ဒုက္ခပွေ လေယာဉ်မတော်တဆ

တပ်မတော်လေယာဉ်တစ်စင်း မတော်တဆမှုကြောင့် ခရီးသည်ပေါင်းများစွာ ဒုက္ခတွင်းနက်သွားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တပ်မတော် လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ပြီး ယင်းလေယာဉ်ကို နာရီပေါင်းများစွာကြာသည်အထိ အချိန်ယူရှင်းလင်းခဲ့ရသည်။ ရန်ကုန်လေဆိပ်ကို ယာယီပိတ်ပင်လိုက်ပြီး လေယာဉ်ဆင်းသက်ထွက်ခွာခွင့်မပြုခြင်းကြောင့် ဒါဇင်နှင့်ချီသော ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။ ခရီးသည်များစွာ အခက်ကြုံခဲ့သည်။

အရှေ့တောင်အာရှတွင်အကောင်းဆုံး လေဆိပ်ဖြစ်ခဲ့ဖူးသည့် ရန်ကုန်လေဆိပ်သည် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားမှုအရှိန်အဝါများနှင့် ယခုအခါ သူစိမ်းတရံဆန်လျက် ရှိသည်။

ခေတ်အစဉ်အဆက်ထိန်သိမ်း အဆင့်မြှင့်တင်မှုအားနည်းခဲ့ခြင်းကြောင့် အရာရာခေတ်နောက်ကျကျန်နေခဲ့ရာမှ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့်အတူ ရန်ကုန်လေဆိပ်ကို ပုဂ္ဂလိကစီမံ ခန့်ခွဲမှုသို့ ထိုးအပ်လိုက်သော်လည်းစီမံခန့်ခွဲမှုနိမ့်ကျနေသေးသည်ကို တပ်မတော်လေယာဉ်မတော်တဆမှုက မီးမောင်းထိုးပြနေသည်။ အဆိုပါလေယာဉ်မတော်တဆမှုကို ရှင်းလင်းရန် ၁၉ နာရီကြာသည်။

အဘယ်ကြောင့် အချိန်ကြာမြင့်စွာ ရှင်းလင်းခဲ့ရသနည်း။ လေယာဉ်တစ်စင်းပြေးလမ်းချော်မှုကြောင့် နိုင်ငံတကာနှင့်ပြည်တွင်းခရီးသည်ပေါင်းများစွာ ဒုက္ခ တွင်းနက်ရသည်မှာ ဖြစ်သင့်ပါ၏လော။

စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်လေဆိပ်တွင် ပြေးလမ်းချော်ခဲ့သည့် လေယာဉ်မှာ တပ်မတော်ပိုင် Y 8 အမျိုးအစား တရုတ်နိုင်ငံထုတ် သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်သည်။

လေယာဉ်မှူးဦးစီးကာအဖွဲ့ဝင် ခြောက်ဦးပါဝင်သည့် အဆိုပါလေယာဉ်သည် လေ့ကျင့်ပျံသန်းရန် ထွက်ခွာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်  ပြေးလမ်းအမှတ်၂၁တွင်ဘီးချော်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်စပျံသန်းစဉ် အင်ဂျင်ပန်ကာရှေ့ဆွဲ အားလျော့ကျပြီး တစ်ဖက်သို့ဆွဲသွားကာ ပြေးလမ်းပေ ၂၃၀၀ ခန့် တွင် ဘယ်ဘက်သို့ ဘီးချော်၍ မြေကျွံခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ခြောက်နှစ်အတွင်း တပ်မတော်လေယာဉ် မတော်တဆမှုပေါင်း ဆယ်ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။ ၂၀၁၇ ခုနှစ် ထားဝယ်ကမ်းလွန်ပြင်တွင် ပျက်ကျခဲ့ခြင်းကြောင့် တပ်မတော်သားနှင့် တပ်မတော်သား မိသားစုပေါင်း ၁၂၂ ဦး သေဆုံးခဲ့သည့်။ အဆိုပါလေယာဉ်မှာလည်း Y8 အမျိုးအစားပင်ဖြစ်သည်။

လုံခြုံစိတ်ချရမှုအတွက် ကြိုတင်စစ်ဆေးမှုမည်မျှပင်ပြုလုပ်သည်ဖြစ်စေ စက်ယန္တရား တပ်ဆင်လည်ပတ်သည့် လေယာဉ်များပျံသန်းရာတွင် မတော်တဆထိခိုက်မှု ဖြစ်ပွားလေ့ရှိသည်။ ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်နှင့် အခြားနိုင်ငံတကာလေဆိပ်များတွင်လည်း ပြည်တွင်း၊ ပြည်ပလေယာဉ်များ မတော်တဆဖြစ်ပွားခဲ့သည်။

ယင်းသို့ လေယာဉ် မတော်တဆမှု များရှိသော်လည်း မြန်မာနိုင်ငံတွင် လေယာဉ်တစ်စင်းပြေးလမ်းချော်မှုကို တစ်ရက်နီးပါး အချိန်ယူရှင်းလင်းရခြင်းမှာမူ မေးခွန်းထုတ်ဝေဖန်ထောက်ပြဖွယ်ရာ ဖြစ်လာသည်။

“တစ်ပြည်လုံးက လေဆိပ်တိုင်း လူပင်လယ်ဝေရတော့တယ်”ဟု လေယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ခရီးသည်များ အခက်တွေ့ပုံကို ဒေါ်ဖြူအိသိမ်းက ပြောကြားသည်။

၎င်းသည် လေယာဉ်မတော်တဆမှုဖြစ်သည့်နေ့က မန္တလေးမှ ရန်ကုန်သို့ လေကြောင်းဖြင့် ခရီးသွားရန်ပြင်ဆင်ခဲ့သူ ဖြစ်သည်။ မတော်တဆမှုကြောင့် လေယာဉ်ကွင်းပိတ်လိုက်ရသဖြင့် လေယာဉ်ခရီးအစား ရန်ကုန် – မန္တလေးအဝေးပြေးယာဉ်လိုင်းကို ပြောင်းလဲစီးနင်းခဲ့သည်။ နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ချိတ်ဆက်ထားသည့် မြန်မာနိုင်ငံ၏ အဓိက လေဆိပ်ကြီးဖြစ်ခြင်းကြောင့် အဖွဲ့အစည်းတစ်ခု၏ လေ့ကျင့်ပျံသန်းခြင်းအတွက် အသုံးမပြုသင့်ဟုလည်း ၎င်းက ရှုမြင်သည်။

လေယာဉ်မတော်တဆမှုကြောင့် ရန်ကုန်လေဆိပ်ကို စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်မှစတင်ပိတ်ထားပြီး စက်တင်ဘာ ၆ ရက် နံနက် ၆ နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်သည်။ စုစုပေါင်း ၁၉ နာရီကြာမြင့်သည်။ ထိုအခြေအနေကြောင့် လေဆိပ်အသီးသီးတွင် လေကြောင်းခရီးစဉ်များ မပျံသန်းနိုင်တော့သဖြင့် ခရီးသည်များ အုတ်အော်သောင်းတင်းဖြစ်သွားသည်။

လေယာဉ်ပြေးလမ်းယာယီပိတ်မည့်အချိန်ကို အကြိမ်ကြိမ် တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့်လည်း လေယာဉ်ပျံသန်းချိန်ကို မှန်းဆရန် ပိုမိုခက်ခဲသွားစေသည်။

ဆိုလိုသည်မှာ မတော်တဆမှု စတင်ဖြစ်ပွားစဉ်အတွင်း လေယာဉ်ပြေးလမ်းကို နေ့လယ် ၁၁ နာရီ ၂၀ မိနစ်မှ ၂ နာရီ ၂၀ မိနစ်အထိ ပိတ်မည်ဟု ကြေညာထားသော်လည်း သတ်မှတ်အချိန်တွင် ပြန်မဖွင့်နိုင်ခဲ့ပေ။ အချိန်တိုးမြှင့်ပိတ်မှု စုစုပေါင်းလေးကြိမ်ပြုလုပ်ခဲ့သည်။

ပျံသန်းချိန်နှင့် လေဆိပ်ပြေးလမ်းဖွင့်ချိန်ကို ချိန်ဆပျံသန်းခဲ့သည့် လေယာဉ်များသည် ရန်ကုန်လေဆိပ်သို့ ရောက်ရှိရာတွင် တိုးမြှင့်ပိတ်ချိန်နှင့် ကြုံတွေ့ပြီး ဆင်းသက်ခွင့်မရ ဖြစ်ခဲ့ရသည်။ အချို့လေယာဉ်များမှာမူ အနီးစပ်ဆုံးလေဆိပ်များသို့ ပြောင်းလဲဆင်းသက်ရသည်အထိ အကျပ်ရိုက်သွားသည်။

ယင်းအပြင် ခရီးသွားများအတွက် အရေးပေါ်အသိပေးချက်များ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ပေ။ မန္တလေးလေဆိပ်တွင် အရေးပေါ်အခြေအနေကို မကြေညာဘဲ ခရီးသည်များက သွားရောက်စုံစမ်းမှသာ အခြေအနေမှန်ကို သိရကြောင်း ဒေါ်ဖြူအိသိမ်းက ဆိုသည်။

ရန်ကုန်လေဆိပ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ပြီး နိုင်ငံတကာခရီးသွားများအတွက် အဓိကဝင်ပေါက် ဖြစ်သည်။ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဒူဘိုင်း၊ ဘေကျင်း၊ ဟောင်ကောင်နှင့် တိုင်ပေမြို့ကြီးများနှင့် ခြောက်နာရီကြာ လေယာဉ်ခရီးစဉ်အကွာအဝေးတွင် တည်ရှိသည်။

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၃ လိုင်း၊ အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၃ ခုနှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဝန်ဆောင်မှုပေးနေသည်။ ရန်ကုန်လေဆိပ်ကို ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Yangon Aerodrome က စီမံခန့်ခွဲသည်။

အေးရှားဝေါလ်ကုမ္ပဏီသည် ၂၀၀၁ ခုနှစ်က မကွေးလေဆိပ်အဆောက်အအုံနှင့် ပြေးလမ်းတည်ဆောက်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်လေဆိပ်နှင့် နေပြည်တော်လေဆိပ်တို့ကို စီမံခန့်ခွဲနေသော ကုမ္ပဏီ ဖြစ်သည်။

ရန်ကုန်လေဆိပ်အဆောက်အအုံ ၁ နှင့် ၃ ကို ၂၀၁၆ ခုနှစ် မတ်လနှင့် ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးပြီး ခရီးသည်များကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ ခရီးသည် ၅ ဒသမ ၉၂ သန်း၊ ၂၀၁၈ ခုနှစ်တွင် ခရီးသည် ၆ ဒသမ ၀၃ သန်းအထိ ဝန်ဆောင်မှုပေးထားကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

တပ်မတော်လေယာဉ် မတော်တဆ ဖြစ်မှုကြောင့် ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များကို ဖျက်သိမ်းပြီး ပြန်လည်အစားထိုးရသဖြင့် ထိခိုက်နစ်နာမှုရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

“Schedule (ခရီးစဉ်) တွေ အကုန်ရပ်သွားတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ဘန်ကောက်၊ ကွမ်ကျိုး၊ ကိုးလ်ကတ္တား၊ စင်ကာပူ၊ ချင်းမိုင်၊ ဟနွိုင်း၊ ဆေးဂုံ၊ ကူမင်း၊ ဟောင်ကောင်၊ တိုကျို၊ ဆိုးလ်း၊ ဒါကာနှင့် ရန်ကုန်ပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ဖျက်သိမ်းရကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းလေယာဉ်အချို့ကို ဆင်းသက်ခွင့်ပြုခဲ့ပြီး ဆင်းရန်စောင်းဆိုင်းနေသည့် ပြည်တွင်းလေယာဉ်ခရီးစဉ် ၁၅ ခုအထိ ရှိခဲ့သည်။ လေယာဉ်ခရီးစဉ်ပြောင်းလဲလိုက်ခြင်းကြောင့် ခရီးသည်များအတွက် အစားအသောက်၊ တည်းခိုရန်နေရာများ စီစဉ်ပေးသည့် လေကြောင်းလိုင်းများလည်း ရှိသည်။

လေယာဉ်မတော်တဆဖြစ်ပွားချိန်တွင် စက်ချို့ယွင်းသည့် လေယာဉ်ကို ရှင်းလင်းရန် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း The Voice Journal ၏မေးမြန်းချက်ကို Yangon Aerodrome ကုမ္ပဏီလိမိတက်၏ သတင်းမီဒီယာဆက်ဆံရေးဌာနက အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားသည်။

သို့သော် မတော်တဆဖြစ်ပွားသည့် လေယာဉ်သည် တပ်မတော်ပိုင်လေယာဉ်ဖြစ်သဖြင့် မြန်မာ့တပ်မတော် (လေ) ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရကြောင်း ယင်းဌာနက ဆိုသည်။ လေယာဉ်ရှင်းလင်းရန် လူအင်အား၊ စက်ယန္တရားနှင့် အခြား လိုအပ်ချက်များထောက်ပံ့ကူညီရန် အဆင့်သင့်ရှိနေခဲ့ကြောင်း အဆိုပါဌာနမှ ဆိုသည်။

“၁၉နာရီ ကြာသွားတယ်။ ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမ တောက်လျှောက်လုပ်နေတာက တပ်မတော်လေယာဉ်ဖြစ်တဲ့အတွက်ကြောင့် သူတို့ ဘာသာ သူတို့ Handle (ကိုင်တွယ်) လုပ်တယ်”ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆိုသည်။

ကနဦးပိုင်းတွင် တပ်မတော်က လူအင်အား၊ ပစ္စည်းအင်အားများဖြင့်သာ ဖယ်ရှားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် Yangon Aerodrome  ကုမ္ပဏီလိမိတက်တို့ ရှိသော်လည်း လေယာဉ်ဖယ်ရှားခွင့်မရှိဘဲ မတော်တဆမှုဖြစ်ပွားပြီး အချိန်ကြာမြင့်လာမှသာ ပူးပေါင်းလုပ်ခွင့်ကိုင်ရသဖြင့် အချိန်ကြန့်ကြာသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် လေယာဉ်ဖယ်ရှားရှင်းလင်းခြင်းအပါအဝင် လေဆိပ် အရေးပေါ်အခြေအနေများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်မည့်အစီစဉ် (Airport Emergency Plan) ရှိသော်လည်း တပ်မတော်လေယာဉ်ဖြစ်သဖြင့် ပါဝင်လုပ်  ကိုင်ခွင့်မရသည့် ပုံစံ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် တပ်မတော်၊ လေဆိပ်စီမံခန့်ခွဲမှုကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ကတိစာချုပ် တစ်ခုချုပ်ဆိုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Yangon Aerodrome ကုမ္ပဏီလိမိတက်က စီမံခန့်ခွဲခွင့်ရှိသည့် လေယာဉ်များ မတော်တဆဖြစ်ပွားလျှင် အချိန်မကြာကြောင်း ၎င်းက ဆိုသည်။ ရွှေမြန်မာလေကြောင်းလိုင်း လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်သို့ ဆင်းသက်ရာတွင် မတော်တဆဖြစ်စဉ်က လေယာဉ်ဖယ်ရှားရှင်းလင်းရန် နှစ်နာရီသာ အချိန်ယူရကြောင်း ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) လေယာဉ်မှူး ဦးထွန်းထွန်းဝင်းကမူ “လေတပ်က လေယာဉ်ကြောင့် မဟုတ်ပါဘူး။ အခြား ပြည်ပလေယာဉ်အကြီး အဲဒီလို ဗွက်နစ်သွားရင်လည်း ဒီလိုပဲကြာမှာပါ။ ဖယ်ရှားဖို့ Equipment မပြည့်စုံ၊ မလုံလောက်တာကြောင့် ကြာမြင့်သွားတယ်လို့ ယူဆပါတယ်”ဟု ၎င်း၏ Facebook အကောင့်တွင် ရေးသားထားသည်။

တပ်မတော်ပိုင်လေယာဉ်သည် အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုခြင်းကို ဝေဖန်မှုများရှိနေသော်လည်း နိုင်ငံတကာ လေယာဉ်ကွင်းအချို့တွင် အလားတူ အသုံးပြုမှုရှိကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

ရန်ကုန်လေဆိပ်စီမံခန့်ခွဲသည့် ကုမ္ပဏီတွင် လေယာဉ်ဖယ်ရှားရှင်းလင်းသည့် စက်ကိရိယာများရှိသော်လည်း ပိုမိုကိုက်ညီပြီးစနစ်ကျသည့် ပစ္စည်းကိရိယာများဝယ်ယူရန် လိုအပ်လျက်ရှိကြောင်း လေကြောင်းဆိုင်ရာကျွမ်းကျင်သူများက ထောက်ပြကြသည်။

ရန်ကုန်လေဆိပ်တွင် လေယာဉ်ပြေးလမ်းကြောင်းတစ်ခုတည်းရှိပြီး အရန်ပြေးလမ်းကြောင်း မရှိခြင်းကြောင့်လည်း မတော်တဆမှုဖြစ်ပွားချိန်တွင် အခြားလေယာဉ်များဆင်းရန် အခက်အခဲရှိနေသည်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က လေယာဉ်ပြေးလမ်းကြောင်းတစ်ခုချဲ့ထွင်ရန် ဆောင်ရွက်ခဲ့သော်လည်း ၁၉၈၈ အရေးအခင်းဖြစ်ပွားချိန်တွင် ရန်ကုန်လေဆိပ်ပြေးလမ်းနှစ်ကြောင်း အိပ်မက်ပျက်ပြယ်သွားသည်။

လေယာဉ်မတော်တဆဖြစ်ပေါ်တိုင်း လေယာဉ်ကွင်း ပိတ်ပင်ထားရခြင်းမှာ အစီစဉ်တကျ ပျံသန်းနေရသည့် လေကြောင်းလိုင်းများအတွက် ကြီးမားသောအခက်အခဲဖြစ်ပေါ်စေမည် ဖြစ်သည်။ ရန်ကုန်လေဆိပ်မှာလည်း ပြေးလမ်းတစ်ကြောင်းတည်းရှိရာ မတော်တဆဖြစ်လျှင် အချိန်အနည်းနှင့် အများလေယာဉ်ကွင်းပိတ်ရမည့် အခြေအနေ ဖြစ်သည်။

“အခြားမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ ပြေးလမ်းနှစ်ခု၊ သုံးခုလောက်ရှိတော့ ပျက်ရင် ပြေးလမ်းပိတ်၊ ကျန်တဲ့လိုင်းက ဆင်းလို့ရတယ်။ ဒီမှာ ပြေးလမ်းတစ်ခုထဲ ရှိတော့ ဒုက္ခဖြစ်တယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက မှတ်ချက်ပေးသည်။

ယင်းအတွက် အကောင်းဆုံးထွက်ပေါက်ရှိသည်။ ရုပ်လုံးမပေါ်လာသေး သည့် ဟံသာဝတီလေဆိပ်စီမံကိန်းကို ပြန်လည်အသက်သွင်းရန်ဖြစ်သည်။ မြန်မာ့ စီးပွားရေးအခြေအနေ၊ နိုင်ငံတကာခရီးသွား တိုးတက်ဝင်ရောက်မှု စသည်တို့ကြောင့် မြန်မာနိုင်ငံသို့ စီးဝင်လာမည့် ခရီးသွားများကို ဝန်ဆောင်မှုပေးရန် ရန်ကုန်လေဆိပ်အပြင် ဟံသာဝတီလေဆိပ် အကောင်အထည်ဖော်ရန်လိုအပ်မည်ဖြစ်ကြောင်း မြို့ပြဆိုင်ရာပညာရှင်အချို့က သုံးသပ်သည်။

ဟံသာဝတီလေဆိပ်စီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းစတင်ခဲ့ပြီး ဗွေဆော်ဦး အနေနှင့် တောင်ကိုရီးယားကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးရန် ရွေးချယ်ခဲ့သော်လည်း ရင်းနှီးငွေပမာဏ မထည့်ဝင်နိုင်သဖြင့် စာချုပ်ပျက်ခဲ့သည်။ ထို့နောက် ဂျပန်၊ စင်ကာပူပူးပေါင်းကုမ္ပဏီနှင့် အကောင်အထည်ဖော်ရန် စတင်ခဲ့သော်လည်း အဆင်မပြေ ဖြစ်ခဲ့ပြန်သည်။

လက်ရှိတွင် ဂျပန်အစိုးရနှင့် ဆွေးနွေးနေပြီး ၂၀၂၀ တွင် စီမံကိန်းစတင်နိုင်ရန်မျှော်မှန်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ ထိုစီမံကိန်းစတင်မည်ဆိုပါက ယခုကြုံသည့် ပြဿနာများပြေလည်သွားမည်ဟု ထောက်ပြသူများလည်း ရှိသည်။

လက်ရှိတွင်မူ ပြေးလမ်းတစ်ကြောင်းတည်းရှိသည် ရန်ကုန်လေဆိပ်တွင် လေယာဉ်မတော်တဆဖြစ်ပါက လေယာဉ်ပျံသန်းမှုကို အနည်းနှင့် အများ ထိခိုက်နေဦးမည်သာဖြစ်သည်။ ထိုဒုက္ခအတွက် ခရီးသွားများက ခန္တီတရားကို လက်ကိုင်ထားရုံမှတစ်ပါး အခြားမရှိသေးပေ။

စက်တင်ဘာလ ၅ ရက်နေ့က တပ်မတော်လေယာဉ် မတော်တဆမှုကြောင့် လေယာဉ်ချိန်ပြောင်းခဲ့ရသူများအနက် တေးရေး၊ တေးဆိုအရိုးလည်း ပါဝင်သည်။ သူက ရန်ကုန်လေဆိပ်မှ စင်ကာပူနိုင်ငံသို့ သွားရန်ဖြစ်သည်။ မတတ်နိုင်သည့်အဆုံး သည်းခံစောင့်ရန်သာ ရှိကြောင်း တေးသံရှင်ဟန်ထူးလွင်၏ သီချင်းစာသားကို ၎င်း၏ Facebook  အကောင့်မှတစ်ဆင့် ဖော်ညွှန်းသည်။

“သည်းခံသည်းခံ။ မှားရင်ခံ မှန်လည်း ခံလက်စနဲ့ခံ”ဟူ၍။

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *