ဒါရိုက်တာ လူမင်းနှင့် မေးခြင်းခြင်း

“ဒီနေ့ခေတ် ဒီလိုအခြေအနေ ဒီလိုပံ့ပိုးမှုမျိုးနဲ့မှ ဗိုလ်ချုပ်ရုပ်ရှင်ကို အစ်ကိုတို့ မရိုက်နိုင်ဘူးဆိုရင် တစ်သက်လုံးရိုက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက ကိုယ့်ပခုံးပေါ်ကို ကျလာတဲ့ ဒီတာဝန်ကြီးကို ရှောင်လွှဲလို့ရပါတယ်။ အစ်ကို မရှောင်ချင်ပါဘူး”

မကြာခင်ရိုက်ကူးသွားမယ့် ဗိုလ်ချုပ်ရုပ်ရှင်အကြောင်း၊ ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းတွေနဲ့ အိန္ဒိယဇာတ်ညွှန်းကို ဝယ်ယူရိုက်ကူးထားတဲ့ ညစ်တွန်းဇာတ်ကားအကြောင်းတွေကို ဒါရိုက်တာ လူမင်းကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice  :        ဗိုလ်ချုပ်ရုပ်ရှင် ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။ ဂျပန်မှာ ဘယ်လို နေရာတွေမှာ သွားရောက်လေ့လာခဲ့လဲ။

LM     :         ရိုက်ဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းအချက်အလက်တွေက တော်တော်ပြည်စုံနေပြီဆိုတော့ ဒီလကုန်ရိုက်ဖို့ကို ပြောရဲပါပြီ။ ဂျပန်ဗိုလ်မှူးကြီးစူဇူကီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည်တွင်းက စာရေးဆရာကြီးတွေ ရေးတဲ့အကြောင်းအရာအချက်အလက်တွေကို ဖတ်မှတ်လေ့လာရတယ်။ ဂျပန်ကို သွားပြီး လေ့လာလိုက်တဲ့အချိန်မှာတော့ ဟိုက ကင်ပေတိုင် ဂျပန်ဗိုလ်မှူးကြီး အငြိမ်းစားတွေနဲ့တွေ့ပြီး အဲဒီလူက ဂျပန်ဗိုလ်မှူးကြီးစူဇူကီးကြာင်းကို Thesis လုပ်နေတဲ့သူဆိုတော့ ဟိုဘက်တစ်ခြမ်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းအမြင်ပေါ့။ အစ်ကိုတို့မြင်တဲ့ ဗိုလ်မှူးကြီးစူစကီးကို သူတို့ဘက်က အမြင်အစရှိသဖြင့် ပြည်တွင်းက စာအုပ်တွေမှာ မတွေ့ရတဲ့အချက်အလက်တွေကို ထပ်တွေ့ရတယ်။

Voice  :        ဗိုလ်ချုပ်ရုပ်ရှင်မှာ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်မယ်ဆိုတော့ ဘယ်လိုမျိုးတွေ ပါဝင်သွားမလဲ။

LM     :         အစ်ကိုကတော့ ဇာတ်ဖြည့်တဲ့အနေနဲ့ ဗိုလ်ချုပ်ဘ၀မစခင် အရှေ့ပိုင်းမှာ နိဒါန်းခြေဆင်းလေးမှာ နည်းနည်း တစ်ခန်း၊နှစ်ခန်းလောက် ပါမှာပါ။ အဲဒီ အတွက်ကို အခုထဲက နှုတ်ခမ်းမွှေး အရှည်ထားနေပါတယ်။

Voice  :        ဒီဇာတ်ကားက ဗိုလ်ချုပ်ရဲ့  အဓိကဘယ်လိုအပိုင်းတွေ ရွေးချယ်ရိုက်ကူးသွားမှာလဲ။

LM     :         သမိုင်းကားလည်း မဟုတ်ဘူး။ မှတ်တမ်းကားလည်း မဟုတ်ဘူး။ ရုပ်ရှင်ဖြစ်အောင် ဇာတ်လမ်း၊ ဇာတ်ညွှန်းအတက်အကျတွေဖြစ်အောင်တော့ Plot တွေကို ရွေးချယ်ရပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ဘ၀အကြောင်းက ပြောလို့ မကုန်ဘူး။ ရုပ်ရှင် တစ်ကားနဲ့ မလုံလောက်ဘူးဆိုတဲ့အခါ ကျတော့ ရုပ်ရှင်တစ်ကားနဲ့ပုံဖော်တဲ့အခါမှာ အစ်ကိုတို့အမြင် အစ်ကိုတို့တင်ဆက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါလိမ်မယ့်။ ပရိသတ်တွေကိုလည်း အဲဒီလိုလည်းကြိုပြီး ပြောထားချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်ရဲ့ မိန်ခွန်းတွေအားလုံးကလည်း အကုန်လုံးက ကောင်းတာချည်းပဲ။ ဗိုလ်ချုပ် ဘ၀ကြီးတစ်လျှောက်လုံးကလည်း အရမ်းကြီး  စိတ်ဝင်စားဖို့ကောင်းတာကြီးပဲ။ ဒါပေမဲ့ ရုပ်ရှင်ကားတစ်ကားထဲမှာ ပုံဖော်တဲ့အခါအကုန်လုံးတော့ ပါနိုင်မှာမဟုတ်ဘူး။ အတ္ထုပ္ပတ္တိကားဆိုတာထက် အစ်ကိုတို့ အမြင်နဲ့ တင်ဆက်တဲ့ ဗိုလ်ချုပ်အကြောင်းရုပ်ရှင်ပေါ့။

Voice  :        ဗိုလ်ချုပ်ရုပ်ရှင် မရိုက်ကူးခင်ကထဲက ဝေဖန်မှုတွေရှိတော့ အဲဒီအပေါ် ဘယ်လိုမျိုး ပြင်ဆင်ထားလဲ။

LM     :        ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် အခက်အခဲတွေကို ကြိုပြီးမျှော်လင့်ထားပြီးသားပါ။ ဝေဖန်မှုတွေဆိုတာထက် အတိုက်အခိုက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ဒီလိုအခြေအနေ ဒီလိုပံ့ပိုးမှုမျိုးနဲ့မှ ဗိုလ်ချုပ်ရုပ်ရှင်ကို အစ်ကိုတို့ မရိုက်နိုင်ဘူးဆိုရင် တစ်သက်လုံး ရိုက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက ကိုယ့်ပခုံးပေါ်ကိုကျလာတဲ့ ဒီတာဝန်ကြီးကို ရှောင်လွှဲလို့ရပါတယ်။ အစ်ကို မရှောင်ချင်ပါဘူး။ ကိုယ့်ပခုံးအပေါ် တည့်တည့်ကြီးကျလာတဲ့ တာဝန်ကို ကိုယ့်သမိုင်း ကိုယ့်ရေးပြီးတော့ ထမ်းချင်တဲ့ ဒီစိတ်နဲ့ အစ်ကိုလုပ်တာပါ။ ဝေဖန်မှုတွေက အလုပ်လုပ်ချင်တဲ့ လူတစ်ယောက်အတွက်တော့ စိတ်ဓာတ်တွေ၊ တက်ကြွတာတွေ ထိခိုက်စေတာ အမှန်ပါပဲ။ လူဆိုတာ အလုပ်နဲ့ သက်သေ ပြလိုက်နိုင်ရင် ဒါ အဖြေပါပဲ။ ပြန်ရှင်းနေတာထက် အဲဒီလိုမျိုးပဲ စဉ်းစားထားပါတယ်။

Voice  :        တခြားဇာတ်လမ်းတွေ လက်ခံထားတာ ရှိသေးလား။

LM     :         ဒီရုပ်ရှင်ကို အရှင်းဆုံးပြောရရင် ဘ၀နဲ့ရင်းပြီးတော့ ရိုက်ရတယ်လို့ ခံယူထားပါတယ်။ ဒီပြင်အလုပ်တွေလည်း မရိုက်တော့ဘူး။ ဒီထဲမှာပဲ စိတ်နှစ်နေတာ နှစ်နဲ့ ချီနေပြီ။ ရိုက်ပြီးသွားရင် Edit တွေ ဘာတွေသွားရဦးမယ်။ တကယ်တော့ အစ်ကိုတို့ သရုပ်ဆောင်ဆိုတာ အရွယ်နဲ့ အချိန်နဲ့ လုပ်ရတာပါ။ ဒီထဲကို အချိန်တွေ နှစ်ပြီး လုပ်ပြီးသွားတဲ့အချိန်ကျတော့ ဗိုလ်ချုပ်ရုပ်ရှင်ကြီးလည်း ပြီးပြီ။ ငါအလုပ် လုပ်တော့မယ့် အချိန်ကျရင် အစ်ကို့ကိုငှားပြီး ရိုက်တဲ့သူ ရှိချင်မှ ရှိလိမ့်မယ်။ အဲဒီတော့ ဒီအပေါ်မှာ ရင်းနှီးပြီးတော့ အလေးနက်ထားပြီး လုပ်တာပါ။

Voice  :        ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့ ညစ်တွန်းဇာတ်ကား ရုံတင်တော့မှာဆိုတော့ အားရကျေနပ်မှုအပိုင်း ဘယ်လိုဖြစ်မိလဲ။

LM     :         ရှိပါတယ်။ ဒီကားမှာဆိုရင် အိန္ဒိယဇာတ်ညွှန်းကို ပြန်ရိုက်ထားတော့ ဒါရိုက်တာအပိုင်းမှာ ပိုပြီးတော့ပညာ ပြထားတယ် ပြောလို့ရမလား။

Voice  :        သူတို့ဇာတ်ညွှန်းအတိုင်းပဲ ရိုက်ကူးခဲ့တာလား။ ဘယ်လိုမျိုးအပြောင်းအလဲတွေ လုပ်ထားလဲ။

LM     :         ပြင်ရတာတွေ ရှိတယ်။ သူတို့ ဇာတ်ညွှန်းအတိုင်းတော့ မဟုတ်ဘူး။ ကျောရိုးကတော့ တူတယ်။ ဒီဇာတ်လမ်းကို ယူရတာဆိုတော့ ဒီကျောရိုးပဲပေါ့။ ဒါပေမဲ့ အစ်ကိုတို့ မလုပ်နိုင်တဲ့ဟာတွေဆို မလုပ်ထားဘူး။ ဥပမာ – ကားတွေ တိုက်တဲ့ဟာတွေဆို သူတို့ကတော့ ကားကြီးနဲ့ ရထားဝင်တိုက်တာမျိုး စသဖြင့်ပေါ့နော် အဲဒီလိုမျိုးလေးတွေ ကုန်ကျစရိတ်ကို သူတို့ဆီမှာ လုပ်ထားတာရှိပေမယ့် ဒီကားထဲမှာတော့ ကားတစ်စီးကို အနောက်ကနေ ဝင်တိုက်လိုက်တာမျိုးလောက်ပဲ လုပ်နိုင်တယ်။ ပြီးတော့ ဇာတ်ညွှန်းပိုင်းဆိုင်ရာတွေကျတော့ နောက်လူလုပ်တဲ့ဟာက နည်းနည်းပိုသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အမှားတွေ၊ လိုအပ်ချက်တွေကို အထပ်ထပ်ကြည့်ပြီးတော့မှ တချို့အပိုင်းတွေဆို အစ်ကိုလုပ်ထားတဲ့ဟာတွေကို ပိုပြီးတော့အားရတာတွေ ရှိပါတယ်။

ဆုအိန္ဒြဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *