အဲဒီအချိန်တုန်းက ဆန္ဒပြတယ်ဆိုတာ သေနတ်ပြောင်းဝရှေ့မှာ ရင်ကော့ပြီးပြရတာ။ ဂစ်တာလေးတီးပြီး၊ ချောကလက်လေးကိုင်ပြီး ဒို့အရေးအော်တဲ့ခေတ်မဟုတ်ပါဘူးလို့ သိစေချင်ပါတယ်

အခုလက်ရှိ ရိုက်ကူးဖို့ပြင်ဆင်နေတဲ့၊ ရှစ်စက္ကန့်ငြိမ်၊ အမည်ပေးထားတဲ့ ဇာတ်ကားအကြောင်း၊ သရုပ်ဆောင်အသစ်တွေပဲ ခေါ်ယူရိုက်ကူးသွားမယ့်အကြောင်းတွေနဲ့ မကြာခင်ရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအပေါ် အမြင်တွေကို သရုပ်ဆောင်ဇာဂနာကို မေးမြန်းထားတာဖြစ်ပါတယ်။

 Voice  :  ဒီဇာတ်ကားကို  ဘယ်လိုကြောင့်  ရိုက်ကူးဖို့ စီစဉ်ဖြစ်တာလဲ။

Zarganar : ဒီအကြောင်းက တိုင်းပြည် မှာ ၁၉၉၀ စက်တင်ဘာ ၂၅ မှာ တကယ်ဖြစ်ခဲ့တဲ့ဟာဖြစ်လို့။ အဲဒီအချိန်မှာလည်း  ကျွန်တော်ကိုယ်တိုင်က ထောင်ထဲမှာရှိတယ်။ သို့သော် ကျွန်တော်ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် ထောင်ထဲမှာက ရှိနေတယ်။ ဒါဟာသမိုင်း မှတ်တမ်းတစ်ခုလည်း ဖြစ်တယ်။ ဒီလိုကားမျိုး မြန်မာပြည်မှာ မရှိခဲ့ဖူးဘူး။ အဲဒါကြောင့် ရိုက်မှာပါ။ ရိုက်ဖို့ပြောခဲ့တာ ခြောက်နှစ်၊ ခုနစ်နှစ် ရှိပြီ၊ ဒါပေမဲ့ မလုပ်ဖြစ်ခဲ့တာ။ အခုမှ လုပ်ဖြစ်မှာပါ။

Voice  : ရိုက်ဖြစ်ရင်တော့ ဒီနှစ်ထဲမှာ ရိုက်ကူးသွားဖို့ ရှိလား။

Zarganar : ရိုက်ဖြစ်မယ်ဆိုရင်တော့  ဒီနှစ်ထဲမှာ ဖြစ်အောင်စီစဉ်ရမယ်။ မဟုတ်ရင် အရှိန်ကျသွားတတ်တယ်။ ဖြစ်အောင် စီစဉ်မှာပါ။

Voice  : လက်ရှိအပိုင်းမှာ ဘာတွေပြင်ဆင်ပြီးပြီလဲ။

Zarganar : ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှမလုပ်ရသေးဘူး။ ပြီးတော့ ဒီမှာလည်း ဆရာ ဒေါက်တာ တင်မျိုးဝင်း၊ ကိုဖြိုးမင်းသိန်းပါနေတော့ အားလုံးဆုံးဖြတ်ချက်နဲ့မှ စမယ်ဆိုပြီးပြောထားတော့။ ကျွန်တော့်ဘက်က ပြင်ဆင်စရာကတော့ အကုန်လုံး Ready အကုန်လုံးရဲ့ သဘောတူညီချက်ရမှ စမယ်။

Voice : ဇာတ်ကားအတွက် ကုန်ကျစရိတ်ကို ဘယ်လောက်မှန်းထားမျိုးရှိလဲ။

Zarganar : အဲဒီလိုမျိုးတော့ မှန်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားမျိုးက အဲဒီလိုမှန်းပြီးလုပ်ရင် ကျွန်တော်တို့  ဂွမ်းသွားနိုင်တယ်။ မှန်းတော့ မမှန်းဘူး။  သို့သော် ဘယ်လောက်ကုန်မလဲဆိုတာ  ထင်လို့တောင် မရသေးဘူး။ ဆက်တင်ဖိုးတောင် ဘယ်လောက်ကုန်မလဲဆိုတာ မတွက်နိုင်သေးဘူး။ အဲဒီတော့ မမှန်းထားဘူး။ ကုန်သလောက် ရိုက်သွားမယ်။

Voice : သရုပ်ဆောင်အသစ်တွေ ခေါ်ယူရိုက်ကူးဖြစ်တာ ဘယ်လိုကြောင့်လဲ။

Zarganar : အဟောင်းတွေနဲ့ဆို လူတွေက အဲဒီအဟောင်းတွေ နောက်ပါသွားမှာပေါ့။ အသစ်နဲ့ရိုက်မှ သူတို့သဘာဝကျမယ်။ ဥပမာ-နေတိုးဆို နေတိုးလို့ ထင်နေမယ်။ မြင့်မြတ်ဆို မြင့်မြတ်လို့ ထင်နေမယ်။ အဲဒီလိုမဖြစ်စေချင်လို့ အသစ်နဲ့ ရိုက်တာပါ။

Voice : တစ်ကားလုံး အသစ်တွေနဲ့ပဲ ရိုက်ကူးသွားမှာလား။

Zarganar : အသစ်ပဲ သွားဖြစ်မယ်။ မနိုင်ဘူးဆိုရင်တော့ အဟောင်းနည်းနည်းပါမယ်။ အဟောင်းဆိုတာလဲ သိပ်ပြီး နာမည်ကြီးတဲ့သူတွေ မခေါ်ချင်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ သူတို့နောက်ကို ဇာတ်ကပါသွားမှာ ကြောက်လို့။ ဇာတ်နောက်ကိုပဲ သရုပ်ဆောင်ကိုပါစေချင်တဲ့  အဲဒီသဘောပါ။

Voice  : ဒီဇာတ်ကားကို ပရိသတ်စိတ်ဝင်စားနေတော့ ဘာများကြိုတင်ပြောချင်လဲ။

Zarganar : အဲဒီအချိန်တုန်းက ဆန္ဒပြတယ်ဆိုတာ သေနတ်ပြောင်းဝရှေ့မှာ ရင်ကော့ပြီးပြရတာ။ ဂစ်တာလေးတီးပြီး၊ ချောကလက်လေးကိုင်ပြီး ဒို့အရေးအော်တဲ့ ခေတ်မဟုတ်ပါဘူးလို့ သိစေချင်ပါတယ်။

Voice : ကိုလူမင်းရိုက်မယ့် ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးတော့မယ်ဆိုတော့ အဲဒီအပေါ်ခံစားချက် ဘယ်လိုဖြစ်မိလဲ။

Zarganar : ပျော်တယ်ဆိုတာထက် ကြည်နူးတယ်။ ဂုဏ်လည်းယူတယ်။ ကျွန်တော့်ဘ၀မှာ အကြည့်ချင်ဆုံး ဇာတ်ကားက ဗိုလ်ချုပ်ပဲ။ အမြင်ချင်ဆုံး ရုပ်ရှင်ကားက ဒီကားပဲ။ အခုစရိုက်တော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒပြည့်ပြီလို့ ပြောလို့ရပြီ။

Voice : ဒီဇာတ်ကားမှာ ဗိုလ်ချုပ်ရဲ့ ဘယ်အကြောင်းအရာတွေ မြင်စေချင်တာလဲ။

Zarganar : ကျွန်တော်ရေးထားတဲ့ ဇာတ်ညွှန်းဆိုတော့ ကျွန်တော်မြင်စေချင်တာမှ မဟုတ်ပါဘူး၊ ဒါက တကယ့်အဖြစ်အပျက် လိမ်လို့မှမရတာ။ ဗိုလ်ချုပ်ရဲ့တကယ့် သမိုင်းအကုန်တော့မပါနိုင်ဘူး။ အဲဒါတော့ ကြိုပြီးတော့ ပြောလို့ရပါတယ်။ ရုပ်ရှင်ဆိုတာ Limit ရှိတယ် နှစ်နာရီနဲ့ နှစ်နာရီခွဲ  အဲဒီလောက်နဲ့ ဗိုလ်ချုပ်ဘ၀က မပြည့်စုံပါဘူးဆိုတော့ အတတ်နိုင်ဆုံး ကျောင်းသား ဘ၀၊ စစ်သားဘ၀၊ နိုင်ငံရေး သမားဘ၀ဘ၀သုံးခု အတတ်နိုင်ဆုံး ထင်ဟပ်နိုင်တဲ့ အကွက်တွေ အကုန်ပါမယ်။ သို့သော်အကုန်လောက်တော့ အကုန်မပါနိုင်ဘူး။  ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ မဟုတ်လို့ပါ။

Voice:ဒီဇာတ်ကားကို တာဝန်ယူရိုက်ကူမယ့် ဒါရိုက်တာအပေါ် ဘယ်လိုမြင်မိလဲ။

Zarganar : ကျွန်တော်အားလုံးက  သူ့ကို ယုံယုံကြည်ကြည်နဲ့ အပ်လိုက်တာဆိုတော့ နဂိုထဲက ကျွန်တော်တို့က ဘယ်သူရိုက်မယ်၊ ဘယ်ဝါရိုက်မယ်ဆိုပြီး  တစ်ခါမှမဖြစ်ဘူး။ ဒီမှာသာ ဖြစ်နေကြတာ။ နဂိုထဲက ဒီလူနဲ့တိုင်ပင်တယ်၊ ဟိုလူနဲ့ ဆွေးနွေးတယ်။ ဒီလိုပဲဖြစ်မှာပဲလေ  ဒါကရုပ်ရှင်လေ။ အဓိကကျတာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပြီးမြောက်သွားဖို့က အဓိကကျတာပါ။ ဘယ်သူရိုက်ရိုက် ဘယ်သူလုပ်လုပ်။

 

ဆုအိနြေ္ဒဦး 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *