အနာဂတ်လူသား

အနာဂတ်အကြောင်းရေးတဲ့ ဒီစာအုပ်ဟာ ဟိုးလွန်ခဲ့တဲ့ ဗုဒ္ဓခေတ်က ဝိပဿနာတရားကို မြန်မာပြည်ကနေ ယူသွားပြီး  ကနေ့ကမ္ဘာကို ပျံ့နှံ့စေခဲ့တဲ့ ဆရာကြီး ဂိုအင်ကာနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ‘To my teacher, S.N. Goenka ( 1924-2013), who lovingly taught me important things.’ လို့ သူ့ဆရာကြီး ဂိုအင်ကာကို ရည်စူးရေးသားတဲ့အကြောင်း စာရေးသူ Yuval Noah Harari က စာအုပ်အဖွင့်မှာ ရေးပါတယ်။ စာအုပ်နောက်ဆုံးမှာပါတဲ့ ကျေးဇူးတင်လွှာမှာလည်း ‘ဝိပဿနာကို ၁၅ နှစ်လောက် အားထုတ်ရာကရတဲ့ အာရုံစူးစိုက်မှု၊ အေးငြိမ်းမှုနဲ့  ပေါက်ရောက်တဲ့အမြင်တွေသာ မရှိရင် ဒီစာအုပ်ကို ရေးနိုင်မှာ မဟုတ်ဘူး’ လို့ ရေးထားပြန်ပါတယ်။ တစ်နေ့ကို နှစ်နာရီ၊ မနက် အလုပ်မစခင် တစ်နာရီ၊ အလုပ်ပြီးချိန်မှာ တစ်နာရီထိုင်တဲ့ Harari ဟာ လက်ထောက်တရားပြဆရာလည်း ဖြစ်တယ်။ နှစ်တိုင်း တရားစခန်းဝင်လေ့ရှိပြီး တစ်ခါဝင်ရင် ရက် ၃၀ လောက် အနည်းလေးကြာတတ်တယ်။ သူ အောက်စဖို့ဒ်တက္ကသိုလ်မှာ ကျောင်းတက်တဲ့ ၂၀၀၀ ပြည့်နှစ်လောက်ကစပြီး ဝိပဿနာနဲ့ စထိတွေ့ခဲ့တာ။

မြန်မာနိုင်ငံနဲ့ ဒီစာအုပ်ရေစက်က ဆရာကြီး ဂိုအင်ကာနဲ့တင် မရပ်ပါဘူး။ intersubjective reality ဆိုတဲ့  လူအများကြီးအကြား ဆက်သွယ်ဆက်ဆံခြင်းကနေ ဖြစ်လာတဲ့ အရှိတရားအကြောင်း  ရှင်းပြတဲ့နေရာမှာ မြန်မာအကြောင်း ပါပါသေးတယ်။ intersubjective reality  ရဲ့ ဥပမာအဖြစ် money ပိုက်ဆံကို Harari က ဥပမာ ပြပါတယ်။ money ဆိုတာ သူ့ဘာသာသူ  တန်ဖိုးမရှိဘူး။ လူတွေ လက်ခံယုံကြည်သုံးစွဲလို့ တန်ဖိုးရှိနေတာ။  လူတွေ မယုံကြည်တော့ရင် ပိုက်ဆံတန်ဖိုး မရှိတော့တဲ့အကြောင်း ကို မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ထားတဲ့ ငွေစက္ကူတွေကို အစိုးရက သိမ်းတဲ့ သာဓကနဲ့ ပြတယ်။ အဲဒီအခန်းကို ကျွန်တော်ဖတ်နေတဲ့ အချိန်မှာ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေသိမ်းတဲ့ ၁၉၈၇ စက်တင်ဘာ ၅ ရက်နေ့ (၃၂) နှစ်မြောက်နှစ်ပတ်လည်နဲ့ သွားတိုက်ဆိုင်နေတယ်။

သမိုင်းပါမောက္ခ Harari ရဲ့ စာအုပ်တွေဟာ အမေရိကန်သမ္မတအိုဘားမားတို့လို၊ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်စ် တို့လို ပုဂ္ဂိုလ်တွေက ညွှန်းရတဲ့ စာအုပ်တွေဖြစ်ပြီး ဘာသာစကားပေါင်းများစွာကိုလည်း ပြန်ဆိုထားရတဲ့ စာအုပ်ဖြစ်တယ်။

စာအုပ်ထူထူမှာ ရေးထားတာတွေ အများကြီးထဲက အနှစ်ချုပ် သုံးခုပါ။ ဒီသုံးခုက စာအုပ်နိဂုံးမှာ စာရေးဆရာ မေးထားတဲ့ မေးခွန်းသုံးခွန်းလည်း ဖြစ်တယ်။ နံပါတ်တစ်က သက်ရှိတွေဟာ  algorithm တွေ။ သိပ္ပံပညာအသီးသီးဟာ စုဆုံလာတဲ့အတွက်  သက်ရှိ life တွေဟာ ကိန်းဂဏန်းအချက်အလက်တွေကို ရယူတွက်ချက်တဲ့ algorithm တွေပဲ ဖြစ်လာတယ်။ ဒီတိုင်းဆို  ဆီလီကွန်ကနေလာတဲ့ AI လည်း သက်ရှိ၊ အသွေးနဲ့ အသားနဲ့  ကိုယ်ဖြစ်တဲ့ လူသားတွေကလည်း သက်ရှိ၊ ကုမ္ပဏီကြီးတွေ၊ နိုင်ငံတွေကလည်း သက်ရှိပဲ။ အနာဂတ်ကို ပုံဖော်မယ့် ပညာရပ်နှစ်ခုဟာ AI Artificial intelligence နဲ့ Biotech ပဲ။

ဒုတိယ။ intelligence ဉာဏ်စွမ်းနဲ့ consciousness အသိစိတ်တို့ ကွဲထွက်သွားပြီ။ အသိစိတ်နဲ့ ဉာဏ်စွမ်းနဲ့ဟာ တွဲနေတယ်။ အသိစိတ်ရှိတဲ့လူဟာ ဉာဏ်ရှိတယ်၊ ဉာဏ်ရည်မြင့်တဲ့အတွက် ကမ္ဘာကြီးကို ကြီးစိုးလိုက်တယ်။ ဒီလိုသဘောပေါက်ခဲ့တယ်။ ကွန်ပျူတာတွေ အရည်အသွေးမြင့်လာတဲ့အခါ ဒီအယူအဆဟာ မမှန်တော့သလို ဖြစ်လာတယ်။ သာမန်ဂဏန်းပေါင်းစက်တစ်လုံးကတောင် လူထက်တွက်ရာချက်ရာမှာ သာတယ်။ Artificial Intelligence အတိုကောက် AI တွေ တိုးတက်လာတဲ့အခါ ဉာဏ်ရည်နဲ့ အသိစိတ်လမ်းခွဲဟာ ပိုထင်ရှားလာတယ်။  မောင်းသူမဲ့ကားတွေကိုပဲ ကြည့်ပါ။ အသိစိတ်ရှိတိုင်း ဉာဏ်ရည် မမြင့်ဘူး။ အသိစိတ်မရှိလည်း ဉာဏ်ရည်ကောင်းနိုင်တယ်။

တတိယ။  အသိစိတ်မရှိတဲ့ ဉာဏ်ရည်အလွန်မြင့်တဲ့ algorithm တွေဟာ ကျွန်တော်တို့ လူသားတွေအကြောင်း  ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်သိတာထက် သူတို့က ပိုသိလာလိမ့်မယ်။ အခုလည်း သိနေပါပြီ။ ကျွန်တော်တို့ သိချင်တာတွေ၊  ရှာချင်တာတွေကို Google က ရှာပေးရင်းနဲ့ ကျွန်တော်တို့ အကြောင်း Google က ကျွန်တော်တို့ထက် ပိုသိနေပြီ။ Facebook တက်ကြည့်ရင် တက်လာတဲ့ ကြော်ငြာတွေဟာ ကျွန်တော်တို့  စိတ်ဝင်စားနေတဲ့အကြောင်းအရာတွေ ဖြစ်နေတတ်တယ်။ ဈေးဝယ်ကတ်တွေဟာ ကျွန်တော်တို့ရဲ့ ငွေသုံးစွဲပုံ စရိုက်တွေကို ကောင်းကောင်းသိနေပြီ။

မေးခွန်းက အဲဒီအချက် သုံးချက်ပေါင်းလိုက်ရင် ဘာဖြစ်မလဲ။ ဖြစ်နိုင်တာတွေ အများကြီးပါ။ ဥပမာ  – Elite လို့ခေါ်တဲ့ ထိပ်သီးပုဂ္ဂိုလ်တချို့ဟာ လူကနေ နတ်ဘုရား God တွေ ဖြစ်သွားလိမ့်မယ်လို့ Harari က မြင်တယ်။ biotech နည်းပညာကြောင့်  ဒီလူတွေ ထာဝရနုပျို သွားမယ်၊ infotech နဲ့ စိတ်အလျင်က အရမ်းမြန်မယ်၊ ကိုယ်ခန္ဓာကလည်း သန်စွမ်းပြီး supermen တွေ ဖြစ်လာမယ်။ ကျန်တဲ့ လူအများစုကတော့ သာမန်လူတွေအဖြစ်နဲ့ပဲ ကျန်မယ်။ မညီမျှမှု အရမ်းကြီးသွားမယ်ပေါ့။ အဲဒီလို မဟုတ်ဘဲ သိပ္ပံဇာတ်ကားတွေထဲကလို စက်ရုပ်တွေက ကြီးစိုးသွားမှာလား။  မသိပါဘူး။ ဖြစ်နိုင်ပါတယ်။ အဓိကက လူသားတွေရဲ့ အနာဂတ်၊ ကမ္ဘာ့အနာဂတ်ကို စဉ်းစားပုံဖော်တဲ့အခါမှာ ခုနက ဖော်ပြခဲ့တဲ့  အချက်သုံးချက်ကို အခြေခံဖို့ ဖြစ်တယ်။

Homo Deus ဟာ Harari ရဲ့ နာမည်ကြီးစာအုပ် Sapiens ရဲ့ နောက်ဆက်တွဲပါ။ Homo Deus ပြီးတော့ ထွက်တဲ့ 21 Lessons for 21st Century ကို The Voice  Journal မှာပဲ အခန်းဆက်ဖော်ပြနေပါတယ်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *