အမျိုးသားလုံခြုံရေးနှင့် ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှုများ

ယခင်ဆောင်းပါးတွင် မြန်မာ့ထောက်လှမ်းရေး ပြုပြင်ပြောင်းလဲမှုအကြောင်းကိုတင်ပြခဲ့ပြီး ယခုတစ်ပတ်တွင် နိုင်ငံတကာတွင်ပြုလုပ်ခဲ့သော  ထောက်လှမ်းရေးကျရှုံးမှုနှင့် ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှုများကို  တင်ပြလိုပါသည်။ ကမ္ဘာ့ထောက်လှမ်းရေးမဟာမိတ် ငါးနိုင်ငံ (၎င်းတို့အခေါ် Five Eyes Countries ) များထဲမှ အမေရိကန်နှင့် ဩစတြေးလျတို့၏ ထောက်လှမ်းရေးပြုပြင်ပြောင်းလဲမှုများကို တင်ပြလိုပါသည်။

US  Intelligence Failures

ထောက်လှမ်းရေးကျရှုံးမှုဆိုသည်မှာ ရှောင်လွဲ၍မရသောကိစ္စဖြစ်ရာ အရင်းအမြစ်အားဖြင့် ပေါများသော ကမ္ဘာ့အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့ကြီးများပင် ကျရှုံးမှုများရှိကြသည်။ အမေရိကန်နိုင်ငံအနေနှင့် ထောက်လှမ်းရေးကျ၇ှုံးမှုဟု သတ်မှတ်ထားသော အဖြစ်အပျက်ပေါင်း ၂၀ ထက်မနည်းရှိသည်။ ထိုသို့ ကျရှုံးမှုများဖြစ်ပေါ်တိုင်း သင်ခန်းစာယူကာ နောက်တစ်ကြိမ် လုံခြုံရေးစည်းပေါက်မှုများမဖြစ်စေရန် မည်သည့်အစီအမံများ ပြုလုပ်ကြမည်ကို စဉ်းစားကြရသည်။

၉/၁၁ ဖြစ်စဉ်

၂၀၀၁ ခုနှစ် စက်တင်ဘာလ၁၁ ရက်နေ့တွင် ဘင်လာဒင်ခေါင်းဆောင်သည့် အယ်လ်ကိုင်ဒါးအကြမ်းဖက်အဖွဲ့က WTC နှင့် ပင်တဂွန်တို့ကို လေယာဉ်ပြန်ပေးဆွဲကာ ဝင်တိုက်ခဲ့သော အဖြစ်အပျက်သည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအပေါ် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ ယင်းအဖြစ်အပျက်ကြောင့် အမေရိကန်အစိုးရယန္တရားနှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းတွင် ပြုပြင်ပြောင်းလဲမှုပေါင်းများစွာလုပ်ခဲ့သည်။ ယင်းပြုပြင်ပြောင်းလဲမှု များသည် ဂျပန်တို့ပုလဲဆိပ်ကမ်းကို ဗုံးကြဲချခဲ့သော နှစ်နောက်ပိုင်းတွင် အကြီးမားဆုံးသော ပြုပြင်ပြောင်းလဲမှုများဖြစ်ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုတွင် အမိမြေလုံခြုံရေးဌာန (Department of Homeland Security) ဖွဲ့စည်းခြင်းနှင့် အမိမြေလုံခြုံရေးအတွက် သီးခြားတာဝန်ပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။  ဥပဒေပြုအမတ်များကလည်း လွှတ်တော်တွင် USA PATRIOT ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး နောင်တွင်ယခုကဲ့သို့ တိုက်ခိုက်မှုများမဖြစ်လာစေရန်နှင့် မလွဲသာ မရှောင်သာ၍ဖြစ်လာပါက ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်သည့် အသေးစားတိုက်ခိုက်မှုများသာဖြစ်စေရန် ရည်ရွယ်သည်။ အမိမြေလုံခြုံရေးအဖွဲ့ ဖွဲ့စည်းကြောင်းကို သမ္မတဘုရှ်က တိုက်ခိုက်မှုဖြစ်ပြီး ကိုးရက်မြောက်နေ့တွင် ကြေညာပြီး နောက်တစ်နှစ် ၂၀၀၂ ခုနှစ်တွင် အမိမြေလုံခြုံရေးအက်ဥပဒေပြဋ္ဌာန်းကာ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို အမိမြေလုံခြုံရေးဌာန ထီးမိုးအောက်သို့ ဆွဲသွင်းခဲ့သည်။ ဤသို့ဖြင့် ဝန်ထမ်းအင်အား တစ်သိန်းရှစ်သောင်းကျော်ဖြင့် အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံး အစိုးရယန္တရားကြီးတစ်ခုဖြစ်လာသည်။ အစိုးရအေဂျင်စီပေါင်း ၂၂ ခုပါဝင်ပြီး ဌာန၏အဓိကရည်မှန်းချက်မှာ အမေရိကန်မြေပေါ်တွင် နောက်ထပ်တစ်ကြိမ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်မလာရန် ကာကွယ်ပေးရန်၊ အမေရိကန်နိုင်ငံ၏ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ အားနည်းချက်များကို လျှော့ချရန်နှင့် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများတွင် အပျက်အစီးအဆုံးအရှုံး အနည်းဆုံးဖြစ်စေရန်နှင့် အမြန်ဆုံးပြန်လည်နာလံထူနိုင်ရန် ဖြစ်သည်။

ထောက်လှမ်းရေးအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရန် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် Inteligent Reform and Terorrism ကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ထောက်လှမ်းရေးအဖွဲ့အစည်းတိုင်း၏ ခေါင်းကိုင်ဖြစ်လာမည့် အမျိုးသားလုံခြုံရေးဆိုင်ရာညွန်ကြားရေးမှူး Director of National Intelligence (DNI) ရာထူးကိုဖန်တီးခဲ့သည်။ DNI သည် ထောက်လှမ်းရေးသတင်းအချက်အလက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတအားအကြံပေးရပြီး  အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းတစ်ခုလုံး၏အကြီးအကဲ လည်းဖြစ်သည်။ ယင်းသို့ လုပ်ပိုင်ခွင့်အားလုံးအား DNI တစ်ဦးတည်းထံတွင် ပုံအောလိုက်ခြင်းက ၉/၁၁ မှ ရရှိသော သင်ခန်းစာများကြောင့်ဖြစ်သည်။ DNI ရုံးအဖွဲ့ထဲတွင် အမျိုးသားအဆင့်အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနကိုလည်း ထည့်သွင်းဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်မှုနှင့်သက်ဆိုင်သော အရေးကိစ္စများကို ဦးစားပေးကိုင်တွယ်စေခဲ့သည်။ (ယင်းအဖွဲ့သည် ၂၀၁၁ ခုနှစ် ပါကစ္စတန်နိုင်ငံတွင် အိုစမာဘင်လာဒင်ကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွင် များစွာနာမည်ရခဲ့သည်)။

၉/၁၁ နှင့်ထောက်လှမ်းရေးသတင်း

၉/၁၁ အဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့သော်လည်း ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများအနေနှင့် ဘာဆိုဘာမျှကြိုတင်မသိရှိခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများအနေနှင့် ကိုယ်စီရရှိထားသော ထောက်လှမ်းရေး သတင်းအချက်အလက်များစွာရှိခဲ့သည်။ သို့သော် တစ်ဖွဲ့ချင်းစီက သိရှိထားသောအချက်အလက်များမှာ ပုံဖော်၍ မရသေးသော တစ်ပိုင်းတစ်စအချက်လက်များဖြစ်သည်။ အမေရိကန်ထောက် လှမ်းရေးအသိုင်းအဝိုင်းအနေနှင့် ထိုအချက်အလက်တစ်ခုချင်းစီကို ပေါင်းစပ်ကာ Big Pictureမြင်နိုင်ရန် အားနည်းခဲ့ကြခြင်းသာဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ဖိုင်များထဲတွင် ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်သော အချက်အလက်များ ရှိနေခဲ့ကြသော်လည်း  ထောက်လှမ်းရေးအဖွဲ့အစည်းများကြား သတင်းအချက်အလက်မျှဝေမှု အားနည်းခဲ့ကြခြင်းက ယင်းအဖြစ်အပျက်ကို ကြိုတင်သိရှိရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် နောက်ပိုင်းတွင် DNI အဖွဲ့ဖန်တီးကာ ထောက်လှမ်းရေးအဖွဲ့အစည်းများအားလုံးကို DNI ထီးမိုးအောက်သို့ ထည့်သွင်းကွပ်ကဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၉/၁၁ မဖြစ်မီ ၂၀၀၁ ခုနှစ် ဇူလိုင်လလောက်တွင် ဘင်လာဒင်အနေနှင့် တိုက်ခိုက်မှုကြီးကြီးမားမား လုပ်တော့မည်ဆိုသည့်အချက်ကို ထောက်လှမ်းရေးအဖွဲ့အစည်းများက ကြိုတင်သိရှိခဲ့ကြသည်။ ထိုလ ထဲမှာပင် ဖောက်ခွဲမှုပြုလုပ်နိုင်ခြေရှိသော သံသယရှိသူအချို့၏ပုံမှန်မဟုတ်သော ခရီးသွားလာမှုများကို ခြေရာခံမိခဲ့သည်။ နောက်ဆုံးသံသယရှိသူများထဲက အချို့လေယာဉ်ဆင်းသက်မှုပြုလုပ်ပုံများကို လေယာဉ်မောင်းသင်တန်းတစ်ခုတွင် တက်ရောက်လေ့လာနေသည်ဆိုသည်အထိ သိရှိခဲ့ကြသည်။ သို့သော်လည်း လေယာဉ်တစ်ခုလုံးကို ပြန်ပေးဆွဲမောင်းနှင်ကာ WTO နှင့် ပင်တဂွန်အဆောက်အအုံတို့ကို ဝင်တိုက်မည်ဆိုသည်ကိုတော့ မည်သူကမျှ မတွေးမိခဲ့ပေ။ ထိုစဉ်က အမေရိကန်ထောက်လှမ်းရေးတို့ တွေးထင်ခဲ့သည်မှာ ယုတ်စွအဆုံး  လေယာဉ်ပြန်ပေးဆွဲကာ တစ်နေရာရာတွင် လေယာဉ်ဆင်းသက်မည်။  ထို့နောက် နိုင်ငံတကာမီဒီယာများမှတစ်ဆင့် သတင်းများတက်စေပြီး အောင်ပွဲခံကြမည်ဟုသာ ရိုးရှင်းစွာ တွေးထင်ခဲ့ကြသည်။

နောက်ပိုင်းတွင် ထောက်လှမ်းရေးကျဆုံးမှုကို လေ့လာသူများက ယင်းကဲ့သို့ မိမိစိတ်နှင့်နှိုင်းကာ တွေးတောခြင်း တစ်နည်းအားဖြင့်  “ငါသာအကြမ်းဖက်သမားဆိုရင်တော့ အဲဒီလိုလုပ်မှာမဟုတ်ဘူး” ဟု တွေးတောခြင်းသည် ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့် ထောက်လှမ်းရေးအရာရှိများအား ကျရှုံစေအကြောင်းအရင်းများထဲက တစ်ခုဟု သတ်မှတ်ခဲ့ကြသည်။ ယင်းကိုMirror Thinking ဟု ခေါ်ကြသည်။ မူမမှန်သော ခရီးသွားလာမှုများ တွေ့ရှိထားခြင်း၊ ဘင်လာဒင်အနေနှင့် အမေရိကန်ကို တိုက်ခိုက်မှုကြီးကြီးတစ်ခု လုပ်တော့မည်ဟု ကြိုသိထား ခြင်းနှင့် သံသယရှိသူများ လေယာဉ်မောင်းနှင်နည်း၊ ဆင်းသက်နည်းများနှင့် ပတ်သက်၍ သင်တန်းတက်နေသည့်သတင်း စသည်တို့မှာ ထောက်လှမ်းရေးအဖွဲ့တစ်ခုချင်းစီမှ သိရှိထားသည်ဖြစ်ရာ ၎င်းအချက်သုံးချက်ပေါင်းစပ်နိုင်မှသာ လုံခြုံရေးတာဝန်ရှိသူများက အချိန်မီတားဆီးအရေးယူနိုင်မည်ဖြစ်သည်။ သို့သော် ထိုသတင်းအချက်အလက်များမှာ ထောက်လှမ်းရေး အဖွဲ့အစည်းအမျိုးမျိုး၏ဖိုင်များထဲတွင်သာ ရှိနေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ သတင်းအချက်အလက်မျှဝေမှု အားနည်းခဲ့ခြင်းကြောင့် ကြိုတင်သိရှိကာကွယ်ရန် ပျက်ကွက်ခဲ့ကြခြင်းဖြစ်သည်။  ၉/၁၁ ကပေးသော တစ်ခုတည်းသောသင်ခန်းစာကို ပြောပါဆိုလျှင်  ထောက်လှမ်းရေးအဖွဲ့အစည်းများကြား သတင်းအချက်အလက်မျှဝေမှု မရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် ထောက်လှမ်းရေးအဖွဲ့အစည်းပေါင်းများစွာအား လွှမ်းမိုးကွပ်ကဲမည့် ထောက်လှမ်းရေး ထီးမိုး ကြီးကြီးတစ်ခု မရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ၉/၁၁ က ပေးသော သင်ခန်းစာကြောင့် DNI ကို ဖွဲ့စည်းကာ ထောက်လှမ်းရေးအဖွဲ့အစည်းများအားလုံးကို DNI ထီးမိုးအောက်ထည့်ကာ ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ထောက်လှမ်းရေး မပျက်သုဉ်းခင်ကာလများတွင် အနည်းနှင့်အများဆိုသလို DNI နှင့် ပုံသဏ္ဌာန်အားဖြင့် ဆင်တူသော အမျိုးသားထောက်လှမ်းရေးဗျူရို (National Intelligence Bureau- NIB)  ဆိုပြီးရှိခဲ့သည်။ လုံခြုံရေးအမြင်ကြီးသော ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီအစိုးရလက်ထက်  ၁၉၆၄ တွင် စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ ၁၉၇၂ အခြေခံဥပဒေနှင့်ပေါ်ပေါက်လာသော မဆလအစိုးရလက်ထက်တွင် NIB အား စနစ်တကျနေရာပေးခဲ့သည်။ NIB Control Board က ကြပ်မတ်ကွပ်ကဲပြီး  ယင်းအဖွဲ့၏ညွန်ချုပ်သည် အမျိုးသားထောက်လှမ်းရေးချုပ်တာဝန်ကိုယူသည်။ NIB မှာ အဖွဲ့အစည်းသစ်တစ်ခုမဟုတ်ဘဲ အမျိုးသား ထောက်လှမ်းရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများအားလုံးကို  ညှိနှိုင်းကွပ်ကဲမှုပေးသော ဗျူရိုတစ်ခုဖြစ်သည်။ တိုးချဲ့ဖွဲ့စည်းလာသော  ယင်းအဖွဲ့တွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌတာဝန်ယူပြီး ကာကွယ်ရေးဝန်ကြီး၊  ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ထောက်လှမ်းရေးကိစ္စများတွင် တာဝန်ခံခေါင်းဆောင်ပေးရန် ထောက်လှမ်းရေးချုပ်တစ်ဦးထားရှိခဲ့သည်။ ယင်းစုဖွဲ့မှုပုံစံကို ၁၉၈၃ ခုနှစ်တွင် “၁၉၈၃ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၀” ဖြင့် အနည်းငယ်ပြောင်းလဲခဲ့သည်။  ထိုပြောင်းလဲခဲ့သော စုဖွဲ့မှုတွင် ထောက်လှမ်းရေးချုပ် (Chief of Intelligence) ရာထူးကိုဖယ်ရှားခဲ့ပြီး ဝန်ကြီးချုပ်နှင့်တကွ ယခင် ဝန်ကြီးလေးဦး ပါဝင်သည်။ သို့သော် အမျိုးသားထောက်လှမ်းရေးဗျူရို၏ အတွင်းအရေးမှူးကို ဖော်ပြပါဝန်ကြီးဌာနလေးခုက အလည့်ကျစနစ်ဖြင့် တာဝန်ယူရသည် (ပုဒ်မ ၅)။ သာမန်ကိစ္စများတွင် ဆုံးဖြတ်ခွင့် အပြည့်အဝပေးထားပြီး အရေးကြီးကိစ္စများတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ကောင်စီတို့ထံမှ အကြံဉာဏ်နှင့် ဆုံးဖြတ်ချက်တောင်းရသည် ဧပုဒ်မ (၇) (က) (ခ)}။ ဝန်ကြီးဌာနလေးခုအောက်ရှိ ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်က အခါအားလျော်စွာဖွဲ့စည်းသော ထောက်လှမ်းရေးအဖွဲ့များသည် အမျိုးသားထောက်လှမ်းရေးအဖွဲ့အား အစီရင်ခံရပြီး ယင်းအဖွဲ့အနေနှင့် အစီရင်ခံစာများကို သုံးသပ်ကာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ကောင်စီတို့ထံ တင်ပြရသည်။ ထိုသို့ တင်ပြရာတွင် သက်ဆိုင်ရာဌာနများကိုသာ ရွေးချယ်တင်ပြခွင့်လည်းရှိသည် ဧပုဒ်မ (၈) (က)(ခ)}။

၁၉၈၃ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေမှာ သေးငယ်ကျစ်လျစ်ပြီး အဖွဲ့အစည်းတွင်း အပြန်အလှန်ထိန်းကျောင်းမှုနှင့် ဝန်ကြီးဌာနတစ်ခုတည်း သို့မဟုတ် ထောက်လှမ်းရေး အကြီးအကဲတစ်ဦးတည်းက ထောက်လှမ်းရေးယန္တရားကြီးတစ်ခုလုံးကို လွှမ်းမိုးမထားစေရန်လည်း စီမံထားနိုင်ခဲ့သည်ဖြစ်ရာ အတိုင်းအတာတစ်ခုထိ ကောင်းမွန်သော စုဖွဲ့မှုဟုဆိုနိုင်သည်။ သို့သော်လည်း ထိုအမျိုးသားထောက်လှမ်းရေးအဖွဲ့ကို  ဖျက်သိမ်းခဲ့ရာမှ မြန်မာနိုင်ငံတွင်ရှိခဲ့သော ကောင်းမွန်သည့် ထောက်လှမ်းရေးစုဖွဲ့မှုကြီး နိတ္ထိတန်သွားခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျနိုင်ငံ

ဩစတြေးလျနိုင်ငံတွင် ထောက်လှမ်းရေးအသိုင်းအဝိုင်းကို အဖွဲ့ကြီးခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ Office of National Assessment (ONI)။ Defense Intelligence Organization  (DNI)။ Australian Geospatial Intelligence Organization (AGIO)၊ Australian Signal Directorate (ASD)။ Australian Secret Intelligence Service (ASIS) နှင့် Australian Security & Intelligence Organization (ASIS)တို့ဖြစ်သည်။ င်္Five Eyes မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အမေရိကန်နှင့် ပုံမှန်သတင်းအချက်အလက်မျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည်။ သမိုင်းကြောင်းအရ ဗြိတိသျှတို့၏ ထောက်လှမ်းရေးစုဖွဲ့မှုတို့ကိုလည်း အတုယူထားသကဲ့သို့ အမေရိကန်၏ထောက်လှမ်းရေး နည်းနာများကိုလည်း အမြဲအတုယူလေ့ရှိသည်။

ဩစတြေးလျ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (ASIS)

ဩစတြေးလျ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (ASIS) မှာ ပြည်ပထောက်လှမ်းရေးသတင်းများကို အဓိကထား ထောက်လှမ်းရသော အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့၏လုပ်ငန်းဆောင်တာများကို နိုင်ငံခြားရေးဝန်ကြီးက တာဝန်ခံရသည်။ ဗြိတိသျှတို့၏ ယခင် MI၆ (ယခု SIS)  နှင့် အမေရိကန်၏ CIA နှင့် ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်တာများ ဆင်တူသည်။ ယင်းအဖွဲ့ကို ၁၉၅၂ ကတည်းက ဖွဲ့စည်းထားသော်လည်း  ပြည်သူလူထုအနေနှင့် ယင်းအဖွဲ့ရှိမှန်းမသိအောင်ပင် ၁၉၇၂ ခုနှစ်ထိ လျှို့ဝှက်ထားခြင်းခံရသော အဖွဲ့ဖြစ်သည်။ ၁၉၇၀ နှောင်းပိုင်းတွင်မှ လူထုကစတင်သိရှိခဲ့ပြီး ၁၉၈၃ တွင် ဖြစ်ပျက်ခဲ့သောကိစ္စတစ်ခု ကြောင့် ASIS အကျော်ကြားဆုံးဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်ကို  ထောက်လှမ်းရေး ကျရှုံးမှုနီးပါးထိ သတ်မှတ်ခဲ့ပြီး အပြစ်ပေးမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်တို့၏ ၉/၁၁ လောက် ထိခိုက်ဆုံးရှုံ့းမှု မရှိ ခဲ့သော်လည်း အထောက်လှမ်းရေးအဖွဲ့အစည်းများ၏သေးငယ်သည်ဟု ယူဆလိုပါက ယူဆနိုင်သော အသေးအဖွဲ့ကိစ္စတစ်ခုကိုပင် နိုင်ငံတကာတွင် အလေးနက်ထားအရေးယူကြပုံ၊ အရေးယူရာတွင်လည်း လူ့စွမ်းအားအရင်းအမြစ်များအားလုံး ဖြုတ်ထုတ်ရှင်းလင်းခြင်းမျိုးမဟုတ်ဘဲ သာမန်အပြစ်ပေးမှုလောက်ဖြင့် မှတ်သွားအောင်ဆုံးမပုံတို့ကို လေ့လာနိုင်ရန် ဤဆောင်းပါးတွင် တင်ပြလိုခြင်းဖြစ်သည်။

အချိန်ကား ၁၉၈၃ ခုနှစ် နိုဝင်ဘာလ (မြန်မာနိုင်ငံတွင် အာဇာနည် ကုန်းဗုံးပေါက်ကွဲမှုကဲ့သို့ ကြီးမားသောထောက်လှမ်းရေးကျရှုံးမှု ဖြစ်ပွားခဲ့ချိန်) တွင် ဩစတြေးလျ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့  ASIS သည် ထောက်လှမ်းရေးလေ့ကျင့်မှုများ ပြုလုပ်နေခဲ့သည်။ ထိုလေ့ကျင့်မှုများထဲမှတစ်ခုမှာ ဟိုတယ်တစ်ခုတွင် ရှိနေသော လူတစ်ဦးကို ရှောင်တခင်ဆွဲထုတ်ဖမ်းဆီးရန်ဖြစ်သည်။ ထိုလေ့ကျင့်ခန်း  အသက်ဝင်စေရန်အတွက် မည်သည့်အာဏာပိုင်အဖွဲ့အစည်းကိုမှ ကြိုတင်အသိမပေးခဲ့ပေ။ လေ့ကျင့်ခန်းပြုလုပ်မည့်နေ့တွင် ကြိုတင်စီစဉ် ထားသောအစီအစဉ်မှာ မဲလ်ဘုန်းမြို့ရှိ  ဟိုတယ်တစ်ခုတွင် ASIS က အခန်းတစ်ခုယူထားသည်။ ထိုအခန်းထဲတွင် လူတစ်ဦးရှိမည်။  ထိုလူအား ASIS က ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရန်ဖြစ်သည်။

ကံဆိုးစွာပင် ထိုလေ့ကျင့်ခန်းမှာ ASIS က မျှော်လင့်ထားသည့် အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပေ။ သတ်မှတ်ထားသော ဟိုတယ်သို့ ASIS အဖွဲ့မှ ထောက်လှမ်းရေးအရာရှိများ ရှောင်တခင်ရောက်လာသည်။ ဟိုတယ်ဧည့်ကြိုခန်းမမှ ဝန်ထမ်းများကို စကားတစ်ခွန်းမျှမပြောဘဲ လေ့ကျင့်ထားသည့်အတိုင်း သတိအနေအထားဖြင့် လက်နက်များ ကိုင်ဆောင်ထားသော ASIS  အရာရှိများက ဟိုတယ်လှေကား များအပေါ်အတင်းပြေးတက်သည်။ ဟိုတယ်ဆယ်ထပ်ရှိ  အခန်းတစ်ခုဆီသို့ အောင်မြင်စွာရောက်ရှိပြီး ဟိုတယ်တံခါးကို ရိုက်ချိုးဝင်ရောက်ကာ အခန်းထဲရှိ လူပုဂ္ဂိုလ်တစ်ဦးကို အတင်းဝင်ရောက်ဖမ်းဆီးသည်။ ဖမ်းဆီးပြီးသည့်နောက် လေ့ကျင့်ခန်းအောင်မြင်ပြီထင်ပြီး ဟိုတယ်အောက်ထပ်သို့ ဆင်းလာခဲ့ချိန်တွင် ပြဿနာအကြီးကြီး စတက်သည်။ ဟိုတယ်မန်နေဂျာက လက်နက်များကိုင်ဆောင် ဝင်ရောက်လာခြင်းကြောင့် မဲလ်ဘုန်းမြို့ ဗစ်တိုးရီးယားပြည်နယ်  ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခေါ်ထားသည်။ အောက်ထပ်တွင် ASIS အရာရှိ များနှင့် နယ်မြေရဲတပ်ဖွဲ့တို့ ရင်ဆိုင်ရသည်။ ထောက်လှမ်းရေးများက ၎င်းတို့ကားများဖြင့် အတင်းမောင်းပြေးစဉ် ဗစ်တိုးရီးယားနယ်မြေရဲတို့က ထောက်လှမ်းရေးကားတစ်စီးကို ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။

နယ်မြေရဲတပ်ဖွဲ့က ၎င်းတို့ကို မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းစဉ်တွင် ASIS မှ ထောက်လှမ်းရေးများဖြစ်ကြောင်း လေ့ကျင့်ခန်းလာလုပ်ကြခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းပြရာ ဟိုတယ်မန်နေဂျာက ၎င်းကိုကြိုတင်အသိပေးထားခြင်း မရှိကြောင်းတင်ပြသည်။ ASIS မှဖြစ်ပါက ဝန်ထမ်းကတ်ပြန်ရန် တောင်းဆိုမှုကိုလည်း ၎င်းတို့က ငြင်းဆန်ခဲ့သည်။ ရဲတပ်ဖွဲ့အနေနှင့်လည်း ဖက်ဒရယ်စနစ်အရ နယ်မြေရဲများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ယင်းကဲ့သို့ နယ်မြေကျော်ကာ စစ်ဆင်ရေး ဆန်ဆန်လုပ်ရှားခြင်းကြောင့် အကြီးအကျယ်ဒေါသထွက်ခဲ့သည်။  ယင်းအခြေအနေအားပိုဆိုးစေသည်မှာ ထောက်လှမ်းရေးတို့ အခန်းထဲမှ အတင်းသေနတ်ထောက်၍ ဆွဲထုတ်ခဲ့သောပုဂ္ဂိုလ်မှာ ၎င်းတို့ဇာတ်တိုက် ထားသော ပုဂ္ဂိုလ်မဟုတ်ဘဲ အခန်းမှားကာ ဝင်ရောက်မိသောကြောင့် မှားယွင်းဆွဲထုတ်လာမိသော သာမန်တည်းခိုသူ ဧည့်သည်တစ်ယောက်ဖြစ်နေခဲ့သည်။ နယ်မြေခံရဲတပ်အဖွဲ့အနေနှင့် ၎င်းတို့ကို ကြိုတင် အသိပေးခြင်းမရှိဘဲ လက်နက်ကိုင်ကာစစ်ဆင်ရေးသဖွယ် ပြုလုပ်ခြင်းကို  ဒေါသထွက်၊ ဟိုတယ်မန်နေဂျာအနေနှင့်လည်း ၎င်းကို ကြိုတင်အသိမပေး၊ ခွင့်မတောင်းဘဲ ၎င်း၏ဟိုတယ်ပေါ်သို့ လက်နက်များ ဆွဲကိုင်တတ်လာခြင်းကြောင့် မကျေမနပ်ဖြစ်၊ အတင်းသေနတ်ထောက်  ဆွဲထုတ်ခံရသော သာမန်ဧည့်သည်ကလည်း အထိတ်တလန့်နှင့် တုန်ရီနေခဲ့သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု၏ ဗရမ်းဗတာ နိုင်လွန်းသော လုပ်ရပ်ကြီးတစ်ခုအဖြစ် ဩစတြေးလျနိုင်ငံတွင် သမိုင်းတွင်ခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံကြီးတစ်ခုတွင် ထောက်လှမ်းရေးများ နယ်မြေကျော်လွန်ကာ ကြိုတင်အသိမပေးဘဲ မှားယွင်းလုပ်ကိုင်မှုများကြောင့် ပြည်နယ်အစိုးရအနေနှင့် များစွာမကျေ မနပ်ဖြစ်နေခဲ့ရာ ထိုအဖြစ်အပျက်က ပြည်ထောင်စုအစိုးရရှိရာ ကမ်ဘရာမြို့သို့ ရောက်လာသည်။ ပြည်သူများက ဆဲရေးတိုင်းထွာကြသလို မီဒီယာများကလည်း အပြိုင်အဆိုင်ရေးသားဝေဖန်ခဲ့ကြသည်။

ယင်းအဖြစ်အပျက်မှာ မြန်မာ့ထောက်လှမ်းရေးတို့ လက်လွန်ခြေလွန်လုပ်ခဲ့သော အဖြစ်အပျက်ပေါင်းများစွာနှင့်ယှဉ်လျှင် ဘာဆိုဘာမျှမပြောပလောက်သော ကိစ္စတစ်ခုဖြစ်ကောင်းဖြစ်မည်။ သို့သော် ယင်းအဖြစ်အပျက်ကို ဩစတြေးလျအစိုးရက လက်နက်ကိုင်ရမ်းကားမှုနှင့် ပြည်နယ်ရဲတပ်ဖွဲ့ကို မရိုမသေလုပ်မှုအဖြစ် ယူဆကာ ASIS ရှိ ထောက်လှမ်းရေးများအားလုံးကို အပြစ်ပေးသည့်အနေနှင့် လက်နက် ဖြုတ်သိမ်းခဲ့သည်။ ယင်းအဖြစ်အပျက် ဖြစ်ပွားချိန်မှစတင်ပြီး ဗှ  မှ ထောက်လှမ်းရေးများအား လက်နက်ကိုင်ခွင့် လုံးဝမပေးတော့ပေ။  ဩစတြေးလျတွင် သာမန်လူများပင်သေနက်ပစ် သင်တန်းတတ်ရောက် ပြီးပါက လက်နက်ကိုင်ခွင့် ရှိသည်ဖြစ်ရာ လက်နက်ကိုင်ခွင့် ïပ်သိမ်း ခံရခြင်းထက် ယင်းကဲ့သို့ အပြစ်ပေးခံရခြင်းကြောင့် ထောက်လှမ်းရေးအဖွဲ့ အစည်းတစ်ခု၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းရသောကြောင့် ထောက်လှမ်းရေး တို့ များစွာမျက်နှာနာခဲ့ကြသည်။ ထို့အပြင် ၁၉၈၄ ခုနှစ်တွင် လျှို့ဝှက် ထောက်လှမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခွင့် အာဏာကိုပါ ïပ်သိမ်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ် (မြန်မာနိုင်ငံတွင် ထောက်လှမ်းရေးအဖွဲ့ အစည်းကြီးတစ်ခုလုံးကို ထောက်လှမ်းရေးပြန်လည်သုံးသပ်မှု လုံးဝ မပြုလုပ်ဘဲ ဖျက်သိမ်းခဲ့ချိန်) တွင် ဩစတြေးလျနိုင်ငံတွင် ထောက်လှမ်းရေး  ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီး ခေတ်သစ်အကြမ်းဖက်မှုများမှ ဩစတြေးလျနိုင်ငံသားများကို ကာကွယ်ရန် ထောက်လှမ်းရေး  လိုအပ်ချက်များအရ ဗှ ကို လက်နက် ကိုင်ဆောင်ခွင့်ပြန်ပေးခဲ့ပြီး ïပ်သိမ်းထားသော လုပ်ပိုင်ခွင့်များ ပြန်လည်ပေးအပ်ခဲ့သည်။ အသေးအဖွဲ ဟု ယူဆနိုင်သော အဖြစ်အပျက်လေးတစ်ခုကြောင့် အနှစ် နှစ်ဆယ်ခန့် လက်နက်ဖြုတ်သိမ်းခြင်းနှင့် လုပ်ပိုင်ခွင့်လျှော့ချခြင်းများ ခံခဲ့ရသည်။  ထောက်လှမ်းရေးအဖွဲ့အစည်းကြီး တစ်ခုအနေနှင့် များစွာအရှက်ရကာ  ပြန်လည်ဆင်ခြင်ခွင့်ရရှိခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။

၉/၁၁ ဖြစ်စဉ်ကို သင်ခန်းစာယူကာ ထောက်လှန်းရေးပြန်လည်  သုံးသပ်မှုနှင့် ထောက်လှမ်ရေးပြုပြင်ပြောင်းလဲမှုတို့ကို ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင်လည်း လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အရေးယူခြင်းထက် လက်ရှိထောက်လမ်းရေးစနစ်၏ အားသာချက်၊ အားနည်းချက်များနှင့် ဥပဒေရေးရာအားနည်းချက်များကို  သေချာလေ့လာပြီးမှ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ၉^၁၁ အဖြစ်အပျက်ကို အသေးစိတ်လေ့လာကာ စာမျက်နှာ ၅၀၀ နီးပါးရှိသော အစီရင်စာတစ်ခု ကို ၉^၁၁ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် အကြမ်းဖက် သူများ လေယာဉ်ပေါ်တက်ချိန်မှစ၍ ထောက်လှမ်းရေးအဖွဲ့အစည်းများ၊  တပ်မတော်အဖွဲ့အစည်းများ၊ လေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အတွက် ပြုပြင်ပြောင်းလဲဖွယ်ရာများကို တင်ပြထားရာ အမေ ရိကန်တို့အတွက် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် ကျမ်းစာ ဟုပင် တင်စားပြောရလောက်အောင် ပြီးပြည့်စုံသော အစီရင်ခံမှုမျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင်ရှိခဲ့သော ထောက်လှမ်းရေး ပြုပြင်ပြောင်းလဲမှု များတွင်တော့ ထောက်လှမ်းရေး ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်း မရှိဘဲ အပြစ်ပေးခြင်းသက်သက်သာ လုပ်ခဲ့ကြသည်။  အနာဂတ်ကာလ တွင် ဖြစ်ပေါ်လာမည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင် နိုင်ရန်မှာ ပြည့်စုံသော ထောက်လှမ်းရေး ပြန်လည်သုံးသပ်မှုများ မရှိ  မဖြစ် လိုအပ်သည်ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့ အစည်းများကြား နှစ်ဖက်လုံးက လက်ခံနိုင်မည့် အမျိုးသားအဆင့် ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်းများဖွဲ့စည်းရန်နှင့် ထိုသို့ဖွဲ့စည်း နိုင်ရန် ပထမအဆင့်ဖြစ်သော ထောက်လှမ်းရေး ပြန်လည်သုံးသပ်မှုများ  အမြန်လုပ်ဆောင်သင့်ကြောင်း နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွား  အလို့ငှာ တင်ပြအပ်ပါသည်။ 

 

ကျော်စောဟန် (မြန်မာပြည်ဖွားဂေါ်ရခါး)

(စာရေးသူသည် ဩစတြေးလျ အမျိုးသားတက္ကသိုလ်တွင် National Security Policy မဟာဘွဲ့ တက်ရောက်သင်ယူနေသူဖြစ်ပြီး လုံခြုံရေးနယ်ပယ်တွင် ငါးနှစ်ကြာလုပ်ကိုင်ခဲ့သည့် သုတေသီဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *