တည်းခိုခန်းတွင် ချိန်းဆိုလူသတ်မှုတွင် စွပ်စွဲခံရသူကို သေဒဏ်ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်

ရန်ကုန်၊ စက်တင်ဘာ ၁၂

မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းရှိ ရွိုင်ရယ်တည်းခိုခန်း၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသော ဒေါ်လင်းလင်းခိုင်ကို သေဒဏ်အထိချမှတ်နိုင်သည့် ပုဒ်မဖြင့် အနောက်ပိုင်း ခရိုင်တရားရုံးက စွဲချက်တင်လိုက်ကြောင်း ဒေါ်လင်းလင်းခိုင် ရှေ့နေ ဦးမိုးဟိန်းက ပြောဆိုသည်။

ယနေ့ (စက်တင်ဘာ ၁၂) ရုံးချိန်းတွင် အဆိုပါအမှုကို စွဲချက်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ဒေါ်လင်းလင်း ခိုင်ကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်သာ တရားစွဲတင်ထားသော်လည်း ယခုစွဲချက်တင်ရာတွင် တင်ကူးကြံရွယ် ချက်ဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် ပြောင်းလဲစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

“လင်းလင်းခိုင်က ဓါးကိုယူလာပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တယ်ဆိုပြီးတော့ သေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ စွဲချက်တင်လိုက်တာပေါ့” ဟု ဦးမိုးဟိန်းက ပြောဆိုသည်။

အဆိုပါစွဲချက်အမိန့်နဲ့ ပတ်သက်ပြီး လင်းလင်းခိုင်တို့ မိသားစုဘက်က စွဲချက်ပုဒ်မ ပြောင်းလဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်မှုတက်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရွိုင်ရယ်တည်းခိုခန်းတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီး တစ်ဦးနှင့် လာရောက် တည်းခိုခဲ့သည့် အမျိုးသားမှာ ရင်ညွန့်နှင့် ကျောကုန်းတွင် ထိုးသွင်း ဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူသတ်မှုတွင် သံသယရှိသော အမျိုးသမီး ဒေါ်လင်းလင်းခိုင် ကို ဒေါပုံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၃ နာရီက ဖမ်းဆီး ရမိခဲ့သည်။

အသတ်ခံရသူ ဦးထွန်းလင်းအောင်သည် လူပျိုဟု လိမ်လည်ပေါင်းသင်းခဲ့ပြီးနောက် ဒေါ်လင်းလင်းခိုင်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် မြဝတီမြို့သို့ ခေါ်ဆောင်ကာ ထိုင်းနိုင်ငံသို့ ရောင်းစားရန် ကြံစည်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဒေါ်လင်းလင်းခိုင်က ထွက်ဆိုထားသည်။

ယင်းနောက် မြဝတီမြို့တွင် တစ်ဦးတည်း ပစ်ထားခဲ့သဖြင့် ဒေါ်လင်းလင်းခိုင်သည် ရန်ကုန်မြို့တော်သို့ ပြန်လာကာ ထီပေါက်သည်ဟုဆိုပြီး ဦးထွန်းလင်းအောင်ကို ချိန်းဆိုပြီးနောက် ရွိုင်ရယ်တည်းခိုးခန်းတွင် ချိန်းတွေ့ကာ သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *