လှိုင်သာယာသား တရုတ်များ

“အရှေ့က တရုတ်၊ အနောက်က မြန်မာပေါ့” ဟု ဆိုလာသူက လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ စာရေးမတစ်ဦး ဖြစ်သည်။

လတ်တလောတွင် လှိုင်သာယာကို နှစ်မြို့နယ်အဖြစ် ခွဲခြားရန် အုပ်ချုပ်ရေးပိုင်းက စီစဉ်လျက်ရှိသည်။ ယင်းသို့ခွဲခြားလိုက်ပါက လှိုင်သာယာအရှေ့ဘက်ခြမ်းတွင် တရုတ်လူမျိုးများ နေထိုင်ကြကြောင်း၊ အနောက်ဘက်ခြမ်းတွင် လက်လုပ်လက်စားမြန်မာတိုင်ရင်းသားများ အများစုနေထိုင်ကြကြောင်း အဆိုပါစာရေးမက ရည်ညွှန်းလိုက်ခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့တွင် တရုတ်နိုင်ငံသားအများအပြား ဝင်ရောက်နေထိုင်မှုကြောင့် စိတ်ပူကြရဖူးသည်။ တရုတ်နိုင်ငံသားအများအပြားအခြေချလျက်၊ အခြေချဆဲဖြစ်သည့် လှိုင်သာယာမြို့နယ်အတွက် တာဝန်ရှိသူများ ပူပင်ကြပါ၏လော။

လှိုင်သာယာသည် ကျူးမြို့တော်အမည်တွင်ပြီးနောက် ဒုတိယတရုတ်တန်းဖြစ်ရန် စိုင်းပြင်းလျက်ရှိချေပြီ။

ဟွမ်းရင် FMI

လှိုင်သာယာမြို့နယ် FMI အိမ်ရာဝင်းအတွင်း သန့်ရှင်းသော လမ်းသွယ်များ၊ စိမ်းစိုနေသောအပင်များအကြားတွင် တရုတ်ဘာသာဖြင့် ရေးထားသောဆိုင်များက လမ်းဘေးတွင် ဆိုင်းဘုတ်ကိုင် စီတန်း၍ ဆန္ဒပြနေသည့်နှယ် ညီညီညာ ညာရှိလှသည်။

တရုတ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်တစ်ဆိုင်ရှေ့တွင် ဘောင်းဘီတိုဝတ် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက တရုတ်ဘာသာဖြင့် ဖုန်းပြောလျက်ရှိသည်။

စက်တင်ဘာလ ၈ ရက် တနင်္ဂနွေညနေခင်းသည် ခြေခင်းလက်ခင်းသာသည်ဖြစ်ရာ FMI အိမ်ရာဝင်းအတွင်းရှိ သန့်ရှင်းသပ်ရပ်သည့် လမ်းတစ်လျှောက်တွင် ဘောင်းဘီတိုဝတ်ထားသည့် တရုတ်အမျိုးသား၊ အမျိုးသမီးများက ဟိုတစ် ယောက်၊ ဒီတစ်ယောက်၊ အချို့က နှစ်ယောက်တွဲ လမ်းလျှောက်နေကြသည်။ သူတို့ပြောကြသည့်စကားက သူတို့၏အမျိုးသားဘာသာစကားဖြစ်သော တရုတ်စကား။

“အခုတော့ အကုန်တရုတ်တွေ ဖြစ်ကုန်ပါပြီ” ဟု ဆိုလာသူက FMI အိမ်ရာဝင်းနှင့်ကပ်လျက် ရှမ်းချောင်းကျေးရွာနေ အသက် ၅၅ နှစ်အရွယ်ရှိ ဦးလှမြင့်ဖြစ်သည်။

လွန်ခဲ့သော နှစ်များစွာကပင် ဒေသခံများ သွားလာဝင်ထွက်ခဲ့သော FMI သည် ယခုအခါ သူစိမ်းဆန်ဆန် ကြိုနှင့်၏။ FMI သည်ကား လွန်ခဲ့သည့် သုံးနှစ်ကနှင့်မတူ အရာအားလုံးသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လှိုင်သာယာမြို့နယ်သို့ အဓိက ဝင်ပေါက်ဖြစ်သည့် မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ကို ဆက်ထားသည့် ဘုရင့်နောင်အမှတ် (၂) တံတားမှ အဆင်းတွင် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၏ FMI အိမ်ရာရှိသည်။

လွန်ခဲ့သောနှစ်များကမူ အဆိုပါအိမ်ရာတည်ဆောက်မှုကြောင့် မြေယာအငြင်းပွားမှုများ ဖြစ်ပွားခဲ့သေးသည်။ ယင်းမှာ သမ္မတဦးသိန်းစိန်လက်ထက်ကဖြစ်သည်။ သမ္မတဦးသိန်းစိန်လက်ထက်တွင် အဆိုပါအိမ်ရာအတွက် လုံခြုံရေးကိုပင် အထူးဂရုပြုလုပ်ဆောင်ရသည့် အချိန်အခါများရှိခဲ့သည်။

ယခုအခါ အဆိုပါ FMI အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်လိုက်ပါက တရုတ်နိုင်ငံသားတို့၏ ဆိုင်အကြီးအသေးမျိုးစုံကို တွေ့ရမည်ဖြစ်သည်။

“အခုသုံးလေးနှစ်အတွင်းမှာကို ပိုဆိုးလာတယ်။ ဆိုင်တွေဘာတွေနဲ့ အများကြီးဖြစ်လာတာ။ အရင်တုန်းကတော့ရှိတယ် နည်းနည်းပဲ” ဟု ဆိုလာသူက FMI အိမ်ရာတွင် ၁၅ နှစ်ကျော်နေထိုင်လျက်ရှိသည့် အငြိမ်းစားအရာထမ်း ဦးခင်အောင် (အမည်လွှဲ)ဖြစ်သည်။

FMI အိမ်ရာအတွင်းရှိဆိုင်များ၏ ဆိုင်းဘုတ်များတွင် အချို့က တရုတ်-မြန်မာ နှစ်ဘာသာဖြင့်လည်းကောင်း၊ အချို့က တရုတ်-အင်္ဂလိပ် နှစ်ဘာသာဖြင့်လည်းကောင်း ဖော်ပြထားကြသည်။ အချို့မှာ တရုတ်စာသီးသန့်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားဝင်ရုံးသုံးစာသည် မြန်မာစာဟု အခြေခံဥပဒေက သတ်မှတ်ထားသော်လည်း FMI အိမ်ရာအတွင်း တရုတ်ဘာသာသီးသန့်ဖြင့် ရေးသားထားသည့် ဆိုင်များစွာရှိနေသည်က မြန်မာ့ဥပဒေကို မျက်ကွယ်ပြုနေသည့်သဖွယ်ဖြစ်သည်။

FMI အိမ်ရာဝင်းအတွင်း မြန်မာတိုင်းရင်းသားအများစု ဝင်ထွက်သွားလာရာသည် City Mart မျှသာ ထင်ထင်ရှားရှားရှိသည်။

FMI အိမ်ရာဝင်းအတွင်း အများဆုံးမှာ တရုတ်စားသောက်ဆိုင်များပင်ဖြစ်သည်။ ထိုမျှမက တရုတ်လူမျိုးတို့၏ အသေးသုံး လူသုံးပစ္စည်းများစွာရရှိနိုင်သည့် တရုတ် Mini Mart များလည်းရှိသည်။ အဆိုပါဆိုင်များတွင် မြန်မာတို့က မဝယ်။ မြန်မာတို့လိုချင်သည့် ပစ္စည်းလည်းမရှိပေ။ တရုတ်နိုင်ငံသားများကြိုက်နှစ်သက်သည့် ပစ္စည်းများကိုသာ တင်သွင်းရောင်းချခြင်းဖြစ်သည်။

“ပြောချင်တာက တရုတ် Market လိုဖြစ်နေတာပေါ့။ ပြီး Convenience Store လို၊ Mini Mart လို၊ တရုတ်နိုင်ငံက ဟင်းခတ်အမွှေးအကြိုင်လိုမျိုးအထိ ရောင်းတယ်” ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ရှင်းပြသည်။

နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် လက်လီလုပ်ငန်းများတွင် ယခုကဲ့သို့ တရုတ်နိုင်ငံသားများ ဝင်ရောက်လုပ်ကိုင်နေခြင်းအပေါ် ၎င်းက မေးခွန်းထုတ်သည်။

“အဲဒါလေးတွေက (၆) ရပ်ကွက်၊ (၅) ရပ်ကွက်တို့၊ န၀ဒေးတို့၊ FMI တို့မှာ အဲဒီနေရာတွေမှာ ပိုများတယ်။ ဒီလုပ်ငန်းတွေကို တရားဝင်လိုင်စင်ရှိ မရှိ စိစစ်စေချင်တယ်။ သို့သော်လည်း စိစစ်မှုတွေက အားနည်းနေတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေမှာလည်း ကိုယ့်နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အသေးအမွှားကိစ္စလေးတွေကို ကိုယ့်နိုင်ငံသားတွေကိုပဲ အခွင့်အရေးပေးထားတာလေဗျာ။ အဲဒါကို တရုတ်နိုင်ငံသားတွေက အဲဒါတွေကို အကုန်လုံးလာလုပ်နေတယ်” ဟု ဦးဝင်းမောင်ကဆိုသည်။

FMI သည် ရန်ကုန်မြို့သို့ ရောက်ရှိနေသော တရုတ်နိုင်ငံသားများအတွက် လိုတရနယ်မြေဖြစ်သည်။

စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီမှသည် ပဲပြား၊ တို့ဟူးအထိ တရုတ်လုပ်ငန်းများ FMI တွင် ရှိသည်။ လှိုင်သာယာဈေးများတွင် ရောင်းချနေသော ပဲပြား၊ တို့ဟူးထက် FMI ရှိ ပဲပြား၊ တို့ဟူးကို တရုတ်နိုင်ငံသားများက ပိုမိုနှစ်သက်ကြသည်။

FMI ပဲပြား၊ တို့ဟူးသည်ကား တရုတ်များကိုယ်တိုင်လုပ်ထားခြင်းဖြစ်ပြီး လက်လီ၊ လက်ကားရောင်းဝယ်မှုပြုသည်။ အခြားသော ကုန်ပစ္စည်းများကိုလည်း ထိုနည်းတူပင်။

FMI အိမ်ရာအတွင်း တရုတ်စားသောက်ဆိုင်၊ တရုတ်အဲယားကွန်းအရောင်းဆိုင်၊ တရုတ်အလှပြင်ဆိုင်၊ တရုတ်ဘာသာစကား သင်တန်းကျောင်း၊ တရုတ် BBQ ဆိုင် ၊ တရုတ်စတီးထုတ်လုပ်ရေးကုမ္ပဏီများ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့အပြင် တရုတ်ငွေလဲကောင်တာများပင်ရှိသည်။ အများစုမှာ တရုတ်လူမျိုးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အများစုသော တရုတ်များမှာလည်း ပြည်တွင်းနေတရုတ်များ မဟုတ်ကြ။ တရုတ်နိုင်ငံသားများဖြစ်ကြသည်။

တရုတ်နိုင်ငံသားများနေထိုင်သည်မှ စီးပွားရေးလုပ်ကိုင်သည်အထိ ကွင်းဆက်အားလုံးကို တရုတ်လူမျိုးတို့၏ လုပ်ငန်းများနှင့်လည်ပတ်နိုင်ရန် တည်ထောင်ထားကြခြင်းဖြစ်သည်။

စားသောက်ရန်အတွက် တရုတ်စားသောက်ဆိုင်အများအပြားရှိသကဲ့သို့ လူသုံးကုန်ပစ္စည်းများအတွက် တရုတ်များဖွင့်သည့် Mini Mart များက အသင့်ရှိနေသည်။ နေထိုင်ရေးအတွက် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် အိမ်၊ ခြံ၊ မြေအကျိုးဆောင်ကုမ္ပဏီများလည်း ရှိနေပြန်သည်။ ထို့ပြင် ကုမ္ပဏီထောင်၍ စီးပွားရေးလုပ်ကိုင်ရန်အတွက်လည်း တရုတ်လူမျိုးများ၏ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီများကလည်း အသင့်ပင်။

ကုမ္ပဏီတည်ထောင်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ လိုအပ်သော ကုမ္ပဏီမှတ်ပုံတင်စာရွက်များ ပြုလုပ်ပေးခြင်း၊ အစိုးရ၏ စီမံကိန်းများကို သတင်းအချက်အလက်ပေးခြင်း၊ ဘာသာပြန်ထားသော စာရွက်စာတမ်းများရရှိနိုင်ခြင်း၊ ဘဏ္ဍာရေးနှစ်ပတ်လည်အစီရင်ခံစာများ ပြုလုပ်ပေးခြင်းအပြင် အခွန်ရှင်းပေးခြင်းနှင့် ဗီဇာကိစ္စဆောင်ရွက်ခြင်းတို့လည်း အဆိုပါ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီများတွင် ပြုလုပ်နိုင်ကြသည်။

ယင်းသို့ ပြုလုပ်နိုင်ကြောင်းကိုလည်း တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်တင်၍ ပေါ်ပေါ်ထင်ထင် ကြေညာထားကြခြင်း ဖြစ်သည်။

‘ကြိုဆိုပါ၏’ ဆိုသော စကားလုံးကို တရုတ်စကား အသံထွက်အားဖြင့် ‘ဟွမ်းရင်’ (Huanying)ဟုဆို၏။ FMI သည်ကား တရုတ်နိုင်ငံသားများအပေါ် ‘ဟွမ်းရင်’ လွန်းချေ၏ဟု ဆိုရမည်လော။

န၀ဒေးအရပ်က စိနများ

FMI အိမ်ရာကို ကျော်လွန်လာပြီးနောက်တွင် န၀ဒေးအိမ်ရာသို့ ရောက်ရှိပေမည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကမူ န၀ဒေးအိမ်ရာသည် စက်ရုံဝန်ထမ်းများ အများစုနေထိုင်ကြသည်။ စက်ရုံပိုင်ရှင်သူဌေးများက တိုက်ခန်းဝယ်ပြီးနောက် အဆိုပါန၀ဒေးရှိ တိုက်ခန်းတွင် အလုပ်သမားဝန်ထမ်းများကို နေထိုင်စေသည်။ အခြားသော နေထိုင်သူများမှာလည်း မြန်မာအများစုဖြစ်သည်။

တပ်မတော်အစိုးရ အုပ်ချုပ်ရေးကာလ အဆိုပါ န၀ဒေးအိမ်ရာတွင် တရုတ် အိမ်၊ ခြံ၊ မြေလုပ်ငန်းများ ခေတ်ကောင်းခဲ့သေးသည်။ ယခုမူ ထိုသို့မဟုတ်ပေ။ တရုတ်အိမ်၊ ခြံ၊ မြေလုပ်ငန်းသာမက အခြားသော တရုတ်စားသောက်ဆိုင်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများပင်ရှိနေပြီ ဖြစ်သည်။

န၀ဒေးအိမ်ရာတွင် တရုတ်ခေါက်ဆွဲဆိုင်၊ တရုတ်ကုန်စုံဆိုင်၊ တရုတ်စားသောက်ဆိုင်၊ တရုတ်အလှပြင်ဆိုင်နှင့် တရုတ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းအများအပြားကို တွေ့ရမည်ဖြစ်သည်။ ထို့အတူ ဟင်းသီးဟင်းရွက် လက်လီ လက်ကားပေးသည့် တရုတ်ဆိုင်များပင် ရှိသေးသည်။

န၀ဒေးအိမ်ရာတွင် တရုတ်စားသောက်ဆိုင်အများအပြားရှိသော်လည်း FMI အိမ်ရာရှိ စားသောက်ဆိုင်များလောက် ကြီးကျယ်ခြင်းမရှိ။ သို့သော်လည်း စားသောက်ဆိုင်များက ရှိသည်ပင်။ ထို့အပြင် န၀ဒေးအိမ်ရာတွင် တရုတ်ဟိုတယ်များလည်းရှိသေးသည်။

အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ချည်လုံးအရောင်းဆိုင်၊ အပ်ချုပ်စက်အမျိုးမျိုး အရောင်းဆိုင်တို့လည်း န၀ဒေးအိမ်ရာတွင် အများအပြား ရှိသည်။ ဘုရားလမ်းမှတ်တိုင်အနားရှိ တရုတ်လုပ်ငန်းများတွင်လည်း အဆိုပါ ပစ္စည်းမျိုးစုံကို ဝယ်ယူရရှိနိုင်သည်။ ဘုရားလမ်းနှင့် ရုံးရှေ့မှတ်တိုင်ကို ဆက်ထားသော ကျန်စစ်သားလမ်းမကြီးတွင် တရုတ်ဟိုတယ်များပင်ရှိသည်။

“ဘုရားလမ်းက China Town လို ဖြစ်နေပြီ။ တရုတ်ဆိုင်တွေချည်းပဲ” ဟု ဘုရားလမ်းမှတ်တိုင် ကွမ်းယာဆိုင်မှ ကိုဝကြီးကဆိုသည်။

လှိုင်သာယာမြို့နယ်တွင် တရုတ်နှင့် ဟောင်ကောင်ပိုင် အထည်ချုပ်စက်ရုံ အများအပြားရှိပြီး အထည်ချုပ်စက်ရုံတွင် သုံးစွဲသည့် စက်ပစ္စည်းမှစ၍ ထမင်းချက်အထိ အများစုမှာ တရုတ်နိုင်ငံသားများပင် ဖြစ်ကြသည်။

အထည်ချုပ်လုပ်ငန်းသုံး ချည်လုံး၊ အပ်ချုပ်စက်မျိုးစုံ၊ စက်ရုံသုံးဓားမျိုးစုံ၊ ပလတ်စတစ်အိတ်မျိုးစုံ၊ အပ်ဆိုဒ်စုံ၊ တိပ်မျိုးစုံ၊ ကတ်ကြေးမျိုးစုံ၊ အစွန်းဖျက် ဆေးမျိုးစုံ၊ Sticker မျိုးစုံအပြင် ကွန်တိန်နာအောက်ခံ အခင်းစများကိုလည်း တရုတ်နိုင်ငံမှပင် မှာယူကြခြင်းဖြစ်သည်။

သို့သော်လည်း အရေးတကြီးလိုအပ်ချိန်တွင် အပ်ချုပ်စက်နှင့် အပ်ချည်ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများကို အဆိုပါ န၀ဒေးအိမ်ရာရှိ တရုတ်လုပ်ငန်းများထံမှ မှာယူကြရသည်ဟု လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ခုမှ စာရေးမ မကြည်ကြည်မြင့် (အမည်လွှဲ)က ဆိုသည်။

“တရုတ်က မမှာနိုင်သေးရင် အရေးတကြီးလိုအပ်တဲ့အခါဆို အကုန်လုံး ဒီက မှာရတာပဲ။ ချည်မွှေးညှပ်တဲ့ကပ်ကြေးက အစပေါ့” ဟု ၎င်းကဆိုသည်။ “စက်ရုံကိုလာပို့ရင်လည်း တရုတ်တွေပဲ။ စကားပြန်ကောင်မလေးနဲ့ လာပို့တယ်။ ဖုန်းဆက်တာနဲ့ လာပို့တာပဲ”

အပ်ချုပ်စက်မျိုးစုံကိုလည်း အဆိုပါ န၀ဒေးတွင်ပင် ငှားရမ်းနိုင်ပြီး ယနေ့မှာယူပါက မနက်ဖြန်ရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် စက်ရုံမှစွန့်ပစ်ပစ္စည်းအဖြစ်ထွက်ရှိသည့် ပိတ်ဖြတ်စများ၊ ကတ်ထူစက္ကူများကဲ့သို့ စွန့်ပစ်ပစ္စည်းများ ကို ပြန်လည်ဝယ်ယူသူများသည်လည်း တရုတ်များပင်ဖြစ်ကြသည်။

တရုတ်လုပ်ငန်းများ၏ အရေးပါမှုကို မကြည်ကြည်မြင့်က The Voice Journal သို့ ပြောပြပြီးနောက် တရုတ်လူမျိုးများသည် ၎င်းတို့လူမျိုးချင်းပင်ဖြစ်လင့်ကစား ဈေးနှုန်းသက်သာသည့် တရုတ်လူမျိုးဆိုင်မှပင် ဝယ်ယူကြသည်ဟု သူ့အတွေ့အကြုံကို ပြောပြသည်။ ရွေးချယ်ရန်အတွက်လည်း တရုတ်ဆိုင်အများအပြားရှိသည်ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်အထည်ချုပ်စက်ရုံများတွင် တပ်ဆင်သည့် Aircon၊ Aircon Service Company၊ Air Cooling System ဆင်သည့်ကုမ္ပဏီ၊ အင်တာနက်တပ်ဆင်ပေးသည့်ကုမ္ပဏီ အားလုံးသည် တရုတ်ကုမ္ပဏီ၊ တရုတ်အမှတ်တံဆိပ်များသာဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

အတွေးပွားစေသော ပေါက်ဖော်စီးပွား

ဤနှစ်ပိုင်းအတွင်း တရုတ်စာတန်းပါသော စားသောက်ဆိုင်များ၊ ဟိုတယ်များသည် လှိုင်သာယာမြို့နယ်တွင် ဥဒဟိုပေါ်ထွက်လျက်ရှိသည်ဟု ဒေသခံတို့က ဆိုကြသည်။ တခမ်းတနားပေါ်ထွက်လာသော တရုတ်စားသောက်ဆိုင်၊ တရုတ်ဟိုတယ်များသည် ဒေသခံတို့အတွက် အတွေးပွားစေသည်။

ရုံးရှေ့မှတ်တိုင်နှင့် တံတားဖြူမှတ်တိုင်ကြား ကားလမ်းမဘေးတွင် သုံးထပ် တရုတ်စားသောက်ဆိုင်တစ်ဆိုင် ပေါ်ထွက်လာသည်။ အမည်မှာ ဟွာရန့် (Hua Yan) ဖြစ်သည်။ အဆိုပါ စားသောက်ဆိုင်တွင် ည ၇ နာရီခန့်မှစ၍ လူစည်ကားသည်။ ဆိုင်ရှေ့တွင် ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များကအပြည့်။

အဆိုပါတရုတ်ဆိုင်တွင်မူ တရုတ်များသာမက မြန်မာအချို့လည်း သွားရောက်ကြသည်။ အဆိုပါဆိုင်သည် လှိုင်သာယာတွင် နာမည်ကြီးဖြစ်သည်။ နေ့ခင်းဖက်တွင် တိတ်ဆိတ်နေသော်လည်း ညဘက်တွင် မီးရောင်ထိန်နေသော အဆိုပါဆိုင်အနားတွင် စည်ကားသည်။

ထို့ပြင် (၁) ထိပ်မှတ်တိုင်နှင့် စက်မှုဇုန်မှတ်တိုင်ကို ဆက်သွယ်ထားသော တပင်ရွှေထီးလမ်းမကြီးပေါ်တွင်လည်း ‘လိုင်းလိုင်’ အမည်ရ တရုတ်ပုစွန်မျှားဆိုင်ရှိသည်။ ယင်းဆိုင်တွင်လည်း ငါး၊ ပုစွန်များကို ကိုယ်တိုင်မျှား၍ ဆိုင်က ချက်ပြုတ်ပေးသည်။ အဆိုပါဆိုင်တွင်လည်း လူစည်ကားသည်။ ယင်းဆိုင်သို့ မြန်မာများလည်း သွားရောက်ကြသည်။ ဤဆိုင်မှာမူ ဖွင့်သည်မှာ နှစ်အနည်းငယ်ရှိပြီ ဖြစ်သည်။

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အနီးတွင်လည်း Victoria Garden တရုတ်စားသောက်ဆိုင်ရှိသည်။ ရွှေလင်ပန်း စက်မှုဇုန်ရှိ တော်ဝင်နှင်းဆီအိမ်ရာတွင် Yuri တရုတ်စားသောက်ဆိုင် ရှိသည်။ အဆိုပါဆိုင်ကမူ တရုတ်လုပ်ငန်းရှင်များ အကြားတွင် နာမည်ရသည်။ တရုတ်အထည်ချုပ်လုပ်ငန်းရှင်များသည် ကိုယ်တိုင်သော်လည်းကောင်း၊ နိုင်ငံခြားမှ တရုတ်ဧည့်သည်များ လာရောက်သောအခါတွင်လည်းကောင်း အဆိုပါတရုတ်ဆိုင်များသို့သာ သွားရောက်ကြလေ့ရှိသည်။

“အရင်ကတော့ တရုတ်တွေက အပြင်ထွက်စားကြရတယ်။ ရန်ကုန်ထဲကိုသွားရတာပေါ့။ အခုတော့ လိုချင်တာ အတော်များများက လှိုင်သာယာထဲမှာ ရှိနေပြီ။ တရုတ်စားသောက်ဆိုင်ဆိုလည်း လှိုင်သာယာမှာပဲ ရှိတယ်။ အခုနောက်ပိုင်း နာမည်ကြီးတာက လှိုင်သာယာအနောက်ပိုင်းတက္ကသိုလ်နားက ဆိုင်တစ်ခုပဲ” ဟု ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟောင်ကောင်သူဌေးပိုင် အထည်ချုပ်စက်ရုံမှ တရုတ်စကားပြန် မြန်မာအမျိုးသမီးက ဖွင့်ဟသည်။

သို့သော်လည်း အဆိုပါတရုတ်စားသောက်ဆိုင်များတွင် ဒေသခံများသွားရောက်စားသောက်ကြသည်မှာ လွန်စွာနည်းပါးသည်ဟု လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကဆိုသည်။

“များသောအားဖြင့်ကတော့ တရုတ်ပဲဝယ်တယ်။ ၉၉ ရာခိုင်နှုန်းကတော့ တရုတ်ပဲ။ မြန်မာက ၁၀၀ မှာ တစ်ယောက်ပဲဝယ်တာ။ စားသောက်ဆိုင်တွေမှာလည်း တရုတ်တွေကိုပဲ ရောင်းတာ။ မြန်မာတွေက လာစားတာက လူ ၁၀၀ မှာ တစ်ယောက်လောက်ပဲ” ဟု ၎င်းကဆိုသည်။

ဦးဝင်းမောင်ကမူ အဆိုပါ စားသောက်ဆိုင်များကို လိုင်စင်ဖြင့်ခွင့်ပြုပေးခြင်း ဟုတ် မဟုတ် မေးခွန်းထုတ်သည်။

လှိုင်သာယာမြို့နယ်တွင် တရုတ်စားသောက်ဆိုင်များ ပေါများလာသော်လည်း လိုင်စင်ဖြင့်ခွင့်ပြုပေးခြင်းသာဖြစ်သည်ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ရှင်းပြသည်။

“ဒီဘက်သုံးနှစ်လောက်မှာ တရုတ်ဆိုင်တွေများလာတယ်။ စားသောက်ဆိုင် ဖွင့်လှစ်ခွင့်လိုင်စင်ကတော့ စည်ပင်သာယာက ပေးတာပေါ့။ စည်ပင်သာယာက ပေးမယ်။ ဆိုင်းဘုတ်တွေလည်း စည်ပင်က လုပ်တယ်။ တရုတ်စကားလုံးချည်းပဲ လုပ်လို့မရတာရှိတယ်။ မြန်မာလူမျိုးတွေ ဖတ်နိုင်လောက်တဲ့ စာပါမှသာ ဖွင့်ခွင့်ပေးပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတည်ရှိသည့် ရုံးရှေ့မှတ်တိုင်မှ ၁၀ မိနစ်မျှကားစီးလျှင်ရောက်သည့် FMI အိမ်ရာဝင်းအတွက် တရုတ်စာသီးသန့်ဆိုင်းဘုတ်ဖြင့် ဖွင့်လှစ်ထားသည့်ဆိုင်များရှိသည်ကို မသိဟု ၎င်းကဆိုသည်။ ယင်းဆိုင်းဘုတ်များသည် တရုတ်ဘာသာသီးသန့်ဖြင့် ရေးသားထားလျှင် စည်ပင်ဥပဒေဖြင့် အရေးယူနိုင်သည်ဟု ၎င်းက ဆိုလိုက်သေးသည်။

လှိုင်သာယာတွင် တရုတ်နိုင်ငံသားပိုင် စားသောက်ဆိုင်များသာမက တရုတ်ဟိုတယ်များလည်း ယခုနှစ်ပိုင်းအတွင်း အများအပြားပေါ်ထွက်လာသည်။

ပြီးခဲ့သည့်လအနည်းငယ်ကပင် ရုံးရှေ့မှတ်တိုင်နှင့် ဘုရားလမ်းမှတ်တိုင်ကြား ကျန်စစ်သားလမ်းမကြီးပေါ်တွင် တရုတ်ဟိုတယ်တစ်ခုပေါ်ထွက်လာသည်။ အမည်မှာ Golden Hlaing Thar Yar ဟိုတယ်ဖြစ်သည်။

အဆိုပါဟိုတယ်မှာ ဒေသခံများသတိမပြုမိဘဲ မနေနိုင်အောင် ကြီးမားလွန်းသည်။ ဟိုတယ်မျက်နှာစာတွင် တရုတ်ဆိုင်အများအပြားလည်း တွဲလျက်ဖွင့်ထားသည်။ တရုတ်အမှတ်တံဆိပ် အဲယားကွန်းအရောင်းဆိုင်၊ လက်လီ တရုတ်ကုန်မျိုးစုံဆိုင်၊ တရုတ်အင်္ဂလိပ်နှစ်ဘာသာဆိုင်းဘုတ်ဖြင့် ငွေလဲကောင်တာ။ အဆိုပါငွေလဲကောင်တာတွင် တရုတ်နိုင်ငံတွင် လူသုံးများသည့် WeChat Application ကိုသုံး၍ ငွေလဲနိုင်ကြောင်းပင် ဖော်ပြထားသေးသည်။ Golden Hlaing Thar Yar ဟိုတယ်မျက်နှာစာတွင် အခြားသောတရုတ်စားသောက်ဆိုင်များလည်း ရှိသေးသည်။

ထိုမျှမကပါ။ န၀ဒေးမှတ်တိုင်နှင့် အဆင့်မြင့်မှတ်တိုင်အကြားတွင်လည်း ခုနစ်ထပ်အမြင့်ရှိသည့် Golden Hlaing Thar Yar ရှိသည်။ တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်ရေးထားသည်။ အဆိုပါဟိုတယ်နှင့် နှစ်မိနစ်မျှဝေးသည့် နေရာတွင် Southeast Asia Seafood Restaurant ရှိသည်။ အနီရောင်များဖြင့် မွမ်းမံထားသော အဆိုပါအဆောက်အအုံတွင် ‘Southeast Asia Seafood Restaurant’ ဟူသောစာတန်းကို တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုး ထားသည်။

မည်သို့ဆိုစေ လှိုင်သာယာတွင် တရုတ်တို့၏ တည်းခိုခန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များမှာ ယခုနှစ်ပိုင်းအတွင်း အများအပြားပေါ်ထွက်လာသည်။ လှိုင်သာယာမြို့နယ်အတွင်းရှိ တည်းခိုခန်းနှင့် ဟိုတယ်များပေါ်ထွက်လာမှုသည် မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသွားဦးရေထက် အဆမတန်ပိုများသည်ဟု လှိုင်သာယာမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကဆိုသည်။

“(၆) ရပ်ကွက်တစ်ခုထဲမှာတင် တည်းခိုခန်းက ၂၀ နီးပါးလောက်ရှိတယ်။ ဟိုတယ်က သုံးလုံးလောက်ရှိတယ်။ ဒီရပ်ကွက်တစ်ခုထဲမှာပေါ့။ ကျန်တဲ့ဟာက အများကြီးပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် တည်းခိုခန်းဆိုရင် ၂၀၀၊ ၃၀၀ လောက်ရှိမယ်။ ကျွန်တော့်အထင်ပေါ့လေ” ဟု ၎င်းကဆိုသည်။

သို့သော်လည်း လှိုင်သာယာရှိ တည်းခိုခန်း၊ ဟိုတယ်များကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုခြင်းသာဖြစ်သည်ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက The Voice Journal သို့ ရှင်းပြသည်။

“တည်းခိုခန်းမှာ တည်းခိုခန်းလိုင်စင်၊ ဟိုတယ်မှာ ဟိုတယ်လိုင်စင်ရှိတယ်။ ဒါတော့ ဟိုတယ်ဆိုရင်လည်း အစိုးရအဖွဲ့ကနေ လာရောက်စစ်ဆေးပြီးမှ ခွင့်ပြုတာပါ။ ဟိုတယ်ဆိုလည်း အစိုးရအဖွဲ့က ဝန်ကြီးကိုယ်တိုင် လာရောက်စစ်ဆေး ပြီးမှသာ ခွင့်ပြုပေးတဲ့သဘောရှိတယ်။ ဟိုတယ်ခရီးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနပေါ့လေ။ ဒီမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေအတော်များများကတော့ လိုင်စင်ရှိတာများပါတယ်။ မရှိတာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော်တို့ဆီ လာရောက်မတင်ပြရင်လည်း ကျွန်တော်တို့လည်း မတတ်နိုင်ဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း လှိုင်သာယာမြို့နယ်ရှိ တည်းခိုခန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များကို အခါအားလျော်စွာ စစ်ဆေးလေ့ရှိသည်ဟု ၎င်းကရှင်းပြသည်။

ဘေးထွက်ဆိုးကျိုးများ

ယခုနှစ်အတွင်း လှိုင်သာယာမြို့ နယ်တွင် တရုတ်နိုင်ငံသားများ အခြေချမှုသည် ဒေသခံများအတွက် သတိထားစရာဖြစ်လာသည်။ အချို့က ‘တရုတ်တန်းဖြစ်နေပြီ’ ဟု ဆိုကြသည်။ တရုတ်နိုင်ငံသားများသည် အိမ်ရာများတွင် အနေများသည်။ သို့သော်လည်း လှိုင်သာယာအနာက်ဘက်တွင်လည်းရှိသည်။

“များသောအားဖြင့်တော့ FMI အိမ်ရာတို့ ၊ န၀ဒေးအိမ်ရာတို့၊ ဆိပ်ကမ်းသာအိမ်ရာတို့ ဒါတွေမှာတော့ သူတို့အနေများတယ်” ဟု လှိုင်သာယာမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ဆိုသည်။

တရုတ်နိုင်ငံသားများ များပြားလာမှုကြောင့် တရုတ်လူမျိုးများနှင့် ဒေသခံများအကြား လူမှုရေးဆိုင်ရာ သဟဇာတဖြစ်မှုမှာ နည်းပါးလာရကြောင်း ဒေသခံများကဆိုသည်။

FMI ဝင်းထဲတွင်လည်းကောင်း၊ FMI ဝင်းအတွင်းရှိ City Mart တွင်လည်းကောင်း၊ န၀ဒေးအိမ်ရာတွင်လည်းကောင်း တရုတ်နိုင်ငံသားများကို မကြာခဏတွေ့မြင်နေရသည်။ ယင်းတို့သည် လှိုင်သာယာအရှေ့ပိုင်းတွင်တည်ရှိသည်။

အများစုမှာလည်း မြန်မာစကား မပြောတတ်ကြသူများသာဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“သူတို့အချင်းချင်းပဲ တရုတ်တွေလို ကွိကွိကွကွတွေပြောနေတာ။ သူတို့နဲ့ ဆက်ဆံရအောင်က ရင်းနှီးတာလည်း မရှိဘူးလေ။ သူတို့က ဘယ်သူ့ကိုမှ စကားမပြောဘူး။ ဘယ်သူ့ကိုမှလည်းေ-ာက်ရေး မစိုက်ဘူး။ ဘယ်သူမှကို လူမထင်ဘူး ပုံစံနဲ့နေတာကိုး” ဟု FMI အိမ်ရာနေ အငြိမ်းစား ဦးခင်အောင်ကဆိုသည်။

“အဲဒီတော့ ဘယ်သူကသွားပြီးတော့ နေကောင်းလားဘာလား ဆက်ဆံစရာမလိုဘူး။ ဘာမှဆက်ဆံစရာအကြောင်း မရှိဘူး။ ပြောလို့ဆိုလို့မရ။ ပိုက်ဆံအထပ်လိုက်ကိုင်ပြီးတော့ သုံးချင်သလို သုံးနေကြတာ။ အဲဒီ City Mart မှာ ဝယ်ကြ။ City Mart ထဲလည်း တရုတ်တွေလိုပြော ဘာပြောနဲ့”

လုပ်ငန်းခွင်အတွင်း၌လည်း တရုတ်နိုင်ငံသားအချို့နှင့် မြန်မာလုပ်သားများအဆင်မပြေမှုများရှိသည်ဟု ရွှေလင်ပန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ စာရေးမ မကြည်ကြည်မြင့် ကရှင်းပြသည်။

“တချို့တရုတ်တွေက အကျင့်မကောင်းဘူး။ အလုပ်သမားတွေကို ခြေထောက်နဲ့ပြပြီး ခိုင်းတယ်။ ကျွန်မတို့ သူဌေးက ဟောင်ကောင်က(တရုတ်)ဆိုတော့ ပညာတတ်တယ်။ အဲဒီလိုခိုင်းတဲ့ တရုတ်တွေကို မြန်မာတွေကို အဲဒီလို မခိုင်းရဘူးလို့ ပြောပြတာရှိတယ်” ဟု ၎င်းကဆိုသည်။

တရုတ်အရေး စိတ်ဝင်တစား စောင့်ကြည့်သူတစ်ဦး၏ ပြောဆိုချက်အရဆိုလျှင် တရုတ်(ပြည်မကြီး)မှ တရုတ်နိုင်ငံသားများသည် မြန်မာများနှင့် ဆက်ဆံရေး ပိုမိုအဆင်ပြေပြီး ယူနန်ပြည်နယ်မှ တရုတ်များမှာမူ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့်အပြုအမှုများကြောင့် မြန်မာလုပ်သားများနှင့် ပြဿနာပိုဖြစ်ရသည်ဟု ဆိုသည်။

လှိုင်သာယာတွင်မူ မြန်မာနိုင်ငံသား တရုတ်လူမျိုးများနှင့် တရုတ်ပြည်မကြီးမှ တရုတ်လူမျိုးများ နည်းပါးပြီး ယူနန်ပြည်နယ်မှ တရုတ်များ များပြားသည်ဟု ၎င်းက သုံးသပ်သည်။

“တကယ်ဆို ပြည်မကြီးက တရုတ်တွေက ပညာလည်းတတ်၊ နိုင်ငံတကာလည်းဝင်ဆံ့တော့ မြန်မာတွေနဲ့ ပိုအဆင်ပြေတယ်။ ယူနန်တရုတ်ကျ ဒီလိုမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

လှိုင်သာယာတွင် စက်ရုံတည်ထောင်ထားသော တရုတ်လုပ်ငန်းရှင်အများစုသည် မြန်မာနိုင်ငံတွင် မနေကြပေ။

စက်ရုံ၏ စီမံခန့်ခွဲမှုအဆင့်အတွက် တရုတ်လူမျိုးများကို ငှားရမ်းထားကြပြီး အချို့မှာ မိသားစုအလိုက် လှိုင်သာယာတွင်ပင် နေထိုင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော မိသားစုဝင်များ နေထိုင်ရေးအတွက် အိမ်များငှားရမ်းနေထိုင်ကြရသည်။ မိသားစုဝင်များကို မြန်မာပြည်သို့ ခေါ်ယူရာတွင်လည်း စီးပွားရေးဗီဇာ ရရှိရေးအတွက် နည်းပညာကျွမ်းကျင်သူ Technician ဟူ၍ အမည်တပ်ကာ ပြည်တွင်းသို့ရောက်ရှိပါက မူရင်းကုမ္ပဏီတွင် မလုပ်ကိုင်ဘဲ အခြားသော ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ကြသည်များလည်းရှိသည်။

“တချို့ကလူလည်တွေ။ ဒီမှာလာနေလို့ရတဲ့ တရုတ်တွေတချို့က ဘာမှမတတ်တဲ့သူတွေပါတယ်။ သူတို့က အဲဒါကို Technician ဆိုပြီးခေါ်လာတာ။ ကျွန်မတို့ဆီက Production Manager သား တရုတ်ဆိုရင် သူက တခြားစက်ရုံမှာလုပ်တာ။ ဒါပေမဲ့ ဒီစက်ရုံက Technician ပါဆိုပြီး နေထိုင်ခွင့်သက်တမ်းတိုးတာတွေ ဘာတွေ လုပ်ပေးရတာ” ဟု အထည်ချုပ်စက်ရုံတစ်ခုမှ စာရေးမ မကြည်ကြည်မြင့်က ဆိုသည်။

အိမ်၊ ခြံ၊ မြေငှားရမ်းရာတွင်လည်း တရုတ်လူမျိုး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီများနှင့် ဆက်သွယ်ထားကြခြင်းဖြစ်သည်။ အချို့မှာလည်း မြန်မာလူမျိုးများကို အမည်ခံ၍ မြေသို့မဟုတ် အခန်းများကို ဝယ်ယူထားကြခြင်းဖြစ်သည်။

“တရုတ်အိမ်ငှား အချင်းချင်း ပေးနေတာပဲ။ တော်တော်များများကအိမ်ငှားတွေများနေတာပဲ။ အိမ်ရှင်နည်းတယ်။ အိမ်ငှားအချင်းချင်းလည်းထောက်ခံနေတာပဲ” ဟု FMI အိမ်ရာအတွင်း အခြေအနေများနှင့်ပတ်သက်၍ အဆိုပါအိမ်ရာတွင် နေထိုင်သူ အငြိမ်းစားအရာထမ်း ဦးခင်အောင်က ဆိုသည်။

ထို့ပြင် ယခုနှစ်ပိုင်းအတွင်း အနောက်ပိုင်းတက္ကသိုလ်သို့ သွားရာလမ်းတစ်လျှောက်ဖြစ်သည့် ပေါက်တန်း၊ ဒိတ်ကုန်းတို့ဘက်တွင်လည်း တရုတ်လူမျိုးများ၏ အိမ်၊ ခြံ၊ မြေ ဝယ်ယူမှုများမြင့်တက်လာခဲ့ကြောင်း ဒေသခံများကဆိုသည်။ သို့သော်လည်း ယင်းသို့ဝယ်ယူရာတွင် မြန်မာလူမျိုးအမည်ခံ၍ ဝယ်ယူကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အခုက ပိုပိုများလာတယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအပါအဝင်ပေါ့ဗျာ။ မြို့နယ်အုပ်ချုပ်ရေး၊ လ၀ကတွေရဲ့ ခွင်တွေဖြစ်နေတယ်။ ရိုင်းရိုင်းပြောရင် သူတို့ရဲ့ ခွင်တွေဖြစ်နေတယ်။ ဆိုလိုတာက အဲဒီလိုလာနေကြတယ်ဆိုရင် အုပ်ချုပ်ရေး နဲ့ဆက်စပ်နေတဲ့ လ၀က၊ ရဲ ၊ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတွေက ပွင့်ပွင့်လင်းလင်းပြောရင် သူတို့ရဲ့ လစဉ်ရနေတဲ့ခွင်တွေ ဖြစ်နေတယ်” ဟု လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကဆိုသည်။

လှိုင်သာယာမြို့နယ်တွင် တရုတ်ဆိုင်များ များပြားလာပြီး တရုတ်သွင်းကုန်များကို တရုတ်လူမျိုးများကိုယ်တိုင် ရောင်းချလာမှုကြောင့် ဒေသခံများမှာ ၎င်းတို့နှင့်ယှဉ်ပြိုင်၍ စီးပွားရေးမလုပ်နိုင်ကြောင်း လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှိုင်ဦး ကဆိုသည်။ ၎င်းသည် ပြည်တွင်းသတင်းမီဒီယာများတွင် ဗညားလှိုင်ဦးကလောင်ဖြင့် ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။

ထို့ပြင် အချို့သော တရုတ်ဆိုင်များသို့ မြန်မာနိုင်ငံသားများ မဝင်ရဟူသည်မျိုးလည်း သိရကြောင်း ၎င်းက ပြန်လည်ပြောပြသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကပင် ပြည်တွင်းမီဒီယာတစ်ခုက ဇီးရိုးဘတ်ဂျက်ဖြင့် တရုတ်ခရီးသွားများကို ကျောက်မျက်ရတနာရောင်းဝယ်သည့်လုပ်ငန်းများ လှိုင်သာယာမြို့နယ်တွင် ရှိနေကြောင်း ဖော်ပြခဲ့ဖူးသည်။ ဤသို့သောဆိုင်များသို့ မြန်မာနိုင်ငံသားများ ဝင်ထွက်ရန်မှာလည်း ခက်ခဲသည်ဟု ၎င်းကဆိုသည်။

မည်သို့ဆိုစေ လှိုင်သာယာတွင် အာဏာပိုင်သတိပြုမိရန် ကြန့်ကြာနေချိန်၌ပင် တရုတ်နိုင်ငံသားအများအပြား အခြေချနေခဲ့ပြီဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ စာရင်းအရဆိုလျှင် လှိုင်သာယာမြို့နယ်တွင် တရုတ်နိုင်ငံသားဦးရေ ၁၉ ဦးသာရှိသည်။ အဆိုပါပမာဏသည် FMI အိမ်ရာတွင်း ၁၀ မိနစ်ခန့် လမ်းလျှောက်လျှင်ပင် တွေ့နိုင်သည့် အရေအတွက်ဖြစ်သကဲ့သို့ City Mart အတွင်း ဝင်ရောက်လျှင်ပင် တွေ့နိုင် သည့် ပမာဏလည်းဖြစ်သည်။

လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၏ အဆိုအရဆိုလျှင် လှိုင်သာယာတွင် တရုတ်လူမျိုး ခြောက်သောင်းဝန်းကျင်ခန့်ရှိသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသား တရုတ်လူမျိုးများရှိကြသော်လည်း ယခု တိုးပွားလာသည့် တရုတ်လူမျိုးများနှင့်မတူ။ နိုင်ငံသားဖြစ်မှုချင်း မတူသကဲ့သို့ ရပိုင်ခွင့်လည်း မတူညီကြ။ ယခုအခါ တရုတ်နိုင်ငံသားများသည် လှိုင်သာယာတွင် စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီမှသည် လက်လီအရောင်းဆိုင်လုပ်ငန်းများအထိ လုပ်ကိုင် နေကြခြင်း၊ နေရာများစွာတွင် အိမ်၊ ခြံ၊ မြေဝယ်ယူ နေထိုင်ကြခြင်းတို့ ရှိနေကြပြီ ဖြစ်သည်။

အခြားသောနိုင်ငံများစွာတွင် မြန်မာလုပ်သားများ မျက်နှာငယ်ဖြင့် သွားရောက်လုပ်ကိုင်နေရချိန်တွင် တရုတ်နိုင်ငံသားများသည်ကား မြန်မာ့မြေတွင် မော်ကြွားစွာဖြင့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်နေကြပြီဖြစ်သည်။ ဤလုပ်ငန်းများသည် တရားဝင်ပါ၏လော။

လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကမူ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ သူ့သဘောထားကို ယခုကဲ့သို့ဖွင့်ဟသည်။

“ဆိုလိုချင်တာက ကျွန်တော်က မူဝါဒကို ပြောတာပါ။ ကိုယ့်နိုင်ငံသားတွေလည်း သူများနိုင်ငံမှာ သွားဖွင့်ရင် သူတို့စည်းကမ်းအတိုင်းပဲ ဖွင့်ရတာ။ ကျွန်တော်တို့နိုင်ငံမှာလည်း တရုတ်ရယ်လို့ မဟုတ်ဘူး။ ဘယ်နိုင်ငံသားမဆို လာဖွင့်ရင် ကျွန်တော်တို့နိုင်ငံရဲ့စည်းမျဉ်း၊ စည်းကမ်းအတိုင်းပဲ ဖြစ်စေချင်တယ်” 

 

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *