည့် ပန်းချီကားပေါင်း ၃၀၀ ကျော် ရှိနေပြီဖြစ်သည်။ ဘာသာပြန်စာအုပ် ခုနစ်အုပ်ခန့်လည်း ထုတ်ဝေထားပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် The Film ဝတ္ထုကို ဖေဖော်ဝါရီလကပင်  ပူပူနွေးနွေးထုတ်ဝေထားသည်။

နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်ရင်းဖြင့် The Film ဝတ္ထုရေးရန် သူစိတ်ကူးရခဲ့ခြင်းဖြစ်သည်။

“ကြည့်နေရင်းနဲ့ လူကသိနေတယ်။ ဟိုလူက သရုပ်ဆောင်နေတယ်။ ဟိုလူက စိတ်ဆိုးချင်ယောင်ဆောင်နေ တယ်။ ဝမ်းနည်းချင်ယောင်ဆောင်နေတယ်။ အဲဒီ သရုပ်ဆောင်ပုံကြီးကို မြင်နေတာ။ မြင်နေရင်းမှ The Film ကိုလုပ်ဖို့  စိတ်ကူးရတာ။ အဲလိုပဲ တစ်ကြောင်းရေး၊ နှစ်ကြောင်းရေး မှတ်စုရေးရင်းနဲ့ နောက်ကျတော့  ရေးလိုက်ပစ်ထားလိုက်နဲ့ ရှစ်နှစ်လောက်ကြာတယ်။ နောက်ဆုံးရေးပြီး သွားတယ်” ဟု ၎င်းကဆိုသည်။

ကိုကဲဆုသာသည် ၂၀၀၃ ခုနှစ်ဝန်းကျင်မှ ၂၀၁၀ ပြည့်နှစ်အထိ အင်္ဂလိပ်စာဆရာအဖြစ် ရန်ကုန်မြို့တွင် လုပ်ကိုင်ခဲ့သေးသည်။

ပန်းချီဆွဲသည့်အလုပ်၊ ဝတ္ထုရေးသည့်အလုပ်၊ ဘာသာပြန်သည့်အလုပ် ကိုတို့ကိုသာ ပိုမိုအချိန်ပေးလုပ်ကိုင်လိုသဖြင့်  အင်္ဂလိပ်စာသင်သည့်အလုပ်ကို ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ကိုကဲဆုသာက  ပြောပြသည်။

လက်ရှိအချိန်တွင်လည်း ထိုအလုပ်များကိုသာ သူလုပ်ကိုင်ဖြစ်နေသည်။  သို့သော်ပန်းချီဆွဲခြင်း၊ အင်္ဂလိပ်စာ လေ့လာခြင်းတို့ကို အလွယ်တကူလုပ်ခွင့်ရခဲ့သည်တော့ မဟုတ်ပေ။

လက်သမားအလုပ်လုပ်ကိုင်သော ဖခင်ဖြစ်သူနှင့်အစ်ကိုဝမ်းကွဲတို့က ကိုကဲဆုသာကို အင်္ဂလိပ်စာမလေ့လာရန်  ဝိုင်းတားခဲ့ကြသည်။

အတန်းပညာသုံးတန်းအထိသာနေခဲ့ပြီး လက်သမားအလုပ်လုပ်နေသည့် လူငယ်လေးတစ်ဦးက အင်္ဂလိပ်စာ တတ်ချင်ပြီး အင်္ဂလိပ်လိုဝတ္ထုရေးချင်သည့် စိတ်ကူးမှာ တစ်နည်းအားဖြင့် အခြားသူများအမြင်တွင် မဆီမဆိုင်နှင့် ကြောင်တောင်တောင်နိုင်သည့် စိတ်ကူးဟု သတ်မှတ်ကြမည် မဟုတ်ပါလား။

“တွက်ကြည့်လေ။ တကယ့်ကို  ရူးတူးတူး၊ ပေါတောတော သဘောဖြစ်တာပေါ့။ လက်သမားတစ်ယောက်က  အင်္ဂလိပ်စာတတ်ပြီး ဘာသွားလုပ်မှာလဲ။  ဘာမှလုပ်မရဘူးလေ။ သူတို့ဘာပြောလဲဆိုရင် စာအုပ်ဝယ်ပြီဆိုတာနဲ့ မင်းဘာလုပ်မှာလဲဆိုတာမျိုး။ ကိုယ့်ဘာသာ ကိုယ်စူး၊ ဆောက်၊ လွှ ဝယ်ဖို့ပြောတယ်။  အဲဒါ အကြိမ်တိုင်းအပြောခံရတယ်” ဟု  ကိုကဲဆုသာကဆိုသည်။

မိသားစုက အင်္ဂလိပ်စာလေ့လာရန်  အားမပေးခဲ့သည့်အပြင် ဝိုင်းတားသည့်ကြားက ကိုကဲဆုသာက အင်္ဂလိပ်စာကို မဆုတ်မနစ် ဇွဲလုံ့လအပြည့်ဖြင့် လေ့လာခဲ့ခြင်းဖြစ်သည်။ အောင်လံတွင်နေစဉ်က သွားလေရာသို့ အင်္ဂလိပ်စာအုပ်ကို လက်ကယူသွားတတ်သဖြင့် ပတ်ဝန်းကျင်ကလည်း မျက်မုန်းကျိုးကြသည်အထိပင်။

“တားတဲ့ကြားက ရအောင်လုပ်တာ။ လုပ်တယ်ဆိုတာလည်း သူတို့ကို  မခံချင်လို့မဟုတ်ဘူး။ မလုပ်ဘဲမနေနိုင်လို့ လုပ်တာ။ အင်္ဂလိပ်စာဖတ်နေရရင် ပျော်လို့လုပ်တာ။ သူတို့ကိုမခံချင်စိတ်နဲ့ တော်ကို တော်ရမယ်။ စာရေးဆရာကြီးဖြစ်အောင် ကြုံးဝါးပြီးလုပ်တာလည်း မဟုတ်ဘူး။  အဖြေက ရှင်းရှင်းလေးပဲ။ မလုပ်ဘဲမနေနိုင်တာ၊ စာမဖတ်ဘဲမနေနိုင်တာ။ အဲဒါကြောင့်ပါ”ဟု ကိုကဲဆုသာက ပြောပြသည်။

ရန်ကုန်တွင်နေထိုင်ရင်း အင်္ဂလိပ်စာနှင့် ပန်းချီသဘောတရား လေ့လာရသည်ကလည်း မလွယ်ကူခဲ့ပေ။ လက်သမားအလုပ်ရှိသည့်အခါ အလုပ်မှပိုက်ဆံရသဖြင့် စားဝတ်နေရေး ပြေလည်သော်လည်း  အလုပ်မရှိသည့်အခါများတွင် ဝင်ငွေမရှိသဖြင့် အကျပ်အတည်း တွေ့ရသည်လည်းရှိသည်။

“အလုပ်မရှိလို့ဆိုပြီး ထမင်းစားဖို့  ပိုက်ဆံရအောင် ဝယ်ထားတဲ့စာအုပ်တွေ ပြန်ရောင်းရတာလည်း ရှိသေးတယ်။ ဈေးလည်း အများကြီးမရပါဘူး။ နှမြောတာတော့ ပြောမနေနဲ့” ဟု ၎င်းက  ဆိုသည်။

(၄)

ကိုကဲဆုသာ၏ မိတ်ဆွေဘာသာပြန် ဆရာကိုမိုးသက်ဟန်ကလည်း ကိုကဲဆုသာ၏ The Film ဝတ္ထု ထွက်လာခြင်းကို  ဝမ်းသာမိကြောင်းဆိုသည်။

“သူ့ငယ်ဘ၀က တော်တော်ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီးတော့မှ အသက်ကြီးတဲ့အထိ မနားမနေ အမြဲတမ်းကြိုးစားတယ်။ အခုအသက် ၅၀ ကျော်တော့ သူ့အိပ်မက်က တကယ်ဖြစ်လာတယ်။ အင်္ဂလိပ် လိုရေးထားတဲ့ ဝတ္ထုတစ်ပုဒ်လည်း ထွက်လာတယ်။ ကိုယ့်နိုင်ငံမှာ ဒါမျိုးရှိတာ ဂုဏ်ယူဖို့လည်းကောင်းတယ်” ဟု ၎င်းကဆိုသည်။

ကိုကဲဆုသာ The Film ဝတ္ထုရေးနေခြင်းကို ကိုမိုးသက်ဟန်ပင် မသိခဲ့ပေ။ ကိုကဲဆုသာသည် ဝတ္ထုကို ကြိတ်ရေးနေခြင်းဖြစ်ပြီး Austin Macauley တိုက်က ဝတ္ထုထွက်လာမှသာ တအံတဩဖြင့်  သိလိုက်ရခြင်းဖြစ်ကြောင်း ကိုမိုးသက်ဟန်က ပြောကြားသည်။

“သူ့ရဲ့ဝီရိယအားကလည်း ကြောက်ဖို့ကောင်းတယ်။ မနားမနေလုပ်တယ်။ ပန်းချီဆွဲတယ်။ တခြားကလေး တွေကို စာသင်ပေးတာတွေလုပ်တယ်။ အဓိက ဒီအလုပ်လုပ်တဲ့သူတွေက ရေရှည်လုပ်နိုင်ဖို့က အရေးကြီးတာ။ ရေရှည်လုပ်နိုင်ရမယ်။ လောဘနည်းရမယ်။ သူဆို  လောဘတော်တော်နည်းတယ်။ အလုပ် လောဘနည်းတာမဟုတ်ဘူး။ ငွေကြေးဘာညာကိစ္စတွေမှာ လောဘနည်းတာ”  ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုကဲဆုသာကိုယ်တိုင်ကလည်း ဘ၀တွင် ငွေကြေးချမ်းသာမည့် အခွင့်အရေးများရခဲ့သော်လည်း ဝါသနာနှင့် မကိုက်ညီသည့် ငွေကြေးချမ်းသာနိုင်သော အလုပ်အကိုင်များကို မရွေးချယ်ဖြစ်ခဲ့ပေ။

မြန်မာနိုင်ငံတွင် ကန်ထရိုက်လုပ်ငန်းများ ခေတ်ကောင်းသည့်ကာလတစ်ခုရှိခဲ့ပြီး ထိုကာလများတွင် ကိုကဲဆုသာ၏ မိတ်ဆွေလက်သမားဆရာအချို့ပင် ကန်ထရိုက်တာအဖြစ်လုပ်ကိုင်ကာ လက်ရှိတွင် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားစသည်တို့ဖြင့် ချမ်းသာနေပြီဖြစ်ကြောင်း ကိုကဲဆုသာက ဆိုသည်။

ကိုကဲဆုသာမှာလည်း ကန်ထရိုက်တာအဖြစ် လုပ်ကိုင်ရန် အခွင့်အလမ်းရခဲ့သော်လည်း မိမိဖြစ်ချင်သော ဘ၀ မဟုတ်သဖြင့် သူစွန့်ခွာခဲ့သည်။

“အစ်ကိုလည်း အင်ဂျင်နီယာတွေနဲ့ ခင်တာပဲ။ Drawing တွေ ကိုယ့်ဟာကိုယ်ဆွဲနိုင်တယ်။ တွက်တတ်တယ်။ Drawing စာရွက်ကိုကြည့်ပြီး အိမ်ဆောက်တတ်တယ်။ ဆိုတော့ အင်ဂျင်နီယာတွေနဲ့ပေါင်းပြီး ကန်ထရိုက်လုပ်လို့ရတယ်။  ဒါပေမဲ့ အစ်ကိုကမလုပ်ဘူး။ အဲဒီ လမ်းကြောင်းကိုမရွေးဘူး။ ဒီဘ၀ပဲ လိုချင်တာ။ ဒီလမ်းကြောင်းပဲ ရွေးခဲ့တာ”  ဟု ကိုကဲဆုသာက ပြောပြသည်။

လက်ရှိတွင်ကိုကဲဆုသာသည်  နောက်ထပ်ဝတ္ထုရှည်တစ်ပုဒ်ကို အင်္ဂလိပ်လို ရေးနေပြန်သည်။ ဝတ္ထုကို Mr .Taxi Driverဟု လတ်တလောတွင် နာမည်ပေးထားကြောင်း ၎င်းကဆိုသည်။ ဝတ္ထုသည် ဝတ္ထုရှည်ဖြစ်သဖြင့် စာအုပ်ထွက်ရန်  ကြာဦးမည်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိတွင် စာမျက်နှာတစ်ရာခန့် ရေးပြီးနေပြီဟုလည်း ကိုကဲဆုသာက ပြောပြသည်။ အနာဂတ်တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် ဝတ္ထုရေးခြင်း၊ မြန်မာကဗျာ၊ ဝတ္ထုများကို အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ အင်္ဂလိပ်လို ရေးထားသည်များကို မြန်မာဘာသာပြန်ဆိုခြင်းနှင့် ပန်းချီဆွဲခြင်းများကိုသာ ဆက်လက်လုပ်ကိုင်သွားရန် စိတ်ကူးထားသည်။

လက်ရှိဖြစ်နေသောဘ၀သည် ငယ်ငယ်က စိတ်ကူးကာဖြစ်ချင်ခဲ့သောဘ၀နှင့် တစ်ထပ်တည်းကျပါ၏လောဟု ကိုကဲဆုသာကို The Voice Journal က မေးမြန်းခဲ့ရာ ၎င်းကယခုကဲ့သို အပြုံးတစ်ဝက်စွက်ကာ မှတ်ချက်ပေးသည်။

“တစ်ထပ်တည်းပဲ။ တစ်သွေမတိမ်းပေါ့”

 

ဇင်လင်းထက်       

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *