၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the  21st  Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

 သင်ခန်းစာ (၉)လူဝင်မှု (Immigration) (အပိုင်း ၁)

အချို့ယဉ်ကျေးမှုတွေက အချို့ထက်သာနိုင်တယ်

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဂြိုလ်ကမ္ဘာတစ်လွှား  လူ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တစ်ခုနှင့်တစ်ခု မတူခြားနားခြင်းများ  လျော့ပါးလာသည်ကတော့မှန်ပါသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူစိမ်းများကိုတွေ့ပြီး သူတို့၏ တစ်မူကွဲပြားမှုကို သဘောမကျ၊ မကျေမနပ်ဖြစ်ရန်လည်းများစွာ ပိုလွယ်ကူလာသည်။ အင်္ဂလိုဆက်ဇွန်ခေတ် အင်္ဂလန်နှင့် အိန္ဒိယပါလ အင်ပါယာအကြား မတူကွဲပြားမှုမှာ ယနေ့ခေတ် ဗြိတိန်နှင့် အိန္ဒိယအကြား မတူကွဲပြားမှုထက် များစွာကြီးမားသည်။ သို့သော် ထိုအယ်လ်ဖရတ်ဘုရင်ကြီးလက်ထက်က ဒေလီနှင့်လန်ဒန်အကြား ဗြိတိသျှလေကြောင်းက တိုက်ရိုက် ပျံသန်းပြေးဆွဲနေသည့်  လေယာဉ်မရှိပေ။

လူအများမှာ တစ်နိုင်ငံမှတစ်နိုင်ငံ ကူးသန်းဖြတ်ကျော်ကာ အလုပ်အကိုင်၊ ဘ၀လုံခြုံမှုနှင့် ပိုကောင်းသော အနာဂတ်ကို ရှာဖွေလာကြသည်။ သို့နှင့်အမျှ လူစိမ်းများကို ကိုင်တွယ်ဆက်ဆံရန်၊ လူစိမ်းများကို  ရှိရင်းစွဲ လူ့အဖွဲ့အစည်းထဲသို့ ပေါင်းစည်းရန်၊ သို့မဟုတ် နှင်ထုတ်ရန် ကိစ္စများက နိုင်ငံရေးစနစ်များ၊ လူ့အဖွဲ့အစည်း၏ ဘုံသရုပ်လက္ခဏာများကို  များစွာဝန်ပိလာစေပါသည်။ အကြောင်းမှာ အဆိုပါစနစ်များ၊ သရုပ်လက္ခဏာများမှာ ယခုကဲ့သို့ လူအများ အလွယ်တကူ ရွှေ့ပြောင်းနေထိုင်သောခေတ်တွင် ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ ပြောင်းရပြင်ရခက်သောခေတ်များက ပေါ်ပေါက်ခဲ့သောစနစ်များ၊ သရုပ်လက္ခဏာများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်းပြဿနာမှာ ဥရောပတွင် ဒရာမာဆန်ဆန်  ပေါ်ပေါက်လာတော့သည်။ ဥရောပသမဂ္ဂကို တည်ထောင်ရာတွင် ပြင်သစ်များ၊ ဂျာမန်များ၊ စပိန်များ၊ ဂရိများစသည့် ယဉ်ကျေးမှုကွဲပြားချက်များကို ကျော်လွှားကာ တည်ထောင်မည်ဆိုသည့် ကတိကဝတ်ဖြင့် တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ယခုမူ ဥရောပသမဂ္ဂမှာ ဥရောပသားများနှင့် အာဖရိက၊  အရှေ့အလယ်ပိုင်းတို့မှ ရွှေ့ပြောင်းနေထိုင်သူများအကြား ယဉ်ကျေးမှုကွဲပြားချက်များကို ကိုင်တွယ်ဖြေရှင်း ထိန်းသိမ်းနိုင်ခြင်းမရှိသောကြောင့်  ပြိုကွဲသွားသည့်အဖြစ် ရောက်ကောင်းရောက်ရနိုင်သည်။ ငိုအားထက်  ရယ်အားသန်ရသည့်အဖြစ်မှာ ဥရောပကသာယာဝပြောသော ယဉ်ကျေးမှုဗဟုစုံစနစ်တစ်ရပ် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သောကြောင့်ပင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားဝင်ရောက်လာခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံသားများမှာ ဆော်ဒီအာရေဗျ၊ အီရန်၊ ရုရှား သို့မဟုတ် ဂျပန်သို့ ရွှေ့ပြောင်းနေထိုင်လိုခြင်းမရှိဘဲ ဂျာမနီသို့သာ လာရောက်လိုခြင်းဖြစ်သည်။ ထိုသို့ လာရောက်လိုခြင်းမှာ ဂျာမနီက ကျန်ရွှေ့ပြောင်းလို့ရသည့်  နေရာများထက် ပိုချမ်းသာ၍၊ ပိုနီး၍ မဟုတ်ချေ။ အကြောင်းမှာ ဂျာမနီက ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို ကြိုဆိုလက်ခံရာတွင် ကျန်နေရာများထက် ပိုသာသောကြောင့်ဖြစ်သည်။

ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ များပြားလာသောကြောင့် ဥရောပသားများအကြား ဝိဝါဒ ကွဲပြားလာသည်။ ဥရောပသားဆိုတာ ဘယ်လိုဖြစ်သင့်သည်၊ ဥရောပ၏ အနာဂတ်ဘယ်လိုဖြစ်သင့်သည်  ဆိုသည်ကို အချေအတင်စကားများလာကြတော့သည်။ အချို့ ဥရောပသားများက ဥရောပ၏ တံခါးကို ကျပ်ကျပ်ပိတ်ထားရမည်ဟု တောင်းဆိုကြသည်။ ထိုသို့တောင်းဆိုလို့ သူတို့ကို ဥရောပ၏ ဗဟုစုံစံတန်ဖိုးများ  (multicultural ideals) နှင့် သည်းခံလက်ခံနိုင်သော စံတန်ဖိုးများကို ပစ်ပယ်သူများ၊ တန်ဖိုးမထားသူများဟု ခေါ်ရမည်လော။ သို့မဟုတ် သူတို့တောင်းဆိုမှုသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ကာ မဖြစ်သင့်တာ မဖြစ်ရအောင် ကာကွယ်ခြင်းလို့ ခေါ်ရမည်လော။ အချို့ ဥရောပသားများက ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများကို လက်ကမ်းကြိုရမည်၊ တံခါးကို ပိုတောင်ကျယ်ကျယ်ဖွင့်ပေးရမည်ဟု ဆိုကြသည်။ ထိုသို့ဆိုသူတွေကို ဥရောပ၏ အနှစ်သားစံတန်ဖိုးများကို ထိန်းသိမ်းသူတွေဟု ခေါ်ဆိုမည်လော။ သို့မဟုတ် ဥရောပတည်ဆောက်ရေး စီမံကိန်းကို မဖြစ်နိုင်သော၊ လက်တွေ့မကျသော စိတ်ကူးယဉ်မှုများဖြင့် ဖျက်ဆီး သူများဟု ခေါ်ရမည်လော။ လူဝင်မှုကိစ္စကို ငြင်းရင်းငြင်းရင်း အများအားဖြင့် အော်ဟစ်ငြင်းခုံသည့် အဖြစ်ရောက်ကာ တစ်ဖက်နှင့်တစ်ဖက် ဘာပြောနေတာကို မကြားနိုင်၊ နားမထောင်နိုင် ဖြစ်လာကြသည်။ ယင်း ကိစ္စကို ရှင်းရှင်းလင်းလင်း ဆွေးနွေးနိုင်ရန် လူဝင်မှုကိစ္စကို အခြေခံစည်းကမ်းသတ်မှတ်ချက် သို့မဟုတ် အခြေအနေသုံးရပ် ပြည့်စုံသဘော တူညီရန် လိုအပ်သည့်ကိစ္စဟု ယူဆဆွေးနွေးကြည့်ပါမည်။

အခြေခံစည်းကမ်းသတ်မှတ်ချက် (၁) ။    ။ ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို အိမ်ရှင်နိုင်ငံက နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။

အခြေခံစည်းကမ်းသတ်မှတ်ချက် (၂) ။      ။ အပြန်အလှန်အားဖြင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများက အိမ်ရှင်နိုင်ငံ၏ အဓိကစံတန်ဖိုးများ၊  စံနှုန်းထားများကို အနည်းဆုံးအားဖြင့် လက်ခံကျင့်သုံးရမည်။ ၎င်းတို့၏ ရိုးရာဓလေ့ထုံးစံ၊ စံတန်ဖိုးအချို့ကို လိုအပ်လာလျှင် စွန့်လွှတ်ပေးရမည်။

အခြေခံစည်းကမ်းသတ်မှတ်ချက် (၃) ။      ။ ရွှေ့ပြောင်းအခြေချ နေထိုင်သူများက အတိုင်းအတာတစ်ခုအထိ ပေါင်းစည်းခြင်းရှိပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့မှာ အိမ်ရှင်နိုင်ငံ၏ တန်းတူညီမျှရှိသော၊ တင်းပြည့်ကျပ်ပြည့် နိုင်ငံသားများ ဖြစ်လာသည်။ “သူတို့”   ကနေ “ငါတို့” ဖြစ်လာမည်။

ယင်းအခြေခံစည်းကမ်းသုံးချက်ဖြင့် စဉ်းစားပါက စည်းကမ်းတစ်ခုချင်းစီကို ဘယ်လိုတိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုသည်ကို ဆွေးနွေးငြင်းခုံလို့ ရပါသည်။ လေးခုမြောက် ဆွေးနွေးစရာမှာ အဆိုပါ  စည်းကမ်းသုံးခုကို တစ်ဖက်နှင့်တစ်ဖက် ဘယ်လိုဖြည့်ဆည်းဆောင်ရွက်မလဲဆိုသည့်ကိစ္စဖြစ်သည်။ လူအများမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စကို  ငြင်းခုံကြသောအခါ အများအားဖြင့် ယင်းဆွေးနွေးစရာ အချက်လေးချက်ကို တစ်ခုနှင့်တစ်ခု ရောထွေးပြီး ဆွေးနွေးကြသည်။ ထိုသို့ရောထွေးပြီး ပြောကြခြင်းကြောင့် ဘာကိုငြင်းလို့ငြင်းနေမှန်း ဘယ်သူမှ မသိဆိုတာမျိုး ဖြစ်လာသည်။ သို့ဖြစ်ရာ ယင်းဆွေးနွေးစရာ အချက်လေးချက်ကို တစ်ခုစီ ခွဲပြောတာက အကောင်းဆုံးဖြစ်သည်။

ဆွေးနွေးငြင်းခုံစရာ (၁) ။     ။ လူဝင်မှုကိစ္စ၏ ပထမသတ်မှတ်ချက်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဝင်ရောက်လာသည်ကို  အိမ်ရှင်နိုင်ငံက လက်ခံခြင်းဆိုသည့်ကိစ္စ ရိုးရိုးလေးပင်ဖြစ်သည်။ သို့သော် ယင်းသို့  လက်ခံခြင်းကိစ္စမှာ အိမ်ရှင်နိုင်ငံက လက်ခံရမည့်ဝတ္တရား (Duty) အနေနှင့် ယူဆမည်လော၊ သို့မဟုတ် အိမ်ရှင်နိုင်ငံက ရွှေ့ပြောင်းအခြေချ နေထိုင် သူများကို အခွင့်အရေးပေးခြင်း (Favour) အနေနှင့် စဉ်းစားမည်လော။ အိမ်ရှင်နိုင်ငံအနေနှင့် သူ့တံခါးများကို လူတိုင်းအတွက်ဖွင့်ပေးရန် တာဝန်ဝတ္တရားရှိသည်လော။ သို့မဟုတ် အိမ်ရှင်နိုင်ငံတွင် ဘယ်သူတွေကိုတော့ လက်ခံမည်၊ လက်မခံဟုရွေးချယ်ရန် အခွင့်အရေးရှိသည်လော။ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့် လုံးဝမပေးရန် အခွင့်အရေး  ရှိသည်လော။ လူဝင်မှုကို ခွင့်ပြုပေးရမည်ဟု ယူဆသူများက နိုင်ငံတိုင်းတွင် ကျင့်ဝတ်ဝတ္တရားအားဖြင့် လူဝင်မှုကိစ္စကို ခွင့်ပြုကိုပြုပေးရမည်ဟု  ယူဆကြပုံရသည်။ ထိုသို့ ခွင့်ပြုရာတွင်လည်း ဒုက္ခသည်များသာမက ဆင်းရဲမွဲတေသောနိုင်ငံများမှ အလုပ်အကိုင်အခွင့်အလမ်းရှာသူများနှင့် ပိုကောင်းသော ဘ၀အနာဂတ်ကိုရှာရန် ရေကြည်ရာ မြက်နုရာထွက်လာသူများကိုပါ ခွင့်ပြုပေးရမည်ဟု ယူဆကြသည်။ တစ်ကမ္ဘာလုံး အပြန်အလှန်  ချိတ်ဆက်နေသည့်ခေတ်ကြီးတွင် လူသားအားလုံးအနေနှင့် အခြားလူသားများကို ကူညီကို ကူညီရမည်ဟူသော ကိုယ်ကျင့်တာဝန် ရှိနေသည်ဟု သူတို့က ဆိုကြသည်။ ယင်းဝတ္တရားကို မလိုက်နာသူများကို  အတ္တစွဲကြီးသူများ ဖြစ်သည်၊ သို့မဟုတ် လူမျိုးရေး ခွဲခြားသူများဖြစ်သည် ဟူ၍ပင်စွပ်စွဲကြသည်။

ထို့အပြင် လူဝင်မှုကို ခွင့်ပြုရမည်ဆိုသူ အများစုက အလေးပေးဆိုလေ့ရှိသည်မှာ လူဝင်မှုကို လုံးဝဥဿုံ ရပ်တန့်တားဆီးဖို့ မဖြစ်နိုင်ကြောင်း၊ တံတိုင်းတွေ ဘယ်လောက်ကာကာ၊ ခြံစည်းရိုးတွေ ဘယ်လောက်  ခတ်ခတ်၊ ထွက်ပေါက်မဲ့ ကြံရာမရဖြစ်နေသူများမှာ မရရအောင် နည်းရှာပြီး ဝင်လာမည်သာဖြစ်ကြောင်း ဆိုကြသည်။ သို့ဖြစ်ရာ လူဝင်မှုကိစ္စကို ဥပဒေဖြင့်ခွင့်ပြုလိုက်ပြီး ပွင့်ပွင့်လင်းလင်းရင်ဆိုင်သည်က လူကုန်ကူးမှု ကိစ္စ၊ တရားမဝင် အလုပ်သမားကိစ္စ၊ မွေးစာရင်း မရှိ ကလေးသူငယ်များကိစ္စ  စသည့်မှောင်ခိုကိစ္စများ ဖန်တီးရင်ဆိုင်မည့်အစား ပိုကောင်းမည်ဟုဆိုကြသည်။

လူဝင်မှုကိစ္စကို ဆန့်ကျင်သူများက တင်းတင်းကျပ်ကျပ် လုံလုံလောက်လောက် ကိုင်တွယ်ပါက လူဝင်မှုကို လုံးဝရပ်တန့်တားဆီးရန် ဖြစ်နိုင်သည်ဟု ဆိုကြသည်။ အိမ်နီးချင်းနိုင်ငံတစ်ခုခုက ရက်ရက်စက်စက်  နှိပ်ကွပ်သတ်ဖြတ်နေသဖြင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များမှအပ ကျန်သူများကို ကိုယ့်နိုင်ငံတံခါး ဖွင့်ပေးရန်တာဝန် လုံးဝမရှိဟု ဆိုကြသည်။ တူရကီနိုင်ငံအနေနှင့် ကူကယ်ရာမဲ့ ဆီးရီးယားဒုက္ခသည်များကို သူ့နိုင်ငံထဲသို့ ဝင်ခွင့်ပြုရန် ကိုယ်ကျင့်တရားအရ တာဝန်ရှိကောင်းရှိမည် ဖြစ်သော်လည်း ယင်းဒုက္ခသည်များမှာ ဆွီဒင်နိုင်ငံသို့ ဆက်လာချင်သည်ဆိုပါက ဆွီဒင်နိုင်ငံနှင့် လက်ခံစရာအကြောင်းမရှိပေ။ အလုပ်ရှာသူများနှင့် ရေကြည်ရာ မြက်နုရာ ပြောင်းချင်သူများအတွက်မူကား လက်သင့်ခံမခံ ဆိုသည့်ကိစ္စနှင့် ဘယ်အချက်တွေနှင့် ပြည့်စုံရမည်ဆိုတာ သတ်မှတ်သည့်ကိစ္စမှာ အိမ်ရှင်နိုင်ငံ စိတ်ကြိုက်ဆုံးဖြတ်လို့ရသည့် ကိစ္စဟုဆိုကြသည်။

လူဝင်မှုကိစ္စကို ဆန့်ကျင်သူများက အလေးပေးဆိုလေ့ရှိသည်မှာ လူအုပ်စုတစ်စုချင်းစီ၏ အခြေခံအခွင့်အရေးတစ်ရပ်မှာ ကျူးကျော်ဝင်ရောက်လာခြင်းကို တားဆီးပိုင်ခွင့်ပင်ဖြစ်သည်ဟု ဆိုကြသည်။ စစ်တပ်အနေနှင့်ပဲ ဝင်လာလာ၊ ရွှေ့ပြောင်း အလုပ်သမားအနေနှင့်ပဲ ဝင်လာလာ ကျူးကျော်ဝင်ရောက်လာခြင်းပင် ဖြစ်သည်ဟု ဆိုကြသည်။ ဆွီဒင် နိုင်ငံသားများမှာ ရိုးသားကြိုးစားပြီး သူတို့နိုင်ငံကို ကြွယ်ဝသည့် လစ်ဘရယ် ဒီမိုကရေစီနိုင်ငံကြီးအဖြစ်တည်ဆောက်ရန် မြောက်မြားစွာသော စွန့်လွှတ်အနစ်နာခံမှုများ လုပ်ထားရသည်ဖြစ်ရာ ဆီးရီးယားနိုင်ငံသားများက အလားတူမလုပ်နိုင်လို့ ဘ၀တွေ ပျက်နေရပါသည်ဆိုပါက ဆွီဒင်နိုင်ငံသားတွေအဖို့ အနေသာကြီးဖြစ်သည်ဟု ဆိုလေသည်။  ဆွီဒင်မဲဆန္ဒရှင်များမှာ ဘယ်လိုအကြောင်းပြချက်နှင့်ပဲ ဖြစ်ဖြစ် ဆီးရီးယားရွှေ့ပြောင်းနေထိုင်သူများကို လက်သင့်မခံလိုပါက သူတို့အနေနှင့်  ငြင်းပယ်ခွင့်ရှိလေသည်။ ထို့အပြင်ရွှေ့ပြောင်းအခြေချနေထိုင်သူအချို့ကို လက်သင့်ခံလိုက်ပါကလည်း ယင်းသို့ လက်သင့်ခံခြင်းမှာ ဆွီဒင်နိုင်ငံအနေနှင့် ဒုက္ခသည်များကို အခွင့်အရေးပေးသည်၊ ကျေးဇူးတင်ရမည့်ကိစ္စဟု ယူဆရမည်ဖြစ်ကြောင်း၊ သူ့အနေနှင့် ဖြည့်ကိုဖြည့်ဆည်း ရမည့် တာဝန်အဖြစ် ယူဆ၍မရကြောင်း ဆိုလေသည်။ သို့ဖြစ်ရာ ဆွီဒင်နိုင်ငံသို့ ဝင်ရောက်ခွင့်ရသည့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအနေနှင့် သူတို့ရသမျှနှင့်ကျေနပ်ကာ ကျေးဇူးတင်ရမည်ဖြစ်ကြောင်း၊ ဆွီဒင် နိုင်ငံကို  သူ့အဖေနိုင်ငံလိုမှတ်ပြီး အခွင့်အရေးတွေ တောင်းဆိုနေလို့ မရကြောင်း လူဝင်မှုကိစ္စကို ဆန့်ကျင်သူများက ဆိုလေသည်။

ထို့အပြင် လူဝင်မှုကိစ္စကို ဆန့်ကျင်သူများကဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေနှင့် ဘယ်လို လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ချချ၊ သူ့ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း၊ ရွှေ့ပြောင်းဝင်ရောက်လိုသူများ၏ ရာဇဝတ်မှုရာဇဝင်နှင့် ပရော်ဖက်ရှင်နယ်အရည်အချင်းများမကလို့ ဘာသာရေးကြည့်ပြီး ဝင်ခွင့်ပြု မပြု ခွဲခြားဆက်ဆံခြင်းလုပ်လုပ် သူ့အခွင့်အရေးသာဖြစ်သည်ဟု ဆိုလေသည်။ အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များကို လက်ခံရာတွင် အစ္စရေးနိုင်ငံအနေနှင့် ဂျူးများသာလက်ခံပြီး၊ ပိုလန်လို နိုင်ငံအနေနှင့် ခရစ်ယာန်များသာ လက်သင့်ခံမည်ဆိုပါက ပုံမလာဘူးဟု ထင်စရာ ဖြစ်ကောင်းဖြစ်မည်ဖြစ်သော်လည်း အစ္စရေးနှင့် ပိုလန် မဲဆန္ဒရှင်များအနေနှင့်မူ သူတို့သင့်တော်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ဆိုလေသည်။

ဇာတ်လမ်းကို ပိုရှုပ်စေသည့်ကိစ္စမှာ များစွာသောအခြေအနေတွင် လူအများမှာ စားကလည်းစားချင်၊ ကုန်လည်း မကုန်ချင် (စားမှတော့ ကုန်မှာပေါ့) ဆိုတာမျိုး ဖြစ်ချင်နေခြင်းဖြစ်သည်။ နိုင်ငံများစွာမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းကို မသိချင်ယောင်ဆောင်ပေးထားကြသည်။ အချို့နိုင်ငံများဆို နိုင်ငံခြားသား အလုပ်သမားများကို ယာယီအလုပ်လုပ်ခွင့်ဆိုပြီး ထုတ်တောင်ပေးထားလိုက်သေးသည်။ အကြောင်းမှာ နိုင်ငံခြားသား အလုပ်သမားများ၏လုပ်အား၊ အရည်အချင်းနှင့် ဈေးသက်သက်သာသာ ခိုင်းလို့ရခြင်းအပေါ်  အမြတ်ထုတ်လိုသောကြောင့် ဖြစ်သည်။ ထိုသို့ရသလောက် အမြတ်ထုတ်ပြီးမှ ယင်းအလုပ်သမားများကို  တရားဝင်ခွင့်ပြုမပေးဘဲထားခြင်းဖြစ်သည်။ အကြောင်းပြချက်က သူတို့အဖို့ လူဝင်မှုကိစ္စကို လက်သင့်ခံလို့မရ ဟူ၍ဖြစ်သည်။ သည်လိုလုပ်ခြင်းမှာ ရေရှည်တွင်မူ အဆင့်အတန်းကွာခြားသော လူ့အဖွဲ့အစည်းများအဖြစ် ပေါ်ပေါက်လာစေမည်ဖြစ်သည်။ အပေါ်တွင် နိုင်ငံသား တင်းပြည့်ကျပ်ပြည့်ရသည့် အထက်တန်းလွှာ လူတန်းစားတစ်ရပ်ရှိပြီး ယင်းလူတန်းစားက အောက်ကကူရာကယ်ရာမဲ့ နိုင်ငံခြားသားလူတန်းစားကို  ခေါင်းပုံဖြတ် အမြတ်ထုတ်နေသည့် အခြေအနေမျိုး ဖြစ်လာစေမည်ဖြစ်သည်။ ယင်းသို့သော အခြေအနေကို လက်ရှိပင်လယ်ကွေ့နိုင်ငံအများအပြားနှင့် ကာတာနိုင်ငံတို့တွင် တွေ့နေရပြီဖြစ်သည်။

ဤဆွေးနွေးငြင်းခုံမှု အဖြေမထွက်သရွေ့ လူဝင်မှုကိစ္စ အခြားနောက်ဆက်တွဲ ဆွေးနွေးစရာများကို ဆက်ပြောဖို့ သိပ်ခက်ပါသည်။ လူဝင်မှုကိစ္စကို သဘောတူသူများက လူများမှာ တစ်နေရာမှတစ်နေရာသို့  ရွှေ့ပြောင်းလိုပါက ရွှေ့ပြောင်းပိုင်ခွင့်ရှိပြီး အိမ်ရှင်နိုင်ငံများမှာ သူတို့ကို လက်သင့်ခံကိုခံရမည့် တာဝန်ရှိသည်ဟု ယူဆသည်။ သို့ဖြစ်ရာ လူများ၏ ရွှေ့ပြောင်းနေထိုင်ခွင့်ကို တားမြစ်ကန့်သတ်ခံရ၊ အိမ်ရှင်နိုင်ငံများက ၎င်းတို့ လက်သင့်ခံရမည့်တာဝန်ကို ကျေပွန်ခြင်းမရှိဖြစ်ပါက လူဝင်မှုကိစ္စကို ထောက်ခံသူများက ကိုယ်ကျင့်တရားခေါင်းပါးသူများ ဘာညာဆိုပြီး ဒေါသတကြီး တုံ့ပြန်တော့သည်။ တစ်ဖက်က လူဝင်မှုကိစ္စကိုဆန့်ကျင်သူများက ထိုသို့အမြင်မျိုးကို အံ့အားသင့်ကြသည်။ သူတို့က  ယူဆသည်မှာ လူဝင်မှုကိစ္စမှာ အထူးအခွင့်အရေးတစ်ရပ်အနေနှင့် ပေးအပ်ခြင်းဖြစ်ပြီး အိမ်ရှင်နိုင်ငံက လက်သင့်ခံပေးခြင်းမှာ ကျေးဇူးတင်ရမည့်  ကိစ္စအဖြစ်ယူဆသည်။ သို့ဖြစ်ရာ ကိုယ့်နိုင်ငံထဲ အဝင်မခံနိုင် ပြောရုံနှင့် ဘာဖြစ်လို့များလူတွေကို လူမျိုးရေးခွဲခြားသူများ၊ ဖက်ဆစ်များဆိုပြီး သမုတ်နေရပါသလဲဟု မေးခွန်းထုတ်တော့သည်။ 

ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ခွင့်ပြုခြင်းမှာ လုပ်ကိုလုပ်ပေးရမည့်  တာဝန်ဝတ္တရားမဟုတ်ဘဲ ကျေးဇူးတင်ရမည့် ကိစ္စဖြစ်စေဦးတော့၊  ရွှေ့ပြောင်းဝင်ရောက်လာသူများမှာ အိမ်ရှင်နိုင်ငံတွင် အခြေချနေထိုင် သည်နှင့်အမျှ အိမ်ရှင်နိုင်ငံအနေနှင့် ယင်းအခြေချနေထိုင်သူများနှင့် သူတို့၏ မျိုးဆက်များအတွက် လုပ်ပေးရမည့် တာဝန်နှင့်ဝတ္တရားများ ရှိလာမည်ဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံတွင် စာဖတ်သူအနေနှင့်  ဂျူးမုန်းတီးရေးဝါဒ (anti –semitism ) ကို မှန်ပါသည်လုပ်လို့မရပေ။  “မင်းဘိုးဘေးတွေကို ၁၉၁၀ တုန်းက ငါတို့ကသနားလို့ ဝင်ခွင့်ပေးထားတာ။ ကျေးဇူးတင်ရမှာ။ အဲဒီတော့ အခုမင်းကို ငါတို့က ကြိုက်သလို ဆက်ဆံလို့ရတယ်” ဆိုပြီး လုပ်လို့မရပေ။     

 

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *