We Love ချင်းပြိုင် ဘယ်သူနိုင်

“ဒေါက်ဒေါက်ကို ချစ်လား”

ယင်းသည် Facebook Group  တစ်ခုသို့ ဝင်ရောက်ခွင့်ရရန်အတွက် သင့်ထံ မေးမည့် မေးခွန်း ဖြစ်သည်။

ဖြေဆိုရန် ချစ်တယ်နှင့် Yes နှစ်ခု အနက်တစ်ခုခုကို ရွေးချယ်ပြီး နှိပ်လိုက်လျှင် ယင်း ဂရု(ပ်)အတွင်းသို့ ဝင်ရောက်ပြီးသား ဖြစ်သွားလေသည်။ အဆိုပါဂရု(ပ်) ကား We Love Dauk Zaw ဖြစ်၏။

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ချစ်စနိုးဖြင့် ဒေါက်ဇော် ဟုခေါ်ဆိုကြခြင်းကို အစွဲပြု၍ ဝီလပ်ဗ် ဒေါက်ဇော်ဂရု(ပ်) က ဖြစ်လာရသည်။

အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်များကို  We Love Group  ဖွဲ့၍ နောက်ပြောင်ကျီစယ်မှုသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်က စတင်သည်။

ကွီးဖြိုးဟု ချစ်စနိုးခေါ်ဆိုတတ်ကြသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအတွက် စက်တင်ဘာလ ၁၀ ရက်နေ့က ဖွဲ့စည်းထားသည့် We Love Kwee Phyo သည် အဖွဲ့ဝင်ပေါင်းနှစ်သိန်းကျော်ရှိပြီး အဖွဲ့ဝင်နှစ်သိန်းနီးပါးစီရှိသည့် အခြား Group နှစ်ခုလည်းရှိသေးသည်။

ယင်းဂရု(ပ်) များတွင် ဦးဖြိုးမင်းသိန်း၏ ဓာတ်ပုံအဟောင်းများကို လိုက်ဖက်သည့် စာသားများ၊ ကဗျာများ၊ သီချင်းများဖြင့် တွဲဖက်တင်ကြပြီး နှစ်သက်သဘောကျကာ Like လုပ်သူ ထောင်နှင့်ချီ၍ ရှိနေသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် We Love Dauk Zaw Group သည် We Love Kwee Phyo ကို လိုက်လံတုပထားခြင်းဖြစ်ပြီး တစ်ပတ်အတွင်းမှာပင် အဖွဲ့ဝင်ပေါင်း တစ်ထောင့်နှစ်ရာကျော် ဖြစ်လာခဲ့သည်။

ယင်းအပြင် စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အတွက် We Love Dr. Myint Naing Group ကို စစ်ကိုင်းတိုင်းဒေသခံတို့က ဖွဲ့စည်းခဲ့ကြသေးသည်။

We Love Dauk Zaw Group သည် သတင်းဌာနအချို့တွင် ဖော်ပြခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံအများစုကို အသုံးပြုကာ ရယ်ရွှင်ဖွယ်ဖြစ်စေမည့် စာသားများဖြင့် ရေးသားတင်ဆက်ခဲ့သည်။

သို့သော်လည်း ယင်းဂရု(ပ်) Group Admin အဖြစ် ဆောင်ရွက်သူအပါအဝင် အဖွဲ့ဝင်အချို့သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံလိုက်ရသည်။

ယင်း ဂရု(ပ်) ထဲ၌ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ်က မိုက်ကရိုဖုန်းကို ကိုင်၍ စကားပြောနေသည့် ဓာတ်ပုံကို ‘ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလားပြောပါ ကျွန်တော် သိပ်ချစ်တတ်တာ ကျွန်တော်သာ အသိပါ’ စာသားဖြင့် လည်းကောင်း၊ မန္တလေးတိုင်း နယ်လုံဝန်ကြီးဟောင်းနှင့် စကားပြောနေသည့် ပုံကို အသုံးပြု၍ ‘စစ်သား –  ဒေါက်တာ ဒီနေ့ညက Vip နေ့နော်၊ ဒေါက်တာ-  အေးပါ ငါတို့တွေ အရင်ညထက် ပိုကဲကြတာပေါ့ကွာ Just for funny’ ဟုလည်းကောင်း ရေးသားခဲ့မှုများရှိသည်။

ယင်းအပြင် ‘ပါးချခံရမယ်၊ ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်၊ မင်းဆော်ထက် ငါ့ဆော်က ပိုမိုက်တယ် ဟျောင့် ငါ့ဆော်ပိုမိုက်တယ်’စသည့် စာသားများကိုလည်း ဝန်ကြီးချုပ်၏ ဓာတ်ပုံများဖြင့် တွဲလျက်တင်ခဲ့ကြသည်။

ယင်းသို့ လုပ်ဆောင်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်း ဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၏ဂုဏ်သိက္ခာညှိုးနွမ်းစေရန်နှင့် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် လွန်လွန်ကျူးကျူးရေးသားခြင်းဖြစ်၍ အမှုဖွင့်လှစ်ရခြင်းဖြစ်သည်ဟု တရားလိုကိုယ်စား အမှုဖွင့်လှစ်ခဲ့သည့် တိုင်းဒေသကြီးပါတီ ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးပုညဆွေက ပြောကြားသည်။

“ပါတီရဲ့တာဝန်ပေးချက်အရပါ”ဟု ၎င်းက ပြောသည်။

အဖွဲ့ဝင်ပေါင်းများစွာရှိသည့် ကွီးဖြိုးဂရု(ပ်) တွင် ဝန်ကြီးချုပ်ကို လှောင်ပြောင်သရော်သည့် ပို့စ်များရှိနေသော်လည်း တရားစွဲဆိုခံရခြင်း မရှိသေးပေ။ ဒေါက်တာဇော်မြင့်မောင်ထက်ပင် ဦးဖြိုးမင်းသိန်းက ပို၍ လှောင်ပြောင်သရော်ခံရကြောင်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဆိုသည်။

“အပြောင်သဘောမျိုးတွေပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်တဲ့သဘောမျိုးတွေလို့ ကျွန်တော် မထင်ပါဘူး။ ရန်ကုန်မှာလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို We Love  Group ဖွဲ့ပြီး ရေးသားနေကြတာက မန္တလေးထက်တောင် ပိုကဲသေးတယ်။ ဒါပေမဲ့ တရားစွဲတာမျိုး မကြားရဘူး”ဟု ၎င်းက သူ့အမြင်ကို ပြောသည်။

နာမည်ကြီးတေးသံရှင် သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်အတွက် တည်ထောင်ထားသည့် We Love Sai Sai Kham Leng Group သည်အဖွဲ့ဝင်ပေါင်းသုံးသောင်းကျော်သာရှိပြီး We Love  Group တွင် အဖွဲ့ဝင်ပရိသတ်အများဆုံး အဖြစ် နာမည်ကြီးသည်။ သို့သော် ဦးဖြိုးမင်းသိန်း၏ We Love  Group ကမူ အဖွဲ့ဝင်နှစ်သိန်းနီးပါးဖြင့် အဆများစွာ ကျော်လွန်သွားသည်။

ထို့ကြောင့် ရွေးကောက်ပွဲတွင် ဦးဖြိုးမင်းသိန်းအနေနှင့် အထူးတလည်မဲဆွယ်နေရန်မလိုဘဲ ဂရု(ပ်)ထဲတွင် ပို့စ်တင်လိုက်ရုံဖြင့် ထောက်ခံသူများစွာရရှိလာမည်ဟု ပြောသူများလည်းရှိသည်။

သို့သော် ဝန်ကြီးချုပ်များကို ချစ်၍ ကျီစယ်သည်ဟုဆိုကာ ဓာတ်ပုံများ၊ စာသားများဖြင့် လှောင်ပြောင်နေခြင်းအပေါ် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကမူ တရားစွဲဆိုလိုက်လေသည်။

“ဒီမိုကရေစီဘိုးအေနိုင်ငံဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမှာ သမ္မတကို လှောင်ပြောင်တာမျိုးတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ တရားစွဲတယ်ဆိုတာမျိုး မကြားမိဘူး”ဟုမန္တလေးမြို့ခံတရားလွှတ်တော် ရှေ့နေဦးမျိုးမင်းဇော်က ပြောသည်။

လူပုဂ္ဂိုလ်တစ်ဦးကို နောက်ပြောင်ကျီစယ်ခြင်းနှင့် ဂုဏ်သိက္ခာထိခိုက်အောင် လုပ်ဆောင်ခြင်းတို့သည် မတူညီဘဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်သဘော ဖြစ်လျှင်မူ ဥပဒေအရတရားစွဲဆိုနိုင်သည်ဟု ၎င်းက သတိပေးသည်။

“ဝေဖန်ထောက်ပြလို့ ရတယ်။ ဆဲဆိုတာမျိုးကိုတော့ ကျွန်တော်တို့လည်း အားမပေးဘူး”ဟု ဦးမျိုးမင်းဇော်က ပြောဆိုသည်။

ထို့ကြောင့် ဂုဏ်သိက္ခာထိခိုက်အောင် ရေးသားသူများဆိုလျှင် ဥပဒေအရ အရေးယူရမည်ဟု ၎င်းက ဆိုသည်။

We Love  Group ဖွဲ့၍ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်သူများကို အမှုဖွင့်လိုက်သော်လည်း ရေးသားချက်များကိုမူ တစ်ခုမှမဖတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

၎င်းကိုယ်တိုင်လည်း လူမှုကွန်ရက်ကို သုံးစွဲခြင်းမရှိဘဲ အကောင့်တုပြုလုပ်သူကိုပင် ပြီးခဲ့သည့်နှစ်များက တရားစွဲဆိုခဲ့သေးသည်။

“Love ဆိုတဲ့ဟာ သုံးပြီးတော့ လုပ်ချင်ရာလုပ်လို့မရဘူး။ ကျွန်တော့်မှာ လွတ်လပ်စွာနေထိုင်ပိုင်ခွင့် ရှိတယ်။ လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်လည်း ရှိတယ်။ ဒီကိစ္စက ပုဂ္ဂိုလ်ရေးဆန်တယ်။ ကျွန်တော် မဖြေဘူး”ဟု အမှုဖွင့်အရေးယူမှုနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က ဖြေဆိုသည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်နှင့် မန္တလေးသည် ပြိုင်ဆိုင်မှုတောက်လျှောက် ရှိခဲ့သည်။ အထူးသဖြင့် လူမှုကွန်ရက်သုံးစွဲသူများက ပြိုင်ဆိုင်ကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ်များ၏ လုပ်ဆောင်မှုချင်း ပြိုင်ကြသည်။ မြို့တော်ဝန်များ၏ လုပ်ဆောင်မှုချင်း ပြိုင်ကြသည်။ ရန်ကုန်မြို့ကို စက်ဝိုင်းသဏ္ဌာန်ဖွံ့ဖြိုးတိုးတက်သည့် မြို့ဟု ပြောသည်။ မန္တလေးမြို့ကိုမူ လေးထောင့်ဆန်သည့် တောမြို့ဟုဆိုသည်။

တစ်ဖန် မန္တလေးမြို့သည် ခေတ်မီနည်းပညာများ အသုံးပြု၍ ပြည်သူ့ဝန်ဆောင်မှုပေးသည့်အတွက် စမတ်စီးတီးဆုရရှိသည့်အခါ မန္တလေး တစ်ဂိုး၊ ရန်ကုန် ဂိုးမရှိဟု ဘောလုံးကစားနည်းကို ဥပမာပေး၍ ပြိုင်ဆိုင်ကြပြန်သည်။

ယခုလည်း လူမှုကွန်ရက်တွင် We Love  Group များအပြိုင်အဆိုင်ဖွင့်၍ ပြိုင်ကြသည်။ ယခင်ကတည်းက လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင်ကျီစယ်ခံရပြီးဖြစ်သည့် ကွီးဖြိုး (ခေါ်) ဦးဖြိုးမင်းသိန်း၏ ဂရု(ပ်) က သိန်းနှင့် ချီ၍ စိတ်ဝင်စားသူရှိခဲ့ပြီး အနိုင်ရသွားသည်။

ထိုမျှမက ဝီလပ်ဗ်ဒေါက်ဇော် ဂရု(ပ်) တွင် ရေးသားသူအချို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံလိုက်ရသည့်အခါတွင်မူ လူမှုကွန်ရက် စာမျက်နှာများတွင် ကွီးဖြိုး ၁း ၀ ဒေါက်ဇော်ဟု ကျီစယ်ရေးသားနေမှုများက ပေါ်ထွက်လာခဲ့ပြန်သည်။

‘တရားစွဲတာတို့ ဘာတို့ ကွီးဖြိုး မလုပ်၊ လုပ်ရင် ကွီးဖြိုးမဟုတ်’ဟု သီချင်းတစ်ပုဒ်၏ စာသားအလိုက်ဖြင့် ကျီစယ်ပြောဆိုမှုများလည်း ရှိခဲ့သည်။

We Love  ချင်းပြိုင်ဘယ်သူနိုင်ဟု ရုပ်သံလိုင်းတစ်ခု၏ အစီအစဉ်အမည်ဖြင့် ခိုင်းနှိုင်းပြောရမလိုပင် ဖြစ်တော့သည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *