ဒေါက်တာခလမ်ဆမ်ဆွန်အမှု ရုပ်သိမ်းခြင်းမှာ ဖိအားများကြောင့်မဟုတ်ဟု တပ်မတော်ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်  KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် တပ်မတော်က မြစ်ကြီးနားမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားမှုကို ရုပ်သိမ်းလိုက်ခြင်းသည် ဖိအားကြောင့် မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် လျှောက်ထားမှုသည် တရားရုံးလုပ်ထုံးလုပ်နည်းအရ စက်တင်ဘာလ ၁၀ ရက်တွင် ပုဒ်မတပ်ရမည်ဖြစ်သော်လည်း ပုဒ်မမတပ်ခင်တွင် မြစ်ကြီးနားမြို့ နယ်တရားရုံးသို့ တပ်မတော်က အမှုရုပ်သိမ်းကြောင်း စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမှုပိတ်သိမ်းတာက မည်သူရဲ့ဖိအား၊ မည်သူ့ရဲ့ တွန်းအားမှမပါဘဲနဲ့ ဥပဒေအသုံးအနှုန်းအရဆိုရင်တော့ မိမိရဲ့ဆန္ဒသဘောထားအလျောက် လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ အမှုပိတ်သိမ်းပေးခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၌ဘာသာရေး လွတ်လပ်ခွင့်မရှိကြောင်း၊ လူနည်းစုတိုင်းရင်းသားများအရေးစသည့် ကိစ္စရပ်များပြောဆိုခဲ့သဖြင့် ၎င်းကို အရေးယူပေးပါရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဩဂုတ်လ ၂၈ ရက်နေ့တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကမူ ၎င်းကိုတိုင်ကြားထားချက်အား တပ်မတော်က ရုပ်သိမ်းလိုက်သည့်အပေါ် ကြိုဆိုဝမ်းသာကြောင်း ပြောကြားသည်။

တိုင်ကြားထားချက် ရုပ်သိမ်းလိုက်မှုကို ပြောဆိုဆွေးနွေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းကိုဖိတ်ကြားခဲ့သဖြင့် စက်တင်ဘာလ ၁၂ ရက်တွင် မန္တလေးမြို့တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဆွေးနွေးပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှုကို မိမိသဘောဆန္ဒဖြင့် ရုပ်သိမ်းလိုက်ခြင်းဖြစ်ပြီး တပ်မတော်သည် မြန်မာနိုင်ငံတွင် ဘာသာရေးကို ဖိနှိပ်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောဆိုသည်။

“ကျွန်တော့်ဘက်ကလည်း ဝမ်းသာကြိုဆိုပါတယ်ဆိုတဲ့အကြောင်း၊ တပ်မတော်က အကိုကြီးဖြစ်တဲ့အတွက် စိတ်ရှည်သည်းခံဖို့ လိုတဲ့အကြောင်း၊ နားလည်သဘောပေါက်မှုတွေနဲ့ ငြိမ်းချမ်းရေးကို အမြန်လုပ်ဖို့ လိုတယ်ဆိုတဲ့အကြောင်း အဲဒါတွေပြောခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်က ၎င်းကိုအရေးယူပေးရန် လျှောက်ထားမှုကို တပ်မတော်က ပြန်လည်ရုပ်သိမ်းလိုက်ခြင်းသည် တပ်မတော်၏ အပြုသဘောဆောင်သော ပြောင်းလဲမှုတစ်ရပ်ပင်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *