ထန်းအတွက် အတိုင်ပင်ခံ၏ ခြေလှမ်း

ကိတ်မုန့်တစ်လုံး၊ စကားတစ်ခွန်းက ထန်းလောကသားတို့၏ ယုံကြည်ချက်ကို ဆေးသားတင်ပေးလိုက်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြုလုပ်သည့် ထန်းလျက်ကိတ်မုန့်ကို အာဆီယံအမျိုးသမီးချစ်ကြည်ရေးအသင်း ဈေးရောင်းပွဲတော်တွင် လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြင့် လေလံ အောင်သွားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ထောင်လည်ပတ်နေသည့် ဂျပန်နိုင်ငံ၏ ထိပ်တန်းနိုချဉ် ယာခုရုတို ထုတ်လုပ်ရာတွင် သကြားအစား မြန်မာထန်းလျက်သုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည်က အကြံပေးခဲ့ပြီးနောက် ၎င်း၏လက်ရာ ထန်းလျက်ကိတ်မုန့်ကို ပွဲထုတ်ခြင်းဖြစ်သည်။

နိုင်ငံခေါင်းဆောင်တစ်ဦးက မြန်မာရိုးရာထန်းလျက်ကို တန်ဖိုးထားအသုံးပြုခြင်း၊ စိတ်ဝင်တစားရှိခြင်းသည် အရာရာနိမ့်ကျနေသည့် ထန်းလောကအတွက် အားဆေးဖြစ်သည်။ မြန်မာနိုင်ငံ၏ ထန်းလျက်နှင့် ထန်းလျက်ပစ္စည်းဈေးကွက် မြှင့်တင်ရန် ကြီးမားသည့် လှုံ့ဆော်မှုလည်း ဖြစ်သည်။ ထိုလှုံ့ဆော်မှုသည် ထန်းလုပ်ငန်းအပေါ် မည်သို့အကျိုးရှိမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြုလုပ်သည့် ထန်းလျက်ကိတ်မုန့်ကို ယခုနှစ် စက်တင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့တော်ရှိ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် လေလံတင်ရောင်းချခြင်းဖြစ်သည်။

ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သော်လည်း သကြားအစား ထန်းလျက်နှင့်ပြုလုပ်သည့် ကိတ်မုန့်ကို လေလံတင်ရောင်းခဲ့သည်။ ထန်းတက်သမားများ၏ ဘ၀ကိုမြှင့်တင်ချင်သည့် ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီးဒေါ်လွင်လွင်မာက မီဒီယာများသို့ပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ထန်းလျက်ကိုအသုံးပြုပြီး ကွတ်ကီးနှင့် အခြားအစားအသောက်များ စမ်းသပ်ထုတ်လုပ်နေကြောင်းလည်း ၎င်းကထပ်မံသတင်းစကားပါးသည်။ ယင်းအချက်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထန်းလျက်လုပ်ငန်းကို မည်မျှစိတ်ဝင်စားကြောင်း ခန့်မှန်းနိုင်သည်။

စစ်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထန်းလျက်နှင့် ထန်းထွက်ပစ္စည်းထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရန် ယခုမှ အာရုံစိုက်ခြင်းမဟုတ်ပေ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မဖြစ်ခင်က ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဘ၀ကတည်းကပင် ထန်းတောင်သူတို့ဘ၀မြင့်မားရန် ဆန္ဒရှိကြောင်း အောင်မြေသာဇံမြို့နယ် ပြည်သူလွတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက The Voice Journal သို့ ပြောကြားသည်။

လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ထန်းတောင်သူတို့၏ဘ၀မြင့်မားလာရေး ကူညီရန် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးခဲ့ဖူးသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်တွင် ထန်းလုပ်ငန်းကို မမေ့ မလျော့မြှင့်တင်လိုခြင်းသည် ထန်းတောင်သူများအတွက် အားတက်စရာဖြစ်ကြောင်း ဒေါက်တာ လှမိုးက ဆိုသည်။

“ဒီလိုမျိုးအားပေးချီးမြှင့်ခြင်းဟာ ထန်းတောင်သူတွေဘ၀အတွက် အများကြီး အကျိုးဖြစ်ထွန်းနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ဒေါက်တာလှမိုးသည် ထန်းပင်များ ခုတ်လှဲမှုကို ထိန်းသိမ်းရန်၊ နိမ့်ကျနေသည့် ထန်းတောင်သူများ၏ဘ၀ကို မြင့်တင်ပေးရန် နှင့်ပတ်သက်သည့် အဆိုကို ပြည်သူ့လွတ်တော်တွင် တင်သွင်းခဲ့ဖူးသူဖြစ်သည်။

ထန်းလုပ်ငန်းသည် ရိုးရာယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာတို့နှင့် ဆက်စပ်နေပြီး မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်သားသရုပ်ဟုပင်ဆိုနိုင်သည်။ ရှေးဘုရင်များလက်ထက်ကတည်းက ထန်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ထန်းတက်သမားတို့၏ဘ၀ပုံရိပ်ကိုဖော်ညွှန်းသည့် ကဗျာ၊ အလင်္ကာတို့မှာလည်း မြန်မာစာပေသမိုင်းတွင် ထင်ရှားသည်။

ဝန်ကြီးပဒေသရာဇာ၏ ‘နွေဦးကာလ မြူထသောခါ’ တျာချင်းကဗျာသည် ထန်းတောနှင့် ထန်းသမားတို့၏ လူမှုဘ၀ကို သီဖွဲ့ထားပြီး ချစ်စဖွယ်ဓလေ့၊ ယဉ်ကျေးမှုကို လှစ်ဟပြထားသည်။ သို့သော် ယနေ့ခေတ်တွင် ထန်းသမားတို့၏ လူမှုစီးပွားဘ၀မှာ နိမ့်ကျသည်ထက် နိမ့်ကျပြီး ထန်းတောများတည်ရှိရာ အထက်အညာဒေသများတွင် ထန်းတောင်သူများ ရှားပါးလာပြီဖြစ်သည်။

အခန့်မသင့်လျင် အသက်ဆုံးရှုံးနိုင်သည်အထိ ခက်ခဲပင်ပမ်းသောအသက်မွေးဝမ်းကျောင်းဖြစ်သော်လည်း ရရှိသည့် အကျိုးအမြတ် နည်းပါးခြင်းကြောင့် ထန်းလုပ်ငန်းကို ကျောခိုင်းလာကြသည်။ အခြားအလုပ်အကိုင် ရွေးချယ်ခွင့်ရှိလာ သဖြင့် ထန်းတက်သမားမျိုးဆက်နည်းလာပြီး အချို့ထန်းတက်သမားများသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီဖြစ်သည်။

အချို့ထန်းပိုင်ရှင်များသည် ထန်းတစ်ပင်လျှင် ငါးထောင်ကျပ်၊ တစ်သောင်းကျပ်ဖြင့် ခုတ်လဲရောင်းချသဖြင့် ထန်းပင်များ ပြုန်းတီးလာသည်။ စိန်ခေါ်မှုမျိုးစုံများကြားတွင် ထန်းလုပ်ငန်းသည် ဆူးကြားက ဘူးခါးသဖွယ် အကျပ်အတည်းဖြစ်လာသည်။ ထုတ်လုပ်မှုအပိုင်းမှာလည်းတစ်နှစ်ထက် တစ်နှစ်ထက်ကျဆင်းလာကြောင်း ထန်းတောင်သူများထံမှသိရသည်။

သို့သော် နိုင်ငံခေါင်းဆောင်တစ်ဦးက စိတ်ဝင်စားခြင်းကြောင့် ထန်းလျက်လုပ်ငန်း ပြန်လည်ဦးမော့လာနိုင်ပြီး လက်ရှိ ထန်းပင်များခုတ်လှဲရောင်းချနေခြင်းကိုပင် ရပ်တန့်သွားနိုင်ကြောင်း ဧရာဝတီတိုင်း မြန်အောင်မြို့နယ် အင်ပင်မြို့တွင် ထန်းလျက်သကြားထုတ်လုပ်နေသည့် ဦးမောင်မောင်စိုးက ပြောကြားသည်။

ဦးမောင်မောင်စိုးသည် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အအေးခန်းစက်ရုံများလုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဖြစ်သည်။ ထန်းလျက်မှ ထန်းသကြားထုတ်လုပ်ရန် စိတ်ဝင်စားခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ထန်းတက်သမားတို့နှင့်လုပ်ငန်း ပူးပေါင်းလုပ်ကိုင်နေသူလည်းဖြစ်သည်။

“လူကြီးတစ်ယောက်အနေနဲ့ စိတ်ဝင်စားတာ တအားကောင်းတယ်။ တွန်းအားဖြစ်တာပေါ့။ ကျွန်တော်တို့လို လုပ်နေတဲ့သူတွေအတွက် ဝမ်းသာစရာဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

ကမ္ဘာနိုင်ငံများတွင် ထန်းပင်များ စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာနိုင်ငံကဲ့သို့ တစ်စုတစ်စည်းတည်းရှိသည့် ထန်းတောများမရှိကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ထန်းပင်များတစ်စုတစ်စည်း တည်းရှိခြင်းကြောင့် စီးပွားဖြစ်ထန်းထွက် ပစ္စည်းထုတ်ရန် အခွင့်အလမ်းပိုများသည်။ ထန်းရည်တွင် ကျန်းမာရေးနှင့် သင့်လျော်သည့် အဟာရဓာတ်များစွာပါဝင်သဖြင့် တီထွင်ဆန်းသစ်သည့် တန်ဖိုးမြင့်ထန်းထုတ်ကုန်များ ဖန်တီးရောင်းချနိုင်ပါက အကျိုးအမြတ်များကြောင်း ၎င်းကဆိုသည်။

ထန်းပင်မှ အဓိကအားဖြင့် ထန်းရည်ချို၊ ထန်းရည်ခါး၊ ထန်းသီးနှင့်ထန်းလျက် စသည့်အစားအသောက်များ ထုတ်လုပ်နိုင်သည်။ မိရိုးဖလာထုတ်လုပ်မှုပုံစံအရ ရိုးရိုးထန်းလျက်၊ နို့၊ ပဲ၊ နှမ်း၊ သံပုရာ၊ ဂျင်းစသည်တို့ဖြင့် ရောစပ်သည့် ထန်းလျက်များ ထုတ်လုပ်နိုင်သည်။ လက်ရှိတွင်မူ ထုတ်လျက်ကို တန်ဖိုးမြင့်ထုတ်လုပ်သည့် လုပ်ငန်းများစွာရှိလာပြီဖြစ်သည်။

Tree Food အမှတ်တံဆိပ် စားသောက်ကုန်များသည် မြန်မာ့ရိုးရာထန်းလျက်ကို ဆန်းသစ်သည့်ထုပ်ပိုးမှုပုံစံဖြင့် ရောင်းချနေသောထုတ်ကုန်များ ဖြစ်သည်။ အရသာမျိုးစုံထန်းလျက်ကို ဖန်ပုလင်း၊ စက္ကူဗူးတို့ဖြင့်ထုပ်ပိုးကာ အဆင့်မြင့် ဈေးဝယ်စင်တာကြီးများတွင် ခင်းကျင်းရောင်းချနေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထန်းလျက်ကိတ်မုန့် လေလံတင်ရောင်းချမှုကြောင့် ထန်းလျက်ကို လူအများပိုမို စိတ်ဝင်စားပြီး ထန်းလျက်ဈေးကွက် မြှင့်တင်ရေးအတွက် အထောက်အကူပြုကြောင်း Tree Food စားသောက်ကုန် လုပ်ငန်းတည်ထောင်သူ ဒေါ်ချိုလဲ့အောင် က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထန်းလျက်လုပ်ငန်းဖွံဖြိုးရန် ယခင်ကတည်းက ဆန္ဒပြင်းပြပြီး စီပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ၌ ထန်းလျက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အစဉ်အားပေးကြောင်း ၎င်းကဆိုသည်။

ထန်းလျက်သည် မြန်မာနိုင်ငံအတွက် ပြိုင်စံရှားအစားအစားဖြစ်ပြီး မြန်မာရိုးရာ မုန့်မျိုးစုံပြုလုပ်ရာတွင် ထန်းလျက်သည် မပါမဖြစ်ထည့်ဝင်ပစ္စည်းဖြစ်သည်။ ထိုမျှမကသေးပေ။ ကမ္ဘာ့သကြားဈေးကွက်တွင် တန်ဖိုးအကြီးဆုံး မေပယ်သကြား ကဲ့သို့ ထန်ရည်ချိုမှ ထန်းသကြား ထုတ်လုပ်နိုင်သည်။

မေပယ်သကြားကို မေပယ်ပင်၏ ပင်ရည် (သို့မဟုတ်) အစေးမှ ထုတ်ယူချက်လုပ်ပြီး တစ်ပိဿာလျှင် ကျပ်တစ်သိန်းဝန်းကျင် ဈေးပေါက်ကြောင်း အင်ပင်မြို့တွင် ထန်းလျက်သကြားထုတ်လုပ်နေသည့် ဦးမောင်မောင်စိုးက ဆိုသည်။

“ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းကအများကြီးပဲ။ ထန်းပင်ဆိုတာ နိုင်ငံတကာရှိတာ မဟုတ်ဘူး။ ရှိတယ်ဆိုရင်တောင် ထန်းတက်သမား တက်လို့ အဆင်ပြေအောင် စုပေါက်တာ မဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြန်မာထန်းလျက်သည် တစ်ပိဿာလျင် ၁,၃၀၀ ကျပ်ဝန်းကျင်သာရှိပြီး ထန်းလျက်သကြားအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက ဈေးနှုန်းဆယ်ဆအထိ ပိုမိုရရှိနိုင်ကြောင်း ၎င်းကဆိုသည်။ ဦးမောင်မောင်စိုးသည် Green Toddy အမှတ်တံဆိပ်ဖြင့် ထန်းသကြားထုတ်လုပ်နေပြီး အစားသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဌာန (FDA) ထောက်ခံချက်ရရှိပြီးပါက ဈေးကွက်သို့ဖြန့်ဖြူးရန် ပြင်ဆင်နေသူ ဖြစ်သည်။

ကမ္ဘာ့သကြားဈေးကွက်သည် ဧရာမဈေးကွက်ဖြစ်ပြီး မြန်မာထန်းသကြား စနစ်တကျထုတ်လုပ်တင်ပို့နိုင်ပါက မြန်မာနိုင်ငံအတွက် အကျိုးများမည်ဖြစ်သည်။ လက်ရှိတွင် အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံသို့ မြန်မာထန်းသကြားတင်ပို့မှု ရှိနေပြီး ဥရောပဈေးကွက်မှလည်း စိတ်ဝင်စားကြောင်း 555 Shwe Hintha ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးကောင်းဆက်နိုင်က ပြောဆိုသည်။

Royal Jaggery အမှတ်တံဆိပ် ထန်းသကြား (ထန်းလျက်အမှုန့်) နှင့် ထန်းလျက်ခဲကို ပြည်ပသို့တင်ပို့နေပြီး ဓာတုအချိုမှုန့်နှင့် ဟင်းခတ်အချို့မှုန့်များအစား ထန်းသကြားကိုသုံးစွဲနိုင်မည်ဖြစ်သည်။ ယင်းထုတ်ကုန်ကို မြန်မာနိုင်ငံ အလယ်ပိုင်း ရေစကြိုမြို့နယ် ကျေးရွာပေါင်း ၆၅ ရွာရှိ ထန်းပင်မှထွက်ရှိသည့် ထန်းရည်ချိုမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

“ကမ္ဘာမှာ သကြားဈေးကွက်ကြီးက တော်တော်ကြီးတယ်။ အဲဒီထဲကို ဝင်တိုးဖို့က ကျွန်တော်တို့အတွက်က အကောင်းဆုံးပြင်ဆင်ပြီးလုပ်မှ အဆင်ပြေမှာပါ” ဟု ၎င်းက ပြောကြားသည်။

သို့သော် နိုင်ငံတကာအစားအသောက်နှင့် စံချိန်စံညွှန်းသတ်မှတ်ချက်များကို လိုက်နာရန်လိုအပ်မည်ဖြစ်ပြီး သမရိုးကျ ထန်းရည်ထုတ်လုပ်မှုမှ စနစ်ကျသည့် ထန်းရည်ထုတ်လုပ်မှုနည်းလမ်းများကို ထန်းတောင်သူများသို့ အသိပညာပေးရန် လိုအပ်မည်ဖြစ်ကြောင်း ထန်းလျက်လုပ်ငန်းရှင်များကဆိုသည်။

ထန်းလျက်လုပ်ငန်းလုပ်ကိုင်သူများသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖြစ်သည်။ ဆန်းသစ်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်၊ လုပ်ငန်းများတိုးချဲ့နိုင်ရန်အတွက် အရေးပါဆုံးသော လိုအပ်ချက်မှာ ငွေကြေးအရင်းအနှီးဖြစ် သည်။ ယင်းကိုအစိုးရကကူညီရန် ၎င်းတို့က မျှော်လင့်သည်။

မည်သို့ဆိုစေ ဈေးကွက်တစ်ခု သန်သန်မာမာဖြစ်လာလျှင် ထုတ်လုပ်သူများက နောက်ကလိုက်လာကြမည်မှာ မလွဲပေ။ လက်ရှိတွင် သမားရိုးကျထန်းလျက်ဈေးကွက်မှ သွေဖည်ကာ ဆန်းသစ်တီထွင်သည့် ထန်းထုတ်ကုန်များ၊ ပြည်ပဈေးကွက် အထိထိုးဖောက်မည့် ထန်းသကြာများ ထုတ်လုပ်ရန် ပြင်ဆင်လာခြင်းကြောင့် ထန်းလုပ်ငန်းကို ထန်းတောင်သူတို့ ပြန်လည်မျက်စေ့ကျလာဖွယ်ရှိသည်။

ယင်းသို့မျက်စေ့ကျလာလျှင် လက်ရှိ ထန်းပင်များ ခုတ်လှဲရောင်းချနေသည့်ပြဿနာကို အဆုံးသတ်နိုင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ထန်းတောင်သူ သုံးသိန်းဝန်းကျင်ရှိပြီး ထန်းလျက်ဈေးကွက်ကောင်းပါက အဆိုပါမိသားစု တို့၏ လူမှုဘ၀များလည်း မြင့်မားလာမည် ဖြစ်သည်။

မြန်မာတို့၏ အမှတ်သားသရုပ်ဖြစ်သည့် ထန်းလုပ်ငန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စိတ်ဝင်စားသည်။ ထန်းလျက်ကိတ်မုန့်လေလံတင်ရောင်းချပြီးနောက် ထန်းလျက်နှင့် စမ်းသပ်ပြုလုပ်နေသည် ကွတ်ကီးနှင့် အခြားမုန့်မျိုးစုံထုတ်လုပ်မှုကို ဆက်လက်စောင့်စားရမည်ဖြစ်သည်။

အလားတူ ကမ္ဘာ့သကြားဈေးကွက်သို့ ဝင်ရောက်ရန် တာစူနေသည့် ထန်းသကြားအခြေအနေကိုလည်း မျှော်လင့်ဦးမည်သာ ဖြစ်သည်။ ကမ္ဘာတွင် မြန်မာထန်းသကြားအောင်ပွဲခံနိုင်မည်လော။ ယင်းနှင့်ပတ်သက်၍ ဦးကောင်းဆက်နိုင်က ယုံကြည်မှုအပြည့်ရှိသည်။ အကောင်းဆုံးပြင်ဆင်ပါက မုချအောင်မြင်မည်ဖြစ်ကြောင်း ၎င်းက ယခုကဲ့သို့ဆိုသည်။

“အကောင်းဆုံးလုပ်ပေးမယ်ဆိုရင် Supply (ရောင်းအား) လိုက်နိုင်မှာတောင် မဟုတ်ဘူး” 

 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *