တရားမဝင်ကုန်သွယ်မှု ဆွေးနွေးကြတာ

(၁)

နည်းနည်းတော့ နှစ်ကြာသွားပြီ။ ဘန်ကောက်က ကုမ္ပဏီတစ်ခုမှာ ပစ္စည်းအတုတွေကို စုစည်းပြီး ပြတိုက်လုပ်ထားတာ ကြည့်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း တို့ဆီမှာ ဒီထက်တောင်များသေးလို့ ပြောခဲ့ဖူးတယ်။ အချင်းချင်း နောက်ပြောင်ကြတာတစ်ခုတောင်ရှိသေးတယ်။ အရက်အတုသောက်နေကျ လူတစ်ယောက်က တကယ့်အရက်အစစ်နဲ့တွေ့တော့ အစစ်ကို အတုလို့ ထင်နေတယ်ဆိုပြီးတော့ပါ။

နေပြည်တော်မှာလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဖိုရမ်ကို တက်ရောက်ဆွေးနွေးဖို့ဖိတ်တော့ ရုတ်တရက် ဘာပြောရမှန်းမသိ။ အင်္ဂလိပ်လို ပြောရတာက ပြဿနာမရှိ။

ဟိုတုန်းကတွေ့ ခဲ့ဖူးတဲ့ ပစ္စည်းအတု အရက်၊ စီးကရက်တွေ၊ ပန်းတွေပါမကျန် အတုအနေနဲ့ ဝင်လာတတ်ရာ ပစ္စည်းအစစ်က အခွန်ရှောင်၊ မှောင်ခိုလမ်းက ဝင်လာတာတွေရော မျိုးစုံအောင်ပြထားတာကို တာဝန်ရှိလူကြီးတွေနဲ့ အတူတွေ့ခဲ့ရပါတယ်။ အစစ်ရယ်၊ အတုရယ်၊ တရားဝင်သွင်းလာတာရယ်၊ တရားမဝင်သွင်းလာတာရယ် ဘယ်လိုလုပ်ခွဲမလဲ။ စီးကရက်ဘူးတချို့မှာ အခွန်တံဆိပ်ခေါင်းကပ်ထားပေမယ့် အဲဒီတံဆိပ်ခေါင်းကလည်း အတုပဲတဲ့။

မိတ်ဆွေရှေ့နေ အမျိုးသမီးကြီးတစ်ယောက်ကတော့ မိန့်တယ်။ အဲဒီအတုတွေက ငါတို့ဆီမှာလုပ်တာ တစ်ခုမှမပါဘူး။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်တွေမှာလုပ်ပြီး ငါတို့ဆီကို တရားမဝင်တင်သွင်းလာတာတဲ့လေ။

တရားမဝင်ကုန်သွယ်မှုလို့ပြောရင် ပို့ကုန်ရောသွင်းကုန်ပါ ပါတယ်မဟုတ်လား။ ဒါကြောင့် ကိုယ်မျက်စိထဲမယ် မှောင်ခိုထုတ်သွားကြတဲ့ သစ်တွေ၊ ကျောက်စိမ်းတွေကို ပြေးမြင်မိတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာတော့ တရားမဝင်သွင်းကုန်တွေကိုပဲ အဓိကထားဆွေးနွေးကြပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲမွဲတေရေး လျှော့ချမှုတွေအတွက် အရေးပါပါတယ်။ ဒါပေမဲ့ တရားမဝင်ကုန်သွယ်မှုဟာ ကမ္ဘာ့ကုန်သွယ်ရေးဆိုတဲ့ မျက်နှာပေါ်မှာ အမာရွတ်တစ်ခုဖြစ်နေတယ်ဆိုတဲ့ စကားကို ဦးဆုံးကြားရပါတယ်။

တရားမဝင်ကုန်သွယ်မှုကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်ဆုံးရှုံးမှုတွေ၊ ပြည်သူ့ဘဏ္ဍအတွက် အခွန်ဆုံးရှုံးမှုတွေ၊ ကျန်းမာရေးထိခိုက်လို့ အစိုးရက စိုက်ထုတ်ကုန်ကျရတာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း တရားမဝင်ကုန်သွယ်မှုကနေ အကျိုးကျေးဇူးရှိနေတဲ့သူတွေ အများကြီးပါ။ ဒါကြောင့်လည်း တရားမဝင်ကုန်သွယ်ရေး သက်ဆိုးရှည်နေတာပါ။ အဲဒီအကျိုးစီးပွားတွေကို ဘယ်လောက်လျော့ပါးအောင်လုပ်ကြမလဲ၊ ဒါမှမဟုတ် အဲဒီအကျိုးစီးပွားတွေကို အများပြည်သူအကျိုးအတွက်ဖြစ်အောင် ဘယ်လိုလမ်းကြောင်းပေးကြမလဲဆိုတာ စဉ်းစားစရာပါ။

မြန်မာနိုင်ငံဟာ တရားမဝင်ကုန်သွယ်မှု အခြေပြအညွှန်းကိန်း (၂၀၁၈) မှာ နိုင်ငံ ၈၄ နိုင်ငံအနက် နံပါတ် ၈၂ ချိတ်တယ်။ အမှတ် (၁၀၁) မှာ ၂၂.၆ မှတ်ရတယ်ဆိုတော့ စာမေးပွဲမအောင်ဘူးပေါ့။ အစိုးရမူဝါဒ၊ ဝယ်လိုအားနဲ့ ရောင်းလိုအား၊ ပွင့်လင်းမြင်သာမှုနဲ့ ကုန်သွယ်မှု၊ အကောက်ခွန်အခြေအနေဆိုတဲ့ ဘက်လေးဘက်ကနေတိုင်းရာမှာ အကောက်ခွန်အခြေအနေကတော့ အမှတ်အကောင်းဆုံးဖြစ်နေပါတယ်။

ဆွေးနွေးပွဲမှာတင်ပြတဲ့ သုတေသနစစ်တမ်းအရ မြန်မာနိုင်ငံဟာ ၂၀၁၇-၁၈ မှာ ဘီယာ၊ ဆေးဝါး၊ စီးကရက်၊ လက်ကိုင်ဖုန်း၊ အလှကုန်နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းခြောက်မျိုးစာရင်းကို ကြည့်လိုက်တော့ တရားဝင်တင်သွင်းတာက ၁၈ ဒသမ ၆၈ ဘီလီယံပဲရှိပြီး စုစုပေါင်းသွင်းကုန် (ပြည်ပအကောက်ခွန်ဌာနတွေက ရတဲ့စာရင်းအရ) ၂၅ ဒသမ ၁၂ ဘီလီယံဒေါ်လာရှိလေတော့ တရားမဝင်ကုန်သွယ်မှုဟာ အနည်းဆုံး ၆ ဒသမ ၄၄ ဘီလီယံရှိတယ်။ စောစောကပစ္စည်း ခြောက်မျိုးကပဲ ၂ ဒသမ ၃၇ ဘီလီယံရှိတယ်။ ဒါပေမဲ့ ဖမ်းမိတာက ဒေါ်လာ ၂၅ ဒသမ ၁၄ သန်းပဲ ရှိလေတော့၊ တရားမဝင်ကုန်သွယ်မှုရဲ့ ၀.၄ ရာခိုင်နှုန်းကိုပဲ ဖမ်းမိတယ်။ ဖမ်းမိတာက ၁ ရာခိုင်နှုန်းရဲ့ တစ်ဝက်အောက်မှာပဲ ရှိတယ်။ စီးကရက်ကရရမယ့် အခွန် ၅၀ ရာခိုင်နှုန်း၊ ဝီစကီက ၇၇ ရာခိုင်နှုန်း၊ ဘီယာက ၈၇ ရာခိုင်နှုန်း လျော့နည်းတယ်။ ဘီယာက ဆုံးရှုံးမှုအများဆုံးပဲလို့ တွေ့ရတယ်။ ပစ္စည်းခြောက်မျိုးပေါင်းရင် ဒေါ်လာ ၃၆၄ သန်းဖိုးရှိတယ်။

ဒီနေရာမှာ မှတ်တမ်းမှတ်ရာမရှိ၊ စာရင်းမပေါက်တဲ့ ကုန်သွယ်မှုတွေလည်းရှိလို့ တာဝန်ရှိပုဂ္ဂိုလ်ကြီးတစ်ယောက်ပြောသလို အခုကိန်းကဏန်းဟာ အစွန်အဖျား (Tip of the ice berg) ဖြစ်နိုင်ပါတယ်။

ဘီယာဆိုရင် ပြည်တွင်းမှာ မထုတ်လုပ်တဲ့ဘီယာဆို တရားမဝင်ဘူးလို့ သတ်မှတ်တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ လုံလောက်အောင် မထုတ်လုပ်နိုင်၊ နေရာဒေသအနှံ့ကို မပို့နိုင်၊ မှောင်ခိုသွင်းလာတာတွေက ဈေးသက်သာတယ်။ မြန်မာဈေးကွက်ကို ဦးတည်ပြီး ကြော်ငြာကြ၊ အရောင်းမြှင့်တင်ကြ လုပ်နေတယ်။ မှောင်ခိုတင်သွင်းတော့ အထူးကုန်စည်ကို ရှောင်ရှားနိုင်ကြတယ်။ တရားမဝင်ဆိုပေမယ့် စားသောက်ဆိုင်ကြီးတွေမှာတောင် ပေါ်ပေါ်တင်တင် ရောင်းချနေကြတာ တွေ့ရတယ်။ ဝီစကီဆိုရင် (အရက်ပါရင်) တိုက်ရိုက်တင်သွင်းခွင့်ကို တားထားတယ်။ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးရတဲ့ ဟိုတယ်တွေ၊ အခွန်လွတ်ဆိုင်တွေပဲ သွင်းခွင့်ရတယ်။ ထူးခြားတာက တရားမဝင်သွင်းလာတဲ့ ဝီစကီတွေမှာ မက်သနောပါဝင်မှု အဆမတန်များနေပါသတဲ့။

စီးကရက်ဘူးတွေကြည့်လိုက်တော့ ကိုယ့်မျက်စိထဲမှာ နှစ်မျိုးပဲ တွေ့တယ်။ ကျန်းမာရေးသတိပေးစာနဲ့ ရုပ်ပုံပါတာရယ်၊ မပါတာရယ်ပေါ့။ သတိပေးစာနဲ့ ရုပ်ပုံမပါရင် တရားမဝင်လို့ လွယ်လွယ်ပဲ မှတ်လိုက်ပါတယ်။ စိတ်ဝင်စားစရာက ပြည်တွင်းက တရားမဝင်ထုတ်လုပ်ရောင်းချတဲ့ စီးကရက်က ၈၄ ရာခိုင်နှုန်းလောက်ရှိနေပြီး ပြည်ပက တင်သွင်းလာတာက အနည်းစုဖြစ်နေတယ်။ တခြားစိတ်ဝင်စားစရာကောင်းတာက စီးကရက်ကို အခွန်တိုးကောက်လိုက်တာမှာ အခွန်ဘဏ္ဍာတိုးမလာဘဲ လျော့နည်းသွားပြီး တရားမဝင် စီးကရက်ကုန်သွယ်မှု တိုးလာတဲ့ကိစ္စပါ။

ဆေးနဲ့ဆေးပစ္စည်းကျတော့ ဆေးဝါးမှတ်ပုံတင်သက်သေခံ လက်မှတ်ရဖို့အရေး ကြန့်ကြာနေလို့ မစောင့်ဆိုင်းနိုင်လို့၊ ပြည်တွင်းမှာထုတ်လုပ်ဖို့ စရိတ်ကွာလို့ အပြိုင်တင်သွင်းလာကြတယ်လို့ သိရတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ တရားဝင် ဝင်လို့မရလို့၊ တရားမဝင် ဝင်လာတာတဲ့။

လက်ကိုင်ဖုန်းကျတော့ တန်ဖိုးမြင့်နောက်ဆုံးပေါ်ဖုန်းတွေက ဈေးကွက်ထဲလက်ဦးအောင် ကြိုးစားကြရာမှာ လိုင်စင်လျှောက်ရတာကြာလို့ မစောင့်ဆိုင်းနိုင်ကြလို့ မှောင်ခိုသွင်းကြသတဲ့။

အလှကုန်တွေနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကျတော့ မှောင်ခိုလည်းသွင်း၊ အပြိုင်လည်းသွင်း၊ အတုလည်းသွင်းတာ တွေ့ရတယ်။ အတုနဲ့အစစ် ခွဲခြားဖို့ကလည်း ခက်တယ်။

(၂)

အခုထိတော့ အခွန်မပေးဘဲသွင်းထားတဲ့သူတွေ၊ စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့သူတွေက ပြည်တွင်းထုတ်လုပ်သူတွေထက် တစ်ပန်းသာနေတယ်။ ခွင့်ပြုချက်တွေရဖို့ ကြန့်ကြာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေမှာ ဝန်ထမ်းက မလုံလောက်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်းရှိ၊ အာဂတိလိုက်စားမှုတွေကလည်း ရှိနေသေးတော့ တရားမဝင်ကုန်သွယ်မှုကို တားဖို့ခက်နေပါတယ်။

စားသုံးသူတွေအနေနဲ့ တရားမဝင်မှန်းမသိလို့ သုံးတာရှိသလို သိသိကြီးနဲ့ ကိုယ့်ရဲ့ဝင်ငွေအဆင့်အရ သုံးနေတာတွေလည်းရှိတာမို့ ဝင်ငွေအဆင့် မြင့်မားလာရင်လည်း တရားမင်ကုန်သွယ်မှုတွေ လျော့နိုင်ပါတယ်။

အထူးသဖြင့် ပညာပေးရေး၊ ဗဟုသုတဖြန့်ဝေရေးတွေကို ပြောကြပေမယ့် ဘယ်လိုလုပ်ကြမလဲ။ စာနယ်ဇင်းတွေကိုရော ဘယ်လိုပညာတွေပေးပြီး သူတို့ကတစ်ဆင့် ပြည်သူလူထုကို ဘယ်လိုထိတွေ့ကြမလဲဆိုတဲ့ နေရာမှာ အတော်လေး အားနည်းတာတွေ့ရပါတယ်။

ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့လည်း အများကြီးဖြည့်တင်းရပါဦးမယ်။ လောလောဆယ်တော့ တရားဥပဒေစိုးမိုးရေး၊ ဖိဖိစီးစီးတားဆီးရေး (Regulate) နဲ့ လုပ်ထုံးလုပ်နည်းတွေ လျှော့နိုင်တာတွေ လျှော့ချဖို့ (Deregulate) အကြံပေးဆွေးနွေးခဲ့ရပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကိစ္စတွေဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း ဆက်ဆံရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေလည်း ရယူပြီး တရားမဝင်ကုန်သွယ်မှုကို ကိုင်တွယ်ကြရမယ်လို့ သုံးသပ်မိကြောင်းပါ။

 

ခင်မောင်ညို(ဘောဂဗေဒ)
၂၂.၀၉.၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *