လွတ်သူကိုလည်း မမိ၊ မိသူကိုလည်း စီရင်မှုကြာ

တရားစီရင်ရေးပိုင်းကြန့်ကြာနေသဖြင့် ပြည်သူများ မေ့မေ့လျော့လျော့ဖြစ်လာသည့် အမှုကြီးများစွာ ရှိနေသည်။

တစ်ဖက်တွင်လည်း ပြည်သူများ စိတ်ဝင်စားသည့်အမှုများက အချိန်တိုင်း အသစ်ဖြစ်ပွားနေပြန်သည်။

မြန်မာနိုင်ငံတွင် အမှုများကြန့်ကြာနေရသည့် အကြောင်းအရင်းများအပြင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်မှု မရှိခြင်းကြောင့် လွတ်မြောက်နေသည့် နာမည်ကြီးဝရမ်းပြေးမှုများလည်း ရှိသေးသည်။

ပြည်သူများထိတ်လန့်ခဲ့ရသည့် အမှုများတွင် တရားခံမည်သူဆိုသည်ကိုပင် မသိလိုက်ရသည့် အဖြစ်များကလည်း ရှိသည်။ ယင်းဖြစ်ရပ်များ ဖြေရှင်းရန်အတွက် မည်သူတွင် တာဝန်ရှိနေသနည်း။

တရားစီရင်ရေးတွင် အမှုကြန့်ကြာမှုများသည် တရားသူကြီးများက တရားရေးနှင့် မသက်ဆိုင်သည့် ရုံးလုပ်ငန်းများ၊ ဝန်ထမ်းစီမံခန့်ခွဲရေးလုပ်ငန်းများကို လုပ်ကိုင်နေရခြင်းကလည်း အမှုကြန့်ကြာမှုကို ဖြစ်နေကြောင်း ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် ဦးကျော်ဟိုးက ပြောဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ပြည်သူများစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် အချို့အမှုများတွင် ကြန့်ကြာမှုများ ရှိနေသည့်အတွက် ပြည်သူများကြားတွင် တရားစီရင်ရေးကို ဝေဖန်သံများထွက်ပေါ် နေသည်။

ကြန့်ကြာနေသော အမှုကြီးများ

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါအချို့ကို နေပြည်တော်လေဆိပ်နှင့် ၎င်းနေအိမ်တို့တွင် မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိခဲ့သော်လည်း လက်ရှိအချိန်တွင် အမှုကို စွဲချက်သာတင်ထားနိုင်သေးပြီး စစ်ဆေးနေဆဲကာလဖြစ်ကာ အပြီးသတ်အမိန့်ချမှတ်နိုင်ခြင်း မရှိသေးပေ။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် သုံးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိပြီး နောက် သာကေတရှိ ၎င်းပိုင်ဆိုင်သည့် ဟိုတယ်နှင့် ၎င်း၏ နေအိမ်တွင်လည်း မူးယစ်ဆေးဝါးများနှင့် လက်နက်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မူးယစ်ဆေးများ၊ လက်နက်အများအပြားဖြင့် ဖမ်းမိခဲ့သော်လည်း အမှုဖြစ်ပွားအပြီး ၂ နှစ်ပြည့်ခါနီး အချိန်အထိ တရားစီရင်ရာတွင်ကြန့်ကြာမှုများ ရှိနေသည့်အတွက် ပြည်သူများက လူမှုကွန်ရက်များတွင် ဝေဖန်ပြောဆိုကြပြန်သည်။ ဖြိုးကိုကိုတင့်ဆန်းအမှုကို စစ်ဆေးနေချိန်မှာ ကြာမြင့်နေလွန်းနေပြီလော။

အဆိုပါအမှုတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ပုဒ်မ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မများ အပါအဝင် ပုဒ်မ ၂၁ ခုကျော်ဖြင့် နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးတွင် စွဲချက်တင်ထားသည်။

၎င်းအတွက် တရားလိုပြသက်သေ ၄၀၀ ကျော်အထိရှိကာ ၂၀၁၉ ခု နှစ်အစပိုင်းတွင် တရားလိုပြသက်သေ ၂၀၀ ခန့်သာ စစ်ဆေးရသေးကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

ဖြိုးကိုကိုတင့်ဆန်းအမှုလိုပင် ပြည်သူများ စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် နောက်ထပ်အမှုတစ်ခု ရှိသေးသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံက တင်ပို့လိုက်သည့်သင်္ဘောပေါ်၌ မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းမိခဲ့သည့် အမှု ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလ ၂၂ ရက်က မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် မူးယစ်ဆေးဝါးများကို သင်္ဘောကွန်တိန်နာတစ်ခုတွင် လက်ဖက်ခြောက်ထုပ်များနှင့် ဝှက်လျက်သယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မလေးရှားဘက်မှ ထုတ်ပြန်ချက်အရ စုစုပေါင်းအလေးချိန် ၁ ဒသမ ၂ တန်နီးပါးရှိ မူးယစ်ဆေးဝါးများဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ၇၁ သန်း) ခန့်ကာ ၁,၁၈၇ ကီလိုရှိကြောင်း သိရသည်။

အဆိုပါအမှုတွင် အဓိကတရားခံဟု ယူဆရသူ မောင်မောင် (ခ) Hj Yassin အပါအဝင် Nice Guy သောက်ရေသန့်စက်ရုံပိုင်ရှင် ဦးမင်းနိုင်နှင့် ဦးဇေယျာဟိန်း(ခ) ဇေယျာတို့ သုံးဦးကို သေဒဏ်ချမှတ်နိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂၀ (ခ)/ ၂၂ (က) တို့ဖြင့် တရားစွဲတင်ခဲ့သည်။

ယင်းအမှုတွင်လည်း ယခုအချိန်တွင် လိုပြသက်သေ ၇၀ ခန့်တင်ထားသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ သက်သေတစ်ဝက်ပင် စစ်ဆေးနိုင်ခြင်း မရှိသေးပေ။

“ဒီလိုအမှုမျိုးတွေက တရားရေးပိုင်းကလည်း အမြန်ပြီးအောင်ဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးကျော်ဟိုးက ပြောဆိုသည်။

သက်သေအထောက်အထား အပြည့်အစုံဖြင့် ဖမ်းမိထားသည့် အမှုများတွင် တရားစီရင်ရေးပိုင်းက အမှုများ အမြန်ပြီးစီးအောင်စစ်ဆေးရန်လိုကြောင်းနှင့် သက်သေများလာရောက်မှုမရှိခြင်းနှင့် တရားရုံးတွင် အမှုများနေခြင်းတို့ကြောင့် အမှုကြန့်ကြာနေကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အမှုများကြန့်ကြာနေမှုများသည် ပြည်သူများက တရားစီရင်ရေးကို ဝေဖန်ပြောဆိုစရာ ဖြစ်လာနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောဆိုကြသည်။

တရားရုံးတွင် ရာဇဝတ်မှုများများပြားလာသည့်အတွက်၊ တရားသူကြီးနှင့် စစ်ဆေးရသည့် အမှု မမျှတ၍ အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုများဖြစ်နေသည်ကို ပြည်သူများအနေနှင့် နားလည်ပေးရန်လိုအပ်ကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောဆိုသည်။

“တစ်နေ့ကို တရားရုံးမှာ တရားသူကြီးစစ်ရမှာ ၁၅ မှုလောက်ရှိတယ်။ တကယ် စစ်နိုင်တာက နှစ်မှု၊ သုံးမှုလောက်ပဲ စစ်နိုင်တယ်။ တခြားအမှုတွေကို ရမန်ပြန်ပေးရတယ်။ အဲဒါကြောင့် အမှုတွေကြာတာလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

အောင်ရဲထွေးသေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူဟုယူဆရသူ သုံးဦးကို စွဲချက်မတင်မီ လွှတ်ပေးခဲ့သည့်အတွက် ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်၊ အမှုစစ်တရားသူကြီးအပါအဝင် တိုင်းဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများကို ဖမ်းဆီးကာ အဂတိဥပဒေဖြင့် စစ်ဆေးနေမှုတွင်လည်း လက်ရှိအချိန်အထိ တရားလိုပြ သက်သေများကိုပင် စစ်ဆေးမှုမပြီးသေးပေ။

ထို့အပြင် တေးသံရှင်အစ္စဏီအမှုတွင်လည်း တရာလို စူးရှထက်ဘက်မှ အမှုရုပ်သိမ်းလွှာတင်ထားသည်။

အဓမ္မပြုကျင့်မှုအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲခံထားရသည့် တေးသံရှင် အစ္စဏီအမှုတွင် တရာလို စူးရှထက်က ဩဂုတ်လ ၅ ရက်နေ့က အမှုရုပ်သိမ်းလွှာကို တင်ပြခဲ့ခြင်းဖြစ်သည်။ တစ်နှစ်ခွဲခန့်ကြာ စစ်ဆေးပြီးနောက်တွင် အမှုရုပ်သိမ်းလွှာတင်ခဲ့ခြင်း ဖြစ်သည်။

မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်သည် ဆိုင်မှ စားပွဲထိုးဝန်ထမ်းအမျိုးသားကို ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ဖုန်းဘေလ်ကတ်များထည့်ပေးခဲ့ပြီး ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုများပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၃၇၇ ဖြင့် တရားစွဲ ဆိုခံထားရရာ ယင်းအမှုမှာလည်း တစ်နှစ်ခွဲခန့်ကြာသည်အချိန်ထိ အပြီးသတ်အမိန့်ချမှတ်နိုင်ခြင်းမရှိဘဲ စစ်ဆေးဆဲ ဖြစ်သည်။

အမှုကြန့်ကြာမှုများသည် တရားရုံးတစ်ခုတည်းကြောင့်မဟုတ်ဘဲ တရားလိုများက တရားရုံးသို့ မလာရောက်နိုင်ခြင်း၊ ရှေ့နေများ မလာရောက်နိုင်ခြင်း၊ သက်သေများ မလာရောက်နိုင်ခြင်းများလည်း ပါဝင်ကြောင်း ဥပဒေအသိုင်းအဝိုင်းနှင့်နီးစပ်သူများက ပြောဆိုသည်။

ထို့အပြင် တရားရုံးများက ကြားဖြတ်အမိန့်ချချိန်တွင် နှစ်ဖက်အမှုသည်များက အယူခံများ တက်နေခြင်းကြောင့်လည်း အမှုကြန့်ကြာမှုများရှိနေကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောကြားသည်။

ကိန်းဂဏန်းများက ပြောသော လက်ရှိအခြေအနေ

သို့သော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကမူ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်အမိန့်ချနိုင်မှု ပိုမိုမြင့်တက်လာခဲ့သည်ဟု ထုတ်ပြန်သည်။ ၂၀၁၈ ခုနှစ်တွင်မူ တရားစွဲဆိုထားသည့် အမှုငါးထောင်ကျော် (၅ç၆၆၈) ရှိပြီး ၅၂၀၃ မှု ပြီးပြတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ယင်းအချက်အလက်များအရ တရားစွဲမှုမှာ ၂၀၁၇ ခုနှစ်ထက် ၁၆ ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့ပြီး အမှုပြီးပြတ်မှုနှုန်းကလည်း ၃၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တရားစွဲဆိုမှု ၄၃၄၄ မှုအထိ ရှိခဲ့ပြီး ၃၈၂၃ မှု ပြီးပြတ်ခဲ့သည်။

အမှုပြီးပြတ်မှုနှုန်းကို ဆောင်ရွက်ရာ၌ ၂၀၁၈ ခုနှစ်တွင် ချင်းပြည်နယ် တရားလွှတ်တော်က ရာဇဝတ်မှုပြီးပြတ်မှု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတရားလွှတ်တော်က ရာဇဝတ်ပြီးပြတ်မှုနှုန်း အနည်းဆုံးဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း မန္တလေးတိုင်းတရားလွှတ်တော်တွင် ရာဇဝတ်မှု ၁၂၃၀ မှုဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၀၅၈ မှု၊ ရန်ကုန်တိုင်းက ၉၉၄ မှု ဖြစ်ပွားခဲ့သည်။

တိုင်းနှင့် ပြည်နယ်များရှိ ခရိုင်များတွင် ရာဇဝတ်မှုပြီးပြတ်မှုရာခိုင်နှုန်းသည် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်များ အမှုပြီးပြတ်မှုနှုန်းက ၈၅ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံး ဖြစ်နေသည်။

တရားစီရင်ရေးတွင် အမှုများကြန့်ကြာနေမှု ဖြေရှင်းနိုင်ရေးအပြင် တရားစီရင်ရေးမဏ္ဍိုင် ပိုမိုကောင်းမွန်ရေးအတွက် တရားရေးဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေး ဆွေးနွေးမှုများလည်း ရှိသည်။ သို့သော် ထိုကိစ္စကိုမှု အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

အမှုကြန့်ကြာနေမှုများကို အမြန်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ၂၀၁၉ မှ ၂၀၂၄ ခုနှစ်အထိ မဟာဗျုဟာစီမံကိန်းများချကာ လုပ်ဆောင်နေသော်လည်း အောက်ခြေတွင် အမှန်တကယ်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ဥပဒေသမားများက ထောက်ပြပြောဆိုသည်။

မဟာဗျူဟာစီမံကိန်းတွင် တရားမမှုများကို တရားရုံးသို့တရားမစွဲတင်မီ နှစ်ဖက်အမှုသည်နှစ်ဦးကို ပြေလည်အောင်ညှိနှိုင်းပေးသည့် အစီအစဉ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ တရားရုံးများတွင် လုပ်ဆောင်ပေးလျက်ရှိကြောင်း တရားရုံးသတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။

လွတ်မြောက်နေသော ၀ရမ်းပြေးများ

အမှုပြီးပြတ်မှုမြင့်တက်လာသည် ဆိုသော်လည်း ရန်ကုန်လေဆိပ် လူမြင်ကွင်းတွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရသည့် NLD ပါတီ ဥပဒေအကြံပေး ရှေ့နေဦးကိုနီအမှုကို ၂ နှစ်နီးပါးကြာ စစ်ဆေးခဲ့ခြင်းကြောင့် တရားစီရင်ရေးနှောင့်နှေးကြန့်ကြာသည်ဟု ဝေဖန်ခံခဲ့ရသည်။ ထို့ပြင် ဦးကိုနီ လုပ်ကြံခံရမှုသည် အမိန့်ချမှတ်ပြီးဖြစ်သော်လည်း နှစ်ဖက်အမှုသည်များက မကျေနပ်၍ တိုင်းတရားလွှတ်တော်သို့ အယူခံပြင်ဆင်ချက်တက်ထားသည်။

ဦးကိုနီလုပ်ကြံခံရမှုတွင် အဓိကဦးဆောင်သူဟု ယူဆရသူ အောင်ဝင်းခိုင်ကို ရဲတပ်ဖွဲ့အနေနှင့် ဖမ်းဆီးနိုင်ရေး လုပ်ဆောင်ခဲ့သော်လည်း အောင်ဝင်းခိုင်လွတ်မြောက်နေသည်မှာ လက်ရှိအချိန်အထိ၂ နှစ်ခွဲကျော် ကြာနေပြီ ဖြစ်သည်။

ထို့အပြင် အောင်ဝင်းခိုင်၏ ပိုင်ဆိုင်မှုပစ္စည်းများကို ၀ရမ်းကပ်ထားပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားနိုင်ရန် လုပ်ဆောင်နေကြောင်း ဦးကိုနီ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောဆိုထားသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကပင် အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ရေး ရဲတပ်ဖွဲ့က ကြိုးစားနေပြီး ပြည်သူများကလည်း ပူပေါင်းဆောင်ရွက်ပေးရန် ရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့သည်။

ထွက်ပြေးလွတ်မြောက်နေသည့် ၀ရမ်းပြေးများကို ဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေပြီး ဦးကိုနီအမှုမှ ၀ရမ်းပြေးအောင်ဝင်းခိုင်အမှုအပြင် အခြားအမှုအများကြီးများမှ ၀ရမ်းပြေးများတွင် မိသင့်သူကို မိရမည်ဟု ရဲတပ်ဖွဲ့က အာမခံချက်ပေးထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုထားသည်။

“တရားခံပြေးတွေနဲ့ ပတ်သက်ပြီး မိသင့်မိထိုက်တဲ့သူကို မိအောင်လုပ်ဖို့ လိုတယ်။ ဒီဟာကို ကျွန်တော်တို့အမြဲ ပြောတယ်။ ရဲတပ်ဖွဲ့ကလည်း အဲဒါကို အာမခံချက်ပေးပါတယ်။ ဘူးလက်လှဆွေကို ရအောင်ဖမ်းပါမယ် စသဖြင့် ပြောထားတာတွေ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က စောင့်ကြည့်ရမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် တရားခံပြေးများလွတ်မြောက်နေခြင်းကြောင့် ပြည်သူများက ဝေဖန်နေမှုများကို သိရှိကြောင်းနှင့် ရဲတပ်ဖွဲ့ကိုလည်း တရားခံပြေးများကို ဖမ်းမိနိုင်ရေးကြိုးစားလုပ်ဆောင်ရန် ပြောဆိုထားကြောင်း ဦးဇော်ဌေးက ပြောသည်။

ယခင်က ပြည်သူများစိတ်ဝင်စားသည့် အမှုဖြစ်သည့် ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်နေသည်ဟုဆိုသည့် အောင်ဝင်းခိုင်အပြင် ယခုနှစ်အတွင်း အမျိုးသားရေးများဟောပြောနေသည့် ဦးဝီရသူနှင့် နိုင်ငံတော် ဘာသာရေးဆိုင်ရာပုတ်ခတ်ပြောဆိုသည်ဟုဆိုကာ ဘူးလက်လှဆွေမှာလည်း ၀ရမ်းပြေးစာရင်းတွင် ပြည်သူများ၏ စိတ်ဝင်စားမှုခံနေရသည်။

ဦးဝီရသူ(ခ)အရှင်ဝိစိတ္တဘိဝံသကို မေ လ ၅ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောချက်များနှင့် ပတ်သက်ပြီး တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်သည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားသည်။

ဦးဝီရသူသည် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့၏ ဩဝါဒခံယူရန် ရန်ကုန်သို့ ရောက်ရှိနေကြောင်း၊ အဖမ်းခံမည်ဆိုသည့် မီဒီယာများသို့ ထုတ်ဖော်ပြောဆိုသော အသံဖိုင်ထွက်ပေါ်ခဲ့သော်လည်း တိုင်းသံဃနာယကအဖွဲ့ရုံးကို လာရောက်ခဲ့ခြင်း မရှိပေ။ ယင်းနောက် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူသည် ဆရာတော်ကြီးများက ဓမ္မစက်ဖြင့် ဆိုဆုံးမပြီးမှ ရဲနှစ်ဦးဖြင့် လာရောက်အဖမ်းခံမည်ဟု ရုရှားနိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖြစ်သည့် VK တွင် ပြောဆိုထားသည်။

တရားစွဲခံထားရသည့် ဦးဝီရသူကို တရားရုံးက လာရောက်ဖြေရှင်းရန်အတွက် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသည့်အတွက် လက်ရှိအချိန်တွင် ၀ရမ်းပြေးအဖြစ် ကြေညာထားပြီး ၎င်း ပိုင်ဆိုင်မှုများကို ၀ရမ်းကပ်ရန် တရားရုံးက ကြေညာထားသည်။

ဦးဝီရသူကဲ့သို့ပင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသူနောက်တစ်ဦးမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ တပ်မတော်သားဟောင်းလည်းဖြစ်သည့် ဘူးလက်လှဆွေပင် ဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဩဂုတ်လ ၃ ရက်ကပြုလုပ်သည့် တပ်မတော်ထိပ်တန်းအရာရှိများကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ခြင်းအပေါ် ကန့်ကွက်ပွဲတွင် နိုင်ငံတော်အကြီးအကဲများအပေါ် ပြစ်တင်ပြောဆိုခဲ့သည်ဟုဆိုကာ ဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည်။

ထို့ပြင်ယင်းနေ့ ပြောဆိုချက်ကြောင့်ပင် ဦးလှဆွေကို သာသနာညှိုးနွမ်းစေမှုဖြင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် ဩဂုတ်လ ၇ ရက်က အစ္စလာမ်ဘာသာရေးဆရာတစ်ဦးက ဦးတိုက်လျှောက်ထားခဲ့သည်။

၎င်းကို ဖမ်းဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းမိနိုင်ရေးအတွက် လုပ်ဆောင်နေသည်။

အချို့ဝရမ်းပြေးဆိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်နေကာ ၀ရမ်းပြေးတစ်ယောက်ဖြစ်ကြောင်း သွားရောက်ဖော်ထုတ်သူ၏ ညီကို သတ်ခိုင်းခဲ့သည်ဟုဆိုသည့်  ဖြစ်ရပ်ပင်ရှိခဲ့သည်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၄၀) ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ရန်နိုင်စိုး(ခ) ကရင် ဆိုသူသည် မုဒိမ်းမှုဖြင့် ၀ရမ်းပြေးတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည့်အတွက် ယင်းကိစ္စအပေါ် မကျေနပ်၍ ဖော်ထုတ်သူ၏ ညီသည် အသတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။ အဆိုပါဖြစ်ရပ်အတွက် ရန်နိုင်စိုးကိုမူ ဖမ်းဆီးမိခဲ့ခြင်းမရှိပေ။ လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ရာအိမ်မှူး နိုင်ဝင်း၊ နေလင်း၊ သန်းနိုင်ဦး ၊ ဦးချစ်လှ၊ အောင်စိုးနှင့် သက်ပိုင်ဟိန်းတို့ကိုသာ ဖမ်းမိခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အလိုရှိသူများစာရင်းအရ  ၂၀၁၈ ခုနှစ် ဇူလိုင်လပိုင်းအထိ ရဲတပ်ဖွဲ့အလိုရှိသူ ၁၃၀ ဦး နီးပါရှိကြောင်း သိရသည်။

ယင်းကဲသို့ ထွက်ပြေးလွတ်မြောက်နေသည့် ၀ရမ်းပြေးများ၏ အမှုသည် တရားရုံးတွင်သာ ရှိနေပြီး ၀ရမ်းပြေးများကို ဖမ်းမိနိုင်မှသာ အမှုကို စစ်ဆေးနိုင်မည် ဖြစ်သည်။

သို့သော် နောက်ဆုံးလုပ်နိုင်သည့် အခြေအနေတစ်ခုတော့ ရှိနေသည်။ ၀ရမ်းပြေးများ၏ တစ်ဦးတည်း ပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူနိုင်သည့် အခြေအနေပင်။

ဝရမ်းပြေးများ လွတ်မြောက်နေသည့်အပြင် အချို့အမှုကြီးများတွင် တရားခံများကို ဖမ်းမိနိုင်ခြင်းမရှိခြင်းနှင့် ရဲတပ်ဖွဲ့၏ ပြောဆိုချက်များကြောင့် ပြည်သူများက ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ရဲတပ်ဖွဲ့ အနေနှင့်လည်း ၀ရမ်းထုတ်ခံထားရသူများကို ဖမ်းမိနိုင်ရန် လုပ်ဆောင်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

“ဖမ်းဝရမ်းထုတ်ထားတဲ့သူကို ဖမ်းမိနိုင်ဖို့ ကျွန်တော်တို့လည်း ကြိုးစားတာပဲ”  ဟု ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

တရားခံဖမ်းမိနိုင်ခြင်းမရှိခဲ့သည့် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုနှင့် မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်ပြိုင်လူသတ်မှုတို့သည်  မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အများဆုံး ဝေဖန်ခံခဲ့ရသည့် အမှုများပင် ဖြစ်သည်။

ယခုမူ နောက်ထပ်တစ်မှု ထပ်တိုးလာခဲ့ပြန်သည်။ ယခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သော သိမ်ဖြူတံတားအောက် တွင် ကလေးငယ်တစ်ဦးကို သတ်ကာ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမှု ဖြစ်သည်။ ယင်းအမှုတွင်လည်း တရားခံကို ဖမ်းမိနိုင်ခြင်းမရှိသေးပေ။

မည်သို့ပင်ဆိုစေကာမှု ပြည်သူ့လုံခြုံရေးနှင့် တရားမျှတမှုရရှိရေးအတွက် အဓိကလုပ်ဆောင်နေရသည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းမှ ပြည်သူနှင့် အဓိကထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့နှင့် တရားရုံးများသည် ပြည်သူ၏ ယုံကြည်ကိုးစားမှုရရှိအောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။

“တကယ့်အမှုကြီးတွေရဲ့ ၀ရမ်းပြေးတွေကိုတောင် မိအောင်မဖမ်းနိုင်ရင် ရဲချုပ်တွေဆိုတာ နုတ်တောင်ထွက်သင့်တယ်။ ဒီနေရာမှာ တာဝန်မထမ်းဆောင်သင့်ဘူး။ တရားသူကြီးတွေက ဖြောင့်မတ်မှန်ကန်တဲ့ တရားသူကြီးတွေအဖြစ် ပြည်သူယုံကြည်အောင် လုပ်ဖို့လိုတယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုသည်။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *