ကျောက်အုတ်တို့ ပြိုလေရာ (၁၀) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

နိဂုံး

မျှော်မှန်းချက်

“ကျွန်မတို့ကလေးဘ၀၊ ကျောင်းနေတဲ့ အချိန်ကစပြီးတော့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခုလို့ အားလုံးက ယုံကြည်ခဲ့ကြပါတယ်။ အင်မတန်မှလည်း ဂုဏ်ယူခဲ့ကြပါတယ်။ ဒီလိုပဲ ရန်ကုန်တက္ကသိုလ်ဟာ ဒီနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်နိုင်ဖို့ကို ကျွန်မတို့အနေနဲ့ မျှော်မှန်းပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်

အပြောင်းအလဲ

နှစ်ဆယ်ရာစုအဆုံး၊ နှစ်ဆယ့်တစ်ရာစု အစပိုင်းလောက်ကပင် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးတွင် ကြီးစွာသော အပြောင်းအလဲများနှင့်အတူ ပညာရေးလောကတွင်လည်း အရေးကြီးသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်ဟု ထင်ပါသည်။ ဤသည်တို့ကို ချုပ်လိုက်လျှင်

၁။ အိုင်တီတော်လှန်ရေးကြီးနှင့်အတူ ပညာပေါက်ကွဲမှုများ လျှံကျလာခြင်း၊
၂။ ဂလိုဘယ်လိုက်ဇေးရှင်း သိသိသာသာ အရှိန်မြင့်လာခြင်း၊
၃။ ပညာနှင့် အိုင်ဒီအိုလိုဂျီ အချိတ်အဆက် ပြုတ်ထွက်သွားခြင်း

ဆိုသော အချက်သုံးချက် ရပါလိမ့်မည်။ ထိုစဉ်က အိုင်တီတော်လှန်ရေးကြီးကို တတိယစက်မှုတော်လှန်ရေးဟုလည်း ခေါ်ကြသည်။ ယခုအခါ စတုတ္ထစက်မှုတော်လှန်ရေးသို့ပင် ရောက်နေချေပြီ။ ထိုစဉ်က ဂလိုဘယ်လိုက်ဇေးရှင်းကိုလည်း တတိယအဆင့်ဟု သတ်မှတ်ကြသည်များရှိသည်။ ယခု စတုတ္ထအဆင့် ရောက်နေပေပြီ။ ယခင်က ‘ဒီမိုကရေစီပညာရေး’၊ ‘ဆိုရှယ်လစ်ပညာရေး’ စသဖြင့် ပညာကို အိုင်ဒီအိုလိုဂျီနှင့် ချိတ်ဆက်စဉ်းစားကြသော်လည်း ယခုအခါ ဤစဉ်းစား နည်းမျိုးခေတ် မရှိတော့ပါချေ။

အင်္ဂလိပ်ပညာရေးအပါအဝင် အနောက်တိုင်းပညာရေးစနစ်မှာ ၁၉ ရာစု ဉာဏ်အလင်းခေတ် ဂျာမန်ပညာရေးဒဿနကို အခြေခံထားခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ဂျာမန်ပညာရေးဒဿနမှာ စည်းမျဉ်းစည်းကမ်းကို အားပြုသည်။ (တစ်နည်းဆိုရလျှင် – စစ်ဆန်သည်။) သင်ကြားရေးကို မဏ္ဍိုင်ပြုသည်။ ‘အထူးပြုလေ့လာရေး’ (Specialization) ကို ဆုံချက်ထားသည်။ ဆိုခဲ့ပြီးသော အပြောင်းအလဲများ၏အောက်တွင် ဆိုခဲ့ပါအခြင်းအရာအားလုံးကို ပြန်လည်မေးခွန်းထုတ်ရတော့မလို ဖြစ်လာသည်။

ဂျာမန်ပညာရေးဒဿန၏ ရည်မှန်းချက်က ‘အမှီခိုမကင်းရာမှ အမှီခိုကင်းရေးသို့’ (From Dependence to Independence) ဟု ဖွင့်ဆိုသည်။ လူသည် မွေးဖွားစဉ်မှ ကလေးဘ၀အထိ အမှီခိုမကင်း။ ပထမ မိဘ၊ နောက် ဆရာ အဆင့်ဆင့်မှီခိုရသည်။ ဘ၀ကို အမှီခိုကင်းကင်း လျှောက်နိုင်ရေးအတွက် ‘ပညာရေး’ က တာဝန်ယူရသည်။ သို့တိုင် အထူးပြုဘာသာတစ်ခုတည်း၊ စွမ်းဆောင်ရည်တစ်ခုတည်းဖြင့် ပြဿနာမဖြေရှင်းနိုင်တော့သော မျက်မှောက်ခေတ်အတွက် ‘အပြန်အလှန် အမှီသဟဲပြုရမှု’ (Interdependence) ဆိုသည်ကို ရှောင်လို့မရတော့ပါ။ သို့နှင့်အမျှ ပညာရေးရည်မှန်းချက်မှာ ‘အမှီခိုမကင်းရာမှ အမှီခိုကင်းရာသို့၊ ထိုမှတစ်ဖန် အပြန်အလှန် အမှီသဟဲပြုရမှုသို့’ ဖြစ်လာသည်။

ပညာပတ်ဝန်းကျင်နှင့် ပတ်သက်လျှင်လည်း စနစ်ကြီးသော ဂျာမန်ပညာရေးဒဿနက ‘စည်းကမ်း’ ဖြင့် ဘောင်ခတ်ထားလေ့ရှိသည်။ မြန်မာစာသင်ခန်းများတွင် တွေ့ရလေ့ရှိသော ‘အမျိုးသား စည်းကမ်းအစ၊ စာသင်ခန်းက’ ဆိုသည်မှာ ဤသဘောပင်ဖြစ်သည်။ ယခုမလုံလောက်တော့ပါ။ ယခုထက် ကျယ်ပြန့်လွတ်လပ်ဖို့ လိုပါသည်။

အင်္ဂလိပ်အက္ခရာ ‘F’ သုံးလုံးဖြင့် ပြောင်းလဲဖွင့်ဆိုလာကြသည်။ Free, Float နှင့် Forward တို့ ဖြစ်ပါသည်။ လွတ်လပ်ပါမှ၊ စီးမျောနိုင်ပါမှ၊ အနာဂတ်အမြင်အားကောင်းမှ ဉာဏ်ပညာကွန့်မြူးရှင်သန်နိုင်သော ပတ်ဝန်းကျင်ဖြစ်လိမ့်မည်ဟု ဆိုပါသည်။

ဆိုခဲ့ပါ အပြောင်းအလဲများအောက်တွင် ‘ပညာရေး’ ဆိုသည်၏ အဓိပ္ပာယ်ကိုပင် အသစ်တွေ့ရှိချက်များဖြင့် ပြန်လည်ဖွင့်ဆိုလာကြသည်။ ယခုလို … ‘ပညာရေးဆိုသည်မှာ အပြုအမူအပြောင်းအလဲကို ဦးတည်စေသော အသစ်ရှာဖွေဖော်ထုတ်ရသည့် ဖြစ်စဉ်ဖြစ်သည်’ (Education is process to discover, leading to behavioral changes) ဤဖွင့်ဆိုချက်အရ ပညာရေးတွင် ဆောင်တာနှစ်ရပ်ရှိသည်ဟု ဆိုနိုင်သည်။ ပထမဆောင်တာမှာ ‘အသစ်ရှာဖွေဖော်ထုတ်’ (to discover) ဖို့ ဖြစ်သည်။ ဒုတိယဆောင်တာမှာ ‘အပြုအမူပြောင်းလဲ’ (to behavioral changes) ဖို့ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်မှာ ၂၀ ရာစုခေတ်ဦး (၁၉၂၀) တွင် ပေါ်ထွက်ခဲ့သော်လည်း ဆိုခဲ့ပြီးသော ခေတ်သစ်အပြောင်းအလဲများ၏ အားကောင်းချက်များကို အံ့ဩဖွယ်ရာ တွေ့မြင်နေရပါသည်။ ဤသည်ကိုပင် ‘တက္ကသိုလ်ဝိညာဉ်’ ဟု ဆိုချင်သည်။

ဝိညာဉ်

၁။ ရန်ကုန်တက္ကသိုလ်မှာ စတင်ခါစကပင် ‘သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ခွင့်’ (Autonomy) ကို အထူးအလေးထားဟန် ရှိပါသည်။
၂။ သို့နှင့်တိုင် နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးများလို သီးခြားရန်ပုံငွေနှင့် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်သည်တော့မဟုတ်ပါ။ အစိုးရအထောက်အပံ့ယူနေရပါသည်။ ဤတွင် တက္ကသိုလ်ပညာရေးကို အစိုးရအာဏာစက်နှင့် ကင်းလွတ်စေရန်၊ တက္ကသိုလ်အာဏာပိုင်အဖွဲ့ကို ‘ကောင်စီ’ နှင့် ‘ဆီနိတ်’ ဟူ၍ သီးခြားခွဲထားပါသည်။
၃။ ကောင်စီတွင် ပညာရေးနှင့်ဆိုင်သော အစိုးရဝန်ထမ်းများ ပါဝင်သည်။ တက္ကသိုလ်အုပ်ချုပ်ရေးကို ကောင်စီက တာဝန်ယူသည်။ (အဆိုပါကောင်စီမှာပင် သမဂ္ဂကိုယ်စားလှယ်များနှင့် ဆရာကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုထားသည်။ (၁၉၃၉ ပြင်ဆင်ချက်အရ))
၎။ ဆီနိတ်တွင် တက္ကသိုလ်မှ မဟာဌာနမှူးများသာ အဓိက ပါဝင်ပါသည်။ ပညာရေးနှင့်ဆိုင်သော ကိစ္စအားလုံးကို ဆီနိတ်က တာဝန်ယူသည်။
၅။ တက္ကသိုလ်သည် ‘အသစ်ရှာဖွေတွေ့ရှိရေး’ (တစ်နည်း- သုတေသန) ကို အလေးထားသည်။ ဤအတွက် ထင်ရှားသော သာဓကမှာ ‘ဖွံ့ဖြိုးရေးဘောဂဗေဒ’ စတင်ထူထောင်သူများထဲတွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနမှူး ဒေါက်တာလှမြင့် ပါဝင်နေခြင်းဟု ဆိုရပါလိမ့်မည်။
၆။ တက္ကသိုလ်အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနိုင်ရန်အတွက် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ထားသည်။
၇။ အမှီခိုကင်းကင်း ရပ်တည်နိုင်မှု၊ သုတေသနနှင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်နိုင်မှုမှာ ရန်ကုန်တက္ကသိုလ်၏ အားကောင်းချက်များဟု ထင်ပါသည်။

မှီငြမ်းကိုးကားသော စာအုပ်စာတမ်းများ

စာအုပ်များ
1. Kaung, U History of Education in Burma
Before the British Conquest and After (1929)
2. Ba, Vivian The Beginning of Western Education in Burma 1964
3. TAW SEIN KO Burmese Sketches. 1913
4. BA, DR, U University of Rangoon, The Beginnings 1963

5. အံ့ကျော် မြန်မာနိုင်ငံကျောင်းသားများလှုပ်ရှားမှုသမိုင်း (၁၉၄၅-၅၈) ၂၀၁၂
6. အောင်ထွန်း မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၆၂) ၂၀၁၂
7. မြန်မာ့ဆိုရှယ်လစ် အမျိုးသားနေ့နှင့် အမျိုးသားပညာရေး လမ်းစဉ်ပါတီလှုပ်ရှားမှုသမိုင်း၊ ၁၉၇၀
8. ဦးတင် မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၊ ၁၉၃၃

စာတမ်းများ
၁။ ဂျေအက်စ်၊ ဖာနီဗယ်၊ ပါမောက္ခ ဂျီအိပ်ခ်ျလုစ်၊
(ရှုမ၀၊ ဩဂုတ်၊ ၁၉၆၀)
၂။ မြေအုတ်တို့ပြိုလေရာ၊ ကျောက်အုတ်တို့ဖြင့် တည်ဆောက်ကြလော့
(ဖာနီဗယ်/မောင်သာမည) ၁၉၂၈
၃။ Report of Vernacular and Vocational Education Reorganization Committee (REC) 1936
၎။ Report on the Progress of Education in India (PEI) 1907-12
၅။ Report of the Burma Educational Syndicate (BES) 1913-14
၆။ Report on the Administration of Burma for the Year 1920-21 (RAB) 1921

သတင်းစာများ
၁။ သူရိယသတင်းစာ (၄-၈-၂၀)
၂။ New Burma (၂၄-၇-၂၀)

 

ကျော်ဝင်း
၂၉ ဇူလိုင်၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *