‘အာမခံ’ အလိုအပ်ဆုံးနဲ့ မရဆုံး ဆင်းရဲသားများ

ဇမ်ဘီယာက လယ်သမားတစ်ယောက်ဟာ အောက်တိုဘာလ စိုက်ပျိုးရာသီပြီးကတည်းက မိုးခေါင်ရေရှားမှုဒဏ်ကို တခြားလယ်သမားတွေလိုပဲ ခံစားနေတယ်။ လူဆာကာမြို့တော်အပြင်ဘက်က ၁၂ ဟက်တာရှိတဲ့ လယ်ခင်းမှာ ကြဲထားတဲ့ပြောင်းတွေက အပင်မပေါက်နိုင်ကြဘူး။ မျိုးရော၊ သီးနှံအထွက်ရော ဆုံးမယ့်အခြေအနေ ရောက်နေချိန်မှာ မျိုးစေ့ကုမ္ပဏီက ဖုန်းဝင်လာတယ်။ ပြန်စိုက်ဖို့ မျိုးစေ့တွေ အခမဲ့ပေးမယ်တဲ့။

နည်းပညာနဲ့ အကြံသစ်ဉာဏ်သစ်တွေဟာ ကမ္ဘာတစ်ဝန်းလုံးကဆင်းရဲသားတွေကို ‘အာမခံ’ လုပ်ပေးနိုင်သလို လုပ်ပေးဖို့ကလည်း အတော်ခက်ပါတယ်။ ငွေကြေးဈေးကွက်ထဲ ဝင်ဆံ့နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆင်းရဲသားတွေကို အာမခံပေးဖို့အပြင် တယ်လီဖုန်းသုံးပြီး ငွေစာရင်းဖွင့်ဖို့၊ ချေးငွေတွေရရှိဖို့ လုပ်လာနေကြပါတယ်။

အလွန်ဆင်းရဲတဲ့သူတွေဟာ ‘အာမခံ’ အလိုအပ်ဆုံးဖြစ်ပြီး ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ မိုးလေ၀သအပြောင်းအလဲကလည်း ဆင်းရဲသားတွေကို ပိုပြီးဒုက္ခရောက်စေပါတယ်။ အိမ်မှာ ကျွေးရမယ့်ပါးစပ်ပေါက်က ခုနစ်ပေါက်၊ ကျောင်းတက်နေတာကငါးယောက်ရှိတဲ့ မိသားစုမှာ သီးနှံတစ်ရာသီပျက်လိုက်တာဟာ ယာယီမဟုတ်၊ ထာဝရဒုက္ခရောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဆင်းရဲသားအတော်များများကတော့ အာမခံဆိုတာ သူတို့နဲ့မဆိုင်ဘူး လို့ ထင်တတ်ကြတယ်။ အနာဂတ်မှာ လိုအပ်ချင်မှလိုအပ်မယ့် ကြိုတင်မမြင်နိုင်တဲ့ ဆုံးရှုံးမှုတစ်စုံတစ်ရာအတွက် အခုလောလောဆယ် ပရီမီယမ်ကြေး ဘာလို့ပေးရမှာလဲလို့ နားမလည်နိုင်ကြပါဘူး။

၂၀၁၁ ခုနှစ်ကတည်းက ကမ္ဘာ့ဘဏ်က ဘီလ်ဂိတ်တို့ဇနီးမောင်နှံဖောင်ဒေးရှင်းအကူအညီနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို တိုင်းတာတဲ့ ‘Findex’ ဆိုတာကို တီထွင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စစ်တမ်းမှာတော့ ဆင်းရဲတဲ့နိုင်ငံတွေက လယ်သမားတွေကိုပါ ထည့်တွက်ပါတယ်။ လယ်သမားတစ်ဝက်လောက်ဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ အနည်းဆုံးတစ်ကြိမ် ရာသီဥတုဆိုးဝါးတဲ့ဒဏ်ကို ခံခဲ့ကြရတယ်။ အများစုက ဆုံးရှုံးမှုကို ကိုယ့်ဘာသာကိုယ်ပဲ ခံရတယ်။ အာမခံတို့၊ အစိုးရတို့ဆီက ဘာမှမရဘူး။

ဥပမာ – အိန္ဒိယမှာဆိုရင် ဆင်းရဲတဲ့လယ်သမားအတော်များများဟာ ဘာအာမခံမှမရှိဘူး။ ထားတဲ့အာမခံဆိုတာမျိုးကလည်း ဇွတ်အတင်းအကျပ်ထားခိုင်းတာမျိုး၊ ထောက်ပံ့တဲ့သဘောမျိုးတွေ ဖြစ်နေတယ်။ ရာသီဥတုဆိုးပြီဆိုရင် အမျိုးသမီးတွေလည်း ကြွေးပြန်မဆပ်နိုင်ကြတော့ဘူး။ ဒါကြောင့် ၁၉၉၂ ခုနှစ်မှာ အသက်အာမခံ၊ ၂၀၀၀ ပြည့်နှစ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အာမခံတွေ ပေးလာကြတယ်။

အစိုးရကလည်း အိတ်စိုက်ပြီး သီးနှံအာမခံမျိုးကို လုပ်ပါတယ်။ ဒါပေမဲ့ သမဝါယမကတစ်ဆင့် ချေးငွေယူတဲ့ လယ်သမားတွေကိုပေးတာ ဖြစ်နေပြီး အဲဒီလယ်သမားတွေကလည်း အတန်အသင့်ချောင်လည်သူတွေပါ။ အိန္ဒိယက လယ်သမားငယ်တွေကတော့ သူတို့ရင်ဆိုင်ရမယ့် စွန့်စားစရာတွေ၊ အန္တရာယ်တွေကို သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေလုပ်ခဲ့တဲ့ အစဉ်အလာအတိုင်း ဆက်လုပ်ကြတယ်။ စိုက်ပျိုးထုတ်လုပ်လို့ရတာကို လက်ထဲသိမ်းထား။ ပြီးတော့ ကလေးများများမွေးပြီး ပြုစုစောင့်ရှောက်၊ ကိုယ်အသက်ကြီးလာရင် ကိုယ့်ကို တစ်လှည့်ပြန်ပြုစုစောင့်ရှောက်မယ့် ‘အာမခံ’ တွေပေါ့။

အာမခံပေးရတာကလည်း သိပ်မလွယ်။ တချို့လယ်သမားတွေက အစိုးရကလုပ်ပေးတဲ့ အာမခံကို ယူကြတယ်။ တချို့ကကျတော့လည်း ရာသီဥတုဆိုးတာတောင် အာမခံက ဘာမျှမရဘူးတဲ့။ ပရီမီယံကြေးတွေထည့်ရပြီး ဘာမျှပြန်မရဘူးတဲ့။ နောက်ဆုံးမှာ နှစ်ပေါင်းများစွာ အာမခံကြေးပြန်မထုတ်တဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုက်ပြီး ပြန်ထုတ်ပေးရတယ်။

ဇမ်ဘီယာမှာ မျိုးစေ့ဝယ်ကတည်းက အရောင်းသမားက အာမခံအကြောင်းပြောပေမယ့် လယ်သမားက သူ့အကျိုးအတွက်ပြောတာလို့ မထင်ဘူး။ ဒါပေမဲ့ သူ့ရဲ့တယ်လီဖုန်းနံပါတ်ပေးလိုက်တာနဲ့ အာမခံလုပ်လိုက်ပြီဆိုတာ သူသဘောမပေါက်ဘူး။ ဒါကလည်း မျိုးစေ့က အပင်ပေါက်မလာတဲ့အတွက်ပဲ ပေးတာဖြစ်ပြီး ပေးတာကလည်း မျိုးစေ့အနေနဲ့ပဲ ပြန်ပေးတာပါ။ မိုးခေါင်တာကြာနေတဲ့ ပုံမှန်အထွက်ထက် ငါးပုံတစ်ပုံလောက်ပဲ ပြန်ရပေမယ့် လုံးဝမရတာနဲ့စာရင်တော့ တော်သေးတာပေါ့။

မိုဘိုင်းလ်ဖုန်းသုံးစွဲတဲ့နှုန်းက ဘဏ်နဲ့အာမခံလုပ်ငန်းတွေနဲ့ဆက်သွယ်တဲ့နှုန်းထက် ပိုမြန်တယ်။ ၂၀၁၈ မှာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ လူဦးရေ ၅ ဒသမ ၁ ဘီလီယံဟာ မိုဘိုင်းလ်ဖုန်းတွေ ကိုင်ထားကြတယ်။ ၂၀၂၅ ရောက်ရင် ၇၁ ရာခိုင်နှုန်းတိုးလာပြီး ၅ ဒသမ ၈ ဘီလီယံအထိ ဖြစ်မယ်။ ကမ္ဘာပေါ်မှာ ဘဏ်နဲ့ အဆက်အစပ်မရှိတဲ့ လခကို ငွေနဲ့ရတဲ့သူ ၇၈ ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ဖုန်းတွေကို ပိုင်ဆိုင်ကြတယ်။ ဇမ်ဘီယာလို ဆင်းရဲတဲ့နိုင်ငံမှာတောင် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ဖုန်းသုံးကြတယ်။

ဒီတော့ ဘဏ်နဲ့ အဆက်အသွယ်မရှိပေမယ့် အာမခံလုပ်ငန်းတွေနဲ့ချိတ်ပြီး လစဉ်ပုံမှန်ပရီမီယမ်သွင်းနိုင်ဖို့ဆိုတာ တယ်လီဖုန်းတွေကို အသုံးပြုရင် လွယ်လွယ်နဲ့ဖြစ်နိုင်တယ်။ ဒါပေမဲ့ သိပ်လွယ်လှတာတော့ မဟုတ်ဘူး။ သီးနှံအာမခံရဲ့ သဘောကိုလည်း သိပ်ပြီး နားမလည်ကြဘူး။ တချို့က အာမခံကို ငွေနဲ့မရောင်းဘဲ ပြောင်းလိုသီးနှံနဲ့ရောင်းတာလည်း ရှိတယ်။ မျိုးစေ့ဆိုင်တွေက အာမခံလုပ်ခိုင်းရင် အလုပ်ရှုပ်တယ်ဆိုပြီး လုပ်ချင်မှ လုပ်တတ်ကြတယ်။ မျိုးစေ့ဆိုင်တွေက သေသေချာချာ ရှင်းမပြတတ်တာလည်း ဖြစ်နိုင်တယ်။

ဆင်းရဲသားတွေကို အာမခံရောင်းဖို့အရေးမှာ ယုံကြည်စိတ်ချမှု၊ ဈေးနှုန်းနဲ့ သက်သာလွယ်ကူမှုဆိုတဲ့ အချက်သုံးချက်ဟာ အရေးကြီးတယ်။

ယုံကြည်စိတ်ချမှုရဖို့ဆိုရင် သူတို့မြင်တွေ့နိုင်အောင်လုပ်ပေးတဲ့နည်းက အရေးအကြီးဆုံးနည်းပါ။ အာမခံကိုယ်စားလှယ်က ပြန်လျော်ပေးတာမျိုးကို ကျေးရွာအစည်းအဝေးတွေမှာလည်း ပိုပြီးလူသိများ သဘောကျစေနိုင်တယ်။ လျော်ကြေးမပေးဘူး၊ ဒါမှမဟုတ် အပြည့်အဝမပေးဘူးဆိုရင် နာမည်ပျက်တော့တာပါပဲ။ ကျန်းမာရေးအာမခံကို အရောင်းမြှင့်တင်နေတုန်း စရိတ်ကုန်တာက တစ်သောင်းလောက်၊ ပြန်ရတာက နှစ်ထောင်လောက်လို့ဆိုတော့ ဘယ်လိုမျှ မကျေနပ်နိုင်။ ပရီမီယံကြေးထပ်တင်ဖို့ပြောတော့ အာမခံဆက်မလုပ်တော့ဘူး။

အာဖရိကအရှေ့ပိုင်းကျတော့ မိုးခေါင်ပြီဆိုတာနဲ့ မတောင်းရဘဲ၊ တယ်လီဖုန်းထဲက ငွေစာရင်းကို မတောင်းဘဲနဲ့ အလိုအလျောက်ငွေလွှဲတဲ့စနစ်ကို ကျင့်သုံးတယ်။ ဒီနည်းက လယ်သမား ဘယ်လောက်ဆုံးရှုံးသလဲဆိုတာ လိုက်တွက်တဲ့နည်းထက် စရိတ်သက်သာတယ်။ လယ်သမားနဲ့လည်း ဘာမှအငြင်းပွားနေစရာမလိုဘူး။ တချို့ အာမခံဝယ်ထားသူတွေက သီးနှံပျက်ပေမယ့် အာမခံကြေး (လျော်ကြေး)ပြန်မရရင် တခြားသူတွေလည်း အာမခံမထားကြနဲ့လို့ ပြောမှာပဲ။ အားလုံးကိုခြုံပြီးစဉ်းစားတာဆိုတော့ လူတိုင်းအတွက် အဆင်မပြေနိုင်ဘူး။

ဈေးနှုန်းနဲ့ လွယ်ကူမှုဆိုတာတွေကလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတယ်။ တချို့ကကျတော့ တယ်လီဖုန်းငွေဖြည့်တာနဲ့ အသက်အာမခံထားလို့ရအောင် လုပ်ပေးတယ်။ ဗြိတိသျှအခြေစိုက် အာမခံလုပ်ငန်းဆို ဒီနည်းနဲ့ ဖောက်သည်သန်းချီပြီးရတယ်။ ဖောက်သည်တွေက အမည်၊ အသက်နဲ့ ကိုယ့်ကိုယ်စားလှယ် (ဇနီး၊ သားသမီး) တစ်ယောက်ရဲ့နာမည်ပဲ ပြောခိုင်းတယ်။ ဒီလောက်လွယ်အောင်လုပ်ပေးထားတာတောင် သိပ်လုပ်ချင်ကြတာမဟုတ်ဘူး။

တစ်ခါတစ်ခါ အာမခံကို တခြားတစ်ခုခုနဲ့ တွဲထုတ်ကြတယ်။ အာမခံလို့ဆိုပြီး ပရီမီယံတောင်းရင် မပေးချင်ပေမယ့် တွဲထုတ်ရင် ဈေးနှုန်းကို မမြင်ရတော့ ဝယ်တတ်ကြတယ်။ မထားမနေရ၊ မလုပ်မနေရလို့ သတ်မှတ်မထားရင် အာမခံသိပ်ထားချင်ကြတာ မဟုတ်ဘူး။ ဒါကြောင့် မျိုးစေ့ကုမ္ပဏီက ပရီမီယံကြေးပေး၊ စရိတ်ကို မျိုးစေ့ဈေးနှုန်းပေါ်တင်တဲ့နည်းကိုသုံးရင် သီးနှံနဲ့လျော်ကြေးပေးလို့ရသလို ပေးရမယ့်ကာလကလည်း တိုတောင်းတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ကိုယ်ဝယ်တဲ့ ပစ္စည်းတစ်ခု၊ ထိခိုက်ပျက်စီးမှုအတွက် အာမခံထားတယ်ဆိုတာ သိပ်မဆန်းပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံက ဆင်းရဲသားတွေအတွက် ထူးဆန်းပါတယ်။ မီးလောင်တာ ထောက်လှမ်းသိရှိနိုင်တဲ့ ကိရိယာတွေနဲ့ မီးအာမခံ တွဲရောင်းရတာမျိုးလည်းရှိတယ်။ မီးလောင်တာနဲ့ သတိပေးတဲ့စာတိုတွေ ဖြန့်ပေးတယ်။ လျော်တာလည်း အတော်များတယ်။ နည်းနည်းပါးပါး ထိခိုက်ဆုံးရှုံးတာမျိုးကို အခေါက်ခေါက်အခါခါ သွားတောင်းနေရတာမျိုးကိုလည်း ဘယ်သူမျှ မလုပ်ချင်ကြဘူး။

အိန္ဒိယက အာမခံလုပ်ငန်းတစ်ခုကတော့ စက်ဘီးပျောက်တာ၊ ပျက်စီးတာ၊ စက်ဘီးစီးသူထိခိုက်နာကျင်တာ၊ ခြင်ကိုက်လို့ ငှက်ဖျား ဖြစ်တာတွေအတွက် အာမခံလုပ်ပေးတယ်။ ဆေးဆိုင်တွေက ခြင်ဆေးတွေ ပိုရောင်းကောင်းမယ်လို့တွက်တယ်။ အင်တာနက်ကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် တယ်လီဖုန်းကနေဖြစ်ဖြစ် အာမခံဝယ်ရင် စက္ကန့် ၂၀ အတွင်းရပြီး လျော်ကြေးကို သုံးရက်အတွင်း ပေးနိုင်ပါသတဲ့။

အင်တာနက်သုံး၊ နည်းပညာသုံး အာမခံလုပ်ငန်းတွေက အာမခံသမားတွေ နှစ်ပေါင်းများစွာပစ်ထားတဲ့ ဈေးကွက်ထဲကို နည်းပညာတွေ အသုံးပြုဝင်ရောက်လို့ ပြိုင်ဘက်တွေရဲ့ အားနည်းချက်တွေကို အသုံးချနိုင်ကြပါတယ်။ ဒါပေမဲ့ အမြတ်ကြီးကြီးမားမားရဖို့တော့ ခက်တယ်။ နည်းပညာလုပ်ငန်းတွေဟာ အာမခံလုပ်ငန်းတွေနဲ့ ဖောက်သည်တွေကြားမှာ ပေါင်းကူးလုပ်ပေးလို့ရတယ်။ လုပ်ငန်းအရွယ်အစားသေးတဲ့အခါကျတော့လည်း ရေရှည်ရပ်တည်အောင်မြင်ဖို့ ခက်တယ်။

ဆင်းရဲသားတွေအတွက် အာမခံလုပ်နေတဲ့သူတွေက သူတို့လုပ်သင့်တာနှစ်ခုရှိပါသတဲ့။ လျော်ကြေးပေးတာထက်ကျော်လွန်ပြီး စဉ်းစားပါတဲ့။ ဖောက်သည်တွေ အန္တရာယ်လျော့နည်းအောင်ကူညီဖို့၊ အန္တရာယ်ကို စီမံခန့်ခွဲနိုင်ဖို့ နည်းပညာသုံးပြီး ပိုကောင်းတဲ့စနစ်ကျင့်သုံးအောင် အကြံဉာဏ်ပေးတာ၊ မက်လုံးပေးတာတွေလုပ်ဖို့ ဦးစားပေးစေချင်တယ်။ လယ်သမားတွေ ဘယ်မျိုးကို ဘယ်အချိန်စိုက်ရမလဲ၊ ကျန်းမာရေးပြဿနာတွေကို အင်တာနက်ပေါ်ကနေ ဘယ်လိုဖြေရှင်းမလဲဆိုတာတွေကို ဦးစားပေးစေချင်သတဲ့။

ဒုတိယအချက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစိုးရနဲ့တွဲလုပ်ရမယ်။ အစိုးရက သူ့အသုံးစရိတ်ရဲ့ တစ်စိတ်တစ်ဒေသကို အာမခံလုပ်ငန်း မြှင့်တင်ရေးအတွက် သုံးရမယ်။

ဇမ်ဘီယာမှာ လယ်သမားတွေ ကူညီထောက်ပံ့ရေးအစီအစဉ်အရ အငယ်စားပြောင်းလယ်သမားတွေကို သီးနှံအထွက် အာမခံလုပ်ခိုင်းတယ်။ အာမခံကို သီးနှံတွေ၊ မြေဩဇာတွေနဲ့ တွဲရောင်းတာ။ ဝယ်တဲ့လယ်သမားတစ်သိန်းခွဲလောက်ရှိတယ်။ အထွက်နှုန်းကျတာနဲ့ လျော်မယ်။ နိုက်ဂျီးရီးယားမှာလည်း အခုလို လုပ်တယ်။

လယ်သမားတွေ အကျိုးရှိလေ၊ အာမခံသမားတွေလည်း အဆင်ပြေလေပဲ။ အာမခံလုပ်ငန်းတွေကို လူသိများလာရင်တော့ ဘယ်သူမှ အထူးအဆန်း အထိတ်တလန့်ဖြစ်တော့မှာ မဟုတ်ဘူးလို့ The Economist မဂ္ဂဇင်းကြီးက သုံးသပ်ထားပါတယ်။ 

 

၀၉.၀၉.၂၀၁၉
ခင်မောင်ညို(ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *