နိုင်ငံရေး အဆင့်အတန်း

နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု (Political Development) ဆိုသည်မှာ ကျယ်ပြန့်သောအဓိပ္ပာယ်ရှိသည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ‘နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု’ ကို ‘နိုင်ငံဖွံ့ဖြိုးတိုးတက်မှု (State Development) နှင့် မှားယွင်းတတ်ကြသည်။ ဆက်စပ်မှုရှိသည့်တိုင် သဘောသဘာဝအားဖြင့်မူ မတူညီပါ။ နိုင်ငံဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်မှာ နိုင်ငံတစ်ခု၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို အဓိကဦးတည်သော အကြောင်းအရာ ဖြစ်ပါသည်။ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ထိုနိုင်ငံ၏ နိုင်ငံရေးပုံသဏ္ဌာန်ပိုင်းဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်ပါသည်။

နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု (Political Development) ဟူသော ခေါင်းစဉ်အောက်တွင်ပါဝင်သော အကြောင်းအရာများမှာ ….

၁။ နိုင်ငံရေးယဉ်ကျေးမှု (Political Culture)
၂။ နိုင်ငံရေး ဒဿန (Political Philosophy)
၃။ နိုင်ငံရေး စိတ်ပညာ (Political Psychology)
၎။ နိုင်ငံရေး လူမှုဗေဒ (Political Sociology)
၅။ နိုင်ငံရေး အမူအကျင့် (Political Behavior) အစရှိသည်တို့ ဖြစ်ကြသည်။

နိုင်ငံတစ်ခု၏ နိုင်ငံရေးဆိုင်ရာပုံသဏ္ဌာန်ပိုင်းကို လေ့လာရာတွင် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု (Political Development) ဟူသော ခေါင်းစဉ်ဖြင့် ဖြန့်ခွဲ၍ လေ့လာကြသည်။ သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေး ဓလေ့စရိုက်၊ နိုင်ငံရေးအပေါ် တွေးခေါ်ရှုမြင်ပုံ၊ လူမှုဆက်ဆံရေးပုံစံနှင့် နိုင်ငံရေးဆိုင်ရာ စိတ်ခံစားချက်များကို လေ့လာဆန်းစစ်ပြီး ထိုနိုင်ငံ၏ နိုင်ငံရေးအဆင့်အတန်းနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု ရှိ မရှိကို တိုင်းတာသတ်မှတ်လေ့ရှိကြသည်။ ဆိုရလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စမှာ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုပုံသဏ္ဌာန်နှင့် သက်ဆိုင်နေသောကြောင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုရှိလာအောင်လုပ်ရန် အရေးကြီးသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်အချို့က ဆိုခဲ့သည်။ သို့ဆိုလျှင် နိုင်ငံရေးကို အဆင့်မြှင့် (Upgrade) ရမည့် သဘောပင်ဖြစ်သည်။ ‘နိုင်ငံရေး ပြုပြင်တည့်မတ်မှု’ (Political Correctness) ကို လုပ်ဆောင်ရာတွင် ဆိုခဲ့ပါအချက်များကို သုတေသနပြုလုပ်ပြီးလိုအပ်သလို ပြုပြင်ဆောင်ကြရမည် ဖြစ်ပါသည်။

ဆိုခဲ့ပါအချက်များထဲမှ ‘နိုင်ငံရေးဆိုင်ရာအမူအကျင့်’ (Political Behavior) အကြောင်းကို ယခုစာစုတွင် တင်ပြလိုပါသည်။ Oxford တက္ကသိုလ်၏ နိုင်ငံရေးအဘိဓာန်တွင် ‘နိုင်ငံရေးဆိုင်ရာ အမူအကျင့်’ ဆိုသည်မှာ မဲဆန္ဒရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အာဏာရှိ/ အာဏာမဲ့ နိုင်ငံရေးသမားများအားလုံးတို့၏ အပြုအမူ အတွေးအခေါ်နှင့် လုပ်ကိုင်ဆောင်ရွက်ချက်များကိုဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ ၁၉၅၀ ပြည့်လွန်နှစ်များဆီမှစ၍ ယင်း ‘နိုင်ငံရေးဆိုင်ရာအမူအကျင့်’ များ ကို လူမှုဗေဒပညာရှင်များက အဓိကထားပြီး လေ့လာခဲ့ကြသည်။ နိုင်ငံရေးဆိုင်ရာအမူအကျင့်များကို နိုင်ငံရေးဒဿန ဘာသာရပ်၊ နိုင်ငံရေးစိတ်ပညာဘာသာရပ်များနှင့် ချိတ်ဆက်လာကြသည်။

နောက်ပိုင်းမှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် ‘လူ့အပြုအမူ သီအိုရီ’ (Behaviorism Theory) ဟူ၍ ထင်ထင်ရှားရှားပေါ်ပေါက်လာခဲ့ပါသည်။ ‘အပြုအမူအဓိကဝါဒသည် ပင်ကိုအားဖြင့် လူမှုစိတ်ပညာတစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေးနှင့် ချိတ်ဆက်လေ့လာကြသည့်အခါ နိုင်ငံရေးသိပ္ပံနယ်ပယ်မှာ ခေတ်စားလာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များ၏ အစောပိုင်းကာလထိ အမေရိကန်နိုင်ငံတွင် အကြီးအကျယ် လွှမ်းမိုးထားနိုင်ခဲ့သော ယင်းသီအိုရီမှာ ယနေ့ထက်ထိဩဇာကြီးမားဆဲ ဖြစ်သည်။ ‘အပြုအမူဝါဒီ’ (Behaviorist) များသည် အချက်အလက်အခြေခံပြီး သုံးသပ်သူများဖြစ်သည်။ စိတ်ခံစားမှု (Emotion) ထက် သုတေသနပြုမှု (Research) ကို ဦးစားပေးသည်။ ၎င်းတို့အနေနှင့် နိုင်ငံရေးခေါင်းဆောင် များ၏ စဉ်းစားတွေးခေါ်ပုံနှင့် လုပ်ရပ်များ၊ မဲဆန္ဒရှင်များ၏ အကြိုက်နှင့် စရိုက်လက္ခဏာများကို အထူးပြုလေ့လာသလို သက်ဆိုင်ရာနိုင်ငံရေးအစဉ်အလာ အပြုအမူများကိုလည်း လေ့လာကြသည်။ ထိုမှတစ်ဆင့် နိုင်ငံတစ်ခု၏ နိုင်ငံရေးအဆင့်အတန်းကို သတ်မှတ်ကြလေ့ရှိသည်။ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရာတွင် သုတေသနပညာရှင်များ တိုင်းတာသော စံအချို့ကို ဆက်လက်တင်ပြပါမည်။

နိုင်ငံတစ်ခု၏ နိုင်ငံရေးပုံပန်းသဏ္ဌာန်ကို လေ့လာလျှင် ထိုနိုင်ငံ၏ နိုင်ငံရေးအဆင့်အတန်းကို သိနိုင်သည်။ နိုင်ငံရေးပုံပန်းသဏ္ဌာန်ဆိုသည်မှာ နိုင်ငံရေးသမားများ၊ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ စသည်တို့၏ နိုင်ငံရေးအမူအကျင့်နှင့် နိုင်ငံရေးအတွေးအခေါ်များ ပြုမူလုပ်ဆောင်ချက်များကို ဆိုလိုပါသည်။ ယင်းနှင့်ပတ်သက်၍ တိုင်းတာသတ်မှတ်သော အချက်အလက်စံနှုန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

‘တရားနည်းလမ်းကျသောနိုင်ငံရေးအပြုအမူ’ (Legitimate Political Behavior) နှင့် ‘တရားနည်းလမ်းမကျသော နိုင်ငံရေးအပြုအမူ’ (Illegitimate Political Behavior) ဟူသော အပိုင်းနှစ်ပိုင်းကို နှိုင်းယှဉ် ခွဲခြားပြပါသည်။

၁။ တရားနည်းလမ်းကျသောနိုင်ငံရေးအပြုအမူများ၊
၂။တရားနည်းလမ်းမကျသော နိုင်ငံရေးအပြုအမူများ
===============================

၁။ သဘောတူညီမှုများရရှိဖို့နှင့် အောင်မြင်စွာ စုပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် မိမိတို့၏ သဘောထားအမြင်များကို ဘက်ပေါင်းစုံကနေ ဆင်ခြင်သုံးသပ်ပြီး လိုအပ်သလို ပြန်လည်ပြင်ဆင်နိုင်ကြသည်။
၂။ လက်တွေ့နှင့် ကိုက်ညီမှုမရှိသည့်အပြင် သတင်းအချက်အလက်နှင့် ယုတ္တိဗေဒဆိုင်ရာအားနည်းချက်များ ရှိနေသည့်တိုင် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များကို မလွတ်တမ်းဆုပ်ကိုင်ထားတတ်ကြသည်။

၁။ နိုင်ငံရေးတွင် လူနည်းစုက လူများစု၏ ဆုံးဖြတ်ချက်များကို လိုက်နာလေ့ရှိပြီး လူများစုကလည်း လူနည်းစု၏ သဘောထားဆန္ဒများကို လေးစားကြသည်။ လူနည်းစု၏ အားနည်းချက်များကို ဖေးမကူညီပေးနိုင်သောမူဝါဒများကို ချမှတ်ဖော်ဆောင်လေ့ရှိကြသည်။

၂။ အများစု၏ဆန္ဒကို အနည်းစုက ဆန့်ကျင်ပြီး မူဝါဒဆိုင်ရာခုခံမှုများကို ပြုလုပ်လေ့ရှိသည်။ အများစုကလည်း အနည်းစုအပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်၍ အနိုင်ကျင့်ကြသည်။

၁။ ဆန့်ကျင်ဘက်အရာများအပေါ် စနစ်တကျ ဝေဖန်ဆန်းစစ်မှုများပြုလုပ်သည်။
၂။ မတူညီသောအမြင်သဘောထားများကို လက်မခံ၊ အပြစ်ဖို့ကဲ့ရဲ့သည်။
၁။ မိမိတို့အဖွဲ့အစည်း၏ ဆန့်ကျင်ဘက်ထောက်ခံသူများအပေါ် လေးစားမှုရှိပြီး မတူညီမှုများကို စနစ်တကျ တုံ့ပြန်တတ်သည်။
၂။ ပြိုင်ဘက်များအပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် အောက်တန်းကျစွာ ထိုးနှက်တိုက်ခိုက်သည်။

၁။ အကြောင်းအရာများကို ဆန်းစစ်သည့်အခါ ရှုထောင့်ပေါင်းစုံ အမြင်ပေါင်းစုံမှ ရှုမြင်သုံးသပ်သည်။
၂။ ကိုယ်ကျိုးစီးပွားဖြင့် ထောက်တည်ထားသော ကိုယ်ပိုင်ရှုထောင့်တစ်ခုတည်းမှ အထိုင်ချ၍ ရပ်ခံရှုမြင်တတ်ကြသည်။

၁။ လူနည်းစုများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အဝ အကာအကွယ်ပေးထားသည်။
၂။ လူနည်းစုများ၏ အခွင့်အရေးများကို လျစ်လျူâခြင်း၊ ကတိ ဖျက်ခြင်း၊ အလေးအနက်မထားခြင်းများ ရှိနေသည်။ တစ်ဆက်တည်းမှာ ပင် လူများစု၏အာဏာကို ခိုင်မာတောင့်တင်းအောင် လုပ်ဆောင်လေ့ ရှိကြသည်။

၁။ နိုင်ငံရေးဆိုင်ရာ ဟောပြောဆွေးနွေးမှုများကို အရည်အသွေးမြှင့်တင်ကြသည်။ ခေတ်မီသောနိုင်ငံရေးအသိနှင့် ခေတ်သစ်အတွေးအခေါ်များကို ပြည်သူလူထုထံသို့ အရောက်ပို့ဆောင်သည်။ အဆိုပါကိစ္စများကို ရေရှည် အကျိုးစီးပွားအတွက် အသေအချာ အာရုံစိုက်ပြီး လုပ်ဆောင်ကြသည်။
၂။ မိမိတို့အဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအတွက် ရေတိုအစီအမံများကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှုနှင့် လူမှုဘ၀အခြေအနေများ ထိခိုက်ပျက်စီးနိုင်သည့် အနေအထားများကို လျစ်လျူရှုလေ့ရှိကြသည်။

အထက်ပါအချက်များမှာ တရားနည်းလမ်းကျသော နိုင်ငံရေးအပြုအမူများနှင့် တရားနည်းလမ်းမကျသော နိုင်ငံရေးအပြုအမူများကို နှိုင်းယှဉ်ခွဲခြားပြထားခြင်းဖြစ်သည်။ နိုင်ငံရေးစိတ်ပညာနှင့် လူမှုဗေဒပညာရှင်များ၏ အဆိုအရ နိုင်ငံတစ်ခုတွင် တရားနည်းလမ်းကျသော နိုင်ငံရေးအပြုအမူများ အားကောင်းနေပါက နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုမြင့်မားသည်ဟုဆိုနိုင်ပြီး တရားနည်းလမ်းမကျသော နိုင်ငံရေးအပြုအမူများ အားကောင်းနေပါက နိုင်ငံရေးဖွံ့ဖြိုးမှုနိမ့်ကျသည်ဟု သတ်မှတ်ကြပါသည်။

ဤမျှဆိုလျှင် နိုင်ငံတခု၏ နိုင်ငံရေးပုံပန်းသဏ္ဌာန်နှင့် နိုင်ငံရေးအဆင့်အတန်းကို အတန်အသင့်မျှ ဆဝါးနိုင်လိမ့်မည် ထင်ပါသည်။ မြန်မာနိုင်ငံ၏ ပကတိအရှိတရားကို တိုက်ဆိုင်စစ်ဆေးကြည့်လျှင် နိုင်ငံရေးအဆင့်အတန်း မည်မျှရှိနေသနည်းဆိုသည်ကို တွေ့ရမည်ဖြစ်ပေသည်။ နိုင်ငံရေးအဆင့်အတန်း မြင့်မားလာဖို့ဆိုလျှင် အဓိကအနေနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများက နိုင်ငံရေးဆိုင်ရာ အသိဗဟုသုတ၊ ခေတ်သစ်နိုင်ငံရေးပုံသဏ္ဌာန်တို့၏ လိုအပ်ချက်နှင့် နိုင်ငံ၏ ပကတိလိုအပ်ချက်ကို တိတိကျကျသိမြင်နားလည်ပြီး လက်တွေ့ကျသော စိတ်ကူးအိုင်ဒီယာများ ရှိကြဖို့လိုအပ်သည်။ ရှင်းအောင်ဆိုရလျှင် နိုင်ငံရေးသမားများ ဦးနှောက်အဆင့်မြှင့်ဖို့ (Brain Upgrade) လိုအပ်နေခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် ပြည်သူလူထု၏ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီကို ထပ်မံအဆင့်မြှင့်တင်နိုင်ဖို့ ဖြစ်သည်။ အချိန်တစ်ခုတော့ ကြာပါလိမ့်မည်။ သို့သော် နိုင်ငံရေးအဆင့်အတန်း မြင့်မားစေရန် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကိုတော့ လုပ်ရပေလိမ့်မည်။ 

 

ဝင်းကို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *