ကျောက်အုတ်တို့ ပြိုလေရာ (၈) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

အခန်း (၆)
ကျောင်းသားသမဂ္ဂ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ)

၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးမှ ထွက်ပေါ်လာသော များမြောင်လှသော သင်ခန်းစာများအနက် အရေးအကြီးဆုံးတစ်ခုမှာ ကျောင်းသားအားလုံးကို ကိုယ်စားပြုသော အသင်းအပင်းတစ်ခု ရှိသင့်ကြောင်း ကျောင်းသားအများစု အကြံရလာခြင်းဖြစ်ပါသည်။ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်တကွ ကျောင်းသားထုတစ်ရပ်လုံးကို ကိုယ်စားပြုသော ကျောင်းသားအဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ထွက်လာသည်မှာ ၁၉၃၁ ခုနှစ်က တည်ထောင်သော ‘ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ’ ပင် ဖြစ်သည်။ အတိုကောက်အနေနှင့် ‘တကသ’ ဟု ခေါ်ပါသည်။ (ဦးအံ့ကျော်၊ ၂၀၁၂ ခုနှစ်)

ဤနေရာတွင် ထူးခြားချက်တစ်ရပ်မှာ သမဂ္ဂအဆောက်အအုံမှာ တကသ မတည်ထောင်မီကပင် ဆောက်လုပ်ပြီးစီးနေခဲ့ခြင်း ဖြစ်သည်။ ယင်းအဆောက်အအုံ ဆောက်ရန်အတွက် ကုန်ကျငွေကို ဘုရင်ခံ ‘ဆာ ဟာကုတ် ဘတ္တလာ’ က အလှူခံပေးခဲ့ပြီး ဒေါက်တာ ဦးညိုက ငွေသား ၁၇၀,၀၀၀ ကျပ်ကို လှူဒါန်းပေးခဲ့သည်။ ဤငွေဖြင့် ၁၉၂၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် ပြီးစီးပါသည်။ ၁၉၃၀ ပြည့် စက်တင်ဘာ ၁၂ ရက်နေ့ရောက်တော့မှ တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်များဖြစ်သော ကိုကျော်ခင်၊ ကိုတင့်ဆွေ၊ ကိုဘဂျမ်းတို့ ကြိုးပမ်းမှုကြောင့် သမဂ္ဂဖွဲ့စည်းခွင့်ကော်မတီ ဖွဲ့ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။

သမဂ္ဂစည်းမျဉ်းရေးဆွဲရေးကော်မတီသည် ၁၉၃၀ ပြည့် နိုဝင်ဘာလအတွင်းမှာပင် စည်းမျဉ်းကို ရေးဆွဲခဲ့ကြပြီး ၁၉၃၁ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့တွင် တစ်ညီတညွတ်တည်း လက်ခံအတည်ပြုခဲ့ပါသည်။ ထိုကျောင်းသားထုအစည်းအဝေးမှပင် ကိုးဦးပါ အလုပ်အမှုဆောင်အဖွဲ့ကို ရွေးကောက်တင်မြှောက်ပြီး သမဂ္ဂအာဏာကို အပ်နှင်းခဲ့သည်။ အသင်း၏အမည်နှင့် ရည်ရွယ်ချက်များကို သမဂ္ဂစည်းမျဉ်း အခန်း (၁) တွင် ဖော်ပြထားပါသည်။ အသင်း၏ ရည်ရွယ်ချက်များမှာ ကျောင်းသားတို့၏ ဆက်ဆံရေးကိုမြှင့်တင်ပေးရန်၊ လွတ်လပ်သော စိတ်ဓာတ်သွင်းပေးရန်နှင့် ကျောင်းသားများအား တာဝန်ဝတ္တရားများကို ထမ်းဆောင်လိုသော စိတ်ဓာတ်များ ပျိုးထောင်ပေးရန်တို့ ဖြစ်ပါသည်။

၁၉၃၁ ခုနှစ် တကသစည်းမျဉ်းဥပဒေအရ တက္ကသိုလ်ကျောင်းသားတိုင်း အလိုအလျောက် တကသအဖွဲ့ဝင် ဖြစ်မလာသေးပါ။ အသင်းဝင်ဖြစ်မှသာ တကသအမှုဆောင် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိပါသည်။ အသင်းဝင်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲတွင် မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရွေးကောက်ပွဲဖြင့် တရားဝင်အနိုင်ရလာသော တကသအမှုဆောင်များမှာ ကျောင်းသားထုတစ်ရပ်လုံးကို တရားဝင်ကိုယ်စားပြုပါသည်။ ပြောရလျှင် ကျောင်းသားထုကိုယ်စား တရားဝင်ပြောရေးဆိုခွင့်ရှိသော ကျောင်းသားလွှတ်တော်ပင်ဖြစ်သည်။

သို့နှင့်တိုင် ၁၉၅၄ တကသရွေးကောက်ပွဲတွင် ပြဿနာတစ်ရပ်နှင့် ကြုံခဲ့ရသည်။ ထိုစဉ်ကာလ အစိုးရနှင့် နီးစပ်သော ကျောင်းသားအဖွဲ့တစ်ခုမှ သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသားများအတွက် ဝင်ကြေးငွေပေးသွင်းပြီး မိမိတို့အဖွဲ့အတွက် မဲပေးခိုင်းခဲ့ရာမှ ပြိုင်ဘက်အဖွဲ့နှင့် ပြဿနာတက်ခဲ့ရသည်။ သို့အတွက် ဝန်ကြီးချုပ် ဦးနုက “ကျောင်းသားတိုင်း သမဂ္ဂဝင်ဖြစ်ရမည်။ သမဂ္ဂဝင်ကြေးကို ကျောင်းလခ စသည်များနှင့်အတူ တစ်ပြိုင်နက် ကောက်ခံစေရမည်” ဟု ဆုံးဖြတ်ခဲ့ပါသည်။ ထိုစဉ်မှစ၍ ကျောင်းသားတိုင်းသည် သမဂ္ဂအဖွဲ့ဝင် ဖြစ်သွားခဲ့ပါသည်။

ဒုတိယကျောင်းသားသပိတ်အပြီး သုံးနှစ်မျှအကြာ ၁၉၃၉ ခုနှစ် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ချက်အရ တက္ကသိုလ်ကောင်စီတွင် တကသမှ ရွေးချယ်သော ကိုယ်စားလှယ်နှစ်ဦး ပါဝင်ခွင့်ရလာသည်။ သို့တိုင် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်သို့ ရောက်သောအခါ တကသ ရွေးချယ်သော ကိုယ်စားလှယ်နှစ်ဦးစေလွှတ်ခွင့်ကို အာဏာပိုင်တို့က ဖျက်သိမ်းပစ်လိုက်ပြီး ၁၉၅၉ ခုနှစ်တွင် အတည်ပြုလိုက်ပါသည်။ ဤအချက်မှာလည်း အရေးကြီးသည့် သမိုင်းမှတ်တိုင်ပင် ဖြစ်သည်။

တကသ၏ အမှုဆောင်အရာရှိများမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ငွေထိန်း၊ အထွေထွေအတွင်းရေးမှူး၊ ပိဋကတ်တိုက်မှူးနှင့် သမဂ္ဂမဂ္ဂဇင်းအယ်ဒီတာတို့ ဖြစ်သည်။ တကသအထွေထွေရွေးကောက်ပွဲကို သာမန်အားဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရသည်။ ပထမအကြိမ်မှာ အမှုဆောင်သုံးဦး (ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ ငွေထိန်း) တို့ကိုရွေးချယ်ရပြီး ဒုတိယအကြိမ်မှာ အမှုဆောင်ခြောက်ဦးအတွက်ဖြစ်သည်။ တကသအသင်းဝင်များတွင် သာမန်အသင်းဝင်များ၊ ရာသက်ပန်အသင်းဝင် များနှင့် ဂုဏ်ထူးဆောင်အသင်းဝင်များ ပါရှိသည်။ (ဦးအံ့ကျော်၊ ၂၀၁၂ ခုနှစ်)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗ.က.သ)

ဒုတိယကျောင်းသားသပိတ်အပြီး ၁၉၃၆ ခုနှစ် မေလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကို ဂျူဗလီဟောတွင် ကျင်းပခဲ့ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကို ပထမရက်မှာပင် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည်။ ဗကသ၏ ပထမဆုံးဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ်သည်။ (၁၉၃၆-၃၇) နှစ်အတွက် ဖြစ်သည်။

၁၉၃၈-၃၉ ခုနှစ်အတွက် ဗကသဥက္ကဋ္ဌမှာ ကိုအောင်ဆန်းဖြစ်ပြီး ကိုအောင်ဆန်း ဒို့ဗမာအစည်းအရုံးသို့ ရောက်သွားသောအခါ ကိုဗဟိန်းက ဆက်ခံသည်။ ၁၉၃၉ – ၄၀ ဗကသဥက္ကဋ္ဌမှာ ကိုလှရွှေဖြစ်ပြီး ၁၉၄၀-၄၁ ဗကသဥက္ကဋ္ဌမှာ ကိုလှမောင် (ဗိုလ်ဇေယျ) ဖြစ်သည်။ ထိုစဉ်က ဗကသကို ‘ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း’ ဟု တရားဝင်သုံးစွဲသည်။

စစ်ပြီးခေတ် ဗကသအမှုဆောင်အစည်းအဝေးကို ၁၉၄၅ နိုဝင်ဘာတွင် ကျင်းပပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဂျမ်း၊ ကိုလှမောင် ဗိုလ်ဇေယျတို့ တက်ရောက်ကြသည်။ ဥက္ကဋ္ဌအဖြစ် ကိုသန်းကို ရွေးချယ်လိုက်ကြသည်။ မန္တလေးမြို့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုဌေး (ရဲဘော်ဌေး) ၏ ညွှန်ကြားချက်ဖြင့် ‘အထက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ’ ကို ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌ ကိုအေးမောင်၊ အထွေထွေအတွင်းရေးမှူး ကိုဘကောင်းတို့ ဖြစ်သည်။ ရန်ကုန်မြို့တွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုအောင်ကြီး (ပီကင်းပြန် ရဲဘော်အောင်ကြီး) ၏ ညွှန်ကြားချက်ဖြင့် ‘ရကသ’ ကို ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌ ကိုသန်းထွန်း (သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း)၊ ဒုဥက္ကဋ္ဌ ကိုညီညီ (စာရေးဆရာ) လင်းယုန်နီတို့ ဖြစ်သည်။ ၁၉၄၉ ဖေဖော်ဝါရီတွင် ကျောင်းသားနှင့် အမှုထမ်းပေါင်းစုံသပိတ်ပေါ်လာရာ ဗကသ တစ်ဖွဲ့လုံး တောခိုပြီး ‘တောတွင်း ဗကသ’ ကို ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဋ္ဌမှာ ကိုတင်ရွှေ (စာရေးဆရာ မောင်စူးစမ်း) ဖြစ်ပါသည်။

ဤသို့ဖြင့် နိုင်ငံတကာမှ စစ်အေးတိုက်ပွဲမှာ ဗမာ့ကျောင်းသားလှုပ်ရှားမှုထဲသို့ စီးဝင်လာခဲ့ပါသည်။ စစ်ပြီးခါစနှင့် လွတ်လပ်ရေးခေတ်ဦး ကျောင်းသားအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ထက်မနည်း ရှိလာခဲ့သည်။ ဤသည်တို့မှာ ကိုကိုကြီး ကိုကိုလေးအဖွဲ့၊ ကျောင်းသားစစ်အင်အားစု၊ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ကျောင်းသားတိုက်ခိုက်ရေးတပ်ဦး၊ ကျောင်းသားများ ပေါင်းသင်းဆက်ဆံရေးနှင့် သက်သာချောင်ချိရေးအဖွဲ့၊ ကျောင်းသားရေးရာအဖွဲ့၊ ကျောင်းသားရှေ့ဆောင်အဖွဲ့၊ ကျောင်းသားလွတ်လပ်ရေးတပ်ဦး၊ တိုးတက်သောကျောင်းသားအင်အားစု၊ ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့၊ ပြည်ထောင်စုကျောင်းသားများအဖွဲ့၊ လွတ်လပ်သော ကျောင်းသားရဲခေါင်အဖွဲ့၊ သန့်ရှင်းအဖွဲ့ … စသည်တို့ ဖြစ်ပါသည်။

အလားတူ ၁၉၄၅ မှ ၁၉၅၈ အတွင်း ဗကသအဖွဲ့များမှာလည်း ရှစ်ဖွဲ့မျှ ရှိလာခဲ့ပါသည်။ အဆိုပါ ဗကသအဖွဲ့အသီးသီး၏ ဥက္ကဋ္ဌများကို ဖော်ပြလိုက်ပါသည်။

၁။ ဗကသဌာနချုပ်
– ၁၉၄၅ – ၄၆ – ကိုသန်း
– ၁၉၄၆ – ၄၇ – ကိုသန်းထွန်း (ဒေါက်တာသန်းထွန်း)
– ၁၉၄၇ – ကိုသန်းမောင်
– ၁၉၄၇ – ၄၈ – ကိုထွန်းညွန့်
– ၁၉၄၈ – ကိုသန်းကြွယ်
– ၁၉၄၈ – ၄၉ – ကိုသန်း

၂။ ဗကသ (တောတွင်း)
– ဥက္ကဋ္ဌ – ကိုတင်ရွှေ (စာရေးဆရာ မောင်စူးစမ်း) ၁၉၄၉ – ၅၀

၃။ ဗကသ (အဖွဲ့ချုပ်)
– ဥက္ကဋ္ဌ – ကိုအောင်သန်း ၁၉၄၉ – ၅၀

၎။ ဗကသ (သန့်ရှင်း)
– ၁၉၅၁ – ၅၂ – ကိုစိန်ဘန်း
– ၁၉၅၂ – ၅၃ – ကိုဝင်းဖေ

၅။ ဗကသ (ကိုကိုကြီး၊ ကိုကိုလေးအဖွဲ့)
– ၁၉၅၂ – ၅၃ – ကိုကိုကြီး

၆။ ဗကသ (ဒီ-အက်စ်အို)
– ၁၉၅၄ – ၅၅ – ကိုကြည်ညွန့်
– ၁၉၅၅ – ၅၆ – ကိုခင်မောင်နွယ်

၇။ ဗကသများ အဖွဲ့ချုပ်
– ၁၉၅၁ – ၅၂ – ကိုလှဝင်း
– ၁၉၅၂ – ၅၃ – ကိုသိန်းအောင်
– ၁၉၅၃ – ၅၄ – ကိုခင်ကျော်
– ၁၉၅၄ – ၅၆ – ကိုခင်မောင်အုန်း
– ၁၉၅၆ – ၆၀ – ကိုဇော်ဝင်း

၈။ ဗကသများ အဖွဲ့ချုပ်သစ်
– ၁၉၅၈ – ၅၉ – ကိုဘိုးသာဘေး 

 

ကျော်ဝင်း
၂၈ ဇူလိုင်၊ ၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *