ဘဏ်ချေးငွေများနှင့် ပတ်သက်၍

ဦးကျော်စိန်(ဒုတိယအထွေထွေမန်နေဂျာ(ငြိမ်း) စီးပွားဘဏ်)

ဗဟိုဘဏ်အနေနှင့် ဘဏ်လုပ်ငန်းရှင်များကို ဖိတ်ကြားတွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသောအခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်မည့် ငြင်သာပျော့ပျောင်းသော Solution တစ်ခုခုရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ် ရှိ/မရှိ ၂၇-၈-၂၀၁၉ ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က မေးမြန်းခဲ့ပါသည်။

“လုပ်ငန်းရှင်တွေအနေနှင့် မပေးဆပ်ဘဲနေတာ ခြောက်လလောက်ဆိုရင် ညှိနှိုင်းလို့ရသော်လည်း အရင်းအတိုးမဆပ်တာ ၂ နှစ်၊ သုံးနှစ်ဖြစ်လာရင် ဘဏ်တွေအနေနှင့် ညှိနှိုင်းတဲ့အဆင့်ကျော်သွားပြီး လုပ်ငန်းရှင်တွေဘက်ကချည်းစဉ်းစားလို့မရပါဘူး။ ငွေကြေးကို ယုံကြည်စွာနှင့် ဘဏ်မှာအပ်နှံထားတဲ့ ပြည်သူတွေရဲ့ ငွေကြေး ဆုံးရှုံးမှုမရှိအောင် ကာကွယ်ဖို့ ဘဏ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဘဏ်တွေက လိုအပ်တာထက် ပိုပြီးတော့ လိုက်လျောမှု အများကြီးလုပ်ခဲ့ပြီးပါပြီ။ ထပ်မံဖြေလျှော့ပေးရန် အစီအစဉ်မရှိပါ” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ဖြေကြားခဲ့ပါသည်။ ချေးယူစဉ်ကတည်းက အတိုးရော အရင်းပါ ပြန်မဆပ်ကြသည့် ချေးငွေအမြောက်အမြား ရှိနေသည်ဟုလည်း ထည့်သွင်းပြောကြားသွားပါသည်။

“ကာယကံရှင်ကတော့ တစ်ခွန်းပဲ။ ကျွန်တော် မဆပ်နိုင်တော့ဘူး။ ကျွန်တော့်အပေါင်ပစ္စည်းကို သိမ်းပါ။ အဲတော့ ဘဏ်က ဒီပစ္စည်း သူ့အပေါ် ပိုက်ဘောမိသွားပြီ။ ဘဏ်ဆိုတာ အိမ်၊ ခြံ၊ မြေ ပွဲစားမဟုတ်ဘူး။ အဲတော့ ဒါကိုရောင်းဖို့အတွက် လေလံပစ်ရတော့မယ်။ အဆင့်ဆင့် အများကြီးလုပ်ရပြီ။ ဒါမျိုးတွေက တစ်ယောက်တလေရှိရင် အကြောင်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်လာလျှင် ဘဏ်တွေ ရပ်တည်နိုင်ပါ့မလား။ ဘဏ်တွေ ပြိုလဲသွားနိုင်တယ်။ ဘဏ်တွေ ပြိုလဲပြီဆိုရင် ငွေရေးကြေးရေး Crisis ဖြစ်လာမယ်။ ဘဏ်များနှင့် တွေ့ဆုံဆွေးနွေးကာ အချိန်တစ်ခုပေးသင့်တယ်။ ထွက်ပေါက်မရှိအောင် ချောင်ပိတ်မရိုက်သင့်ဘူး” ဟု ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်က ချေးငွေကိစ္စကို ဝေဖန်ပြောကြားလိုက်ပါသည်။

ဘဏ်ချေးငွေများ စက်တင်ဘာလကုန်တွင် အပြီးဆပ်ရမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယင်းကဲ့သို့ စက်တင်ဘာလကုန်တွင် ပြန်ဆပ်ရမည်ဟု ညွှန်ကြားထားခြင်းမရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြည်တွင်းထုတ်နေ့စဉ်သတင်းစာတွင် ပြောကြားထားကြောင်းကိုလည်း ဖော်ပြထားပါသည်။

“ပြန်လည်ပေးဆပ်ခြင်းမရှိလို့ တရားစွဲတော့လည်း နှစ်တွေသာ ကြာသွားမယ်။ ဘဏ်တွေအတွက် အကျိုးမရှိဘူးဆိုတာ ဘဏ်တွေကိုယ်တိုင်လည်း နားလည်တယ်” ဟု မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက သတင်းမီဒီယာကို ပြောကြားထားသည်ဟု ဆိုပါသည်။

စီးပွားရေးသမားများကို တရားစွဲပစ္စည်းသိမ်းယူပါက ဘဏ်တွင် အပေါင်ခံထားသည့် Property သာရှိပြီး ငွေပြတ်သွားနိုင်ကြောင်း၊ ယင်းအခြေအနေမျိုးဖြစ်ပေါ်လာပါက အသင်းအနေနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌထံ အခက်အခဲတင်ပြတောင်းဆိုမည်ဟုလည်း မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအသင်း နာယက ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။

ယခု သတင်းအချို့တစ်ဝက်ကို တယ်လီဖုန်းအတွင်း အသံ/ ရုပ်သွင်းထားမှုကို တူမောင်တစ်ဦးက ၂၉-၈-၂၀၁၉ ရက်နေ့တွင် လာရောက်ဖွင့်ပြ၍ အကြမ်းဖျင်းတော့ သိထားပြီးဖြစ်ပါသည်။ ၃၁-၈-၂၀၁၉ ရက်နေ့တွင် ထုတ်ဝေသော News Watch စောင့်ကြည့်သတင်းဂျာနယ်တွင် ၃၀-၈-၂၀၁၉ ရက်နေ့က ထပ်မံဖတ်âခဲ့ရပြန်ရာ အထက်ပါဖော်ပြချက်များသည် စောင့်ကြည့်သတင်းဂျာနယ်၏ ရေးသားချက်များ ဖြစ်ပါသည်။

အထက်ပါပြောကြားချက်များသည် ၂၀၁၉-ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်း အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြဆိုကြအသံများ ဖြစ်ပါသည်။

ပြည်တွင်းဘဏ်များက ထုတ်ချေးထားငွေ စာရင်းပိုထုတ်ချေးငွေ (Overdraft) ကျပ် ၁၈,၇၁၆ ဘီလီယံရှိခဲ့ပြီး ၂၀၁၈-ခုနှစ်အတွင်း၌ ယင်းချေးငွေ၏ ၅၀ ရာခိုင်နှုန်းအထိလျှော့ချရန်၊ ၂၀၁၉ ဇူလိုင်လတွင် ၃၀ ရာခိုင်နှုန်း၊ ၂၀၂၀ ဇူလိုင်လတွင် ၂၀ ရာခိုင်နှုန်းထက်မပိုရန် ဗဟိုဘဏ်က ၂၀၁၇ ဇူလိုင်လတွင် ညွှန်ကြားထားသည်ဟု ဆိုပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း၌ ချေးငွေအတွက် အာမခံရယူထားသည့် မရွှေ့မပြောင်းနိုင်သောမြေနှင့် အဆောက်အအုံတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကျပ် ၁၅,၃၅၇ ဘီလီယံ ထုတ်ချေးထားကြောင်း သိရှိရပါသည်။ ချေးငွေအမျိုးအစားတွင် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးတို့က အများဆုံးဟု ဆိုပါသည်။ အိမ်၊ ခြံ၊ မြေ ဈေးကွက် ကျဆင်းနေသောကြောင့် ဘဏ်အတိုးအနှုန်းများ ပိသွားသည်ဟု ဆိုပါသည်။

အပ်ငွေကို ၈ ရာခိုင်နှုန်းပေးပြီး ၁၃ ရာခိုင်နှုန်းဖြင့် ပြန်ချေးပေးနေသည့် ဘဏ်များအနေနှင့် အမှန်တကယ် ပြန်လည်ကောက်ခံလိုခြင်း ရှိ၊ မရှိ မေးခွန်းထုတ်လိုက်ပြီး ပါဝင်ပတ်သက်နေသူများကို ၃-၉-၂၀၁၉ ရက်နေ့ထုတ် Tomorrow ဂျာနယ်တွင် ဆောင်းပါးရှင် (လက်စောင်းထက်) က လက်စောင်းထက်ထက် ခပ်သွက်သွက် ရေးသားထားသည်ကို ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ဘဏ်များသို့

စိုက်ပျိုးစရိတ်များ အမြဲတမ်းလိုအပ်နေသော တောင်သူလယ်သမားများအတွက် ဆိုရွှန်တိုဗီလာစီမံကိန်းအရ ၁၉၅၃ ခုနှစ် နိုင်ငံတော်စိုက်ပျိးရေးဘဏ်အက်ဥပဒေဖြင့် နိုင်ငံတော် စိုက်ပျိုးရေးဘဏ်ကို တည်ထောင်ခဲ့ပါသည်။ ထိုနည်းတူစွာ နိုင်ငံခြားသားများအား နိုင်ငံခြားဘဏ်များက ငွေချေးပေးနေခဲ့သော်လည်း တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် အခက်အခဲရှိသဖြင့် လုပ်ငန်းရှင်များကို ကူညီရန် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်ကို ၁၉၅၄ ခုနှစ် တွင် အစိုးရက တည်ထောင်ပေးခဲ့ပါသည်။

ဘဏ်သည် အပေါင်ဆိုင်မဟုတ်၊ ပစ္စည်းကို အပေါင်ခံပြီး မဆပ်နိုင်လျှင် ထုခွဲရောင်းချရယူမည်၊ လုပ်ငန်းမရှိ၊ လုပ်ငန်းအားနည်းသော်လည်း အာမခံပစ္စည်းတန်ကြေးရှိလျှင် ချေးပေးမည်ဟူသော သဘောထားခံယူချက် မထားရှိရ၊ လုပ်ငန်းရှင်အား ကူညီရန်ဖြစ်သည်ဟု နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ အကြီးအကဲများက ဆောင်းပါးရှင်တို့ကို သင်ကြားပို့ချပေးခဲ့ပါသည်။

ငွေချေးသောအခါတွင်လည်း မစစ်မဆေး၊ မစူးမစမ်း ချေးရခြင်း မဟုတ်ပါ။ (၁) Financial Appraisal, (၂) Technical Appraisal, (၃) Market Appraisal စသော အကဲဖြတ်နည်းများဖြင့် အကဲဖြတ်ပြီးမှသာ သင့်တော်သော ချေးငွေပမာဏကို ထုတ်ချေးခြင်းဖြစ်ပါသည်။ ရှေ့နှစ်မျိုး (၁) နှင့် (၂) အတွက် ကျွမ်းကျင်သူများလိုအပ်သော်လည်း နံပါတ် (၃) ဈေးကွက်၏အခြေအနေကို ဘဏ်လုပ်ငန်းရှင်ကြီးများကိုယ်တိုင် သိနေပြီးဖြစ်ပါသည်။

ဒေသတစ်ခုတွင် အိမ်ထောင်စုမည်မျှ အိုးအိမ်မရှိသေးဟု အုပ်ချုပ်သူများက ပြောနေကြသော်လည်း ဝယ်နိုင် မဝယ်နိုင်၊ ဝယ်လိုအားမည်မျှရှိသည်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တွက်ချက်သင့်သည်။ ဘဏ်များကလည်း သိသင့်သည်။ အိမ်၊ ခြံ၊ မြေဈေးကွက်သည် ရောင်းဝယ်လွယ်ကူသော ဈေးကွက်မဟုတ်ပါ။ ယခုအခါ ဈေးမလိုက်ခြင်း၊ ဝယ်လိုအားကျဆင်းနေခြင်း ဖြစ်ပါသည်။ အမေရိကန်ကဲ့သို့ နိုင်ငံ၌ပင် Property Market ကို ချေးထားသောဘဏ်များစွာ ပျက်ခဲ့ဖူးပါသည်။ Liquidity ရောင်းဝယ်လွယ်ကူမှု မရှိသောဈေးကွက်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများသို့

ချေးငွေမဆပ်နိုင်လျှင် အာမခံပစ္စည်း ထိုးအပ်မည်ဟု လူစုတောင်းဆိုနေလျှင် မှားပေလိမ့်မည်။ အာမခံပစ္စည်း လေလံဈေးဖြင့်ရောင်းချပြီး ချေးငွေကျန်နေသေးလျှင် Presonal Decree လျှောက်ထား၍ ကျန်ငွေကို ဘဏ်ကတောင်းခံနိုင်ပါသည်။

The Automatic Formula

“Banks should issue money only to finance current production – goods in process. Fixed plant and equipment should be financed by the sale of shares, by bond issues, and by flowing back earnings. Bank financing typically would cover only a part of the cost of financing the goods – in – process; a part would be finance from funds from the sales of securities in the Capital markets and from retained earnings.”

Professor Hansen က ၎င်း၏ “Monetary Theory and Fiscal Policy” ကျမ်းတွင် ရေးသားထားခဲ့ပါသည်။

ယခုအခါ အရင်းအနှီးဈေးကွက်နှင့် စတော့အိတ်ချိန်း တည်ထောင်ပြီးဖြစ်၍ အရင်းအနှီးဈေးကွက်အတွင်းမှ အရင်းအနှီး စုဆောင်းသင့်ပေသည်။

၁၉၇၃ ခုနှစ် ပထမအကြိမ် ရေနံအကျပ်အတည်းတွင် အတိုးပေးရုံမျှပင် ဝန်လေးကာ ဂျပန်ကုမ္ပဏီများ စီးပွားပျက်သဖြင့် အရင်းအနှီးဈေးကွက်မှ အရင်းအနှီးစုဆောင်းသောနည်းသို့ (Shift) ပြောင်းကြရပါသည်။

၁၉၇၇ ခုနှစ်တွင် ဘဏ်ချေးငွေများဖြင့် တည်ဆောက်ထားသော စက်ရုံများ ပြန်ဆပ်ကာလတွင် အရင်းမပေါ်သဖြင့် ထိုင်းနိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်း ပေါ်ပေါက်ခဲ့ပါသည်။

ဆင်ခြင်တုံတရား

ထို့ကြောင့် ဘဏ်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် ဆင်ခြင်တုံတရား လက်ကိုင်ထား၍ ဆောင်ရွက်နိုင်ကြရန် ရေးသားလိုက်ရပါသည်။ 

ကျော်စိန်
၅-၉-၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *